အင်ဒိုနီးရှားငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၈ဝဝ ကျော်ရှိလာ
ဂျကာတာ စက်တင်ဘာ ၃ဝ
ဆူလာဝေစီကျွန်းတွင် မြေငလျင်လှုပ် မှုနှင့် ဆူနာမီကြောင့် သေဆုံးသည့်ဦးရေ သည် တနင်္ဂနွေနေ့တွင် ၈၃၂ ဦးအထိရှိ လ ပြီဟု အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။ ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီ ကျုရှိ ငလျင်သည် သောကြာနေ့ မွန်းလွဲပိုင်းက လှုပ်ခဲ့ရာ ပါလူနှင့် ဒေါင်ဂလာတို့တွင် သုံးမီတာအမြင့်ရှိ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့ကြောင်း သိရသည်။
ယခုအခါ ပါလူတွင် သေဆုံးသူ ဦးရေ ၈၃၂ ဦး ထိ ရှိလာပြီဟု အင်ဒို နီးရှား အမျိုးသားသဘာဝဘေး လျော့ပါးသက်သာစေရေး အေဂျင်စီမှ အကြီးအကဲက ပြောသည်။
အပျက်အစီးများ အောက်တွင် လူပေါင်းများစွာ ပိတ်မိနေခဲ့သည်။ လမ်း များပျက်စီးခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အတား အဆီးဖြစ်ခဲ့ရသည်။ ဒေါင်ဂလာမြို့သည် လည်း ဆူနာမီဒဏ်ခံစားခဲ့ရသည်ဟု ယူဆရသည်။
သို့သော် ဆက်သွယ်ရေးအခက် အခဲကြောင့် အပျက်အစီးစာရင်းမှာမူ မသိရသေးပေ။ သေဆုံးသူအရေ အတွက်မှာ မြင့်တက်လာနိုင်သေး ကြောင်း သဘာဝဘေးအေဂျင်စီက ပြောသည်။
အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆက်ဖ်ကယ်လမ်က သေဆုံးသူ ဦးရေမှာ ထောင်ဂဏန်းထိလည်း ရောက်သွားနိုင်ကြောင်း၊ အဘယ် ကြောင့်ဆိုသော် အချို့သောဒေသများမှ အပျက်အစီးများကို မသိရသေး၍ ဖြစ်ကြောင်း ပြောသည်။ အသက် ၃၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ ရီဆာ ကူဆူမာက သူသည် ကယောင် ချောက်ချား ဖြစ်ခဲ့ရကြောင်း ၊ ¤င်း၏သားမှာ ကယ်ဆယ်ရေးစခန်းတွင် ရှိနေ၍ စိတ်သက်သာရာရခဲ့ကြောင်း ပြောသည်။ မိနစ်တိုင်းတွင် လူနာတင် ယာဉ်များမှ အလောင်းများကို သယ်ဆောင်သွားခဲ့ပြီး သန့်ရှင်းသော သောက်ရေမှာလည်း ရှားပါးလာခဲ့ သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ရာဒေသမှ အပျက် အစီးများကို သွားရောက် ကြည့်ရှုခဲ့ သည်။
ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် အင်ဒို နီးရှားတပ်များကို စေလွှတ်ထားသည်။ အပျက်အစီးများကို ရှင်းလင်းရန် လူအားဖြင့် မလုံလောက်ဘဲ စက်ယ္တရား ကြီးများ လိုအပ်ကြောင်း သိရသည်။
ပါလူမြို့တွင် နိုင်ငံခြားခရီးသွား ပေါင်း ၆ဝ ခန့်ရှိသည်ဟု အမျိုးသား သဘာဝဘေးအေဂျင်စီမှ ယူဆထား သည်။ ဃ-၁၃ဝ စစ်ဘက် သယ်ယူပို့ ဆောင်ရေးလေယာဉ်သည် ထောက်ပံ့ ပစ္စည်းများ သယ်ဆောင်ပေးပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လေယာဉ်ပျံသန်းမှုများကို ခွင့်ပြု ထားကာ စီးပွားရေးအရ ပျံသန်း သော လေကြောင်းလိုင်းများကိုမူ ကန့်သတ် ထားသည်။
မြန်မာ့အလင်း/ကိုးကား _အင်န်အိတ်ခ်ျကေ၊ အေအက်ဖ်ပီ
အကျိုးလိုလို့ ညောင်ရေလောင်းလိုက်သည့်
တူရကီနှင့် ဂျာမနီနိုင်ငံတို့၏ ဆက်ဆံရေး
နှစ်နှစ်ကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် အရပ်ဘက်လူ့အခွင့်အရေးနှင့် အခြား ကိစ္စရပ်များတွင် မတူညီကွဲပြားမှုများ ဆက်လက်ရှိနေလင့်ကစား ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်နှင့် တူရကီသမ္မတ အာဒိုဂန်တို့သည် တင်းမာနေသော နှစ်နိုင်ငံ ဆက်ဆံရေး ကို ပြန်လည်တည်ဆောက်ရန် စက်တင်ဘာ ၂၈ ရက်က ကတိပြု ခဲ့ကြသည်။
အာဒိုဂန်သည် တူရကီလေသံ ပါသည့် လူပေါင်း သုံးသန်း မှီတင်း နေထိုင်ရာ အီးယူစီးပွားရေးထိပ်တန်းနိုင်ငံတစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်လည်ပတ်ချိန်တွင် ဂျာမန် မီဒီယာများက တူရကီကို အကျိုးလိုလို့ ညောင်ရေလောင်းနေသည့် ပုံစံမျိုး ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မသင့်မမြတ်ဖြစ်ရာမှ အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ရာ ယခုအခါတွင် တူရကီသည် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင် နေရသည်။
လုံခြုံရေးတင်းကျပ်မှုနှင့်
ဆန္ဒပြမှုများ
တူရကီသမ္မတ၏ သုံးရက်ကြာ ခရီးစဉ်ကို လုံခြုံရေးတင်းကျပ်မှုများ ကြားက အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ သည်။ တူရကီသမ္မတ၏ ခရီးစဉ်တွင် ဘာလင်၌ ရဲတပ်ဖွဲ့ဝင်ပေါင်း ၄ဝဝဝ ကျော် လုံခြုံရေးဖြန့်ကြက်ထားကြောင်း သိရသည်။ တူရကီ သမ္မတကို မကြိုဆို ဟူသည့် ခေါင်းစဉ်အောက်တွင် လူပေါင်းများစွာက ၄င်းကို မကြိုဆိုဘဲ ဆန္ဒပြရန် စီစဉ်ထားခဲ့ကြသည်။
ပထမချီတက်လာသော ကာ့ဒ် လူမျိုးအများစုပါဝင်သည့် ဆန္ဒပြ လူအုပ်ကြီးသည် သတင်းထောက် တစ်ဦးကို အာဒိုဂန်က သေနတ်ဖြင့် ပစ်နေသည့်ပုံနှင့် ငြိမ်းချမ်းရေး ချိုးငှက်ကို အငမ်းမရဝါးမျိုနေဟန်ကို ဖော်ကျူးထားသည့် နဖူးစည်းစာတန်း ပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်လာ ကာ ဘာလင်ထိ ချီတက်လာကြပြီး ဆန္ဒပြခဲ့ကြသည်။
နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်
တည်ဆောက်ရန် ဆွေးနွေး
တူရကီတွင် ၂ဝ၁၆ အာဏာ သိမ်းမှုကျဆုံးပြီးနောက်နှင့် နောက် ဆက်တွဲ နှိမ်နင်းမှုများပြီးနောက် သမိုင်းတွင် ရန်ပွဲအသွင်ဆောင်နေ သော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် လိုအပ် ချက်များကို နှစ်နိုင်ငံခေါင်းဆောင်များ ဖြစ်သော မာကယ်နှင့် အာဒိုဂန်တို့ ဆွေးနွေးခဲ့ကြသည်။
နေတိုးမဟာမိတ်နိုင်ငံနှစ်နိုင်ငံသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့နှင့် အတူ ဆီးရီးယားပဋိပက္ခကို နောက်လ တွင် ပူးတွဲဆွေးနွေးသွားရန် သဘောတူ ခဲ့ကြောင်း အိန်ဂျလာမာကယ်က ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ကွာဟချက်များ ဆက်လက်ရှိနေဆဲ
တူရကီနှင့် ဂျာမနီကြား သဘော ထား ကွာဟချက်က ဆက်လက်ကျန်ရှိ နေဆဲဖြစ်ပြီး အထူးသဖြင့် သတင်း လွတ်လပ်ခွင့်နှင့် ဂျာမန်ကံကြမ္မာ သို့မဟုတ် နှစ်နိုင်ငံသားခံယူမှုကြောင့် တူရကီ၌ ထောင်ကျနေသူများအရေးမှ စကာ အာဒိုဂန်က ရန်သူအဖြစ် ကြေညာ ထားသူများကို တူရကီနိုင်ငံသို့ ပြန်ပို့ရေး၊ မပို့ရေးနှင့် ပတ်သက်ပြီး သဘောထား ကွာဟမှုများအထိ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အာဒိုဂန်ကို ကော်ဇောနီခင်းပြီး ကြိုဆိုလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး မာကယ်တစ်ယောက် ပြည်တွင်း၌ ဖိအားများနှင့်ရင်ဆိုင်နေရသည်။ မာကယ် က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ဒီမိုကရက်တစ်၊ ပွင့်လင်းလူ့ဘောင်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အဓိကသဘောထား ကွဲပြားမှုများ ဆက်လက်ရှိနေသေးကြောင်း ပြောခဲ့ သည်။
နှစ်နိုင်ငံတွေ့ဆုံခြင်းက
အကောင်းဆုံးနည်းလမ်းဖြစ်
အဆိုပါ မတူညီကွဲပြားချက်များကို ကျော်ဖြတ်နိုင်ရန် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း မာကယ်က ပြောခဲ့ သည်။ ထို့အပြင် မာကယ်သည် တူရကီ နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းထားသော ဂျာမန်နိုင်ငံသားငါးဦးကို လွှတ်ပေးရေး လည်း တိုက်တွန်းပြောကြားသွားကြောင်း သိရသည်။
ပဋိပက္ခများ မြင့်မားနေသည့် အတွက် ဘာလင်က ၄င်း၏နိုင်ငံသား များနှင့် ကုမ္ပဏီများကို တူရကီနှင့် အဝေး ဆုံးတွင် နေထိုင်ရန်တိုက်တွန်းခဲ့ပြီး ၄င်း၏တပ်ဖွဲ့များကိုလည်း နေတိုးအခြေစိုက် စခန်းမှ ဆွဲထုတ်သွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ကတည်းက တူရကီနိုင်ငံသည် ထင်ရှား သော ဂျာမန်-တူရကီသတင်းထောက် ဒန်းနစ်ယူဆယ်ကို ပြန်လွှတ်ပေးလိုက် သည့် ကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးပြေပြစ်လာကြောင်း သိရ သည်။
စီးပွားရေးတည်ငြိမ်မှုရှိဖို့လို
အမေရိကန် တရားဟောဆရာ တစ်ဦးကို တူရကီနိုင်ငံအာဏာသိမ်းမှု တွင် ပါဝင်သည်ဟုစွပ်စွဲကာ ဖမ်းဆီး ထောင်ချထားခြင်းကို လက်တုံ့ပြန်သည့် အနေဖြင့် သြဂုတ်လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် တူရကီနိုင်ငံ၏ အလူမီနီယံနှင့် စတီးလ်ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။
တူရကီစီးပွားရေး ဒုက္ခတွေ့နေသည့် အပေါ် မာကယ်က တူရကီနိုင်ငံ၏ စီးပွား ရေး တည်ငြိမ်နေမှသာလျှင် ဂျာမနီ အတွက် အကျိုးရှိနိုင်ကြောင်း ပြောခဲ့ သည်။ သံခင်းတမန်ခင်းအကျပ်အတည်း နှင့်ရင်ဆိုင်နေရသည့် အာဒိုဂန်က ဘာလင် အား နာဇီပုံစံကျင့်သုံးနေသည်ဟု ဆိုကာ စွပ်စွဲခဲ့ကြောင်း၊ ထို့အပြင် အောင်မြင်နိုင်သည့် စီးပွားရေးစီမံကိန်း များကို ညွှန်းဆိုလျက် ပြေရာပြေ ကြောင်းလည်း ပြောကြားခဲ့သေးသည် ဟု ဆိုသည်။
ဝေဖန်မှုတွေရှိ
သို့သော်လည်း ဂျာမနီသည် ¤င်းမြေ ပေါ်ရှိ ထောင်ချီနေသော ကာ့ဒ်စစ်သွေးကြွ များနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက် များ အားနည်းနေသေးကြောင်း အာဒိုဂန် က ပြောခဲ့သည်။ ထို့အပြင် တူရကီ အာဏာသိမ်းမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံနေရသည့် မွတ်စလင်ဘုန်းတော် ကြီး ဖက်သူလာဂူလန်၏ နောက်လိုက် များကို တူရကီသို့ လွှဲပြောင်းပေးရန် ဂျာမန်က ငြင်းဆိုခဲ့ကြောင်း အာဒိုဂန်က စောဒကတက်ပြောကြားခဲ့သေးကြောင်း သိရသည်။
မာကယ်က ဂျာမနီနိုင်ငံအနေဖြင့် ကာ့ဒ်အလုပ်သမားပါတီ (ပီကေကေ)ကို တားဆီးပိတ်ပင်ထားသည့် စစ်သွေးကြွ အဖွဲ့အဖြစ် အသိအမှတ်ပြုပါကြောင်း၊ ထို့အတူ ဂူလန်လှုပ်ရှားမှုကို ထိုကဲ့သို့ ယူဆ၍မရကြောင်း ပြောခဲ့သည်။
နိုင်ငံရေးခိုလှုံသူများကို
တူရကီပြန်လိုချင်
အာဒိုဂန် ဂျာမနီနိုင်ငံသို့ မရောက်မီ တူရကီက ဂျာမနီနိုင်ငံကို တူရကီသို့ ပြန်လည်လွှဲပြောင်းပေးရမည့် လူစာရင်း ပေးပို့ခဲ့ကြောင်း သိရပြီး၊ အဆိုပါလူစာရင်း တွင် စုစုပေါင်း ၆၉ ဦး ရှိကြောင်းနှင့် အများ စုမှာ ပီကေကေ နိုင်ငံရေးသမားများနှင့်ွကူနည နောက်လိုက်များဖြစ်ကြောင်း သိရသည်။
အဆိုပါစာရင်းတွင် သတင်းထောက် ကန်ဒန်ဒါလည်းပါဝင်ခဲ့ပြီး ၄င်းသည် ဂျာမနီနိုင်ငံတွင် ၂ဝ၁၆ ခုနှစ်ကတည်းက နိုင်ငံရေးခိုလှုံနေထိုင်ခဲ့သူ ဖြစ်သည်။ ၄င်းသည် ၄င်း၏ ကမ်ဟားရီးယာ့ဒ် သတင်းစာတွင် ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများထံသို့ တူရကီနိုင်ငံက လက်နက်များ တရားမဝင် လျှို့ဝှက် ပေးပို့သည်ဟုဆိုသည့် သတင်းဖော်ပြမှု နှင့် ပတ်သက်ပြီး ထောင်ချခံရသည့် ပြစ်ဒဏ်မှ ရှောင်ပြေးနေသူဖြစ်ကြောင်း သိရသည်။
ဒန်ဒါသည် သူလျှိုဖြစ်ကြောင်းနှင့် ၄င်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက် များကို ဖော်ထုတ်နေသူဖြစ်ကြောင်း အာဒိုဂန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ''အပြစ်ရှိသူများကို ပြန်လိုချင်တာ ကျွန်တော်တို့ရဲ့ သဘာဝ အခွင့်အရေးတစ်ခုပါပဲ'' ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
သတင်းထောက် ဒန်ဒါကိုယ်တိုင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အဆိုပါစွပ်စွဲချက်များကို ငြင်းဆို ခဲ့ကြောင်း သိရသည်။ ''ကျွန်တော် က သူလျှိုတစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော်က သတင်းထောက် တစ်ယောက်ပါ'' ဟု ၄င်းက ပြောခဲ့ သည်။ ညစာစားပွဲတွင် အာဒိုဂန်က အကြမ်းဖက်လုပ်ရပ်များတွင် သတင်း ထောက်များ ပါဝင်ပတ်သက်နေခြင်း နှင့် တူရကီတရားရုံးက စီရင်ချက်ချထား သည့် လူတစ်ယောက်ကို မည်သူတွေ က ယခုအချိန်အထိ ကာကွယ်နေသလဲ ဟု မေးခဲ့သည်။ ဂျာမနီမှာတော့ သူက ကောင်းစားနေတယ်ဟု သတင်း ထောက် ဒန်ဒါကို ညွှန်းဆိုလျက် အာဒိုဂန်က ပြောခဲ့သည်။
ထို့အပြင် ၂ဝ၁၆ အာဏာသိမ်းမှု ကျဆုံးပြီးနောက် သတင်းထောက်များ၊ ကုန်သွယ်ရေးသမဂ္ဂအဖွဲ့ဝင်များ၊ သိပံ္ပ ပညာရှင်များ၊ အသိပညာရှင် အတတ် ပညာရှင်များကို ထောင်သွင်းအကျဉ်းချ ထားသည်ဆိုသည့် ဂျာမန်သမ္မတ ဖရန့်ခ်ဝေါတာ စတိန်းမီးယား၏ မှတ်ချက်အပေါ်လည်း အာဒိုဂန်က ''သင့်အနေနဲ့ သတင်းအမှားတွေ ရရှိ ထားတာပဲ'' ဟု ပြန်လည်တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရသည်။
တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ နှင့် ဆက်ဆံရေးတွင် အကျိုးလိုလို့ ညောင်ရေလောင်းတယ်ဟု ဆိုစေကာမူ တူရကီနိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင် ဆောင်ရွက်နေသည် ဆိုသည့်အချက် မှာ လုံးဝမှန်ကန်သည့်အချက်တစ်ချက် ဖြစ်ပါကြောင်း။ ။
