Latest News

Wednesday, October 31, 2018

မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်တွင် အဖုများပေါက်နေသည့် ဆရာတော်ပထမအကြိမ်ခွဲစိတ်ကုသပြီး၍ မုံရွာသို့ ပြန်လည်ရောက်ရှိနေ

မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်တွင် အဖုများပေါက်နေသည့် ဆရာတော်ပထမအကြိမ်ခွဲစိတ်ကုသပြီး၍ မုံရွာသို့ ပြန်လည်ရောက်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  ကွေ့ကြီးရပ်ကွက် ဇနကာရုံဘုန်းတော်ကြီးကျောင်း တိုက်မှ ဆရာတော်ဦးကောဝိဒ၏ ခန္ဓာကိုယ်နေရာအနှံ့တွင် အဖုများပေါက်နေသည့် ပုံမှာ  Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အလှူရှင်များ၊ ကူညီပံ့ပိုးသူ များ၏ ဝိုင်းဝန်းကူညီမှုဖြင့်စက်တင်ဘာ ၁၆ ရက်က နေပြည်တော် ဇမ္ဗူသီရိဆေးရုံ ကြီးတွင် တက်ရောက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ယခုအခါ မုံရွာမြို့သို့ ခေတ္တပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆရာတော်အား ဆေးကုသရန် ဦးဆောင်ပေးခဲ့သော မုံရွာမြို့ မွန်မြတ်ပရဟိတ အသင်းမှ ကိုမွန်မြတ်က ''ဆရာတော်ရဲ့ပုံကို လူမှုကွန်ရက်ပေါ်မှာ မကူညီနိုင်ကြ တော့ဘူးလားဆိုပြီး တင်ထားကြတာတွေ့တော့ ကျွန်တော်အနေနဲ့ကလည်း ဆင်းရဲ နွမ်းပါးတဲ့လူနာတွေကို ကူညီပေးနေတာဆိုတော့ ဆရာဝန်တွေနဲ့တွေ့တယ်၊ ဒီရောဂါ က ကုလို့ရသေးတယ်လို့သိရတော့ ဆရာတော်နဲ့သွားတွေ့တယ်၊ ဆရာတော်ကို ဘယ်သူတာဝန်ယူထားတာရှိလဲဆိုတော့ တာဝန်ယူထားတဲ့ သူမရှိဘူးဆိုတာနဲ့ တပည့်တော် တာဝန်ယူပေးမယ်ဆိုပြီးတော့ ဘုန်းဘုန်းအတွက် အလှူခံပြီး ကူညီ ပေးခဲ့တာပါ''ဟု ပြောသည်။
ခန္ဓာကိုယ်အနှံ့အဖုများပေါက်
ဆရာတော် ဦးကောဝိဒသည် သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါ ရှိပြီဖြစ်ကာ မိသားစုတွင်  အငယ်ဆုံးဖြစ်ပြီး မွေးချင်း ခြောက်ယောက်ရှိခဲ့ကြောင်း၊  အသက် ၁၃ နှစ်အရွယ် ကိုရင်ဘဝက နားနောက်ဘက်တွင် အဖုပေါက်ခဲ့သောကြောင့် မုံရွာ ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရာ တစ်လခန့်သွေးမတိတ်ဘဲဖြစ်ခဲ့ကြောင်း၊ ထို့ နောက် အဖုလေးများ စတင်ပေါက်လာရာမှ အသက် ၃ဝ အရွယ်ခန့်တွင် ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် အဖုများပေါက်လာခဲ့ပြီး အသက် ၄ဝကျော်အရွယ်တွင် အဖုများ ထပ်တိုးမလာတော့ကြောင်း သိရသည်။
