Latest News

Tuesday, September 11, 2018

မြန် မာ့ အ ရေး နှင့် နိုင် ငံ တ ကာ ရာ ဇ ၀တ် မှု ခုံ ရုံး.-အပိုင်း [၄] ကိုချမ်းမှိုင်း


International Criminal Court and the Case of Myanmar
[ မြန် မာ့ အ ရေး နှင့် နိုင် ငံ တ ကာ ရာ ဇ ၀တ် မှု ခုံ ရုံး...]
..
မြန်မာစစ်တပ်က တပ်ရင်း (၂၇) ရင်းခန့်, စစ်သားအင်အား ၁၁,၀၀၀ ကျော်, ရဲတပ်ရင်း (၃) ရင်းနဲ့ အရပ်သား ၉၀၀ ကျော်ကို အသုံးပြုပြီး ARSA ကို တန်ပြန်ဆင်နွှဲခဲ့တဲ့ သြဂုတ် ၂၀၁၇ က ထိုးစစ် ‘နယ်မြေရှင်းလင်းရေး’ အတွင်းမှာ ရခိုင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ ရိုဟင်ဂျာမူ ဆလင် ၁၀,၀၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရပြီး၊ ကျေးရွာပေါင်း ၃၅၄ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရကာ၊ လူပေါင်း ၇၀၀, ၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် နေရပ်စွန့်ခွာခဲ့ရပြီး ဘင်္ဂါလားဒေရှ့်နိုင်ငံဆီကို လွတ်မြောက်ထွက်ပြေးခဲ့ကြပါတယ်... [Doctors Without Borders/Reuters/The New York Times] တို့အရ။
..
နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ နယ်မြေရှင်းလင်းရေးမှာ ၁၀၀ ထက်နည်းတဲ့ လူဦးရေပဲ သေဆုံးတယ်လို့ ဆိုပါတယ်... [Myanmar President Office]. မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ အခင်းဖြစ်ပွား ရာကို နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေ သတင်းသမားတွေကို ၀င်ရောက်လေ့လာခွင့် မပြုပါဘူး။ 
..
ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံစာက မြန်မာစစ်တပ်ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်ဟာ “hallmarks of genocide” - လူမျိုးတုန်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းရဲ့ဝိသေသဘဲလို့ဆိုပါတယ်။ အမေရိကန်ကတော့ ‘ethnic cleansing’ - လူမျိုးသုတ်သင်ရှင်းလင်းရေးလို့ ဖော်ပြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကတော့ ဖြစ်ပွားခဲ့တဲ့ကိစ္စကို စုံစမ်းဖို့ တရားစီရင်ဖို့ ICC (နိုင်ငံတကာရာဇ၀တ်ပြစ်မှုခုံရုံး) ကို လွှဲ ပြောင်းခြင်း မရှိသေးပါဘူး။ 
..
ICC က Case ကို ပုံစံသုံးမျိုးနဲ့ စတင်နိုင်ပါတယ်။
1. ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပြောင်းတဲ့အခါ
2. နိုင်ငံအစိုးရက လွှဲပြောင်းတဲ့အခါ
3. Office of the Prosecutor (ICC ရှေ့နေအဖွဲ့က တရားလိုပြုပြီး) စတင်စုံစမ်းနိုင်ပါတယ်။ 
..
ဇွန်လ ၂၁ ရက်၊၂၁၀၈ မှာ ICC က မြန်မာအစိုးရကို ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စနဲ့ပက်သက်ပြီး ICC အပေါ် မြန်မာ အစိုးရ ရဲ့သဘောထားတောင်းခံပြီး ဇူလိုင် ၂၇ ရက်၊ ၂၀၁၈ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့တောင်းဆိုပါတယ်။ နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၉ ရက်၊ ၂၀၁၈ မှာ စာထုတ်ပြီး မြန်မာနိုင်ငံဟာ ICC ရဲ့စုံစမ်းစစ်ဆေးတရားစီရင်ရေး သဘောတူညီထားတဲ့ လက်မှတ်ရေး ထိုးတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ICC နဲ့ ဆွေးနွေးဖို့ငြင်းဆိုပါတယ်။ 
..
မြန်မာက (ကျူးလွန်သူတွေ) ကို စစ်ဆေးတရားစီရင်ပေးဖို့ ICC ဆီကို တင်ပြတဲ့ Fortify Rights ရဲ့အစီရင်ခံစာမှာတော့ ရိုဟင်ဂျာအမျိုးသမီး ၄၀၀ ရဲ့ ကိုယ်စားပြုရှေ့နေက “တိုင်းပြည်မှ နှင်ထုတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အုပ်စုလိုက်အဓမ္မပြုကျင့်ခြင်း၊ လူမျိုးခွဲခြားခြင်း” စတဲ့စွဲချက်တွေ တင်ပါတယ်။ မောင်တောမြို့အနား အင်းဒင်ကျေးရွာမှာ ဘာလက်နက်မှ ကိုင်ဆောင်မထားတဲ့ လူ ၁၀ ဦးကို ဒူးထောက်ခိုင်းပြီး စစ်သား တွေက ပစ်သတ်ခဲ့တယ်။ နိုင်ငံတကာဥပဒေတွေမှာ ရန်သူပင်ဖြစ်ဖြစ် လက်နက်ကိုင်မထားလျင် သူ့ကို တရားစီရင်မှုမပြုမီ သတ်ပစ်လို့ မရဘူး။ 