ထွန်းသစ်စ/ကိုးကား-အေအက်ဖ်ပီ
အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာမှ ကိုထက် ချန်ပီယံဆွတ်ခူး
ရန်ကုန် စက်တင်ဘာ ၃ဝ
မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Asia Invita-tional Snooker Championship 2018 အာရှဖိတ်ခေါ်စနူကာပြိုင်ပွဲတွင် မြန်မာနိုင်ငံမှကိုထက်က ချန်ပီယံဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သည့် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ အားကစားသမား ၆၄ ဦး ပါဝင်ရာ အုပ်စုပတ်လည်စနစ်ဖြင့် ကစားရပြီး နောက်ဆုံး ၃၂ ဦး ရှုံး/ထွက် အဆင့် တွင် မြန်မာက မလေးရှားကို (၄-၂)ဖြင့် နိုင်၍ လည်းကောင်း၊ ၁၆ ဦး အဆင့်တွင် မြန်မာက ထိုင်းကို(၅-၂)ဖြင့်နိုင်၍ လည်းကောင်း၊ ရှစ်ဦးအဆင့်တွင် ၁ဝဝ ကျော် Breakအများဆုံးထိုးထားပြီး ချန်ပီယံဖြစ်မည်ဟု ပရိသတ်များ ခန့်မှန်းထားသည့် ထိုင်းနိုင်ငံ မှ ချန်ပီယံကို မြန်မာက (၅-၃)ဖြင့် ခက်ခက်ခဲခဲနိုင်ခဲ့၍ ပရိသတ်များ အံ့သြခဲ့ရသည်။ဆီမီးဖိုင်နယ်အဆင့်တွင် မလေးရှားမှ ဒုတိယတန်း လက်ရွေးစင်ကို (၄-ဝ)ဖြင့် အရင်စီး ထားသော်လည်း မလေးရှားက နောက်မှ (၄-၄)ဖြင့် ပြန်လိုက်လာရာ နောက်ဆုံးတွင် မလေးရှားကို (၆-၅)ဖြင့်နိုင်၍ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် တရုတ်မှ အာရှလူငယ်ချန်ပီယံမလေးရှားအာရှဖိတ်ခေါ် စနူကာပြိုင်ပွဲတွင် ပထမဆု နှစ်ကြိမ်ရရှိ ထားသူနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရာ မြန်မာက တရုတ်ကို (၆-၅)ဖြင့် ထိုက်တန်စွာ အနိုင်ယူကာ ချန်ပီယံဆု တံဆိပ်နှင့်အတူ မလေးရှား ရင်းဂစ် ၁ဝဝဝဝ ဆုငွေရရှိခဲ့သည်။
မြန်မာစနူကာချန်ပီယံ ကိုထက်သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် မလေးရှား နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်အတွင်းရေးမှူး ဦးခင်မောင်ဦး၊ ဒိုင်ချုပ် ဦးဝင်းမြင့်မြတ် နှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆို ခဲ့ကြကြောင်း သိရသည်။
အေကေလင်း(MMAL)
ပင်းတယမြို့မှ မီးအိမ်ရှင်
အေးချမ်းလှသည့် တောင်ပေါ်ဒေသ၏ ဆောင်း နံနက်ခင်းတစ်ခုတွင် တိုက်ပုံအဖြူရောင်ကို ဝတ် ဆင်ထားသည့် အမျိုးသားတစ်ဦးကို ဒေသခံ များနှင့် တစ်သားတည်းကျလျက် ပြုံးချိုသော မျက်နှာထားဖြင့် မြင်တွေ့ရသည်။ သူ့အနီးအနား တွင် များပြားသော ဓနုတိုင်းရင်းသား ဒေသခံများ ရှိသည်။ အားလုံး၏အကြည့်တွင် တိုက်ပုံဖြူဝတ် အမျိုးသားအပေါ် ချစ်ခင်မြတ်နိုးကြည်ညိုသည့် သဘောဖြူဖြူများကို မြင်တွေ့ရသည်။
ပင်းတယဒေသ၏ မီးအိမ်ရှင်
ရွှေခြည် ငွေခြည်လေးများ ယှက်ထားသည့် ဓနုတိုင်းရင်းသား ဝတ်စုံအနီရဲရဲကို ဝတ်ဆင် ထားသည့် အမျိုးသမီးလေးတစ်ဦးက ''သူက ကျွန်မတို့ ပင်းတယမြို့နယ် ဆေးရုံအုပ်ကြီးလေ။ သူ့ကို မသိတဲ့သူ မရှိဘူး။ သူက ကျွန်မတို့ ကျေးဇူး ရှင်။ သူလာရင် အားလုံး ဒီလိုပဲနှုတ်ဆက်ကြ တယ်''ဟု ဂုဏ်ယူဝင့်ြ<ွကားစွာ မိတ်ဆက်ပေး သည်။ ပင်းတယမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို အားလုံးက ပင်းတယ ဒေသ၏ မီးအိမ်ရှင်ဟု တင်စားခေါ်ဝေါ်ကြသည်။
ဒေါက်တာသန်းမင်းထွဋ်သည် ပင်းတယမြို့ ဆေးရုံအုပ်ကြီးအဖြစ် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ''လွန်ခဲ့တဲ့ ခုနစ်နှစ် နံနက် ၅ နာရီမှာ ပင်းတယဆေးရုံကို ကျွန်တော် စရောက်ခဲ့တယ်။ ကြက်ဆူတွေ ချုံထလို့ ဝင်ပေါက်တောင်မမြင်ရတဲ့ ဆေးရုံ၊ အတွင်းလူနာငါးဦးသာရှိပြီး မိုးရွာရင် လူနာတွေ ခုတင်ပတ်လည်မှာ ရေခွက်လေးတွေ ခံထားရတဲ့ဆေးရုံပေါ့။ အခုတော့ ဒါတွေအားလုံး ဝေးလို့ကျန်ခဲ့ပါပြီ''ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။
ဒေသခံများနှင့် တစ်သားတည်းကျသူ
ပင်းတယမြို့နှင့် ပတ်ဝန်းကျင် ကျေးလက် ဒေသမှ ဒေသခံများသည် သူတို့အိမ်ရှေ့အထိ အရောက်လာကာ အခမဲ့ ဆေးကုသပေးနေသည့် ဆရာဝန်ကြီးကို ပထမ အစပိုင်းတွင် အံ့သြ မင်သက်နေခဲ့ကြပြီး နောက်ပိုင်းတွင်မူ တဖြည်း ဖြည်းနှင့် ဆရာဝန်သည် သူတို့နှင့်တစ်သားတည်း ကျလာခဲ့သည်။ ဆရာဝန်ကြီးသည် သူတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍအားလုံးတို့တွင် တိုင်ပင်ရာ၊ အားကိုး အားထားပြုရာ ပုဂ္ဂိုလ်အဖြစ် အားလုံးက ချစ်ခင် မြတ်နိုးကြကြောင်း ပင်းတယမြို့နယ် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ဆောင် နေသူတစ်ဦးဖြစ်သည့် မဖြူစင်က ပြောပြသည်။
လူတန်းစားသုံးမျိုးအတွက်
''မြို့ပေါ်ရော တောရောမကျန် ကျန်းမာရေး စောင့်ရှောက်ရမှာက ကျွန်တော့်တာဝန်လို့ပဲ ခံယူထားပါတယ်။ အဓိကကတော့ လူတန်းစား သုံးမျိုးကို ရည်ရွယ်ပြီး အခမဲ့ စောင့်ရှောက်မှုတွေ ပေးခဲ့တယ်။ ပထမဆုံးက သက်ကြီးရွယ်အိုတွေ ပါ။ သူတို့ဟာ အခက်အခဲအမျိုးမျိုးကြောင့် ဆေးရုံကို မလာနိုင်ဘူး။ ကျွန်တော့်အယူအဆက ဆေးရုံကို လူနာမလာနိုင်ခဲ့ရင် ဆရာဝန်က လူနာ ဆီကို ရောက်အောင်သွားရမယ်လို့ ခံယူထားပါ တယ်။ နောက်တစ်မျိုးက ကိုယ်ဝန်သည်တွေပါ။ တောင်ပေါ်လမ်းတွေမှာ ကိုယ်ဝန်သည်ဟာ ဆိုင်ကယ်နဲ့ ဆေးရုံဆေးခန်းကိုလာပြရတာ အဆင် မပြေဘူး။ ဒါတင်မကသေးဘူး၊ ကိုယ့်ဒေသတွင်းက အ္တရာယ်ရှိတဲ့ ကိုယ်ဝန်တွေဆိုရင်လည်း အချိန် မလွန်ခင် ကိုယ်က ဦးအောင်ပြင်ဆင်နိုင်ဖို့အတွက် သွားရောက်ကုသပါတယ်။ နောက်တစ်မျိုးက တော့ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲချို့တဲ့သူတွေ ဖြစ်ပါတယ်။ ဆင်းရဲလို့ဆိုပြီး ဆေးရုံကိုမလာရဲတဲ့၊ လာဖို့မတတ်နိုင်တဲ့ လူနာတွေဖြစ်ပါတယ်။ သူတို့ ကို ဆေးရုံကို မကြောက်စေချင်ဘူး။Hospital must be Hotel ဆိုတာ ကျွန်တော့်ရဲ့ မျှော်မှန်း ချက်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ဆေးရုံဟာ ဟိုတယ်လိုမဖြစ်တောင် လူနာတွေအတွက် အကောင်းဆုံး သက်သောင့်သက်သာဖြစ်စေမယ့် နေရာတစ်ခု ဖြစ်လာအောင်တော့ ကျွန်တော်တို့ ကြိုးစားဖြည့်ဆည်းထားပါတယ်''ဟု ဆရာဝန် ကြီးက ပြောကြားသည်။
ဒေသခံများ၏ အားပေးထောက်ခံမှု
ပင်းတယမြို့မှ ဆေးရုံပြောင်းရွှေ့ရန်အတွက် ညွှန်ကြားခြင်းခံရဖူးသော်လည်း ဒေသခံများ၏ တစ်ခဲနက် အားပေးထောက်ခံထားမှုများကြောင့် ဆရာဝန်ကြီးသည် ပင်းတယမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် ခုနစ်နှစ်တိုင်တိုင် ဆေးရုံအုပ်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ ခုနစ်နှစ်တာအတွင်း အခမဲ့ ဆေးကုခရီးပေါင်း ၂၇၉ ကြိမ်နှင့် ကျန်းမာရေးဟောပြောပွဲများဖြင့် တက်ရောက်သူပေါင်း ၄၉၉၆၃ ဦးကို ကျန်းမာရေး ပညာပေးခဲ့ပြီး လူနာပေါင်း ၅၁၄၉၁ ဦးကို အခမဲ့ ဆေးကုခဲ့သည်။
''ကားမျိုးစုံ၊ ဆိုင်ကယ်၊ ထော်လာဂျီ ရတာနဲ့ ကျွန်တော်တို့တွေရဲ့ တောင်ပေါ်ရွာတွေမှာ ဆေးကုသပေးတဲ့ခရီးစဉ်ကို လုပ်ဆောင်ခဲ့တယ်။ မိုးတွင်းဆိုရင် ဖိနပ်ကို ခါးကြားထိုးပြီးတောင် ဆေးကုထွက်ရတယ်။ လူနာမလာနိုင်တာကို အပြစ်မမြင်ဘဲ ကိုယ်တိုင် အခမဲ့လိုက်လံကုသပေး ခဲ့တဲ့အတွက် အသက်ပေါင်းများစွာကို ကယ်တင် နိုင်ခဲ့တာကြောင့် ကျွန်တော့်တပည့်တွေအားလုံးနဲ့ အတူ ဂုဏ်ယူပါတယ်''ဟုလည်း ဆရာဝန်ကြီးက ဆိုသည်။
ကျန်းမာရေးကဏ္ဍ လုပ်ဆောင်မှုများ
အတွင်းလူနာ ၈ဝ မှ ၁ဝဝ ခန့်အထိ လက်ခံ ကုသပေးနိုင်သည့် ပင်းတယမြို့နယ် ပြည်သူ့ ဆေးရုံကြီးသည် ဆရာဝန်ကြီးနှင့်အဖွဲ့၏ ကြိုးပမ်း ကုသပေးမှုများကြောင့် အတွင်းလူနာဦးရေ ခြောက်ဆခန့် တိုးတက်လာခဲ့ပြီး ပြင်ပလူနာ ကြည့်ရှုမှုမှာလည်း ၂ဝ၁၁ ခုနှစ်က ၄ဝဝဝ ခန့် သာရှိခဲ့ရာမှ ယခုအချိန်တွင် ၁ဝ ဆနီးပါး များပြား လာကြောင်းသိရသည်။ လူနာများကို လက်ထောက် ဆရာဝန်နှစ်ဦးနှင့် နေ့ညစောင့်ရှောက်ပေးနေပြီးThe Best Medicine in the World is SMILE ဆိုသည့်အတိုင်း ဂရုစိုက်၍ ပြုစုကုသ ပေးနေကြောင်းသိရသည်။
နိုင်ငံတော်၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်း မှုများဖြင့် ခွဲစိတ်ခန်း၊ လူနာဆောင်များ အပါ အဝင် အဆောင်ပေါင်း ၁၄ ဆောင်ကို ဆောက် လုပ်ခဲ့ပြီး ပင်းတယမြို့နယ် ကြက်ခြေနီအသင်း အတွက် အဆောက်အအုံနှင့် မိုင်းအင်ကျေးရွာ၌ မိုင်းအင်တိုက်နယ်ဆေးရုံသစ်ကိုလည်း ဖွင့်လှစ် ပေးနိုင်ခဲ့ ကြောင်း သိရသည်။ ခုနစ်နှစ်ကာလ အတွင်း ထယ်သွန်း ကျေးလက်ကျန်းမာရေးဌာန၊ သပြေကုန်း၊ ညောင်ကောက်၊ တောင်ရွှေပုထိုး၊ မိုင်းလီ၊ အင်းငယ်ရွာတို့တွင် ကျေးလက်ကျန်းမာ ရေးဌာနခွဲများကို နိုင်ငံတော်စရိတ်ဖြင့် တည် ဆောက်ခဲ့ပြီး လင်းလေအင်း၊ အုံအက်၊ ကံလှ ကုန်း၊ ကြံခင်းမြောင်၊ ဆီးကျအင်း၊ ကျောက်စု၊ ပင်ပျော် မြေခြား၊ အိမ်ပု၊ ထွက်နီ၊ ဖောင်းပြား၊ ဝါးပြား၊ တံတားကြီးနှင့် သစ်အယ်ပင် စသည့် ရွာလေးများတွင်လည်း ကျေးလက်ဆေးပေးခန်း ၁၃ ခုကို အများကောင်းမှုဖြင့် တည်ဆောက်ပေး ခဲ့သည့်အတွက် ကျေးလက်ဆေးပေးခန်း ၁၉ ခု ရှိလာပြီ ဖြစ်သည်။ ထိုကျေးရွာများတွင် သားဖွား ဆရာမများနှင့် ကျန်းမာရေးကြီးကြပ်(၂)များ ထားရှိပေးခဲ့သည်။
ကျောင်း ၁၁ ကျောင်း တည်ဆောက်
''ရွာတွေကိုလိုက်သွားရင်းနဲ့ ရွာတွေရဲ့ လိုအပ် ချက်တွေကိုပါ သိလာရတယ်။ တောင်ပေါ်ရွာ တစ်ရွာကို ၂ဝ၁၄ ခုနှစ်က ဆေးကုရောက်ခဲ့ပါ တယ်။ ဇန်နဝါရီလ ညနေ ၅ နာရီလောက် ချမ်းချမ်း စီးစီးနဲ့ ပေ ၆ဝဝဝ ကနေ ပေ ၅ဝဝဝ ကိုဆင်းပြီး ကျောင်းတက်ရာက ညနေကျ ပြန်တက်လာတဲ့ ကလေးတွေကို မြင်လိုက်ရတယ်။ ပညာရေး အတွက် ပင်ပန်းဆင်းရဲစွာ သင်ယူနေကြရတယ်။ အဲဒီမှာပဲ အလှူရှင်တွေကို လိုက်ပြီးပြောရင်းနဲ့ မူလတန်းလေးတစ်ကျောင်း စဆောက်ဖြစ်ပါ တယ်။ အခုလောလောဆယ်အထိ တစ်ကျောင်း ကို ကျပ်သိန်း ၂ဝဝ နှုန်းနဲ့ ကျောင်းပေါင်း ၁၁ ကျောင်းကို အလှူရှင်တွေ မတည်ပေးမှုနဲ့ တည် ဆောက်ပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော့် အယူ အဆက ဒီဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာ တတ်တွေ အများကြီး ပေါ်ထွက်လာဖို့ လိုအပ် တယ်။ ဒါကြောင့်ကျောင်းတွေကို တည်ဆောက် ပေးခဲ့တာ ဖြစ်ပါတယ်''ဟု ဆရာဝန်ကြီးက ပြော သည်။
ဓနုမြေ ဘိုးဘွားရိပ်သာ
ဆေးကုထွက်စဉ် တစ်ဦးတည်းနေထိုင်ရင်း အာဟာရပြတ်သေဆုံးသွားသည့် အမေအိုတစ်ဦး ကို တွေ့ရှိခဲ့ရာမှတစ်ဆင့် ၂ဝ၁၅ ဇန်နဝါရီ ၂ဝ ရက်တွင် ပင်းတယ၏ပထမဆုံး ဓနုမြေ ဘိုးဘွား ရိပ်သာကိုလည်း စတင်ထူထောင်ဖြစ်ခဲ့ကြောင်းသိရသည်။
ဓနုမြေဘိုးဘွားရိပ်သာတွင် ဘိုးဘွား ၂၆ ဦး အား ဝန်ထမ်းငါးဦးက ပြုစုစောင့်ရှောက်မှုပေး လျက်ရှိသည့်အပြင် ရိပ်သာအတွက် အလှူငွေ ကျပ်သိန်း ၅ဝဝ ကျော်ကိုလည်း ရရှိစုဆောင်းပေး ထားနိုင်ပြီဖြစ်သည်။
မီးအိမ်ရှင်စာကြည့်တိုက်
''စာကြည့်တိုက်တွေလည်း ကျွန်တော် ဆက်ပြီး ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။ လူငယ်တွေဟာ ကျောင်း တက်ပြီး ပညာကိုသင်ယူရသလို လူကြီးတွေကို ပညာသင်ပေးဖို့အတွက်လည်း စာကြည့်တိုက် တွေဟာ မဖြစ်မနေလိုအပ်တဲ့အတွက် စာကြည့် တိုက်တွေကို ဖွင့်နိုင်အောင် ကြိုးစားခဲ့ရတာဖြစ် ပါတယ်''ဟု ဆရာဝန်ကြီးက ရှင်းပြသည်။
ပြည်သူ့ဂုဏ်ရည် မီးအိမ်ရှင်စာကြည့်တိုက်ကို ထူထောင်ထားပြီး ပြည်သူ့ဂုဏ်ရည်ဆုရရှိသည့် ငွေကျပ် သိန်း ၁ဝဝ ကို အခြေခံ၍ ထူထောင်ခဲ့ကာ ယခုအခါ စာအုပ်ပေါင်း ၁၃ဝဝဝ ကျော် ရှိနေပြီး စာငှားရမ်းဖတ်ရှုသူ တစ်လလျှင် ၇ဝဝ ဝန်းကျင် ရှိကြောင်းသိရသည်။
ဒေသအတွက် လုပ်ဆောင်မှုများ
''ပင်းတယမှာ အဝီစိတွင်းမတူးနဲ့၊ ရေမထွက် ဘူး''ဆိုသည့် အစဉ်အလာကိုလည်း ဒေါက်တာ သန်းမင်းထွဋ်လက်ထက်တွင် ချိုးဖျက်နိုင်ခဲ့ သည်။ တောင်ပေါ်ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များ စသည်ဖြင့် ရွာနှင့် ရပ်ကွက် ၃၄ ခုတွင် အဝီစိတွင်းများ တူးဖော်ပေးနိုင်ခဲ့သည်။ မြေပြို လမ်းများကို ပြန်လည်ဖောက်လုပ်ခြင်း၊ ပုန်းတလုတ် ရေကန် ဆယ်ယူခြင်းများကိုလည်း ဆောင်ရွက်ခဲ့ သည့်အပြင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆေးလိပ်ငွေ့ကင်းစင်သည့်ဒေသအဖြစ် ရွှေဥမင် ဒေသကို ၂ဝ၁၇ သြဂုတ်လက ကြေညာနိုင်ခဲ့ သည့် ပရဟိတအဖွဲ့ ၂၁ ဖွဲ့မှ လူငယ် ၂ဝဝဝ ကျော်၏ အပင်ပန်းခံ ဆောင်ရွက်မှုတွင်လည်း တက်ကြွသည့်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင် ခဲ့သည်။
ဆေးရုံများတွင်လည်း Hospital Waste Management အတွက် မြန်မာနိုင်ငံ၏ပထမ ဆုံး Needle pit မံချက်၊ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် ကျားမအခြေပြု အကြမ်းဖက် ခံရသူများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင် မှုပေးနိုင်သောစင်တာ (One Stop Crisis Centre-OSCC)တို့ကို ဖော်ဆောင်ခဲ့သလို မြန်မာနိုင်ငံတွင်ပထမဆုံး မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာနိုင်သောမြို့ (Disabled friendly City)တို့ကို ဖော်ဆောင်ရာတွင် လည်း ပင်းတယဒေသခံများနှင့်အတူ ဦးဆောင် ပါဝင်ခဲ့သည်။
ထို့ပြင် ပင်းတယဒေသတွင် အရန်သားဖွား ၁၆၁ ဦးရှိရာ တစ်ရွာတစ်ယောက် အရန်သားဖွား ဆရာမများ ထားရှိနိုင်ခဲ့သည်။ ကျန်းမာရေး ကွန်ရက်တစ်ခုကိုလည်း ထူထောင်ပေးနိုင်ခဲ့ပြီး ပရဟိတအဖွဲ့များကို ရွာပေါင်း ၇ဝ တွင် ဖွဲ့စည်း ခဲ့သည်။ ပရဟိတကွန်ရက်ထူထောင်ကာ လူနာ သယ်ပို့စနစ်များ၊ သွေး၊ အာဟာရ၊ လူနာညွှန်းပို့ စနစ်၊ နာရေးလုပ်ငန်းများကို လုပ်ဆောင်ပေးနိုင် ခဲ့သည်။ ထို့ပြင် အသေးစား၊ အကြီးစား ခွဲစိတ်မှု များ အကြိမ်ကြိမ် စုပေါင်းပြုလုပ်ပေးခဲ့ခြင်းတွင် လည်း ဦးဆောင်မှုပေးခဲ့ပြီး လုပ်ငန်းစဉ်များ အတွက် ပြည်သူလူထု ထည့်ဝင်လှူဒါန်းငွေများ သည် ကျပ်သိန်းပေါင်း ၉ဝဝဝ ကျော်ခန့် ရှိနေပြီ ဟု ဆရာဝန်ကြီးက ဆိုသည်။
''ကျွန်တော် တတ်နိုင်သလောက်တော့ ပင်းတယမြေအတွက် လုပ်ဆောင်ပေးခဲ့တယ်။ ရသလောက်လည်း ထပ်ပြီးလုပ်ပေးနေဦးမှာပဲ'' ဟု ဆရာဝန်ကြီးက ပြောကြားသည်။
အလင်းရောင်သည် တောင်ပေါ်ဒေသ၏ အစွန်အဖျား တောင်ပေါ်ရွာကလေးအပေါ် ဖြာ၍ ကျဆင်းနေသည်။ ဤတောင်ပေါ်ဒေသလေးတွင် ဆရာဝန်ကြီး၏ အပြုံးတစ်ချက်သည် လူနာများ အတွက် အားဆေးပင်ဖြစ်သည်။ ကလေးများ သည် ဆရာဝန်ကြီး၏ကားနောက်မှ ပြေးလိုက်ကြ သည်။ လူကြီးများက ဆေးပေါ့လိပ်ကိုခဲကာ ဆရာဝန်ကြီး၏ကားကို ခပ်ပြုံးပြုံးကြည့်ရင်း ပီတိ ဖြစ်ကြသည်။
ဒေသခံများအတွက် မရှိမဖြစ်သူ
''ကျွန်တော်တို့အတွက် ဆရာကြီးက မရှိမဖြစ် ပါ။ အားလုံးကလည်း သူ့ကိုချစ်တယ်။ သူကလည်း အားလုံးကိုချစ်တယ်။ ဒေသဖွံ့ဖြိုးတိုးတက်လာ တယ်လို့ပြောရင် ဆရာကြီးကိုလည်း ချန်ထားလို့ မရဘူး။ သူလည်းအစိတ်အပိုင်းပဲ''ဟု ပင်းတယ မြို့၌ ဖွံ့ဖြိုးရေးပရဟိတလုပ်ငန်းများလုပ်ဆောင် နေသူ ကိုဇော်က ပြောပြသည်။ ပင်းတယမြို့မှ မီးအိမ်ရှင်သည် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးမျိုးအပြင် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ အတွက်ပါ အသင့်ရှိနေသည်မဟုတ်ပါလား။ ။
သတင်းဆောင်းပါး-ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး၊ ကိုဇော်(ပင်းတယ)
ထိုင်း-မြန်မာ နယ်စပ်မဲဆောက်ဈေးကြီး
နယ်နိမိတ်အတွင်းရှိ ကုန်ပဒေသာတိုက် မီးလောင်
မဲဆောက် စက်တင်ဘာ ၃ဝ
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအလုပ် သမား အလုပ်လုပ်ကိုင်နေကြသော မဲဆောက်ဈေးကြီး နယ်နိမိတ်အတွင်း ရှိ ကုန်ပဒေသာတိုက်၌ ယနေ့ဒေသ စံတော်ချိန် နံနက် ၂ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်း နိုင်ငံရှိ ရုပ်သံသတင်းဌာနများမှ ဖော် ပြချက်အရ သိရသည်။
မီးငြှိမ်းသတ်
မီးလောင်ရာနေရာသို့ မဲဆောက် မြို့ပိုင်၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် နယ်မြေခံမီးသတ်စခန်း များမှ မီးငြှိမ်းသတ်ယာဉ် ၁ဝ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ကြရာ ငါးနာရီအကြာ တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရ ကြောင်း သိရသည်။
ဆိုင်ခန်းအချို့မီးလောင်
ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ် သော မဲဆောက်မြို့ရှိ မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဦမိုးကြိုး(ခ)ဆရာမိုးက ''ဒီနေ့မနက်ဖြစ်ပွားခဲ့တဲ့ မဲဆောက် ဈေးကြီးမီးလောင်မှုက နံနက် ၇ နာရီ မှာ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အောင်မြင်စွာ မီးငြှိမ်းသတ်နိုင်ခဲ့ကြ တာကို တွေ့ရပါတယ်။ ကုန်ပဒေသာ တိုက်ရဲ့အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကို တော့ စိတ်ချရအောင် ဆက်လက် မီးငြှိမ်းသတ်ခဲ့ကြတာပါ။ ပြီးတော့ မဲဆောက်ဈေးကြီး မီးလောင်တယ်ဆို ပြီး တချို့တွေထင်နေကြတာ အမှန် တော့ မဟုတ်ပါဘူး။ သုံးထပ် အဆောက်အအုံကုန်ပဒေသာ တိုက်နဲ့ ဆက်စပ်နေတဲ့ ဆိုင်ခန်းတချို့ပဲ မီးလောင်တာပါ။ မြန်မာအလုပ်သမား တွေလည်း ထိခိုက်ဒဏ်ရာရရှိမှု တစ်ဦးမှ မရှိပါဘူး။ မီးလောင်ဆုံးရှုံး မှုတန်ဖိုးကတော့ ထိုင်းဘတ်ငွေသန်း ၃ဝ ကျော်ဆုံးရှုံးတယ်လို့ ထိုင်းသတင်း ဌာနတွေက ဖော်ပြပါတယ်''ဟု ယနေ့ ညပိုင်းက ဆက်သွယ်ပြောကြားသည်။
အနီးကပ်ကူညီဆောင်ရွက်
မီးလောင်နေစဉ် ဈေး၏အပေါ် ထပ်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံ သားတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင် များက အရေးပေါ်ကယ်ဆယ်ရေး လှေကားအသုံးပြုကာ ကယ်ထုတ် နိုင်ခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာတွင် အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက် နေသော မဲဆောက်မြို့ပိုင်မှာ ကယ် ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် ¤င်း၏ လက်ဒဏ်ရာရရှိခဲ့ကြောင်း မဲဆောက်သတင်းရပ်ကွက် စာမျက်နှာ များက ဖော်ပြခဲ့ကြသည်။
ပွင့်သစ္စာ(ကြေးမှုံ)
အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည်
ဝါရှင်တန် စက်တင်ဘာ ၃ဝ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သူနှင့်မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့နှစ်ဦးသည် တစ်ဦး ကိုတစ်ဦး ချစ်ခင်လေးစားလျက်ရှိသည်ဟု ယနေ့ ပြောကြားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ဝ ရက်တွင် အနောက်ဗာဂျီးနီးယား ပြည်နယ်အတွင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးပွဲ တစ်ခု၌ သမ္မတ ဒေါ်နယ်ထရန့်က ¤င်းနှင့်ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ဆက်ဆံရေးကောင်းမွန်မှုကို အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သမ္မတ ဒေါ်နယ်ထရန့်က ¤င်းအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ထပ်မံ တွေ့ဆုံရန် ဆုံးဖြတ်ချက်ချမှတ်ပြီးကြောင်း ပြောကြားခဲ့ သည်။
ခေါင်းဆောင်ကင်ဂျုံအန်က ¤င်းဆီသို့ အပြုသဘော ဆောင်သည့် ပေးစာများ ပေးပို့ခဲ့ကြောင်းနှင့် ခေါင်းဆောင် ကင်က ¤င်းအပေါ် နှစ်သက်လေးစားသလို သူ့အနေဖြင့် လည်း ခေါင်းဆောင်ကင်အား အပြန်အလှန် နှစ်သက် လေးစားပါကြောင်း သမ္မတ ထရန့်က ဆိုသည်။
နိုဝင်ဘာလအတွင်း ကျင်းပမည့် အမေရိကန် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် သမ္မတ ထရန့်အနေဖြင့် ဆန္ဒရှိကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲ ကျင်းပနိုင်ရေးအတွက် စီမံမှုများ လုပ်ဆောင်ရန် အောက်တိုဘာလအတွင်း မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
Mirror
မန်းလေးရောက်ချမ်းမြေ့မောင်ချို
၃၀-၉-၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ကျက်သရေဆောင်
"သံသရာငြိမ်းအေး စတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး"
(၁၀)နှစ်ပြည့် အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီး လေလံကြော်ငြာ"
…………………………………………………………………………………………………………………………………
သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီး၏ (၁၀)နှစ်ပြည့် အထိမ်း အမှတ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ခမ်းနား သိုက်မြှိုက်စွာ အထူးအစီအစဉ်များဖြင့် ၁၃၈၀ပြည့်နှစ် တပိုတွဲလဆန်း(၉)ရက်နေ့မှ တပိုတွဲလပြည့်ကျော်(၄)ရက်နေ့အထိ (၁၃-၂-၂၀၁၉)မှ(၂၃-၂-၂၀၁၉)ရက်အထိ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ| မြတ်ဘုရားအနေကဇာတင်ပွဲ | ဆွမ်းတော်ကြီးလောင်း လှူပွဲ| စတုဒီသာကျွေးမွေးလှူဒါန်းပွဲ | နိဗ္ဗာန် ဈေးပွဲ | ကြည့်ချင်ဖွယ်ရာအစုံအလင်| ဇာတ်သဘင်များကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာ အောင်မြင်စည်ကား သိုက်မြှိုက်စေရန် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။
ပွဲတော်ရက်များအတွင်း ဇာတ်သဘင် | ကြည့်ချင်ဖွယ်ရာများ ပွဲတော်ဈေးဆိုင်ခန်းများ ယဉ်ရပ်နားစခန်း | ရေ | မီး | မိလ္လာအစရှိသော လုပ်ငန်းများကို ၁၃၈၀ပြည့်နှစ် သီတင်းကျွတ်လဆန်း(၁၁)ရက် | {၂၀-၁၀-၂၀၁၈) စနေနေ့နံနက် (၉)နာရီတွင် စေတီတော်မြတ်ကြီး ဂေါပကရုံးခန်းမ၌ လေလံဆွဲဝယ်ယူလုပ်ကိုင်နိုင်ပါကြောင်း ကြေ ငြာအပ်ပါသည်။
ဖုန်း-၀၉ ၄၂၂၄၆၉၈၁၄
၀၉၄၂၂၅၂၃၁၂၈
၀၉၇၈၀၀၈၈၅၂၈
၀၉ ၄၂၂၄၉၂၈၉၇
၀၉ ၂၅၀၄၂၈၇၇၁
#စေတီတော်မြတ်ကြီးဂေါပကအဖွဲ့
အသက်ငယ်ငယ် မိန်းမများ ယူမိတော့မယ်ဆိုရင်
အကြည်တော်ရေ မင်းအတွက် စိတ်ပူလို့ကွာ
ပြန်လည်ဆန်းသစ်သည့်စာစဉ်
၃၀-၉-၂၀၁၈
ည(၁၁း၂၁)နာရီ
-----------------------------------------------------------------------------
သီတင်းကျွတ် မိန်းမတောင်းတော့မယ်ဆိုရင် …..။
လောကကြီးမှာဗျာ…..။
၁၉-၁၀-၂၀၁၃
ည (၉း၃၁) နာရီ။
၁၉၇၈ ခုနှစ် အခုလို ၀ါလကင်းလွတ် သီတင်းကျွတ်လောက်မှာ ကျွန်တော် မိန်းမတောင်းခဲ့ပါတယ်။ လက်ရှိ ပေါင်းသင်းနေတဲ့ မိန်းမပါဘဲ။ ဘယ်….. သူက ငယ်ငယ်လေးရှိသေးတာပေါ့။ ကျွန်တော်အိမ်ထောင်ကျ တော့တောင် “ဒွေးချိုးလေးတိုး” စာဆိုနဲ့ကိုက်နေပြီး သူ-၁၉၊ ကျွန်တော်-၃၀ နဲ့ အသက်(၁၁)နှစ် ကွာနေတော့ တောင်းတုံးကဆို သူ့အသက် အလွန်ရှိလှ (၁၉)နှစ်လောက်ပေါ့ ဗျာ။
သွားတောင်းတဲ့ သူတို့အိမ်က ကြည့်မြင်တိုင်မှာဗျ။ သွားတောင်းတော့ ကျွန်တော့ဆရာတွေဖြစ်ကြတဲ့ မိုးလေ၀သဌာနက ဆရာကြီးဦးလှ၊ ဆရာဦးသိန်းညွှန့် နဲ့ ဆရာဦးမြင့်ကျော်တို့က လိုက်တောင်းပေးကြတာပါ။ အဲတောင်းမယ့်နေ့ကြတော့ ကျွန်တော်ရယ် ကျွန်တော့သူငယ်ချင်း ကိုမျိုးလွင်ရယ် နှစ်ဦးသား ကျွန်တော့ ဇနီးလောင်းအိမ်ကို လူကြီးတွေမရောက်ခင် ကြိုသွားရတာပေါ့ဗျာ။ လိုအပ်တာလေးတွေ ကူညီလုပ်ဖို့ပေါ့။ ကျွန်တော့အနေနဲ့ကလည်း သူ့မိဘတွေနဲ့ အမေရိကမှာကတည်းက ရင်းနှီးပြီးသား ၀င်ထွက်သွားလာနေတဲ့ စားအိမ်သောက်အိမ်လည်းဖြစ်နေတော့ အခက်အခဲမရှိဘူးပေါ့။
ကျွန်တော့ဖက်က တောင်းရမ်းပေးကြမယ့် လူကြီးတွေကမရောက်ကြသေးခင် သူတို့ဖက်က အမျိုးသမီးကြီးတစ်ဦးကကြိုရောက်လာတယ်။ သူတို့ချင်းကလည်း မတွေ့တာ ကြာနေပြီဖြစ်တဲ့ သူတို့ရဲ့ဆွေရင်းမျိုးရင်း ကြီးတော်ကြီးပေါ့ ။ ကြီးတော်ကြီးက ၀င်လာကတည်းက မောကြီးပန်းကြီးနဲ့ ဟောင်ဖွာဟောင်ဖွာဗျ။ အခန်းတံခါးက ၀င်လာတယ်ဆိုရင်ဘဲ “ဟဲ့..မနက်က အိမ်ကလူတွေက ဒီနေ့ညနေတောင်းရမ်းပွဲအတွက် ကြီးကြီး ဆက်ဆက်လာခဲ့ပါလို့ တစ်ယောက်လာမှာသွားတယ်ပြောလို့ ငါ့မှာ သိသိချင်း အချိန်မှီအောင် ထလာခဲ့ရတာ။ မရောက်တာကြာတော့ အိမ်တောင်မနည်းရှာယူရတယ်” လို့ပြောတဲ့ပြီး ပြောပြောဆိုဆို ကျွန်တော်ထိုင်နေတဲ့ ဧည့်ခန်းထဲက ဆက်တီနှစ်ယောက်ထိုင်မှာ လွတ်နေတဲ့ ကျွန်တော့ဘေးက ခုံမှာ မောကြီးပန်းကြီးပုံစံနဲ့ ၀င်ထိုင်လိုက်ပါတယ်။
နောက်တော့ အနားမှာရှိနေတဲ့ ကျွန်တော့ဖက်လှည့်တဲ့ပြီး “ လူချင်း မတွေ့ကြတာကြာပြီရှင့်၊ လေးငါးဆယ်နှစ် ရှိရော့မယ်”။
ကျွန်တော်၊ “ဟုတ်ကဲ့..ခင်ဗျ”
“ဟဲ့..ဟဲ့.. နေကြပါဦး၊ အခုပေးစားမှာက ဘယ်သူလဲ။ မိချူးလား၊ မိကြူးလား၊ ဘယ်အရွယ်တွေများ ရှိသေးလို့လည်းအေ ညီးတို့နှယ်”
နောက်တစ်ခါ ကျွန်တော့ဘက် လှည့်တဲ့ပြီး “ကလေးတွေက အငယ်လေးတွေရှိဦးမှာ ဘာပြုလို့များ အိမ်ထောင်ချပေးရတယ်မသိဘူး”
ကျွန်တော် “ဟုတ်ကဲ့ခင်ဗျ”
အဲဒီအချိန်မှာ အိပ်ခန်းထဲက ကျွန်တော့ ယောက္ခမကြီးထွက်လာပြီး
“မိချူးလေ ကြီးကြီးရဲ့”
“ဘယ်အရွယ်များရောက်လို့လည်းအေ”
“အရွယ်တော့ပြည့်ပါပြီ။ (၁၈)နှစ်ရှိပါပြီ။ သူတို့ချင်းမေတ္တမျှနေကြလို့ပါ”
“ကလေးကို…ခေါ်စမ်းပါဦးအေ၊ ဘယ်မှာလည်းကြည့်ရအောင်”
အဲဒီမှာ ကျွန်တော့ယောက္ခမကြီးဟာ ကျွန်တော့ဇနီးလောင်းကိုခေါ်ဖို့ အိပ်ခန်းထဲဝင်သွားပါတယ်။ ဒီမှာ စောစောက ကျွန်တော့ဇနီးလောင်းရဲ့ကြီးကြီး အမျိုးသမီးကြီးက ကျွန်တော့ဖက်လှည့်တဲ့ပြီး
“အံ့ပါရဲ့ကွယ်။ ဒီအရွယ်လေးနဲ့များ အိမ်ထောင်ပြုပေးရတယ်လို့။ နိုင်ငံခြားက ပြန်ရောက်တာမှ နှစ်နှစ်လောက် ရှိသေးတယ်၊”
“ဟုတ်တာပေါ့ခင်ဗျ”
“အခုမှ ဒေသကောလိပ် ပထမနှစ်ဆိုလားရှိသေးတာ”
“ဟုတ်ကဲ့”
အဲဒီအချိန်မှာ ကျွန်တော့ ယောက္ခမလောင်းကြီးနဲ့ ကျွန်တော့ဇနီးလောင်း တို့ဟာ ဧည့်ခန်းထဲ ၀င်လာကြပြီးတော့
“သူဘဲလေ ကြီးကြီးရဲ့။ မိချူးလေ”
“အံမယ်လေးဟယ်..၊ ချောချောလှလှ ငယ်ငယ်လေးရှိသေးတာအေ၊ ငါ့နှမြောလိုက်တာ။ နေပါဦး ဘယ်မှာလည်း သူနဲ့ပေးစားမယ့် သူတို့သားလောင်းက”
အဲဒီလိုလည်းမေးလိုက်ရော ကျွန်တော့ယောက္ခမလောင်းကြီးက ကျွန်တော့ကို လက်ညိုးထိုးတဲ့ပြီး
“သူဘဲလေ”
လို့လည်းပြောလိုက်ရော စောစောက ကြီးကြီးဟာ ကျွန်တော့ဖက်လှည်ကြည့်ပြီး မျက်လုံးကြီးပြူးသွားကာ
“အင်”
ဆိုပြီး တစ်လုံးသာ အသံထွက်နှိုင်တော့ပြီး အသံတိတ်သွားလိုက်တာ စေ့စပ်ပွဲ ပြောဆိုပြီးတဲ့ အထိပါဘဲဗျာ။
-------------------------------------------------------------------------------------
မောင်ထွန်းလွင်(မိုးလေ၀သ)
၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ။
• ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့ ကတည်းက ပြည်သူလူထုက ဒီမိုကရေစီပေးပါ၊ ပါတီစုံစနစ် ကျင့်သုံးပေးပါ။ ကြားဖြတ်အစိုးရဖွဲ့ စည်းပေးပါလို တောင်းဆို ဆန္ဒပြနေခဲ့ကြသည့် (၄၂) ရက်မြောက်နေ့ မှာ စစ်အာဏာသိမ်းယူခဲ့တဲ့ အဖွဲ့ ဝင်စစ်ဗိုလ်ချုပ် (၁၉)ပါဝင်သော နိုင်ငံတော်ငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)ဟာ သက်တမ်း (၉)နှစ် (၂) တိတိပြည့်တဲ့နေ့ မှာပဲ နိုင်ငံတော်ဖွံဖြိုးတိုးတက်မှု တည်ဆောက်ရေးအဖွဲ့ (နအဖ) အမည်ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တိုင်းပြည်နဲ့ ကမ္ဘာ့ပြည်သူတွေကို ကြေညာလိုက်ပါတယ်။ ယင်(၉)နှစ်(၂) အတွင်း န၀တ စစ်ကောင်စီရဲ့ နိုင်ငံရေးလုပ်ဆောင်ချက်ကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီက နောက်ကွယ်က ကြိုးကိုင်လှုပ်ရှာမှုတွေကြောင့် ဖြစ်ပါတယ်ဆိုပြီး ကွန်မြူနစ်ပါတီကို လက်ညှိုထို့ ပြီး မြန်မာ့ဆိုရှယ်လစ် လမ်စဉ်ပါတီအမည်ခံ စစ်အာဏာရှင် နေ၀င်းအုပ်ချုပ်မှုကြောင့် တိုင်းပြည်ဆင်းရဲခဲ့ရပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ်တွေကို ဖုံးကွယ်ဖို့ ကြိုးစာမှုတွေကို ပထမဆုံးလုပ်ခဲ့ကြတာ ဖြစ်သည်။
ထိုအချိန်က တိုင်းပြည်၏ လူဦးရေး သန်းပေါင်း ၄၀ကျော်ရှိသော ပြည်သူလူထု၏ ဒီမိုကရေစီတောင်ဆိုမှုတွေကို ဗမာပြည်ကွန်မြုနစ်ပါတီ မြေအောက်ယူဂျီ(၄၀၀) ကျော်ကို ၁၉၈၉ ဇူလိုင်လမှာ ဖမ်းဆီပြခဲ့ပြီ သူတို့ တွေ နောက်ကွယ်က ကြိုးကိုင်ခဲ့ကြတာပါ။ အဖျက်အမှောက်လုပ်ငန်းတွေ လုပ်ခဲ့ကြတာပါလို ဆင်သေကို ဆိတ်သရေနဲ့ ဖုံးပြီးလိမ်လည်ခြင်းသာ ဖြစ်ကြောင်း ပြည်သူလူထုက သိနေခဲ့ကြသည်။ အင်းအား(၁) သိန်းခွဲကျော်မျှရှိသော လက်နက်ကိုင် တပ်မတော်ကို အသုံးချပြီး စစ်ခေါင်းဆောင်တချို့၏ ဒုတိယမျိုးဆက် စစ်အာဏာရှင်စနစ် တည်ဆောက်ဖို့ နေ့ ရက်တွေ၏ အစဟုဆိုပါက မှားလိုက်မည်မဟုတ်။ ၁၉၈၉ ခုနှစ် ဧပြီလလောက်က စတင်ပြီး စစ်အာဏာရှင် ဒုတိယမျိုးဆက်က လက်ညှိုးထိုး ချောက်ချခဲ့တဲ့ ဗမာပြည်ကွန်မြုနစ်ပါတီဟာ ၀ လူမျိုးစု၊ ကိုးကန့် လူမျိုးစု၊ ကချင်းလူမျိုးစု(စခုံတိန်ယင်)တို့ ရဲ့ ခွဲထွက် ပုန်ကန်မှုကြောင့် မြန်မာ့ပြည်အရှေ့ မြောက်ဒေသ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုဌာနချုပ်ဟာ ပြိုလဲသွားခဲ့ရပြီး ပါတီ၏ မြေအောက်ယူဂျီအဖွဲ့ ဝင်များကိုလဲ ဖမ်းဆီနိုင်ခဲ့တဲ့ နိုင်ငံရေးအရ ယှဉ်ပြိုင်ဖက်ပါတီကြီးကို ထိုးနှပ်အနိုင်ယူနိုင်ခဲ့ပြီး အရှေ့ မြောက်ဖက် စစ်မျက်နာတခုလုံးနီးပါး စစ်ပွဲတွေရပ်ထားနိုင်ခဲ့ပြီး အမည်ခံငြိမ်းချမ်ရေးလုပ်နိုင်ခဲ့သလို မြန်မာနိုင်ငံရဲ့ အရှေ့ ဖက်ခြမ်း ကရင်ပြည်နယ်၊ မွန်ပြည်နယ် စစ်မျက်နာတွေမှာလဲ မဲသဝေါစစ်ဆင်ရေး၊ မြ၀တီစစ်ဆင်ရေးတွေမှာ စခန်းသိမ်းပွဲတွေအထိ အနိုင်ရအောင်တိုက်နိုင်ခဲ့ကြသည်။
ထိုတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သော အစိုးရတပ်၏ စစ်သည်အများစုဟာလဲ ၁၉၈၈ သြဂုတ်လနဲ့ စက်တင်ဘာ စစ်အာဏာသိမ်းပွဲများတွင် ရန်ကုန်မြို့ ကို စီးနင်းဝင်ရောက် ခဲ့သော စစ်တပ်များ ဖြစ်ခဲ့ပြီး ထိုကာလအတွင်း ဆန္ဒပြသူ ၊ သပိတ်စခန်းများကို ဦးစီသူ၊ ထိုကာလအတွင်း အဖျက်အမှောက်လုပ်ငန်းများ လုပ်ခဲ့သူဟု တိုင်တန်စွပ်စွဲခံရသူ ၊ ရဟန်ရှင် ပြည်သူပေါင်း ၃၀၀၀ ကျော်ကို သတ်ဖြတ် နှိမ်နင်းမှုတွေမှာပါဝင်ခဲ့ကြသူတွေ ဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အရှေ့ ဖက်စစ်မျက်နာ တိုက်ပွဲများအတွင်း စစ်သည်များအကျအဆုံးများခဲ့ရပြီး ကျဆုံးသွားခဲ့ကြသော စစ်သည် စစ်သား၊ အရာရှိများသည်လဲ ထိုသူများသားဖြစ်ကြသည်။ စစ်အာဏာရှင် နေ၀င်းသည် ထိုအချိန်ထိတိုင် စစ်တပ်နဲ့ အစိုးရ အပေါ် အပြည့်အ၀ သြဇာ အာဏာရှိနေတုန်းကာလလဲ ဖြစ်သည့်အတွက် ထိုစစ်ဆင်းရေးသည်လည်း တပ်မတော်အပေါ်ရော တိုင်းပြည်အပေါ်ပါ မရိုးမသာ လုပ်ခဲ့သော စစ်ဆင်ရေးများသာ ဖြစ်ခဲ့သည်။ အရေးတော်ပုံကာလအတွင်း ကျောင်းသားပြည်သူ၊ ရဟန်သံဃာတော်များကို ပစ်သတ်ရန် အမိန့် ပေးခံရပြီး ထို့ အမိန့် များကို ကိုယ်ထိလက်ရောက် အကောင်အထည်ဖေါ်ခဲ့ရသူများကို မြန်မာပြည် အရှေ့ ဖက် စစ်မျက်နာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အရပ်ဒေသ စစ်မျက်နာများတွင် ဤနည်းဖြစ် စနစ်တကျ နုတ်ပိတ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်က အရှေဖက် စစ်မျက်နာကရင်စခန်းများမှာ ကူတိုက်ပေးခဲ့သူများမှာလဲ အရေးတော်ပုံကာလအတွင်း ဖြိုခွင်းခံရပြီး တောခိုခဲ့ကြသော ကျောင်းသားလူငယ်များ ဖြစ်နေခဲ့ကြပြီး ထိုကျောင်းသားများကလဲ အရေးတော်ပုံကြီးအတွင်း သတ်ဖြတ်ခဲ့သော စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ရသလိုဖြစ်ခဲ့ရခြင်းကြောင့် ပြည်တွင်းစစ်ထဲသို့  အမုန်းအငြိုး အာဃတ တရားများထည့်က တိုက်ခဲ့သော စစ်ပွဲဖြစ်သဖြင့် မြန်မာတပ်မတော်အနေနဲ့  စခန်ကြီးများ၊ မြ၀တီမြို့ တို့ အား ကရင်တော်လှန်ရေ(KNU)ထံမှ သိမ်းယူနိုင်ခဲ့သောလဲ အသက်ပေါင်းများစွာ ပေးခဲ့ရသည်။
အာဏာရှင်နေ၀င်းအတွက်တော့ အမြတ်များစွာရရှိသွားခဲ့ခြင်းက ၁၉၈၈ အရေးတော်ပုံအတွင်းသတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ဆောက်ရွက်ခဲ့သူတွေကို ဒီနည်းဖြင့် နုတ်ပိတ်လိုက်ခြင်းကို ရှင်းရှင်းလင်းလင်းတွေ့ ရမှာဖြစ်သည်။ ဤကဲ့သို့  အရှေ့ မြောက်ဖက် စစ်မျက်နာ၊ အရှေ့ ဖက်ခြမ်းစစ်မျက်နာများမှာ စစ်ရေးအရ အနိုင်းတိုက်ခဲ့ပြီးမှ ကျင်ပခဲ့သော ၁၉၉၀ မေ(၂၇) အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်သူလူထုက စစ်တပ်လိုလာသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)ကို မဲမပေးခဲ့ကြပဲ အရေးတော်ပုံကာလအတွင်း ပေါ်ပေါက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အား မဲပေခဲ့ပြီး ၁၉၈၈ အတွင်းက စစ်တပ်၏ ဗိုလ်ကျမှုကို သိရှိခဲ့ကြောင့်နဲ့  မလိုလာကြောင်းသာ ပြခဲ့ကြတော့သည်။ ၁၉၉၂ ဧပြီလမှာတော့ စစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးစောမောင်ကိုယ်တိုင် စစ်အာဏာရှင်ဟောင်း ဗိုလ်နေ၀င်၏ န၀တ အတွင်း ဖြုတ်-ထုတ်-သတ် ခြင်းကို ပထမဆုံးခံလိုက်ရတော့သည်။ အာဏာသိမ်းစ ပေခဲ့သော ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပါမည်ဟုသော စစ်ဗိုလ်ချုပ်တယောက်၏ ဂတိလဲ ပျောက်ပျက် သစ္စာမဲ့ခဲ့ရပြီး ပြည်သူလူထုသည်လည် ဒုတိယအကြိမ် စစ်အာဏာရှင် ဒုတိယမျိုးဆက်၏ အနိုင်ကျင့်ဗိုလ်ကျမှုကို ဒုတိယအကြိမ် ခံကြရပြန်တော့သည်။ ၁၉၉၆ ဒီဇင်ဘာလမှာ ၁၉၈၈ခုနှစ်ကစတင်လို အတိုက်အခံအင်အားစုများ၏ နိင်ငံရေး၊ စစ်ရေးဗဟိုခံတပ်ကြီးတခုဖြစ်တဲ ကရင့်အမျိုးသာတော်လှန်ရေ ခံတပ်စခန်းကြီး မာနယ်ပလောကို အရသိမ်းယူပြခဲ့သော်လည် စစ်အားဏာသိမ်းအစိုးအပေါ် လူထုထောက်ခံမှုက မရခဲ့ချေ။
ထိုစခန်းကြီးကျသွားပြီးနောက်မှာလဲ နိုင်ငံရေး အတိုက်အခံ အင်းအားစုအားလုံးလဲ စစ်ရေး နိုင်ငံရေး ရပ်တည်မှုမျာ ဖရိုဖရဲဖြစ်ခဲ့ရပြီး တတိုင်ပြည်လုံးစစ်မြေပြင်ဖြစ်ခဲ့သော ဒေသများမှာ ငြိမ်းချမ်းရေးအသံများထွက်လာပြီး တဖွဲ့ ပြီးတဖွဲ့  ငြိမ်ချမ်းရေးဝင်လာကြတော့သဖြင့် စစ်အာဏာရှင် ဒုတိယမျိုးဆက်ကို စတင်မွေးဖွားရန် အချိန်ကောင်းဖြစ်လာသောကြောင့် စစ်ဝါဒီများဖက်မှ သူတို့ ၏ မဟာဗျူဟာကို စတင်ပြောင်းလွှဲရန်အတွက် န၀တအမည်ဟောင်းကို စွန့် လွှတ်ကာ နအဖတဖြစ်လဲပြီး မဟာဗျူဟာသစ်ကို စတင်မည့်နေ့ လည်ဖြစ်တော့သည်။ အခု ၁၉၉၇ ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့ သည်လဲ စစ်အာဏာရှင်ဗိုလ်နေ၀င်၏ ဒုတိယမြောက် န၀တအဖွဲ့ တွင်းဖြုတ်-ထုတ်-သတ် လုပ်ရပ်တခုဖြစ်တော့သည်။
၁၉၈၈ စက်တင်ဘာလ စစ်အာဏာသိမ်းယူမှုတွင် အတွင်းလူများအဖြစ်ပါဝင်ခဲ့ကြသော စစ်တိုင်းမှုးများကို သူတို့ ဆက်လုပ်ကြမည့် ဒုတိယမျိုးဆက် စစ်အာဏာရှင်စနစ်ထူထောင်ရေး လမ်ကြောင်းပေါ်မှ ရှင်းထုတ်ခဲ့ကြသော နေ့ လဲဖြစ်ခဲ့သည်။ တိုင်းပြည်၏ စစ်အာဏာရှင်စနစ်လမ်းကြောင်းသစ်ဆီသို့ သွားနေခဲ့သော အပြင်နိုင်ငံရေးအခြေအနေများက ထိုသို့ ရှိနေခဲ့သလို စစ်အာဏာရှင်စနစ်ထူထောင်ရာတွင် အဓိက အရေးပါလှသော အင်းစိန်ထောင်ကြီးနှင့် အင်စိန်သီးသန့် ထောင်ကြီး၏ မနက်မိုလင်း အာရုံဦးအချိန်တွင်လဲ အင်းစိန်ထောင် ပြည်ထဲရေး အကျဉ်းဦးစီး အရာရှိသင်တန်းကျောင်းနှင့် သင်တန်းသားသစ် သင်တန်းကျောင်းမှ အကျဉ်းဦးစီး ထောင်ဝန်ထမ်း(၁၀၀)ကျော်က အင်းစိန်သီးသန့် ထောင် ဗူးတံခါးကြီးဆီသို့ ရောက်နေခဲ့ကြသည်။ သူတို့ ၏တာဝန်များက အင်းစိန်သီးသန့် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသား (၁၀၀)ကျော်တို့ အား နယ်ထောင်အသီးသီသို့  ပြောင်းရွေးရန်အတွက် သူတို့ နေထိုင်ရာ တိုက်ခန်းများဆီမှာ စနစ်တကျ ခေါ်ထုတ်သယ်ဆောင်ကာ အင်းစိန်ထောင်မကြီးရှိ ထောင်ကျရုံးခန်သို့  ပိုဆောင်ပေးရန်တာဝန်များဖြစ်တော့သည်။ ထိုရုံးခန်းတွင် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအကျဉ်းများကို စစ်ဆေးပြီး သက်ဆိုင်ရာထောင်များသို့ ထိုကိုယ်ရေးအကျဉ်းမှတ်တမ်းများကို အကျဉ်းသားနဲ့ တပါတည်း ထည့်ပေးလိုက်ရန်နဲ့  လုံခြုံရေးအရ အကျဉ်းသားထောင်ပြောင်းရာတွင် လုံခြုံမှုရှိစေရန် အကျဉ်းသားတိုင်း၏ ခြေထောက်(၂)ဖက်လုံးအား သံခြေချင်းခတ်ပေးသည့်အထိ တာဝန်ယူကြရန် အင်းစိန်သီးသန့် ထောင်သို့ ရောက်ရှိလာကြတော့သည်။ တိုက်ခန်းမျာအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမျာလဲ ထောင်ဝန်ထမ်း အင်းအားအလုံးအရင်နဲ့ ဝင်လာခြင်းကြောင့် အဆောင်အထူးရှာဖွေရေးဟုသာ ပထမပိုင်းထင်မှတ်နေခဲ့သည်။
ထိုနောက် အင်းစိန်ထောင် ထောင်မကြီး ထောင်မှုးကြီးတယောက်နဲ့ ထောင်ကျရုံးထောင်မှုး(၂) အခန်းတခန်းချင်းအတွင်းမှ ထောင်ပြောင်းရွေးခံကြရမည့် နိုင်ငံရေးအကျဉ်းသား တယောက်ချင်းစီကို စတင်ထုတ်ယူတော့မှ ထောင်ပြောင်းရွေ့ ခံရတော့မည်ကို သိကြရတော့သည်။ သူတို့ ဝင်လာချိန်တွင်းလဲ တိုက်ဆောင်တွင် နိုင်ငံရေးအကျဉ်းသားအားလုံးက အိပ်ပျော်နေကြချိန်ဖြစ်ပြီ အလစ်အငိုက်ဝင်လာခဲ့ကြပြီး စစ်ဆင်ရေးတရပ်လို ဆောင်ရွက်နေခဲ့ကြခြင်ဖြစ်တော့သည်။ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ပြောင်ခံရမည်ကို ကြိုတင်မသိရှိထားကြသဖြင့် သူတို့ ဝင်လာချိန်များတွင် ထောင်ပုံစံဖြင့် ထိုင်နေခဲ့ကြရသည်။ မိမိနာမည်ခေါ်မှသာ ထပြီး အနီအနားရှိ မိမိပိုင်ပစ္စည်းတချို့  လက်လှမ်းမိရာကောက်ဆွဲကာ ထလိုက်ခဲ့ကြရတော့သည်။ မိမိပိုင်းပစ္စည်းများကို အချိန်တိုအတွင်း မည်သို့ မှ ယူခွင့်မရလိုက်ကြပဲ အခန်းဝရောက်သောအခါ ခေါင်းအုပ်ခေါ်ဆောင်ရာနောက် လိုက်ခဲ့ကြရတော့သည်။ ထိုထောင်ပြောင်းစစ်ဆင်ရေးက တိုက်ဆောင်(၁)၊ တိုက်ဆောင်(၂) တိုက်ခန်းများကို တပြိုင်နက်ထဲ လုပ်နေခြင်းလဲဖြစ်တော့သည်။ သူတို့ နဲ့ အတူပါလာခဲ့သော ၀ရိန်ဂျားကား(၂)စီးဖြင့် အင်းစိန်ထောင်မကြီးဖက်သို့ ခေါက်တုံ ခေါက်ပြန် သယ်ဆောင်နေကြခြင်းဖြစ်တာကြောင့် အချိန်(၁)နာရီခွဲကျော်မျှကြာခဲ့သည်။ နောက်ဆုံ ထောင်ပြောင်းစစ်ဆင်ရေးအဖွဲ့ များ အင်းစိန်သီးသန့် ထောင်ထဲမှ ထွက်သွားချိန်မှာ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် မနက် (၇) အချိန်မျှသာ ရှိသေးသည်။ တိုက်ဆောင်(၂)လုံးမှာလဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။