ဆရာတော်ဦးကောဝိဒသည် ခန္ဓာကိုယ်နေရာအနှံ့တွင် အဖုများပေါက်နေသော ကြောင့် လူအများကြား သွားလာလေ့မရှိဘဲ ၄င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌ပင် နေထိုင်လေ့ရှိကြောင်း၊  ကုသမှုမခံယူရခင်က ဆရာတော်၏ မျက်စိများ၊ နှုတ်ခမ်း များတွင် အဖုများဖုံးနေပြီး ဘယ်ဘက်နားမှာလည်း အဖုကြီးဖုံးနေသဖြင့် မျက်စိ ကောင်းစွာမမြင်ရခြင်း နားတစ်ဖက်မကြားရခြင်းတို့ကိုလည်း ခံစားခဲ့ရကြောင်း၊  သို့သော် နာကျင်ခြင်း ယားယံခြင်းများမရှိကြောင်း သိရသည်။
''အခုလို ကုသခွင့်ရတာကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက လှမ်း လှူနေကြတာလို့ ကြားပါတယ်၊  ဒါယကာ ဒါယိကာမ အပေါင်းကို မေတ္တာလည်းပို့ ပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ ဘုန်းဘုန်းလည်း အခုလိုချိန်မှာ ကုသဖို့ကံကြုံလို့ ကုသခွင့်ရနေရပါတယ်''ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်၏ မိဘများမှာ ငွေကြေးခက်ခဲခြင်းနှင့် ဆရာတော်အနေဖြင့်လည်း  အဖုများကြောင့် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းများကို မခံစားခဲ့ရသော ကြောင့် ကုသရန်စိတ်မကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ ဆရာတော်အား   ကုသပေးနေသော  ဇမ္ဗူသီရိဆေးရုံမှ  လက်ထောက်ဆရာဝန် ဒေါက်တာဇင်လင်းမောင်က  ''ခွဲလိုက်လို့ (၁၃ နှစ်သားအရွယ်က မုံရွာတွင်ခွဲစိတ် ခြင်းကြောင့်) ဖြစ်တာမဟုတ်ဘူး၊ နဂိုအစကတည်းကဖြစ်တာ၊ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောတွေက စဖြစ်တာ၊ အရေပြားအောက်တွေမှာ အာရုံကြောတွေရှိတယ်၊ အာရုံကြောရှိတဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်၊ ခရိုမိုဇုန်း နံပါတ် ၁၇ နဲ့ ၂၂မှာ အမှား ဖြစ်တာပေါ့နော်၊ အဲဒါက မျိုးရိုးလိုက်တယ်၊ မိဘတွေမှာ ဟိုးဘက်မှာဖြစ်ခဲ့တာ အဆင့်ဆင့် သယ်လာတာပေါ့နော်၊ သူ့လက်ထက်ကျမှ ကိုယ့်အဖေကလည်း သယ် လာတဲ့ရောဂါ၊ ကိုယ့်အမေကလည်း သယ်လာတဲ့ ရောဂါနှစ်မျိုးပေါင်းပြီးမှ ဖြစ်တာ ပေါ့၊ အဓိကက အဲဒါပါပဲ''ဟု ပြောပြသည်။
ဆရာဝန်များအနေဖြင့် အဆိုပါရောဂါမျိုးကို သောက်ဆေးသောက်ရန်နှင့်ခွဲစိတ် ကုသရန် အကြံပေးကြလေ့ရှိပြီး ကင်ဆာရောဂါသို့လည်း ပြောင်းသွားတတ်လေ့ရှိ ကြောင်း သိရသည်။ ''များသောအားဖြင့် အသက် ၆ နှစ်နဲ့ ၁၆နှစ်ကြားမှာ  ရောဂါ လက္ခဏာ စပြီးသိသာလာတယ်ပေါ့၊ မျိုးရိုးဗီဇရောဂါက  လူသုံးထောင်မှာတစ်ယောက် ဖြစ်နိုင်တဲ့အလားအလာများတယ်၊ အဲဒီလိုရှိတဲ့လူတွေကတော့ အိမ်ထောင်မပြုတာ ပိုကောင်းတာပေါ့၊ သူ့သားသမီးမှာ ဖြစ်လာနိုင်တယ်၊ မဖြစ်ရင်တောင် ကယ်ရီယာ ပေါ့၊ ရောဂါသယ်ဆောင်တဲ့သူ ဖြစ်လာနိုင်တယ်''ဟု ဒေါက်တာဇင်လင်းမောင်က ဆက်ပြောပြသည်။
အဆိုပါ မျိုးရိုးဗီဇရောဂါမှာ လူကောင်းကဲ့သို့ လုံးဝကောင်းမွန်သွားရန် ကုသ၍ မဖြစ်နိုင်သော ရောဂါဖြစ်ပြီး လူနာအား နေ့စဉ်နေထိုင်ရသည့် ဘဝနေထိုင်မှုပုံစံတွင် အဆင်ပြေအောင်သာ ကုသပေးနိုင်သည်ဟု သိရသည်။ ''အဲဒါတွေ သက်သာ အောင်ပဲ လုပ်ပေးလို့ရမယ်၊ အရှင်းပျောက်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ သာမန်လူ ကိုပြောရင်တော့အဆီကျိတ်လို့ပဲ ပြောမှာပေါ့၊ တကယ်ကတော့ အာရုံကြောတောက် လျှောက်မှာရှိတဲ့ အာရုံကြောဆဲလ်တွေက ပုံမမှန်ဘဲ ကြီးထွားနေတာပေါ့၊ အဖုတွေ ကို ဖြတ်တာက အပေါ်ယံပဲ ဖြတ်တာပေါ့၊ မျိုးရိုးဗီဇရောဂါက ပျောက်ဖို့မဖြစ်နိုင်ဘူး''ဟုလည်း  ဒေါက်တာဇင်လင်းမောင်က ဆိုသည်။
လက်ရှိအချိန်တွင် ဆရာတော်အား ဇမ္ဗူသီရိဆေးရုံကြီးက မျက်စိတွင်ဖုံးနေသော အဖုများ၊ နားတွင်ဖုံးအုပ်နေသော အဖုများနှင့် နှုတ်ခမ်းတွင်ဖုံးနေသော အဖုများ ကိုခွဲစိတ်ကုသခဲ့ပြီး ယခုအချိန်တွင် မုံရွာမြို့သို့ တစ်လခန့် ပြန်လာကာ ခေတ္တအနား ယူနေသည်ဟု သိရသည်။ မွန်မြတ်ပရဟိတအသင်းမှ ကိုမွန်မြတ်က ''ဘုန်းဘုန်းမှာ အဓိက အလုံးကြီးတွေကို ခွဲထားတယ်၊ မျက်နှာကိုလည်း တော်တော်ခွဲစိတ်ထားတယ်၊ နားမှာအုပ်နေတဲ့အဖုကြီးကို ခွဲစိတ်ပြီးတဲ့အခါကျတော့ ဘုန်းဘုန်းအတွက် ခံနိုင်ရည် အား လိုသေးတယ်လေ၊ ခွဲစိတ်တာတွေ များတဲ့အခါကျတော့ ကျန်းမာရေးအခြေ အနေလည်း ပြန်ကြည့်ရသေးတယ်လေ၊  အောက်တိုဘာ ၈ ရက် ညက မုံရွာပြန် ရောက်တယ်၊ ဒီမှာခဏနားတာပေါ့၊ ခွဲစိတ်နိုင်သေးရင်တော့ တဖြည်းဖြည်းနဲ့ ခွဲစိတ် တာတွေ လုပ်သွားမှာပေါ့''ဟု ပြောသည်။

အာရုံကြောမှ ဖြစ်သောရောဂါ
အဆိုပါရောဂါမှာ အာရုံကြောများမှဖြစ်သည့် ရောဂါဖြစ်သောကြောင့် မကူးစက် နိုင်ကြောင်း သိရသည်။ ဆရာတော်အား ကုသနိုင်ရန် စေတနာရှင်အလှူရှင်များ၊ ပရဟိတအသင်းများ၊ သံဃာတော်များ၊ ခွဲစိတ်သမားတော် ဆရာကြီးဦးမင်းဇော် အောင်နှင့် ဇမ္ဗူသီရိဆေးရုံမှ ဆရာဝန်များက ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။                                                                         အိမွန်ဆွေ(ရေစကြို)

No comments:

Post a Comment