..
လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေဖြစ်တဲ့ Human Rights Watch, International Amnesty, Fortify Rights စတဲ့အဖွဲ့တွေ ကတော့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ “Genocide (လူမျိုးတစ်မျိုးအား မျိုးဖြုတ်ရန်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, Crime against humanity (လူသားမျိုးနွယ်၏ အသက်ရှင်တည်ရှိမှုအားဆန့်ကျင်သည့် ရာဇ၀တ်မှု), War crimes (စစ်ရာဇ၀တ်မှု)” စတာတွေ ကျူးလွန်ခဲ့တာကြောင့် အပြစ်ပေးအရေးယူနိုင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာနိုင်ငံကိစ္စကို ICC ဆီလွှဲပြောင်း စုံစမ်း စစ်ဆေးတရားရင်ရေးလုပ်ဖို့ တောင်းဆိုကြတယ်။ 
..
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာအစိုးရအခေါ် ‘နယ်မြေရှင်းလင်းရေး’ - နိုင်ငံတကာအခေါ် ‘သွေးချောင်းစီးလူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု’ မှာ တာဝန်ရှိသူတွေအဖြစ် တရားစီရင်အပြစ်ပေးသင့်သူတွေအဖြစ် ပြည်ပမီဒီတွေမှာ ရေပန်းစားသူတွေကတော့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဗိုလ်ချုပ်မောင်မောင်စိုးတို့ ဖြစ်ပါတယ်။ Fortify Rights အဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ICC (နိုင်ငံတကာရာဇ၀တ်ပြစ်မှုခုံရုံး) ဆီ တင်တဲ့အစီရင်ခံစာမှာ တရားစီရင်အပြစ်ပေးသင့်သူများအဖြစ် ရဲအရာရှိတွေနဲ့ တပ်မတော်သား, အားလုံး (၂၂) ဦးကို စာရင်းတင်ထားပါတယ်။
..
ICC ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက မြန်မာဟာ ICC သဘောတူညီမှုမှာ ပါဝင်မထားတဲ့ နိုင်ငံဖြစ်တာကြောင့် စစ်ရာဇ၀တ်မှုက မြန်မာပြည် ထဲမှာ ဖြစ်ပွားခဲ့ပြီး၊ မြန်မာပြည်သားတွေကျူးလွန်တာဖြစ်လို့ ICC အနေနဲ့ စုံစမ်းစစ်ဆေး တရားစီခွင့် ရှိမရှိ ဖြစ်ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်အချို့ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တယ်၊ ဓါးစာခံဖြစ်ရသူတွေက ဘင်္ဂလားဒေရှ့် နယ်န မိတ်ထဲမှာဖြစ်လို့ မြန်မာနိုင်ငံက ကျူးလွန်သူတွေဟာ ဓါးစာခံတွေအတွက် ခိုင်လုံတဲ့ဘ၀အခြေအနေတစ်ရပ် (သို့) ကျေအေးအောင် သဘောတူညီမှုတစ်ခုခု မပြုနိုင်သေးသရွှေ့ ရာဇ၀တ်မှုက မြောက်နေသေးတယ်လို့ ထောက်ပြပါတယ်။ ဆိုလိုရင်းက ICC ဟာ သူ့အဖွဲ့ဝင်ဘင်္ဂလားဒေရှ့်နိုင်ငံဆိုတဲ့ အခြေခံအချက်ကနေ မြန်မာပြည်ကကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးတရားစီရင်ခွင့်ရှိတယ်လို့ ယူဆတာ ဖြစ်ပါတယ်။ 
..
‘ICC အဖွဲ့ဝင်-ဘင်္ဂလားဒေရှ့်’ အခြေကဆိုရင်တော့ “crime of deportation” နဲ့ ဆွဲချက်တင်ရမှာပါ။ Crimes against humanity (လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇ၀တ်မှု) ရဲ့ခေါင်းစဉ်အောက်မှာ, “(ဃ) အဓမ္မဖြင့် နေထိုင်သူလူဦးရေအား ပြောင်းရွှေ့ခြင်း (သို့) နိုင်ငံမှ နှင်ထုတ်ခြင်း” ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ‘ICC အဖွဲ့မ၀င်-မြန်မာ’ အခြေကဆိုရင်တော့ ကျူးလွန်သူနိုင်ငံသား (ပုဂ္ဂိုလ် တစ်ဦး ချင်း) ကို ‘Genocide’, ‘War crimes’ တို့နဲ့ အရေးယူဖို့ မလွယ်ကူဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ 
..
ICC ရဲ့ လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ဖို့ရာ ကာယကံရှင်နိုင်ငံအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုက အဓိကအကျဆုံးဖြစ်ပါ တယ်။ နိုင်ငံတော်အစိုးရက ဦးဆောင်၊ စစ်ရာဇ၀တ်ပြစ်မှုကြီးတွေကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးဖို့ ICC ကို လွှဲပြောင်း၊ ICC က စုံစမ်း၊ စစ်ဆေး၊ ဖမ်းဝရမ်းထုတ်၊ နိုင်ငံအစိုးရ ဖမ်း၊ ICC က တရားစီရင်ပြစ်ဒဏ်ချ၊ ကျူးလွန်သူတွေကတော့ သူနိုင်ငံသားဖြစ်တဲ့ နိုင်ငံမှာ ပြန်ထောင်ကျခံ။ တချို့နိုင်ငံတွေမှာ အဆိုပါ စစ်ရာဇ၀တ်ပြစ်မှုကြီးတွေ ကျူးလွန်သူတွေကိုယ်တိုင်က နိုင်ငံရဲ့ထိပ်တန်းအာဏာတွေ ယူထားတဲ့အခါမှာ ICC အနေနဲ့ အပြစ်ပေးဖို့ခက်ပါတယ် [ဥပမာ- ဆူဒန်နိုင်ငံသမ္မ Omar al-Bashir၊ ကင်ညာနိုင်ငံသမ္မ Uhuru Kenyatta]။ 
..
ICC မှာ ကိုယ်ပိုင်တပ်ဖွဲ့ မရှိပါဘူး။ အကျဉ်းထောင်လဲ မရှိပါဘူး။ နယ်သာလန်နိုင်ငံ, The Hague မြို့မှာတော့ ထိမ်းသိမ်းရေးစင်တာ ရှိပါ တယ်။ နိုင်ငံအစိုးရတွေရဲ့ ပြည်တွင်းတရားစီရင်ရေးက စစ်ရာဇ၀တ်ပြစ်မှုကြီးတွေ ကျူးလွန်သူတွေကို တရားစီရင်ဖို့ ‘မစွမ်းသာ-မဖြစ်သာ’ အခြေအနေမျိုးမှာ နိုင်ငံတော်အစိုးရကတွေက ICC ကို တရားစီရင်ဖို့တောင်းဆိုနိုင်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလဲ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ပေးဖို့ ICC ကို တောင်းဆိုနိုင်ပါတယ်။ ICC ကို ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ငွေကြေးအများ ဆုံးပါဝင် ထောက်ပံ့ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ်စတန်၊ အင်ဒိုနီးရှားနဲ့ တူရကီတို့ကတော့ ICC တရားစီရင်ရေးသဘောတူညီချက်ကို လက်မှတ်မထိုးကြပါဘူး။ 
..
မြန်မာနိုင်ငံဟာ ICC တရားစီရင်ရေးသဘောတူအဖွဲ့ဝင် နိုင်ငံမဟုတ်တဲ့အပေါ်မှာ ICC က ရခိုင်ဒေသအတွင်းပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေးမှာ စစ်ရာဇ၀တ်ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့သူတွေအပေါ် ဘယ်လိုထိထိရောက်ရောက်အရေးယူနိုင်မလဲ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကရော အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးဖို့ ဘယ်လိုဖိအားတွေ ပေးနိုင်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ့် တရားစီရင်ရေးစနစ်တစ်ခု (သို့) ICC ရဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုလဲ ဖြစ်ပါတယ်။ 
..
Ref:
1. http://www.abc.net.au/…/rohingya-death-toll-in-the-…/9260552
2. http://www.president-office.gov.mm/…/Government%20of%20the%…Union%2 0of%20Myanmar.pdf
3. https://www.reuters.com/…/myanmar-says-military-operation-i…
4. https://www.bbc.com/news/world-asia-42639418
5. https://asp.icc-cpi.int/…/pages/the%20states%20parties%20to…%20rome%20statut e.aspx
6. https://www.reuters.com/…/icc-gives-myanmar-deadline-over-r…
7. https://www.nytimes.com/…/a…/myanmar-rohingya-genocide.html…FInternational%20Criminal%20Court&action=click&contentCollection=timestopics&region=stream&module=stream_unit&version=latest&contentPlacement=1&pgtype=collection
8. https://www.nytimes.com/…/rohingya-myanmar-icc-petition.htm…Ftimestopic %2FInternational%20Criminal%20Court&action=click&contentCollection=timestopics&region=stream&module=stream_unit&version=latest&contentPlacement=3&pgtype=collection
9. https://en.wikipedia.org/wi…/List_of_genocides_by_death_toll
10. http://endgenocide.org/learn/past-genocides/
11. https://www.cnn.com/…/bangladesh-rohingya-new-ca…/index.html
12. ဓါတ်ပုံများကိုတော့ Google search မှာ ရှာဖွေပါတယ်။
..
ကိုချမ်းမှိုင်း
သြဂုတ် ၂၀၁၈






No comments:

Post a Comment