ဒီအယင်(၁)နာရီခွဲအတွင်းက အင်းစိန်သီးသန့် ထောင်ကြီးသည် အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခံလိုက်ရသော လက်နက်မဲ့ ရွာတရွာနဲ့တူလှသည်။ အိမ်ပေါက်စေ့ အိမ်တွင်းရှိ လူများကို ဆွဲထုတ်၍ ရွာထိပ် လူသတ်ကွင်းသို့  ခေါ်ဆောင်ထုတ်ယူနေခြင်မျိုးဖြစ်သည်။ ဆဲသံဆိုသံများ ၊ ရိုက်နှပ်ထုနှပ်သံများ၊ စစ်ဆင်ရေး အောင်ပွဲခံ စစ်သားများ၏ ရီမောလှောင်ပြောင်သံများ၊ ထိုကဲ့သို့ အသားစီယူ လုပ်ဆောင်ခြင်းမျိုးကို ပါဝင်ရခြင်းအတွက် စိတ်ပါလက်ပါ ရိုက်လိုက် ဆဲဆိုလိုက် လုပ်နေကြသော ထောင်ဝန်ထမ်းများ၏ သာယာနေကြသောအသံများ၊ နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်ထောင်မကြီးဖက် ခေါက်တုံ့ ခေါက်ပြန် သယ်ဆောင်သွားသော ၀ရိန်ဂျားကား စက်အင်ဂျင်သံမျာ၊ ခေါင်းများအုပ်ထားခြင်းကြောင့် ကားတက်ကားဆင်း အဆင်မပြေသော သက်ကြီးနိုင်ငံရေးအကျဉ်းသားကို လူမဆံစွာ ဆဲဆို အော်ငေါက်နေကြသော ထောင်ဝန်ထမ်းများ၏အသံမျာလဲ ပျောက်သွားသည့်အခါမှာတော့ တိုက်ဆောင်ကြီးတခုလုံးက ရွာထဲ လူမရှိတော့ပဲ အိမ်ယာအဆောက်အဦးများသာ ကျန်ရစ်ခဲ့သော အိမ်ရှင်မဲ့ တဲ့ငယ်များနဲ့ ရွာဟောင်းကြီး တိတ်ဆိတ်မှုမျိုးနဲ့ ကျန်ရစ်ခဲ့တော့သည်။ ၁၉၉၆ မေလ ကတည်က ဒုတိယအကြိမ် ၈ပေ၊ ၁၁ ပေ တိုက်ခန်းကျဉ်းလေးတွေထဲ ၃- ၄ယောက် ချုပ်လှောင်ထည့်ထားခြင်းခံနေကြရသော တိုက်လှောင်ခံ နိုင်ငံရေးအကျဉ်းသားများ၏ အင်းစိန်သီးသန့် ထောင်တွင်း နေထိုက်ခဲ့ရသည် ဘ၀သည်လဲ ဒီကနေ့ ပဲသီးသန့် ထောင်မှာနေထိုင်ခြင်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ ကျနော်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၁၆)ဦးသာ အင်းစိန်သီးသန့် ထောင်၌ ကျန်ရစ်ခဲ့တော့သည်။ ပြောင်းရွေ့ ခံခဲ့ကြရသော နိုင်ငံရေးအကျဉ်းသား(၁၀၀)၏ ဘ၀က ကြက်လှောင်ခြင်းလို နေထိုင်နေခဲ့ရသော တိုက်ခန်းကျဉ်းကျဉ်းငယ်ငယ်တွေထဲက အခြားထောင်တထောင်မှရှိနေသော ကြက်လှောင်ခြင်းလို တိုက်ခန်းငယ်များဆီသို့ သာ ပြောင်းရွေ့ ခံလိုက်ရခြင်းမျိုးသား ဖြစ်သည်။ နေရေး၊ စားရေး၊ ကျန်မားရေးအခြေအနေများ ကောင်းမွန်ရရှိခံစားကြရလိုက်မည်လဲမဟုတ်ချေ။ အဘရှိန် သူက ထိုကဲသို့ ပြောင်ရွေးခံခဲ့ရသော နိုင်ငံရေးအကျဉ်သားတယောက်ထဲတွင် တဦးအပါအ၀င်ဖြစ်တော့သည်။
(ဆက်ရန်)
ထွန်းထွန်း(အရေးတော်ပုံတပ်သား)
၂၄=၀၉-၁၈
မော်လူးတွင် လမ်းပြုပြင်ရန်အတွက် မြေတူးရာမှ စစ်ကျန်သေနတ် ကျည်ဆံများတွေ့ရှိ
မော်လူး စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်မော်လူးမြို့တွင် လမ်းပြုပြင် ရန်အတွက်တောင်ကုန်းမြေအားတူးဖြိုရာမှစစ်လက်ကျန်သေနတ်ကျည်ဆံများတွေ့ ရှိသဖြင့် တာဝန်ရှိသူများထံသို့ အပ်နှံခဲ့ကြောင်းသိရသည်။
စုံစမ်းသိရှိရသည်မှာ စက်တင်ဘာ ၃၀ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိ န်တွင်မော်လူးမြို့မင်းသစ္စာရပ် ဟဲနုကျေးရွာနေ ဦးမောင်မောင်နေအိမ်၏အနောက်တောင်ကုန်းတွင်ရာအိမ်မှူးနှင့်ရွာသားများမှလမ်းခင်းရန်အတွက်မြေကျ င်းတူးရာမှဒုတိယကမ္ဘာစစ်လက်ကျ န်ကျ ည်ဆံများတွေ့ ရှိရသဖြင့်မော်လူးနယ်မြေရဲစခန်းသို့  ဆက်သွယ်အကြောင်းကြားခဲ့သည်။
ထို့ ကြောင့်မော်လူးနယ်မြေရဲစခန်းမှူးရဲအုပ်မင်းနိုင်နှင့်တပ်ဖွဲ့ ဝင်များ လာရောက်စစ်ဆေးခဲ့ရာ ရိုင်ဖယ်ကျ ည်ဆံ(၁၀၀၉)တောင့်၊ခြောက်လုံးပြူးကျည်ဆံ ၂၅ တောင့်တို့ကိုတွေ့ရှိရသဖြင့်စနစ်တကျ တူးဖော် သိမ်းဆည်းခဲ့ကြကြောင်းသိရသည်။
နီတိုး
ဇာသပြင်-ကျားကလေးလမ်း ချောင်းကူးတံတားတစ်ခြမ်း ပဲ့ကျကာ ခြောက်ဘီးယာဉ်တစ်စီး ချောင်းအတွင်းထိုးကျယာဉ်မောင်း သေဆုံး
ဘားအံ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်-ကျားကလေးလမ်းတွင် စက်တင်ဘာ ၃၀ရက်နေ့ ၃နာရီအချိန်က ခရားချောင်းကူး သစ်သားတံတားပဲ့ကျကာ ခြောက်ဘီးယာဉ်တစ်စီးချောင်းအတွင်းထိုးကျ သွားပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့နယ်မြေခံရဲစခန်းမှူးနှင့်အဖွဲ့က သက်သေများနှင့် အတူသွားရောက်စစ်ဆေးခဲ့ရာ ကျားကလေးဘက်မှ ဇာသပြင်ဘက်သို့ ယာဉ်မောင်း သက်နိုင်ဦး၊ (၃၂-နှစ်)မုရောင်းကျေးရွာ၊ မော်လမြိုင်မြို့နယ် နေသူမောင်းနင်လာသော 2I/------- နံပါတ်တပ် NISSAN အမျိုးအစားအဖြူရောင် (၆)ဘီးယာဉ်သည် ဇာသပြင်-ကျားကလေးလမ်း အတိုင်း မောင်းနှင်လာစဉ် ခရားအတွင်းကျေးရွာအနီး ဇာသပြင်-ကျားကလေးကားလမ်း ကီလိုမီတာ 11 Km နှင့် 11.5 Kmအကြား အရောက်ခရားချောင်းကူးသစ်သားတံတားအား ဖြတ်သန်းစဉ်တံတား၏ ယာဘက်ခြမ်းပဲ့ကျကာ ယာဉ်မှာ ချောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်မောင်းထိုင်ခုံနေရာ၌ပင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ၍ အလောင်းအား ရဲဆေးစာဖြင့် ပို့ဆောင်ထားပြီး ဖြစ်စဉ်အား ဇာသပြင်နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါသစ်သားတံတားမှာ ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသောသစ်သားတံတားဖြစ်ပြီး ခံနိုင်ရည်မရှိတော့သည့်အတွက် အဆိုပါသစ်သားတံတားဘေး၌ တံတားအထူးအဖွဲ့ ၁၄က တာဝန်ယူ၍ သြဂုတ်လ ၃၀ ရက်နေ့က စတင်တည်ဆောက်ခဲ့သည့် ဘေလီ သံဘောင်တံတားမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်သော်လည်း တံတား အတတ်/ အဆင်း နေရာအားပြုပြင်ဆဲဖြစ်၍ ယာဉ်သွားလာမှုခေတ္တပိတ်ထားခဲ့ပြီး ယာဉ်များအမြန်သွားလာနိုင်ရေးအတွက် ဇာသပြင်နယ်မြေရဲစခန်းနှင့်ဂျိုင်းနယ်မြေရဲစခန်းမှူးတို့ ဦးစီးသော ရဲတပ်ဖွဲ့ဝင်များက လမ်းပြုပြင်နေစဉ် ယာဉ်သွားလာမှုမရှိစေရေး ဆောင်ရွက်ပေးပြီး ပြုပြင်ဆောင်ရွက်ခဲ့ရာ နေ့လည် ၁၁နာရီ မိနစ်၂၀ အချိန်တွင် ဘေလီသံဘောင်တံတား အတက်အဆင်းနေရာအား ပြုပြင်ဆောင်ရွက်ပြီး၍ယာဉ်များပုံမှန်ဖြတ်သန်းသွားလာလျှက်ရှိကြောင်း သိရသည်။
မင်းသူ(ဘားအံ)
ဇင်းကျိုက်မြို့မင်္ဂလာကန်တော်ကြီးအတွင်းဘေးမဲ့လွတ်ထားသောငါးများသေဆုံးမှုဖြစ်ပွား
ပေါင် စက်တင်ဘာ ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ မင်္ဂလာကန်တော်ကြီးအတွင်း စက်တင်ဘာ ၂၉ ရက် ည ၉နာရီကျော်မှစတင်ကာဘေးမဲ့လွတ် ထားသော မွေးမြူးရေးငါးများသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ကန်တော်ကြီးအတွင်းဘေးမဲ့လွတ်ထားသောမွေးမြူးရေးငါးအချိန် ၂၅ ကျပ်သားခန့်မှ ၁ ပိဿာခန့်အချိန် ရှိသည့်ငါးများဖြစ်သောဆာလား ဗီးယားငါး၊ငါးကြင်းများနှင့်ယိုးဒယားငါးခုံးမများပိုမိုသေဆုံးခဲ့ကြောင်း
သိရသည်။
“သေတဲ့ငါးတွေကဒေသခံပြည်သူတွေလာလွတ်တဲ့ငါးတွေပါ။မွေးမြူးရေးငါးခုံမတွေအများဆုံးသေတယ်။ သိတဲ့သူတွေပြောတာကအောက်စီဂျင် ပြတ်လတ်လို့သေတယ်ပြောတယ်။မနှစ်ကဧပြီလမှာတစ်ခါသေဖူးတယ်။ ဒီနှစ်ကမိုးတွင်းမှာငါးသေတယ်ဆိုတော့ တစ်ခါမှ မကြုံဖူးသေးတယ်။ ဒီတစ်ခါသေတာအကောင်ရေ ၃၀၀၀ ကျော် လောက်ရှိတယ်။” ဟုဇင်းကျိုက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် က ပြောသည်။
“အဓိကကန်ထဲမှာရှိတဲ့ငါးတွေကအရမ်းများလာတယ်။ ကန်ရေပြင် ဧရိယာမလုံလောက်တဲ့အတွက် အောက်စီဂျင်ပြတ်လက်တယ်။ ကန်မှာရှိတဲ့ အနည်အနှစ်တွေကြောင့်လည်းပါတယ်။အဆိပ်မိလို့ သေတာမဟုတ် ဘူး။ဒီလိုထပ်မသေဖို့ကနုန်းတွေ ဖယ်ထုတ်မယ်။ ငါးအကောင်ရေလျော့ချဖို့လိုအပ်တယ်”ဟုငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါမင်္ဂလာကန်တော်ကြီးသည် နှစ်ပေါင်း ၁၀၀ကျော်ခန့်ရှိပြီး ဒေသခံများမှ ငါးများဘေးမဲ့လွတ်ခြင်းများ ပြုလုပ်သည့်ကန် ဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း၌လည်းအောက်ဆီဂျင် ပြတ်လက်မှုကြောင့် ငါးများသေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
ကိုဟိန်း ( ပေါင် )
ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ဂျောက်ထဲထိုးကျပြီးမီးလောင်ကျွမ်းမှုဖြစ်ပွား
ကော့ကရိတ် စက်တင်ဘာ ၃၀
ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမပေါ်တွင် ဆီသယ်ယာဉ်တစ်စီး ဂျောက်ထဲထိုးကျပြီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်မြို့မ ရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ည ၈ နာရီ မိနစ် ၅၀ အချိန် မြ၀တီမြို့မှ ကော့ကရိတ်မြို့ဘက်သို့ ယာဉ်မောင်း ထွန်းထွန်းလတ်(ဘ)အမည် (စုံစမ်းဆဲ)၊ သီရိမြိုင်ရပ်ကွက်၊မော်လမြိုင်မြို့(ထွက်ပြေးလွှတ်မြောက်) မောင်းနှင်လာသော 2H-------နံပါတ်တပ်ဆင်ထားသည် ဆီပေပါများ တင်ဆောင်ထားသော (၆)ဘီးအဖြူရောင်ယာဉ်သည် ကီလိုမီတာ အမှတ်(၁၅၆)နှင့်(၁၅၇)အကြားအရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ထိုးကျတိမ်းမှောက်သဖြင့် ယာဉ်နှင့်ကားပေါ်ပါ ဆီပေပါ(၃၅)လုံးမီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များမှလာရောက်ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး ယင်းနေ့ည(၁၀း၃၀)နာရီအချိန်တွင်မီးငြိမ်းသွားကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မီးလောင်မှုကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးသိန်း (၃၀၀)ကျပ်ဆုံးရှုံးခဲ့ပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံအား အရေးယူပေးပါရန် ရဲအုပ်သန်းနိုင်ရွှေ ယာဉ်ထိန်းရဲစု(၇၁)မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်ကော့ကရိတ်မြို့မရဲစခန်းမှ ယာဉ်(ပ)၅၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/၂၀၂ဖြင့်အမှုဖွင့်လှစ် ထားရှိကြောင်းသိရသည်။
အာဆီယံ အာရှလမ်းပိုင်းအဖြစ်သတ်မှတ်ထားသော ထိုင်းနိုင်ငံမှ ပညာရှင်များလာရောက်ဖောက်လုပ်ထားသည့်လမ်းပိုင်းသည် မြ၀တီမြို့နှင့်ကော့ကရိတ်မြို့အကြား ၂၈ကီလိုမီတာကျော်သာ ကွာဝေးသော်လည်း ယာဉ်တိမ်းမှောက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံခရီးသွားကားသမားများနှင့်လူမှု ကယ်ဆယ်ရေးအသင်းများထံမှသိရသည်။
တင်ဝင်းလှိုင်(ကော့ကရိတ်)ပုံ - ကိုထိုက်facebook
တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အရက်စွဲလမ်းမှုပြဿနာ
ကမ္ဘာတစ်ဝန်း အရက်ကြောင့် သေဆုံး ရတဲ့ လူအရေအတွက်ဟာ နှစ်စဉ် သုံးသန်းရှိတယ်လို့ ၂ဝ၁၆ ခုနှစ် ကစလို့ က္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ စာရင်းတွေအရ သိရပါ တယ်။
အရက်ကြောင့် သေဆုံးရသူက
ပိုများနေ
AIDS ရောဂါကြောင့် သေဆုံးရ တဲ့သူ၊ လမ်းမှာ ယာဉ်မတော်တဆမှု တွေကြောင့် သေဆုံးရတဲ့သူ၊ အကြမ်း ဖက်မှုကြောင့် သေဆုံးရတဲ့သူစတဲ့ အရေအတွက်တွေထက် ပိုများတယ်လို့ ဆိုပါတယ်။ အရက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကျန်းမာရေးအဖွဲ့အစည်း ကြီးရဲ့ နောက်ဆုံးတင်ပြထားတဲ့ အစီ ရင်ခံစာအရ က္ဘာပေါ်မှာနှစ်စဉ်နှစ် တိုင်းသေဆုံးသူ လူအယောက်၂ဝ မှာ အရက်ကြောင့် သေဆုံးရသူက တစ်ဦး ထက်ပိုတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲမှာ အရက်သောက်ပြီး ယာဉ်မောင်းနှင်တာတွေ၊ အရက် ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု တွေ၊ အရက်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေ၊ စိတ်ကစဥ့်ကလျားဖြစ်မှု တွေကိုပါ ထည့်တွက်ထားပါတယ်။ အရက်နဲ့ ဆက်စပ်တဲ့ပြဿနာတွေ ကြောင့် သေဆုံးရသူ အမျိုးသား ဦးရေဟာ လေးပုံသုံးပုံခန့်ရှိတယ်လို့ စာမျက်နှာပေါင်း ၅ဝဝ ကျော် ရှိတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မိသားစုဝင်တွေပါရောပြီး ခံစားရ
အရက်အလွန်အကျွံသောက်သုံး ခြင်းရဲ့ အကျိုးဆက်ကိုမိသားစုဝင်တွေ နဲ့အရက်အလွန်အကျွံသောက်သုံးသူရဲ့အသိုင်းအဝိုင်းကပါ ခံစားနေရပါ တယ်။ အကြမ်းဖက်မှု၊ ထိခိုက်ဒဏ်ရာ ရမှု၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ၊ ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ပြီး ဒါတွေကြောင့်လည်း မိသားစုနဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း က ဒီဒုက္ခတွေကို ရောပြီးခံစားနေ ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်းအကြီးအကဲTedros Adh- anom Ghe breyesus က ပြော ပါတယ်။
ကျန်းမာရေးပြဿနာများနဲ့
ဆက်စပ်နေ
အရက်အလွန်အကျွံ သောက်သုံး ခြင်းကြောင့် ကင်ဆာ၊ အသည်းရောဂါ အပါအဝင် ကျန်းမာရေးပြဿနာပေါင်း ၂ဝဝ ခန့်နဲ့ဆက်စပ်မှု ရှိနေပါတယ်။အရက်ကို အလွဲအသုံးပြုမှုကြောင့် ရောဂါဝေဒနာတွေကို လျင်လျင် မြန်မြန်ပဲ ကူးစက်စေနိုင်ပါတယ်။ အထူးသဖြင့် တီဘီ၊ အိတ်ခ်ျအိုင်ဗွီနဲ့ အဆုတ်ရောင်ရောဂါတို့ကို လျင်လျင် မြန်မြန်ပဲ ကူးစက်နိုင်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
အရက်ကြောင့် လူငယ်တွေလည်း သေဆုံးရ
အရက်နဲ့ဆက်စပ်ပြီး လူပေါင်း သုံးသန်းခန့် သေဆုံးရတယ်ဆိုတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ၂ဝ၁၆ ခုနှစ်ကတည်းကစလို့ စုဆောင်း ကောက်ယူထားတာပဲ ဖြစ်ပါတယ်။ အခု နှစ်အတွင်းမှာလည်း သေဆုံးမှုများရဲ့ ၅ ဒသမ ၃ ရာခိုင်နှုန်းဟာ အရက်ကြောင့် သေဆုံးရတာဖြစ်တယ်လို့ နောက်ဆုံး ကောက်ယူထားတဲ့ စာရင်းအချက် အလက်တွေအရ သိရပါတယ်။ လူငယ် တွေအတွက်တော့ ပိုပြီးအရေးကြီးပါ တယ်။ အရက်ကြောင့်သေဆုံးရသူအရေ အတွက်ဟာ အမြဲလိုလိုခြောက်လှန့်သတိ ပေးနေပါတယ်။ အသက်၂ဝ ကနေ ၂၉ ကြား အရက်ကြောင့်သေဆုံးရတဲ့ လူငယ် အရေအတွက်ဟာ ၁၃ ဒသမ ၅ ရာခိုင်နှုန်း ခန့်ရှိတယ်လို့ လေ့လာမှုတွေအရ သိရပါ တယ်။
အံ့သြစရာကောင်းတဲ့အချက်
တခြားသော ကိစ္စရပ်တွေကြောင့် သေဆုံးရတဲ့အရေအတွက်နဲ့ အရက်နဲ့ ဆက်စပ်တဲ့ကိစ္စတွေကြောင့် သေဆုံး ရသူအရေအတွက် နှိုင်းယှဉ်ကြည့်မယ် ဆိုရင် အံ့သြစရာကောင်းတာကို တွေ့ရပါ တယ်။ ၂ဝ၁၆ ခုနှစ်ကစလို့ က္ဘာအနှံ့ အိတ်ခ်ျအိုင်ဗွီကြောင့် သေဆုံးရသူအရေ အတွက်ဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိပြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံးရ သူ အရေအတွက်ကတော့၂ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။ အကြမ်းဖက်မှု ကြောင့် သေဆုံးရသူကတော့ ဝ ဒသမ ၈ ရာခိုင်နှုန်းရှိပါတယ်။ နောက်ဆုံးဖော်ပြ ထားတဲ့ အရေအတွက်ဟာ၂ဝ၁၄ ခုနှစ်က တစ်က္ဘာလုံး ဆိုင်ရာအရက်သောက်သုံး မှုကိန်းဂဏန်းတွေနဲ့ ယှဉ်ရင် နိမ့်ကျလာ ပါတယ်။
အလားအလာကောင်းများလည်းရှိ
ဒါကြောင့်မို့ ကောင်းတဲ့အလား အလာတွေလည်း ရှိပါတယ်လို့ က္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းက ပြောပါ တယ်။၂ဝ၁ဝ ပြည့်နှစ်ကစလို့ အရက် သောက်သုံးမှုနဲ့ အရက်နဲ့ဆက်စပ်မှုရှိ တဲ့ကိစ္စတွေကြောင့် သေဆုံးရသူအရေ အတွက်ဟာ လျော့ကျလာတယ်လို့ WHOက ပြောပါတယ်။ ဒါပေမယ့်လည်း အရက်ကို ကြောက်မက်ဖွယ်မဆင်မခြင် သောက်သုံးမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ မှုတွေ၊ ရောဂါဖြစ်ပွားရမှုတွေ အားလုံး ခြုံကြည့်လိုက်ရင်တော့ အရေအတွက် ဟာ မမျှော်လင့်နိုင်လောက်အောင် မြင့်မားနေဆဲပဲလို့ သိရပါတယ်။ အထူး သဖြင့် ဥရောပနဲ့အမေရိကတစ်လွှားမှာ ပါလို့ သတိပေးထားပါတယ်။ တစ်က္ဘာ လုံးအနှံ့ဆိုရင် အမျိုးသား ၂၃၇ သန်းနဲ့ အမျိုးသမီး ၄၆ သန်းခန့်ဟာအရက်စွဲတဲ့ ဝေဒနာကို ခံစားနေရတယ်လို့ က္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
သောက်သုံးမှုပမာဏမြင့်မားဆဲ
ဥရောပမှာဆိုရင် အရက်ကြောင့် ဝေဒနာခံစားနေရတဲ့ အမျိုးသားဦးရေဟာ ၁၅ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးအရေ အတွက်ကတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ အမေရိကမှာတော့ အမျိုးသား ၁၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅ ဒသမ ၁ ရာခိုင်နှုန်းဟာ အလားတူ ဝေဒနာတွေခံစားနေရတယ်လို့ အချက် အလက်များမှာ ဖော်ပြထားပါတယ်။အရက်သောက်သုံးမှုကို တစ်က္ဘာလုံး ခြုံကြည့်မယ်ဆိုရင် အရေအတွက်ဟာ အချိုးအစား မမျှတလှပါဘူး။ ပျမ်းမျှ အားဖြင့် လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့် ဟာ အရက်စွဲသူတွေလို့သတ်မှတ်ခံထားရပြီးနေ့စဉ်အရက် ၃၃ ဂရမ်ခန့် သောက် သုံးတယ်လို့ ယူဆရပါတယ်။ ဒါဟာ ဝိုင်နှစ်ခွက်၊ ဘီယာခွက်ကြီးတစ်ခွက်နဲ့ ညီမျှပါတယ်။၂ဝ၁ဝ ပြည့်နှစ်ကစလို့ သောက်သုံးသူပမာဏဟာ ၁ဝ ရာခိုင်နှုန်း အောက်လျော့လာပေမယ့် ဥရောပမှာ တော့သောက်သုံးသူပမာဏဟာ မြင့်မား နေဆဲပါ။ တစ်နှစ်မှာ ၁ဝ လီတာထက် မနည်း အရက်သောက်သုံးတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
သိသိသာသာလျော့ကျလာ
ဥရောပနိုင်ငံတွေမှာဆိုရင် အရက် သောက်သုံးမှုဟာ လေးပုံသုံးပုံခန့်လျော့ ကျလာပြီး သိသိသာသာလျော့ကျလာတဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုနဲ့ မော်လဒေဗီယာတို့မှာပဲ ဖြစ်ပါတယ်။ ရုရှားမှာဆိုရင် နှစ်စဉ်ပျမ်းမျှ အရက် သောက်သုံး မှုဟာ ၁၈ ဒသမ ၇ လီတာ ထက်မနည်းရှိရာမှာ၂ဝ၁၅ ခုနှစ်မှာတော့ ၁၅ လီတာ ကျော်၊၂ဝ၁၆ ခုနှစ်မှာတော့ ၁၁ ဒသမ ၇ လီတာရှိတယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ ဒီလိုမျိုး သိသိ သာသာ ပမာဏကျဆင်းသွားရခြင်း အကြောင်းကတော့မော်စကိုမှာ ကျင့်သုံး ခဲ့တဲ့မူဝါဒတွေကြောင့်လည်း ပါပါတယ်။
အာရှမှာဆက်လက်မြင့်တက်ဆဲ
ဥရောပပြင်ပမှာ အရက်သောက်သုံး မှုပမာဏကတော့ ဆက်လက်မြင့်တက် ဆဲပါပဲလို့ WHO က သတိပေးထားပါ တယ်။ အထူးသဖြင့်အာရှ၊ တရုတ်နဲ့ အိန္ဒိယတို့မှာ သောက်သုံးသူပမာဏ မြင့်တက်နေဆဲပဲလို့ ဆိုပါတယ်။ ဒါကြောင့် လည်း အာရှနိုင်ငံတွေ၊ တရုတ်နဲ့ အိန္ဒိယ တို့မှာ အရက်သောက်သုံးမှုပမာဏ လျှော့ချနိုင်အောင်၂ဝ၁ဝ ပြည့်နှစ် ကနေ ၂ဝ၂၅ ခုနှစ်အတွင်း တစ်က္ဘာ လုံးဆိုင်ရာ အရက်သောက်သုံးမှု ပမာဏကို၁ဝ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင် အများကြီးလုပ်ဆောင်ဖို့ လိုအပ်နေသေးပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့
တိုက်တွန်းချက်
ကြိုတင်ခန့်မှန်းထားမှုတွေအရ နောက်လာမယ့် ၁ဝ နှစ် အတွင်းမှာ လည်း အရက်သောက်သုံးမှု၊ အရက် ကြောင့်ဖြစ်ပေါ်လာရတဲ့ ထိခိုက်ဝေဒနာ တွေဟာ တိုးလာဖို့ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ သောက်သုံးမှုကိုလျှော့ချ နိုင်အောင် အရက်နဲ့ပတ်သက်ပြီး အခွန် ကောက်ခံတာ၊ ယမကာကြော်ငြာ တွေပိတ်တာမျိုး လုပ်သင့်တယ်လို့ လည်း က္ဘာ့ကျန်းမာရေးအဖွဲ့အစည်း ကြီးက တိုက်တွန်းထားပါတယ်။ အရက်သောက်သုံးသူချင်း တူပေမယ့် လည်း အရက်ကြောင့် ထိခိုက်ခံစားရမှု မှာတော့ ဆင်းရဲတဲ့သောက်သုံးသူတွေ ဟာ ချမ်းသာတဲ့ သောက်သုံးသူတွေ ထက် ပိုပြီးခံစားရပါတယ်။ အရက် သောက်သုံးမှုပမာဏကို မလျှော့ချနိုင် ဘူးဆိုရင်တော့ အရက်နဲ့ဆက်စပ်တဲ့ ကိစ္စတွေကြောင့် သေဆုံးရသူပမာဏ ဟာလည်း ဆက်လက်မြင့်တက်နေဦး မှာပါပဲ။ ။
ကိုးကား -အေအက်ဖ်ပီ၊ခြူးစန္ဒီနွေး
ပခုက္ကူမြို့နယ်တွင် ဝက်ဝံပေါက်တစ်ကောင်တွေ့ရှိ
ပခုက္ကူ စက်တင်ဘာ ၂၉
ပခုက္ကူမြို့နယ် ကျတ်ထိုးအုပ်စု အနောက်တောကျေးရွာ ဦးကြည်ဝင်း၏ နေအိမ်အတွင်း ယနေ့ နံနက် ၇ နာရီခွဲခန့် က ဝက်ဝံဟုယူဆရသော အကောင်တစ်ကောင် တွေ့ရှိ ကြောင်း သိရသည်။
ကျတ်ထိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်က အနောက်တောကျေးရွာ ရွာခွဲတာဝန်ခံအား ဝက်ဝံကို ထိန်းသိမ်းထားရန်မှာကြားပြီး ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်းပို့အကြောင်း ကြားခဲ့သည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်သစ်တောသို့ အကြောင်းကြားရာ သစ်တောဦးစီး ဌာနက တာဝန်ရှိသူများသည် လာရောက်စစ်ဆေးပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
ကိုဇော်(ဓာတု)
ရောဂါစွဲကပ်နေကြသူများ
ဒီရက်ပိုင်းဘာရယ်မသိ။ ချောမေ တစ်ယောက် ခံပြင်းစိတ်တွေနဲ့ ပြည့်နေတယ်။
အနားမှာစကားလာပြောနေတဲ့ မိအေးကို သူ့စိတ်ထဲပါးကို ၁ဝ ချက်လောက်ရိုက်ပြီးပြီ။
တကယ်လည်း ရိုက်ပစ်လိုက်ချင်လို့ လက်ဖဝါးတွေလည်း ယားနေတယ်။
အခုတစ်မျိုး တော်ကြာတစ်မျိုး မလိုတစ်မျိုး လိုတစ်မျိုး အဲဒီလိုမျောက်စိတ်တွေကို ချောမေ သိပ်မုန်းတာ။ ဒီမိသားစုနဲ့ပတ်သက်ပြီး ဒီလို စကားတွေပဲ လာပြောနေတဲ့သူတွေကို ယားနေတဲ့ လက်ဖဝါးကို ဘရိတ်အုပ်ပြီး အံကြိတ်နေရတာ မနည်းတော့။ သူများ အတင်းဆို ချောမေတို့လည်း ပြောတာပေါ့။ သူများအတင်းပြောရမယ်ဆိုရင် ချောမေတို့က ရထားလာလို့ မတိမ်းဘူး။
ချောမေအကြောင်း တစ်ရွာလုံးလည်း မသိရိုးလား။ ကလေးနှစ်ယောက် အမေ။လည်နေတာမှမွှတ်လို့ ပန်ကာအထက်က ဝက်အူ။
တခြားသူတွေ လည်တယ်ဆိုတာ ချောမေ အိပ်နေသလောက်ပဲရှိသေးတာ။
အခုကိစ္စမှာတော့ ချောမေအတင်း ပြောဖော်မလုပ်ချင်တော့။ လူတွေကိုလည်း ချောမေ တော်တော်စိတ်ကုန်လာပြီ။ သင်းတို့ မှာ ပြောစရာတခြားအကြောင်း မရှိတော့ ဘူးလား။ လာသမျှလူတိုင်း ဒီအကြောင်းတွေပဲ ထပ်လို့။
အခုလည်း မိအေးကအားရပါးရမဲ့လိုက် ရွဲ့လိုက်နဲ့ ပါးစပ်အရသာခံနေပြန်ပြီ။
''မိချောမေ နင်ဟိုနားကဘုတ်ဆုံမအိမ်ကို သွားသေးလား။ ငါတော့မသွားပေါင်။ သူ့ ယောက်ျားငရွှေကို ဆရာဝန်က အာမခံချက် မရှိတော့လို့ ပြန်လွှတ်လိုက်တာတဲ့။ မသနား ပေါင်တော်။ မနက်မှောင်မှောင်ကနေ ညမှောင်မှောင်ထိ ဒီအရက်ပဲ ဗိုက်ထဲထည့် နေတာ။ သင်းဒီလိုဖြစ်တာနည်းတောင် နည်းသေးတယ်။ ဆရာဝန်က သွေးစစ် ကြည့်တော့ စီပိုးတဲ့လေ။ ဘုတ်ဆုံမတော့ သနားပါတယ်အေ။ လင်ယောက်ျားက သုံးစား မရတော့ အခုဗိုက်တစ်လုံးနဲ့ ကျန်ရစ်တော့မှာ။
သူလည်း ဒီယောက်ျားနဲ့ပေါင်းနေမှတော့ ဒီရောဂါကူးနေလောက်ပြီ။ ယောက်ျားတွေများ စိတ်ကုန်ပါတယ်အေ။
သင်းတို့ဒီအရက်သောက်တာနဲ့ မိန်းမတွေ လည်း ရောဂါကူးရတယ်။''
မဲ့ရွဲ့ပြောနေတဲ့ မိအေးကိုကြည့်ပြီး ချောမေ စိတ်ထဲကနေကျိန်ဆဲနေတယ်။
ဟိုတုန်းကတော့ ဘုတ်ဆုံမ ဘုတ်ဆုံမနဲ့ ပါးစပ်ဖျားက မချ။ ရှိသမျှ အစားအသောက် အကုန်သွားစားပြီးရင် အတင်းပြော။
သူ့ယောက်ျားထွန်းတင်ကရောအသောက် အစားတွေ တော်တော်ကင်းနေလို့လား။
ဘာထူးမှာလဲ။ ဒီပုပ်ထဲကဒီပဲ။ အခုတော့ သင်းတို့ပါးစပ်တွေက ဒီစကားတွေထွက်လာ ပြီပေါ့။
လူတွေများ တကယ်ကို တရားကျဖို့ ကောင်းတယ်။
''အမယ်လေး မိအေးရယ် ဟောဒီရွာထဲ မှာရှိတဲ့ ယောက်ျားမှန်သမျှ အရက်သမားနဲ့ ဖဲသမားချည်းပဲလေ။
ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာ ဘယ် လက်ညှိုးထိုးလို့မှ မတွေ့ဘူး။
အရက်သမားတိုင်း ဒီရောဂါရှိမယ်ဆိုရင် တော်တို့ယောက်ျားတွေမှ မဟုတ်ဘူး၊ ကျုပ်ယောက်ျားလည်း အရက်သမားပဲလေ။
နောက်ပြီးတော့ ကျုပ်တို့အကုန်လုံး ဘုတ်ဆုံမအိမ်ကို နေ့တိုင်းဝင်ထွက်နေကြ တာပဲ။
စားလိုက်သောက်လိုက် စကားတွေ ပြော လိုက်နဲ့။ ကျုပ်တို့လည်း ဒီပိုးမကူးနိုင်ဘူးလို့ ပြောနိုင်လို့လားတော်။ ဆရာဝန်ဆီ မစစ်ဆေး လို့သာပေါ့။''
''မိချောမေ ငါကတော့ ပြောနိုင်တယ် တော်။
ဒီလိုပိုးမျိုး ငါ့မိသားစုမှာ လုံးဝမရှိဘူး။
ဒီရောဂါမျိုးနဲ့တော့ မသေနိုင်ပေါင်။လူညွန့်တုံးပါတယ်။
အခုပဲကြည့်လေ။ ဘုတ်ဆုံမနဲ့ မွေးလာမယ့် ကလေး ရှေ့ဆက်ပြီး ဘယ်လိုလူလုပ်ကြမလဲ။
သူတို့ကို ဘယ်သူမှစိတ်သန့်သန့်နဲ့ ဆက်ဆံကြတော့မှာမဟုတ်ဘူး။
ကျန်တဲ့လူတွေမပြောနဲ့ သူတို့ဆွေမျိုး တွေတောင် တစ်ယောက်မှ အားပေးဖော် မရှိဘူး။ ငရွှေ ဆေးရုံက ဆင်းလာပြီဆိုတာနဲ့ မသိသလို နေကြတော့တာလေ။
သင်းတို့နဲ့ယှဉ်ကြည့်ရင် ငါတို့က အနေ သာကြီး။''
ချောမေ စကားတစ်ခွန်းမှမပြောတော့။
ထောင်ထားတဲ့ဒူးပေါ် လက်ထောက်ပြီး မေးထောက်ထိုင်နေလိုက်တယ်။
ဘယ်သူဘာပြောပြော ဘုတ်ဆုံမဆီတော့ သွားရဦးမယ်။
(၂)
တောထဲကပြန်လာတဲ့ ယောက်ျားဖြစ်သူ ဖိုးလုံးကို တစ်ချက်ကြည့်လိုက်တယ်။
နေပူပူနဲ့မောပန်းလာလို့ ထင်တယ်။
ရေအိုးထဲက ရေတွေကို ခွက်နဲ့အပြည့် နှစ်ခွက်သောက်လိုက်တယ်။ ဖိုးလုံးဆီက သက်ပြင်းချသံကြားမှ ချောမေမေးခွန်းထုတ် လိုက်တယ်။
''ကိုဖိုးလုံး တော် ဘုတ်ဆုံမတို့အိမ်ဝင်ခဲ့ သေးလား။
ငရွှေကိုဘယ်နှရက်ထားမှာတဲ့လဲ။''
''အိမ်ထဲတော့ မဝင်ခဲ့ပါဘူးဟာ။
ခဏနေ မြေမြှုပ်သင်္ဂြိုဟ်မယ်လို့တော့ ကြားခဲ့တာပဲ။ ဒီလိုမှလည်း ကောင်းမှာလေ။
ဒီရောဂါကြီးနဲ့ဆုံးတာဆိုတော့ ကြာကြာ ထားလို့မသင့်တော်ဘူး။ ကျန်တဲ့သူတွေ အန္တရာယ်ရှိနိုင်တယ်။
အခုအခေါင်းရိုက်ဖို့ အေးရွှေက ရွာထဲက လူငယ်တွေ လိုက်ခေါ်နေတယ်။ ငါ့တောင် ခေါ်လိုက်သေးတယ်။''
အေးရွှေဆိုတာက ဘုတ်ဆုံမရဲ့ယောက်မ ငရွှေရဲ့နှမပေါ့။ ငယ်ငယ်ကတည်းက ကိုကြီးရွှေ ကိုကြီးရွှေနဲ့ အစ်ကိုဖြစ်သူကို သည်းသည်း တုန်အောင် ချစ်ခဲ့တဲ့နှမ။
ငရွှေအနားက ခွာတယ်လို့မရှိ။
ဖအေနဲ့ မအေဆုံးပြီး အမွေခွဲကြတော့ လည်း မောင်နှမတွေအကုန်လုံး ကျေကျေ နပ်နပ်နဲ့သဘောတူခဲ့ကြတာပဲ။ အေးရွှေနဲ့ ငရွှေကတော့ မျက်နှာချင်းဆိုင် ဟိုဘက် ဒီဘက်တစ်ဝင်းတည်းနေကြတယ်။
ကျန်တဲ့သူတွေကတော့ သူတို့ဝင်းနဲ့သူတို့ သီးခြား။ ဆွေမျိုးဆိုတဲ့အတိုင်း စည်းစည်း လုံးလုံးနဲ့ လုပ်ကိုင်စားသောက်ကြတော့ ချောမေတစ်ယောက် ဝမ်းသာမိခဲ့ပါရဲ့။
အခုဒီကနေ့ကျမှ ငရွှေ့ယောက်ဖတွေ ဘယ်ဆီဘယ်ဒေသြ<ွကမြန်းနေကြလို့လဲ။
အေးရွှေယောက်ျား အောင်နိုင်ကရော ဘယ်ရောက်နေလို့လဲ။
အရေးထဲဆို ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြတယ်။
ချောမေသက်ပြင်းမောတစ်ခုကို ချလိုက် ပြီး ခုတင်ပေါ်မှာ အပန်းဖြေလဲလျောင်းနေတဲ့ ယောက်ျားကို ခပ်တွေတွေတစ်ချက်ကြည့်လိုက် တယ်။
''ကိုဖိုးလုံး တော့်ကလေးနှစ်ယောက်လည်း ဘယ်သွားဆော့နေမှန်းမသိဘူး။
မနက်ကတည်းက အိမ်မကပ်တာ။
ဟိုအိမ်များရောက်နေသလားမသိဘူး။
ခဏနေသွားရှာပြီး အိမ်ခေါ်ခဲ့ဦး။ ပြန်လာရင် တော်လည်းရေချိုးပြီးနားနားနေနေ အိပ်တော့။
နေကပူပူနဲ့ ဘယ်မှမသွားတော့နဲ့။ ကျုပ် အဝတ်တွေလျှော်လိုက်ဦးမယ်။''
(၃)
''မိချောမေ တစ်ပြည်ဆန်သွားဝိုင်း ရအောင် ပြင်ပြီးပြီလား။
မိအေးမရော လိုက်မယ်ပြောတယ်။
ခဏလောက် စောင့်ကြဦးစို့။ နင့်ယောက်ျား ဖိုးလုံးရော ဘယ်သွားတာလဲ။အဲဒီတရားနာအိမ်မှာပဲလား။ နင်တို့တစ်အိမ် လုံး အဲဒီသာသွားနေကြ။ ကလေးတွေလည်း ဂရုမစိုက်ဘဲ ဒီအတိုင်းသာ လွှတ်ထား။နင်တို့တော့မလွယ်ဘူး သတိသာထားနေ။''
စကားကြောကိုလိုက်ကတည်းက မခင်ညို ရဲ့ စကား ဘယ်ဆီဦးတည်နေတယ်ဆိုတာ ချောမေသိလိုက်တယ်။ မခင်ညိုဆိုတာက အပျိုကြီး။
ဇီဇာကြောင်တဲ့နေရာ၊ အတင်းပြောတဲ့ နေရာမှာ နှစ်ယောက်မရှိဘူး။
မဟုတ်တာတွေရော ဟုတ်တာတွေရော ရှိသမျှအကြောင်း အမှန်အမှားမခွဲ အကုန် ရောသမမွှေပြောတာ။
အခုတလောနာမည်ကြီးနေတဲ့ သတင်း ဆိုတာ တခြားဘယ်အကြောင်းမှမဟုတ်။
ဘုတ်ဆုံမတို့ရာဇဝင်ပဲရှိတာလေ။
သူ့စကား ထောက်ကြည့်ကတည်းက ဘာဆိုတာ ချောမေချက်ခနဲဆို နားခွက်က မီးတောက်ပြီးသား။
ဒီအကြောင်းတွေကြောင့်ပဲ ချောမေ နားတွေလည်းပူနေပြီ။ ပြောရင်လည်း ကြားထဲ ကနေ သူတော်ကောင်းမကြီးဝင်လုပ်ရာ ကျမယ်။
တကယ်ဆို လူတွေတော်တော်လေးကို ကိုယ်ချင်းစာတရား သနားကြင်နာမှုတွေ ခေါင်းပါးကြတာ။
ဟိုနေ့ကပဲ မိအေးမကို ပါးတွေဖြိုးဖြိုး ဖြန်းဖြန်းရိုက်ချင်စိတ်တွေ ပေါက်မိတာ။
လက်ဖဝါးကယားလို့မှ မပြီးသေးဘူး။
ဒီအပျိုကြီးက လာပြန်ပြီ။ အသက်ရှည် ဦးမယ်။ ပြောရင်းဆိုရင်းပဲ မိအေးမ ဆန် တစ်ပြည်နဲ့ လာနေပြီ။
''လာ လာ မိအေးရေ ဒီမှာမိချောမေလည်း ပြင်လို့ပြီးပြီ။
ဝိုင်းပြီး ပြီးတာပဲ။ မြန်မြန်သွားပြီး မြန်မြန် ပြန်လာကြရအောင်။ ဘုတ်ဆုံမလည်း သွေးစစ်ကြည့်တာ ရှိတယ်တဲ့လေ။ ဗိုက်ထဲက ကလေးရော ကူးစက်ခံရတယ်တဲ့။
ယောက်ျားကသေ ကလေးတစ်ယောက်နဲ့ နောက်ဒီရောဂါကြီးနဲ့ ဘယ်လိုလူလုပ်ကြ မတုန်းအေ။ ငါတော့ရင်လေးပါတယ်။''
''ဟုတ်တယ်မခင်ညိုရေ။ ကျုပ်လည်း အဲဒါ တွေးနေတာပဲ။
ဆွေမျိုးတွေကလည်း ရှိတယ်လို့သာ ပြောရတာ ဂရုမှမစိုက်ကြတော့ဘဲ။ ဘယ့်နှယ် တော်။
လူ့ပြည်လာပြီး ဒီလိုကြီးအသက်ရှင်ရတယ် လို့။ ကျုပ်တို့တော့ဘဝကို ဒီလိုမျိုး အဆုံး မသတ်နိုင်ပေါင်။
သားသမီးတွေ လုပ်ကျွေးတာစားပြီး သက်သောင့်သက်သာလေး ဖြတ်သန်းဦးမှာ။
ဒီပိုးတွေနဲ့ကတော့ဝေးဝေးနေမယ်။
သေချင်းသေ ကောင်းကောင်းမွန်မွန် သေမှာပေါ့တော်။
လူညွန့်တုံးတဲ့ဘဝမျိုးနဲ့တော့ မိအေးတို့ ဒီတစ်သက်အသေမခံနိုင်ဘူး။ ဟိုနေ့ကငရွှေဖို့ အခေါင်းရိုက်ပေးမယ့်သူတောင် မရှိဘူးတဲ့ လေ။
ဘုတ်ဆုံမတော့ သနားပါတယ်။ ယောက်ျားကဒီလိုဆိုတော့ သူလည်း မျက်နှာ ငယ်ရှာမှာပေါ့။''
မခင်ညိုနဲ့ မိအေးမကတော့ နှစ်ယောက် သား အတိုင်အဖောက်ညီညီနဲ့ ခံတွင်းရှင်း နေကြတယ်။
ချောမေကတော့ ဘေးကလိုက်ပါလာပြီး တစ်ခွန်းတစ်ပါဒမှ ဝင်မပြော။
ပါးစပ်ပိတ်ပြီး နားထောင်နေလိုက်တယ်။
အတင်းတွေပြောတာ အင်း အဲ မလုပ်ဘဲ လိုက်လာရင်း ဘေးကနှစ်ယောက်ကလည်း ပါးစပ်အရသာခံပြီးလာလိုက်ကြတာ တရားနာ အိမ်တောင်ရောက်လာပြီ။
လက်ဖက်စား ဆေးလိပ်သောက်ဖို့ လူလည်း သိပ်မရှိဘူး။ ဘေးအိမ်တွေကနေ အဝိုင်းအကိုင်းလေး ခေါ်ထားပုံရတယ်။
အလွန်ဆုံးရှိလှ တစ်ယောက်စ နှစ်ယောက်စ။
လက်ဖက်လေး ဘာလေး နယ်ပေး သုပ်ပေးတဲ့ လူနဲ့။ ဒီလောက်ပဲ ရှိတာ။
တစ်ပြည်ဆန်လာဝိုင်းတဲ့ သူတွေကလည်း ကြာကြာထိုင်သွားကြပုံမရဘူး။
ဆန်ဝိုင်းပြီး ပြန်သွားကြတာချည်းနေမှာ။
အာလ္လာပသလ္လာပလေး သတင်းလေး ဘာလေးတောင် မေးသွားကြဟန် မတူဘူး။
နေ နေနိုင်လွန်းကြတယ်။ တကယ်ပါပဲ အေးလေ။ တခြားသူမပြောနဲ့ ဆွေမျိုးတွေ တောင် တစ်ယောက်မှမလာကြတာ။
ဘုတ်ဆုံမလည်း အားတွေငယ်ရလွန်းလို့ လား မသိဘူး။
မျက်နှာလေးတော်တော်ချောင်ကျသွားတယ်။
အသားတွေလည်း အရင်ကထက်ကို ပိုမည်းနေတယ်။
မျက်လုံးလေးတွေလည်း နီရဲလို့။
သူ့ဗိုက်ကလေးကြည့်ပြီး ပွတ်နေရှာတယ်။
ဘုတ်ဆုံမ ဘာတွေတွေးနေတာလဲ။
''သြော် မခင်ညိုတို့၊ မိချောမေတို့ လာကြ ပါ ဒီဘက်ခုတင်ကို။ ထိုင်ကြပါဦး။
လက်ဖက်လေးစား ရေနွေးလေး သောက်ကြပါဦး။''
မပေါ့မပါးကြီးနဲ့ ထိုင်နေရာကနေ ထလာ ပြီး ဧည့်ခေါ်နေတဲ့ဘုတ်ဆုံမကို မခင်ညိုက ဟိုကြည့်ဒီကြည့်နဲ့ မသိမသာနှာခေါင်းရှုံ့ နေတယ်။
ဘုတ်ဆုံမနဲ့ ခပ်လှမ်းလှမ်းမှာရပ်ပြီး အခြေအနေကိုအကဲခတ်နေတယ်။
''တော်ပါပြီ ရပါတယ် ဘုတ်ဆုံမရယ်။ငါတို့မထိုင်တော့ပါဘူး။ အိမ်မှာ အလုပ်တွေ မအားဘူးလေ။ ဆန်ဝိုင်းပြီး ပြန်မှဖြစ်မယ်အေ့။''
မခင်ညိုက မဲ့သယောင်ယောင် ပြုံးသယောင်မျက်နှာနဲ့ စကားတွေ ဖာထေး နေတယ်။
မိအေးမလည်းဘာထူးမှာလဲ။ မထိုင်ချင် တာနဲ့ ဆင်ခြေတွေ အကြောင်းအမျိုးမျိုးတွေ ပေးနေတယ်။
မျက်လုံးတွေက တောင်ကြည့် မြောက် ကြည့်နဲ့ ဝေ့ဝိုက်နေတယ်။
''မိချောမေ နင်ကအားတယ်မို့လား။
လက်ဖက်လေးဘာလေးစားပြီးမှပြန်လေ။စကားလေး ဘာလေးလည်းပြောရအောင်။''
ချောမေ ဘုတ်ဆုံမကိုရုတ်တရက်ဘာမှ မပြောသေးဘဲ ခပ်တွေတွေ တစ်ချက်ကြည့်ပြီး ဆန်တစ်ပြည်ထည့်လာတဲ့ လက်ဖက်အုပ်ကို ကမန်းကတမ်းကောက်ကိုင်လိုက်တယ်။
''ထိုင်တော့ထိုင်ချင်ပါတယ် ဘုတ်ဆုံမ ရေ။
အိမ်မှာဘယ်သူမှမရှိဘူး။ ကိုဖိုးလုံး ကလည်း တောထဲကနေကို မပြန်ခဲ့သေးဘူး။နောက်ကလေးတွေကို ရေချိုးပေးရဦးမယ်။
ပြီးတော့ အဝတ်တွေလည်း လျှော်ရ ဦးမယ်။
မနက်ဖြန် အားမှလာခဲ့တော့မယ်အေ။''
ပုလဲသွင်
အတက်
(၁)
စံလှတို့ လက်ယဉ်ချက်ကတော့ ဟင်းခနဲ ဆို ခွပ်ခနဲပဲ။ ဒါကြောင့်လည်း စံလှတို့ နာမည် ရနေတာပေါ့။ စီခနဲဆို စံလှပဲ။ ရွာလူကြီး ဦးသာပေါ ထိပ်တုံးက သူ့အတွက် လုပ်ထား သလားမှတ်ရ။ စံလှက မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ ဖဲရိုက်တယ်၊ ကြက်တိုက် တယ်၊ အရက်သောက်တယ်၊ ကွမ်းတဖွတ်ဖွတ်၊ ဆေးလိပ်တထောင်းထောင်းနဲ့ပေါ့။ တစ်သက် နဲ့တစ်ကိုယ် ဘုန်းကြီးကျောင်း မုန့်ဟင်းခါး ကျွေးမှ တစ်ခေါက်ရောက်တတ်တဲ့ ကောင်စား မျိုး။ ကျုပ်နဲ့စံလှက ငယ်သူချင်းတွေလေ။ သူ က ကျုပ်ထက် တစ်ရက်ပဲကြီးတာ။ ကျုပ်နဲ့ ငယ်သူငယ်ချင်းဆိုပေမယ့် ကျုပ်က သူ့လောက် တော့ မကောင်းတာမလုပ်ဘူးဗျ။ ညတိုင်း ဘုရားရှိခိုးတယ်၊ မေတ္တာပို့ အမျှဝေပေါ့ဗျာ။ဘာသာရေးလိုက်စားတယ် ဆိုပါတော့ဗျာ။သို့ပေမယ့် စံလှနဲ့ ဆုံမိရင်တော့ စံလှသွားသမျှ ပျော်ပျော်ကြီး လိုက်လံအားပေးနေကျဗျ။
စံလှရဲ့ မိုက်ဂုဏ်မြောက်ပုံများ ရွာနီး ချုပ်စပ်က မိုက်ပေ့ဆိုတဲ့ လူတောင် ဖိန့်ဖိန့် တုန်အောင်ပဲ။ ကုန်ကုန်ပြောရရင် စံလှဟေ့ ဆိုရင် ခွေးတောင် အမြီးကုပ်သွားရလောက်တဲ့ အထိပဲ။ ကြောက်ဆို တွေ့သမျှ ကြက်ဝိုင်း၊ ဖဲဝိုင်းရန်ဖြစ်ပြီဆို စံလှက အရင်ဦးအောင် ဆော်လိုက်တာလေ။ အနည်းဆုံးလေးချက်က တော့ သာသာလေးချုပ်ရောပဲ။ ဒါကြောင့် စံလှလာပြီဆို ဝိုင်းသိမ်းထားရတဲ့အထိ ကြောက်ရတယ်လေ။
ကျုပ်ကတော့ စံလှကို ထိန်းတဲ့အခါထိန်း၊ မြှောက်ပေးတဲ့အခါ မြှောက်ပေးနဲ့ ကပ်မြှောင် စားသောက်နေတာပေါ့။ စံလှ အရှိန်အဝါကြီး လိုက်ပုံများ စံလှနဲ့ပေါင်းတဲ့ ကျုပ်တောင် ဘယ်သူမှ စေ့စေ့မကြည့်ရဲကြဘူးလေ။ စံလှက လူပေါင်းစုံပေါင်းတယ်လေ။ သူ အခုတစ်လော အထက်အညာဘက်က မြွေအလမ္ပာယ် ဆရာ ကြီးတစ်ယောက်နဲ့ ပေါင်းနေလေရဲ့။ ဒီနောက်ပိုင်း စံလှ အဲဒီဆရာကြီးပေးထားတဲ့ လက်ဖွဲ့ဆိုလား ဘာဆိုလား အဲဒါနဲ့ ပိုဆိုးနေ တာပေါ့။ တုတ်ပြီး ဓားပြီးတယ်ဆိုလားပဲ။ နဂို ကမှ မိုက်သွေးကြွနေတဲ့အထဲ သိဒ္ဓိဆေးပေး ထားတော့ မြင်းကို ချိုတပ်ပေးသလို ဖြစ်နေ တာပေါ့။ အခုဆို စံလှနဲ့ပေါင်းရမှာတောင် ကျုပ်ခပ်လန့်လန့်ဖြစ်နေပြီလေ။
(၂)
ကျုပ်ဒီနေ့ ရွာထဲသွားတော့ ကျုပ်ကို မြင်တဲ့သူတိုင်းက ရှောင်ဖယ်ရှောင်ဖယ်နဲ့ ဘယ်သူမှ အဖက်မလုပ်ကြဘူး။ စံလှကိုမုန်း သလို စံလှနဲ့ပေါင်းတဲ့ကျုပ်ကိုလည်း ရွံကြောက် ကြောက်နေတယ်ထင်ပါရဲ့။ ဒါပေမယ့် ကျုပ် စိတ်ဓာတ်ကို သူတို့သိနေကြတာပဲ။ ဒီလောက် ဖြစ်စရာလား။ ကျုပ် စံလှပေါင်းတာက ငယ်သူငယ်ချင်းမို့ ပေါင်းတာလေ။ စံလှရဲ့ မိုက်ကျင့်တွေကို ပေါင်းတာမှမဟုတ်တာ။ကဲပါဗျာ သူတို့အရေးမလုပ် ကျုပ်ကအရေးလုပ် စရာလား။ ဒါပေမယ့် ကျုပ် စံလှနဲ့တော့ ခပ်ခွာခွာ နေနိုင်သရွေ့ နေဦးမှပါလို့ ဆင်ခြင်မိပါရဲ့။
ဒီနေ့ ညောင်ကန်ရွာမှာ အသုဘရှိလို့ စံလှ ကျုပ်ကို လာခေါ်တယ်။
''ဖိုးလုံး လာပါကွ၊ အခုအသုဘက ဆွေကြီး မျိုးကြီးတွေထဲကကွ။ လာတဲ့သူတွေကလည်း မြို့ကသူဌေးတွေတဲ့။ အဲဒီကောင်တွေနဲ့ ဝိုင်း ဖြစ်ရင် သုံးရက်လောက် ရေမီးအစုံပဲလိုက်ခဲ့ပါ အနမ့်''
စံလှရဲ့ မစားရဝခမန်း ပြောနေတဲ့ လေသံကြား ကျုပ်ရုန်းထွက်ချင်ပါတယ်။ ဒါပေမယ့် ငယ်ငယ်လေးထဲက ခင်ခင်မင်မင် ပေါင်းလာတာဆိုလို့ ဒီကောင်ပဲရှိတာ။ နောက် အခုချက်ချင်း သူ့ကို ရှောင်လိုက်လို့လည်း ဘယ်ဖြစ်မလဲ။ ဒါကြောင့် ကျုပ် စံလှနဲ့လိုက်ခဲ့ လိုက်တယ်။ ကျုပ်တို့ အသုဘအိမ် မသွားခင် ရွာထိပ်က အတီးဆိုင်မှာ မီးတောက်တစ်လုံး ဝင်မော့လာခဲ့သေးတယ်။ တစ်လုံး နှစ်ယောက် ဆိုတော့ စံလှတို့ နံကြားတောင် ညပ်မယ် မထင်။ အပြန် ဖဲနိုင်မှ အတီး တစ်ဆိုင်လုံး ဝယ်သောက်မယ်လို့ စံလှ ကြုံးဝါးခဲ့သေး ရဲ့။
ကျုပ်တို့ ညောင်ကန်ရောက်တော့ သူငယ် အိပ်ချိန်ရောက်နေပြီ။ အသုဘအိမ်ရောက် တော့ ညောင်ကန်ရွာ ကာလသားခေါင်း ထင်ပါရဲ့ စံလှကို ထွက်ခေါ်တယ်။
''ဟာ စံလှ လာမှလာပါ့မလားလို့ကွာ''
''အေးဗျာ ဒီဆရာကို ပင့်နေရတာနဲ့ ကြာနေတာ''
စံလှက ကျုပ်ကိုမေးငေါ့ပြရင်း ပြောတယ်။ကျုပ်ဘာမှ ပြန်မပြောဘဲ သူတို့နောက်က အသာလေးတက်လိုက်သွားတယ်။ အိမ်နောက် ဘက် အခန်းထဲရောက်တော့ လူလေးယောက် ထိုင်နေတယ်။ စံလှက အဲဒီလူတွေကြားဝင်ထိုင် လိုက်တယ်။ ကျုပ်ကတော့ စံလှနောက်မှာ ထိုင်ရတာပေါ့။ သူတို့ရဲ့ ဖဲကိုင်သံ တဖြောင်း ဖြောင်း အသံတွေကြား ကျုပ်အိပ်ငိုက်ချင်လာ တယ်။ ဒါနဲ့ ဒူးပေါ်မေးတင်ပြီး ခဏလေး မှေးနေလိုက်တော့တယ်။
''ဝုန်း''
''ခွပ်''
''ဘုတ်''
''အား''
အသံတွေကြားမှ ကျုပ်လန့်နိုးလာတယ်။စံလှဆိုတဲ့ကောင်ပေါ့၊ လေးယောက်တစ်ယောက် ချနေတာ။ သူကချည်း လိုက်ထိုးနေတာ။ကျုပ် နဲ့ အိမ်သူအိမ်သားတွေ ဝိုင်းဆွဲမှ ရတော့တယ်။ဟိုလူတွေ မျက်နှာမှာ သပြေသီးတွေ မှည့်သွား တယ်။ တစ်ယောက်ကတော့ ခေါင်းကွဲသွား တယ်ထင်တယ်။ ခေါင်းမှာ သွေးဆိုတာ ချင်းချင်းရဲ။ စံလှဆိုတဲ့ကောင်ကတော့ ခပ်ပြုံး ပြုံးပဲ။ သူပြောနေကျ စကားတောင်ပြောလိုက် သေးတယ်။
''စံလှကို စံလာမပြနဲ့၊ နာလန်ပါမထနိုင် ဖြစ်သွားမယ်၊ မှတ်ထား ငါ့နာမည်စံလှတဲ့ကွ''
ကျုပ်တို့ မသာအိမ်ဖဲဝိုင်းမှာ ရိုက်မှုနဲ့ အချုပ်ထဲမှာ တစ်ပတ်လောက်အိပ်လိုက်ရသေး တယ်။ ကျုပ်အမေကတော့ စံလှဆို ဝေးဝေးက ရှောင်ဖို့ပြောတာ အာပေါက်မတတ်ဘဲ။ ကျုပ် အတတ်နိုင်ဆုံး ရှောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ငယ်ငယ်တည်းက လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းကို ချက်ချင်းရှောင်ရ မယ်ဆိုတော့ ခက်ပေဖူးလား။ စံလှကလည်း ကျုပ်ကိုတွေ့ရင် ဖဲဝိုင်းခေါ်၊ ကြက်ဝိုင်းခေါ်နဲ့။ စံလှ လာခေါ်တိုင်း ကျုပ် ဆင်ဝှေ့ရန်ရှောင် လုပ်တာ နှစ်ခါလောက်တော့ အဆင်ပြေသွား တယ်။ ကျုပ်လည်း စံလှကို မိုက်ဇာတ်သိမ်းစေ ချင်ပါပြီဗျာ။
(၃)
''စံလှရယ် နင်နဲ့တော့ ခက်ပါတယ်ဟယ်။ နင့်ကိုလေ ငါဘယ်လို ဆုံးမရမှန်းကို မသိ တော့ဘူး။ ငါတို့မျိုးထဲမှာလေ နင့်လိုကောင် ဘယ်သူမှ မပါဘူး။ နင်တစ်ယောက်တည်း စုန်းပြူးပါလာတာဟဲ့ အကောင်ရဲ့''
''အမေကလည်းဗျာ ကျုပ်ကိုဆို ပြောမယ် ဆိုမယ်ဆိုတာချည်းပဲ။ အဲဒါကြောင့် ကျုပ် အိမ်ပြန်မလာချင်တာ။ အမေချက်တဲ့ထမင်း စားရတာနဲ့မကာမိဘူး။ နားငြီးလိုက်တာ လွန်ရော''
''အောင်မလေး နားငြီးရင် ကြွ ကြွ။နင့်ကို မွေးရတာ ဝမ်းရေစပ်တယ်ဟဲ့ ငမိုက်သားရဲ့''
''သွားမယ်ဗျာ အဲဒါကြောင့် အိမ်မှာ မနေ ချင်တာ''
''ကြွပါတော် ကြွ ကြွ''
စံလှတို့သားအမိ ပြောနေကျ စကားရယ် ပါ။ သူ့အမေပါးစပ်အမြှုပ်ထွက်တောင် အချိုး ပြင်မယ့်ကောင်မဟုတ်။ စံလှတို့က သားအမိ နှစ်ယောက်တည်းရယ်လေ။ အဖေလုပ်သူက သုံးနှစ်လောက်ကမှ ပိုးထိပြီးဆုံးသွားတာ။စံလှအမေ ဒေါ်လေးညို ခင်မျာလည်း သားဆိုး အမေတပေပေ ဖြစ်နေရှာတာပေါ့။ အခုဆို ပိုတောင်ဆိုးနေသေး။ ဟိုနေ့က ဟိုဘက်ရွာက ကွမ်းတောင်ကိုင် မထားနွယ်ကို ဆွဲလား ရုန်းလားလုပ်လို့ ဦးသာပေါတို့အိမ်မှာ ညဥ့်အိပ် ခဲ့ပြီးပြီ။ ဒီကောင် အချိုးတွေ ပြင်ရင်တော့ သိပ်ကောင်းမှာပေါ့ဗျာ။ အလမ္ပာယ်ဆရာ ဦးသာချမ်းကြီးရဲ့ ကာယသိဒ္ဓိလက်ဖွဲ့အားကိုးနဲ့ အရင်ထက်ကို ဆိုးနေပြီ။ ကြာရင် ဖမ်းဝရမ်း တောင် အထုတ်မခံရရင် ကံကောင်းတယ် မှတ်ရမယ်။
''ဟာ ဖိုးလုံးရာ လာစမ်းပါကွာ။ မင်းက နှေးလိုက်တာ လိပ်ခြေကျိုးကမှ မင်းထက် မြန်ဦးမယ်''
စံလှက အရေးတကြီး ကျုပ်ကိုခေါ်နေ တယ်။ ကျုပ်ကလည်း ကျုပ်ပဲ ဘယ်တော့ဖြစ်ဖြစ် အမြဲနောက်က။ ဒီနေ့ကျုပ်နဲ့ စံလှ သပြေကုန်း က ရဲကြီးတို့နဲ့ ကြက်တိုက်ဖို့ ချိန်းထားတယ် လေ။ အချိန်က မွန်းလွဲချိန်ဆိုတော့ ပူချက်က လွန်ရော။ နေတအားပူတော့ စိတ်မြန်တဲ့စံလှ က ကျုပ်ကို စိတ်မရှည်ဘူး ထင်ပါရဲ့။
''အေးပါကွာ ဖြည်းဖြည်းပေါ့ စံလှရ၊ ဟိုကောင်တွေလည်း ရောက်လောက်ဦးမယ် မထင်ပါဘူး''
ကျုပ်လည်း အေးအေးပဲ ပြန်ပြောလိုက် တယ်။ စံလှကတော့ တစ်နာရီ မိုင်ခြောက်ဆယ် နှုန်းနဲ့ သွားနေသလားမှတ်ရ။ မြန်ချက်က ကျုပ်အပြေးလိုက်မှ မီတယ်။
''နောက်တစ်ခါဆို မင်းမလိုက်နဲ့ ဖိုးလုံး၊ ရတဲ့အချိန် အလုပ်လုပ်ရမှာကွ၊ အချိန်ကောင်း မှာ ရဲတွေလာဝိုင်းမှ နန်းစံနေရမယ် သိလား''
''အေးပါ စံလှရာ ဒါဆိုလည်းသွား''
ကျုပ်တို့ သပြေကုန်းရောက်တော့ နှစ်နာရီ ထိုးတော့မယ်။ ရဲကြီးတို့အုပ်စုကတော့ ရောက် နှင့်နေပြီ။ ကျုပ်တို့ရဲ့ ကြက်ငထိန်ကြီးက လည်း ပြိုင်ဘက်မြင်ကတည်းက လည်ဆံမွေး ပွနေပြီ။ သို့ပေမယ့် ငထိန်ကြီးက ခွပ်လက် နှစ်ဖလောက်ပဲရှိသေးတာ။ ဟိုဘက်ကြက်ကြီး က ရှစ်ဖလောက် နိုင်ပြီးသားဆိုပဲ။ ကျုပ်ဖြင့် သိပ်တောင်အားမရလှဘူး။ စံလှကတော့ အားသန်နေပုံပဲ။ ကြက်နိုင်တိုင်း သူဆိုနေကျ သီချင်းကို ခပ်တိုးတိုးလေး ညည်းနေလေရဲ့။
''ကိုကြီးဖိုးလုံး ကိုကြီးဖိုးလုံး''
နောက်ကခေါ်သံကြောင့် ကျုပ်လှည့် ကြည့်လိုက်တော့ ဆိတ်ကျောင်းသားမောင်စိန်။ကျုပ်တို့ဆီ အပြေးအလွှားပြေးလာနေတယ်။
''မောင်စိန် ဘာဖြစ်လို့လဲ''
''ကိုကြီးဖိုးလုံးအမေ အိမ်ပေါ်ကချော်ကျ လို့ဗျ''
''ဟေ ဟုတ်လား အေးအေး ညီလေး ငါ အခုလိုက်ခဲ့မယ် အနမ့်''
ကျုပ်စံလှကို အကျိုးအကြောင်းပြောပြပြီး အိမ်ပြန်လာခဲ့တယ်။ တော်သေးတယ် အမေ ဘာမှမဖြစ်လို့။ ခေါင်းတော့နည်းနည်းလေး ပေါက်သွားတာပေါ့။ ဆေးမှူးလေးပေးတဲ့ ဆေးနဲ့ အမေသက်သာနေတော့ ကျုပ်အမေ့ကို နောက်တစ်ခါ အမေ့နားက ဘယ်မှမသွားတော့ ဘူးလို့ ကတိပေးလိုက်ရတယ်။ ဒါမှ အမေ စိတ်ချမ်းသာမှာလေ။ ကျုပ် ညနေစောင်းတော့ အိမ်မှာရေထမ်းနေရင်း စံလှပြန်လာမယ့် ရွာ လမ်းအတိုင်း မျှော်နေမိသေးတယ်။ သြော် စံလှ စံလှ ...။
(၄)
''ဟုတ်လို့လား အမေရာ''
''ဟုတ်ပါတယ် ဖိုးလုံးရယ် ခုနကမှ ငါးသည် ချိုဝင်း ပြောသွားတာ''
အမေ့စကား ကျုပ်မယုံနိုင်ပါ။ စံလှလို လူကို ဘယ်သူ သတ်ရဲမှာလဲ။ ကျုပ်နားထဲ မယုံနိုင်သလို ကျုပ်စိတ်ထဲလည်း ဝမ်းနည်း သလိုလိုပဲ။
''အမေရယ် စံလှကို သတ်ရဲတဲ့လူ ရှိပါ့ မလားဗျာ''
''ဟဲ့ ရဲကြီးတို့က အုပ်စုလိုက် သတ်သွား တာတဲ့။ ခုတ်ထစ်ထားတာ လူမြင်လို့တောင် မကောင်းဘူးဆိုလား။ နင်ပါ မသေတာ ကံကောင်းတယ်မှတ်''
ဟုတ်ပေသား ကျုပ်ပါဆက်ရှိနေရင် ကျုပ် ပါသေမလို့။ အမေ အိမ်ပေါ်ကချော်ကျတာ ကျုပ်အတွက် ကံကောင်းတယ် ဆိုရမလား။ကျုပ် ခုမှ တကယ့်နောင်တတွေ ရမိတယ်။စံလှအဖြစ်ကိုလည်း သင်ခန်းစာရမိတယ်။
သြော် စံလှ စံလှ လူမိုက်ကြီး စံလှ။ အခု တော့ လူမိုက်လည်း လူမိုက်လမ်းသွားရတာပဲ။သူ့ဆရာ အလမ္ပာယ် ဦးသာချမ်းလည်း ဟိုနေ့ ကမှ သူဖမ်းလာတဲ့ မြွေက သူ့ပြန်ကိုက်လို့ ဆုံးရှာပြီတဲ့။ သူတို့ ဆရာတပည့်နှစ်ယောက် တစ်နေရာရာမှာ ဆုံနေလောက်ပြီ ထင်ပါရဲ့။
လင်းညို(ရွှေလင်းမြေ)
တရုတ်လက်ဝှေ့ကျော် ကျောက်ဝမ်ဝမ်အား စိုးလင်းဦး ဒုတိယအချီမှာပင် အလဲထိုးအနိုင်ယူ
ရန်ကုန် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး မြန်မာလက်ခမောင်းက ဦးဆောင် ကျင်းပသည့် WLC- 6 ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယနေ့ ညနေ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ-၁ ၌ ကျင်းပရာ စိုးလင်းဦး(မြန်မာ)နှင့် ကျောက်ဝမ်ဝမ်(တရုတ်)တို့ပွဲတွင် စိုးလင်းဦးက ကျောက်ဝမ်ဝမ်ကို ဒုတိယအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
စိုးလင်းဦး(မြန်မာ)နှင့် ကျောက်ဝမ်ဝမ်(တရုတ်)တို့ပွဲတွင် ပွဲစသည်နှင့် တစ်ဦးနှင့်တစ်ဦး တိုက်စစ်ဖွင့်ကစားခဲ့ကာ အပြန်အလှန်အထိနာခဲ့သည်။ ဒုတိယအချီ အစတွင် တိုက်စစ်ဖွင့်ကစားတတ်သော စိုးလင်းဦးက အတင်းဝင်၊ အတင်းထွက် တရစပ်လိုက်လံထိုးသတ်ခဲ့သဖြင့် ကျောက်ဝမ်ဝမ် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အခြားဒုတိယပွဲစဉ်ဖြစ်သည့် လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ချန်ပီယံ ကာကွယ်ပွဲတွင် ကျော်ဇင်လတ် (ရွှေသထုံ)နှင့် စောထူးအောင်(ရိုးရာပုဂံ)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ ပထမအချီမှာပင် စောထူးအောင်က ကျော်ဇင်လတ်ကို အလဲထိုးအနိုင်ရကာ လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ရွှေခါးပတ်ချန်ပီယံကို လွှဲပြောင်းရယူလိုက်သည်။
အခြားပွဲစဉ်များဖြစ်သည့် ရန်နိုင်ထွန်း(မြန်မာ)နှင့် ရွန်ဆူဖွန်(ကမ္ဘောဒီးယား)ပွဲတွင် တတိယအချီ၌ ရန်နိုင်ထွန်း အလဲထိုးဖြင့်နိုင်ခဲ့ပြီး သပြေညို(မြန်မာ)နှင့် ဆူး ခရော့ဖ်ခိုမူရိုဒေါ့(ဥဇဘတ်ကစ္စတန်)တို့ပွဲတွင် တတိယအချီ၌ မူရိုဒေါ့ ညာမျက်ခုံးကွဲ ဆေးကျဖြင့် သပြေညိုကို အရှုံးပေးလိုက်ရသည်။ တစ်ဖန် အန်တိုနီယိုဖာရာ(ပေါ်တူဂီ)နှင့် ငုယင်ထန်ကွင်း(ဗီယက်နမ်)တို့ပွဲတွင် ပထမအချီနှင့် ဒုတိယအချီတို့တွင် တစ်ဖက် နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း တတိယအချီတွင် အန်တိုနီ ယိုဖာရာ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
လိုက်ဝိတ်တန်းပွဲစဉ် မိုက်ရိုင်း(မြန်မာ)နှင့် ပစ်ခ်မထဲခမန်း(ကမ္ဘောဒီးယား)တို့ ပွဲတွင် ငါးချီပြည့် တစ်ဦးနှင့်တစ်ဦး တိုက်စစ်ဖွင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း ငါးချီ ပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင်မပေါ်ခဲ့၍ အမှတ်ဖြင့် ဆုံးဖြတ်ရာ ပစ်ခ်မထဲ ခမန်း အနိုင်ရခဲ့သည်။ အခြားပြည်တွင်းပွဲစဉ်များဖြစ်သည့် ပိုက်ထွေးနှင့် ဆန်းသူဦး တို့ပွဲတွင် ပိုက်ထွေးက အမှတ်ဖြင့် လည်းကောင်း၊ လက်သီးမိုးနှင့် ယှူးခလိန်းမင်းတို့ ပွဲတွင် လက်သီးမိုးက အမှတ်ဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်
တရုတ် မှ ဦးဆောင်ဦးရွက် ပြုမည့် ကျောက်ဖြူ
ရေနက် ဆိပိကမ်း နှင့် စီးပွားရေး ဇုံများ တည်
ဆောက်ရေးတွင် မူလတန်ဖိုး ဒေါ်လာ
၇.၂ ဘီလီယံ မှ ယခုအခါ ၁.၃ ဘီလီယံ
ဒေါ်လာသာ ရှိတော့သည်ဟု သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ၏ စီးပွားရေး အကြံပေး
ရှောင် တန်နယ် မှ ကျောက်ဖြူ ရေနက် ဆိပ်
ကမ်း အတွက် ကန်ထရိုက် တန်ဖိုးကို အောင်
မြင်စွာ ဖြင့် ပြန်လည် ဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံများ
အနေဖြင့်လည်း မြန်မာပုံစံကို အတုယူသင့်
ကြောင်း ချီးကြူးပြောဆိုသွားပါတယ်။
တည်ဆောက်ရေး အပိုင်းကို မူလစီစဉ်ထား
သည့်အတိုင်း အဆင့် လေးဆင့်ဖြင့် ပြုလုပ်သွား
မည်ဖြစ်သော်လည်း ပထမအဆင့် အပြီးတွင်
လိုအပ်ချက်များ ပြည့်စုံမှသာ ကျန်အဆင်များကို
ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပထမ အဆင့် အတွက် ကုန်ကျငွေမှာ ဒေါ်လာ
၁.၃ ဘီလီယံ ဖြစ်ပြီး သင်္ဘော နှစ်စင်း မှ သုံး
စင်းအထိ ဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားနျား
တည်ဆောက်ရန် ဖြစ်ပြီး မူလ က သင်္ဘော
ဆယ်စင်း အထိ ဆိုက်ကပ်နိုင်ရန် ဆောက်လုပ်
သွားဖို့ ရည်ရွယ်ခဲ့ပါတယ်။ နောက်ထပ် တိုးချဲ့
ဖို့ကတော့ အဆိုပါ ဆိပ်ကမ်း မှ အမြတ်ငွေများ
သိသိသာသာ ရရှိမှသာ ဆက်လုပ်သွားမှာ
လည်း ဖြစ်ပါတယ်။
အဆိုပါ စီမံကိန်းအတွက် တရုတ် အစိုးရ ရင်းနှီး
မြုပ်နှံရေး ကုမ္ပဏီ ဖြစ်တဲ့ Citic က ၇၀% ထည့်
ဝင်မှာ ဖြစ်ပြီး မြန်မာအစိုးရ နဲ့ ပြည်တွင်း
ကုပ္မဏီ ၄၂ ခုတို့ က ကျန် ၃၀% ကို ကျခံကြရ
မှာ ဖြစ်ပါတယ်။
တရုတ်ကို ကြွေးပြန်မဆပ်နိုင်တော့လို့ ဆိပ်
ကမ်းကို ၉၉ နှစ်ကြာ အငှားချပေးလိုက်ရတဲ့
သီရိလင်္ကာ အဖြစ်ကို ကြည့်ပြီး မြန်မာက
ပြန်လည်ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။
တရုတ် ရဲ့ ခါးပါတ်လမ်းစီမံချက်ကို နိုင်ငံ အများ
အပြားက သံသယ ၀င်လာပြီး ပြီးခဲ့တဲ့ အပါတ်
မော်လဒိုက် ရွေးကောက်ပွဲမှာ တရုတ် နဲ့ ပုလဲ
နံပါတ်သင့်ပြီး ကြိမ်းသေပေါက် နိုင်မယ် တွက်
ထားတဲ့ အာဏာရှင် သမ္မတ Abadullah Yameen ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့
အဖြစ်များကြောင့် တရုတ် အဖို့ စိုးရိမ်ပူပန်မှု
များ ကြီးထွားလာချိန်မှာ မြန်မာဖက်က တွန်း
တွနိးတိုက်တိုက် ဆွေးနွေးနိုင်ခဲ့လို အခုလို
အောင်မြင်မှု ရရှိခဲ့ခြင်းပဲ ဖြစ်ပါတော့တယ်။
လှစိုးဝေ
ကိုးကား။ ။ Nikki Asian Review
ငါးသိုင်းချောင်းမြို့ ပုဂ္ဂလိကမော်တော်ယာဉ်များ သုံးရက်ကြိုတင်ပြီး ယာဉ်စီးခများတိုးတောင်း
ရေကြည် စက်တင်ဘာ ၂၉
ရေကြည်မြို့နယ် ငါးသိုင်း ချောင်းမြို့တွင် မော်တော်ယာဉ်စီးခ များကို ယခင်ငါးသိုင်းချောင်း-ရန်ကုန်ကျပ်၂၅ဝဝ၊ ငါးသိုင်းချောင်း- ပုသိမ် ကျပ် ၁၅ဝဝ၊ ငါးသိုင်း ချောင်း-ဟင်္သာတ ကျပ် ၁၅ဝဝ ဖြင့် ပြေးဆွဲလျက်ရှိပြီး ယမန် နေ့မှစပြီး ဆုံးဖြတ်ထားသည့်ရက် ထက် သုံးရက်စောပြီး မော်တော် ယာဉ်စီးခများဖြစ်သည့် ရန်ကုန်- ငါးသိုင်းချောင်း ကျပ် ၃၅ဝဝ၊ ငါး သိုင်းချောင်း-ပုသိမ် ကျပ် ၂၅ဝဝ၊ ငါးသိုင်းချောင်း-ဟင်္သာတ ကျပ် ၂၅ဝဝ တိုးတောင်းလျက်ရှိကြောင်း ခရီးသွားရန်ကားလက်မှတ်ဖြတ် သူများက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင် ရေကြည်မြို့နယ် ငါးသိုင်း ချောင်းမြို့ ကားပိုင်ရှင်များနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျပြေးဆွဲရေးကော် မတီမှ ယခုလ၂၃ရက်က အစည်း အဝေးဆုံးဖြတ်ချက်အရ လက်ရှိ တောင်းခံနေသော မော်တော် ယာဉ်စီးခနှုန်းထားများ လွန်စွာ နည်းသောကြောင့် လိုင်းပေါင်း စုံကားများ စုံလင်အောင်မထွက် နိုင်ဖြစ်နေသောကြောင့် ခရီးသွား ပြည်သူများ အဆင်ပြေစွာသွား လာနိုင်စေရန် မော်တော်ယာဉ်များ နေ့စဉ်ထွက်ရှိနိုင်ရေးအတွက် ကား ခနှုန်းထားများကို အောက်တိုဘာ ၁ ရက်မှစ၍ငါးသိုင်းချောင်း-ရန်ကုန် ခရီးစဉ် ကျပ် ၃၅ဝဝ၊ ငါးသိုင်း ချောင်း-ပုသိမ်ကျပ်၂၅ဝဝ၊ငါးသိုင်း ချောင်း-ဟင်္သာတ ကျပ် ၂၅ဝဝ၊ ရေကြည်-ရန်ကုန် ကျပ် ၃ဝဝဝ၊ ရေကြည်-ပုသိမ်နှင့် ရေကြည်-ဟင်္သာတခရီးစဉ်ကို ကျပ် ၂ဝဝဝ ဖြင့် ပြင်ဆင်တောင်းခံသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
မင်းဇော်ဦး(ရေကြည်)