Latest News

Wednesday, September 12, 2018

မြစ်ရေ၀င်နည်းမှုကြောင့် လေလံအောင် အင်းသူကြီးများ အခက်တွေ့

မြစ်ရေ၀င်နည်းမှုကြောင့် လေလံအောင် အင်းသူကြီးများ အခက်တွေ့


     အညာဒေသတွင် မိုးခေါင်မှုကြောင့်ချင်းတွင်းမြစ်ရေတသည် အင်းများအောင်ရေရသည်ထိ မတက်ဘဲ အ၀င်နည်းမှုကြောင့် လေလံအောင်ထားသည့် ဂရန်အင်းသူကြီးများ ငါးဖမ်းရမှု အခက်တွေ့နေကြောင်း ၄င်းတို့က တညီတညွတ်တည်း ပြောသည်။
   
ဂရမ်အင်းလေလံသည် ရေမ၀င်မီ ဧပြီလမှ စ၍လေလံဆွဲရသော်လည်း  ဇူလိုင်၊သြဂုတ်လမှ စတင်လုပ်ကိုင်နိုင်သည်။ ယခင်နှစ်တွင် ချင်းတွင်းမြစ်ပထမရေတက်ချိန်ဖြစ်သော ဇွန်၊ဇူလိုင်လများတွင် မတက်သဖြင့် ၄င်းတို့မှ အခက်အခဲဖြစ်ရသည်ဟု ဆိုသည်။
 
 “လေလံဆွဲပြီး ငါးသားမွေးခွင့်တစ်လခွဲပိတ်ပေးရတယ်၊လေလံကြေးက သိန်း၂၀၀ ဆို အတိအကျသွင်းရတယ်၊နောက်ပြီးငါးမျိုးမတုန်းဖို့ ငါးမျိုးတွေသိန်း ဆယ်ချီဝယ်ပြီး အင်းထဲထည့်ရတယ်၊၀ါဆိုဝါခေါင်မှ ရေမရောက်ရင် သဘာဝငါးမရတော့ဘဲ ကိုယ့်ဝယ်မွေးတဲ့ ငါး ကိုယ်ပြန်ဖမ်းရသလိုပဲဖြစ်နေတာ၊ “ဟု  မုံရွာမြို့နယ်ရှိ ရှားပြေးအင်းသူကြီး ဦးခင်မောင်မြင့်က ပြောသည်။
 
ယင်းအပြင် အင်းသူကြီးသည် နိုင်ငံတော်သို့အခွန်ပေးဆောင်၍ အင်းကို စောင့်ရှောက်ပိုင်ခွင့်ရသော်လည်း လေလံသက်တမ်းကုန်ချိန် နှင့်နောက်တစ်ကြိမ်လေလံမပစ်မီကြား၌ ပြင်ပမှ လာရောက်ငါးဖမ်းမှုများရှိခြင်းကြောင့် ၄င်းတို့မှာ ပြောဆို၍ မရသဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ပေးစေလိုကြောင်း ဆိုသည်။
   
“ဘက်ထရီရှော့ခ်တိုက်တာတွေက ငါးမျိုးတုန်းတော့ လေလံအောင်ထားတဲ့သူတွေကျ ငါးရှားသွားတယ်၊ဒီသုးံလေးနှစ်အတွင်း ဘက်ထရီရှော့ခ်တိုက်ငါးဖမ်းတာတွေကို ကြပ်ကြပ်မက်မက် ဖမ်းဆီးပေးတာ နည်းတယ် “ဟု ချောင်းဦးမြို့နယ် သဖန်းကုန်း အင်းသူကြီး ဦးဗိုလ်လင်း ကပြောသည်။

  ဂရန်အင်းများ ရေရှည်ငါးဖမ်းဆီးထုတ်လုပ်နိုင်ရေး  ဂရန်ကိုင်အင်းသူကြီးများအနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေအတိုင်း လုပ်ဆောင်ရန်နှင့်တရားမ၀င်ငါးဖမ်းဆီးမှုများ လျော့နည်းပပျောက်စေရန် အလေးထားဆောင်ရွက်စေလိုကြောင်း ငါးလုပ်ငန်းဦးစီဌာနမှ သတိပေးထားသည်။
 
 မုံရွာ၊ချောင်းဦး၊ဘုတလင်မြို့နယ်တို့တွင် ၂၀၁၈-၁၉ ခုနှစ်အတွင်း ဂရန်အင်းပေါင်း ၂၂ အင်းအနက် ၁၇ အင်းကို လေလံတင်ရောင်းချခဲ့ပြီဖြစ်သည်ဟု မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ပြောသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment