Latest News

Tuesday, August 14, 2018

သာယာဝတီနှင့် ဆရာစံ

သာယာဝတီနှင့် ဆရာစံ


ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်း ရှိ သာယာဝတီမြို့နယ်သည် ကုန်းဘောင် ဆက်ဘုရင်  ၁၁  ပါး  အနက် အဋ္ဌမ မြောက်ဘုရင် သာယာဝတီမင်း(ခရစ် နှစ်   ၁၈၃၇-၁၈၄၆)   မင်းသားဘဝက အပိုင်စားရခဲ့သည့်မြို့အဖြစ် ထင်ရှားခဲ့ သည်။ ထို့အတူကိုလိုနီခေတ်တွင် နယ်ချဲ့ များကို    တော်လှန်တိုက်ခိုက်ခဲ့သည့် လယ်သမားခေါင်းဆောင်ဆရာစံ (ခရစ် နှစ် ၁၈၇၆-၁၉၃၁) ၏ တော်လှန်ရေး အခြေချခဲ့သည့်နေရာလည်း ဖြစ်ပေသည်။

သာယာဝတီမြို့သည် စာရေးဆရာမ စိန်စိန်၊ ပါမောက္ခ ဦးအောင်လှ၊ သာယာ ဝတီ ဦးမောင်မောင်တို့၏    ဇာတိမြေ အဖြစ်  ထင်ရှားကာ   သာယာဝတီနှင့် တစ်ဆက်တည်းတည်ရှိသည့် သုံးဆယ် မြို့သည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော် ဇော၊  ဗိုလ်စိန်မှန်နှင့်   စာရေးဆရာ ပီမိုးနင်းတို့၏ မွေးရပ်မြေဖြစ်သည်။

သာယာဝတီအကြောင်း  ပြောကြ လျှင် ဆရာစံနှင့် သာယာဝတီထောင်တို့ ပါဝင်မြဲဖြစ်ရာ ဆရာစံသည် ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရအား  တွန်းလှန်  တိုက် ခိုက်ခဲ့သော   တောင်သူလယ်သမားထု ကို ဦးဆောင်ခဲ့သူဖြစ်၍   သာယာဝတီ ထောင်သည်လည်း နယ်ချဲ့ကိုဆန့်ကျင် သည့် မျိုးချစ်များကို နှိပ်ကွပ်ရာ အကျဉ်း ထောင်ကြီးအဖြစ် ထင်ရှားခဲ့သည်။
မူလသာယာဝတီမြို့သည်   ကြို့ပင် ကောက်မြို့မှ အရှေ့ဘက် ခြောက်မိုင် အကွာတွင် တည်ရှိနေသော မြို့တွင်းရွာ နေရာဖြစ်ကာ ယခုသာယာဝတီမြို့သည် ရွာကြီးကုန်းအမည်ရှိ ရွာကြီးတစ်ရွာဖြစ် ခဲ့သည်။  ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှတို့က သာယာဝတီဒိစတြိတ်ကို သတ်မှတ်ခဲ့ပြီး ရွာကြီးကုန်းတွင်  ခရိုင်ရုံးစိုက်ရာမှ  ရွာ ကြီးကုန်းသည် သာယာဝတီဟု အမည် တွင်ခဲ့သည်။
သမိုင်းထဲက သာယာဝတီ
ရန်ကုန်မြို့မှ   မိုင်  ၈ဝ  ကွာဝေး၍ ရန်ကုန်-ပြည် မော်တော်ကားလမ်းနှင့် မီးရထားလမ်းပေါ်တွင်   တည်ရှိသည့် သာယာဝတီမြို့သည်     ရှေးအခါက ဟံသာဝတီဘုရင်များ အုပ်ချုပ်မှုအောက် တွင်ရှိခဲ့ပြီး   အလောင်းမင်းတရား နန်း တက်ခဲ့ပြီးနောက်   မြန်မာပိုင်နယ်မြေ ဖြစ်လာခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းတွင် သာယာဝတီဟူသည့်အမည်သည် ပါဠိ ဝေါဟာရ သာရဝ္တမှ ဆင်းသက်လာပြီး  ပေါမျာြး<ွကယ်ဝခြင်းဟူသည့် အနက်ကို ဆောင်ကြောင်းနှင့် သာယာဝတီမင်း သားသည်  နောင်တော် ဘကြီးတော် စစ်ကိုင်းမင်းကိုနန်းချရန် သာယာဝတီ နယ်အတွင်းရှိ မြို့တွင်း၌လူသူလက်နက် များစုဆောင်းခဲ့ကြောင်း  ဖော်ပြထား သည်။  ဆက်လက်၍  မြို့ တွင်း၌ ကျုံးနှင့် မြို့ရိုး အပျက်အစီးများကို တွေ့နိုင်သည် ဟု ရေးသားထားသည်။
၁၈၅၂ ခုနှစ်တွင် သာယာဝတီသည် သာရဝေါခရိုင်အတွင်း၌   သာရဝေါနှင့် မြန်အောင်မြို့နယ်တို့နှင့်အတူ ပါဝင်ခဲ့ ကာ  မြို့ဝန်  ဦးပိုက  အုပ်ချုပ်ခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းနယ်မြေများကို   သာရဝေါ ခရိုင်အတွင်းမှ ခွဲထုတ်၍  သာယာဝတီ ခရိုင်ဟု သတ်မှတ်ခဲ့သည်။ ၁၈၆၁ ခုနှစ် တွင် သာယာဝတီခရိုင်ကို   ဟင်္သာတ ခရိုင်နှင့် ပေါင်းခဲ့ပြီး ၁၈၇၃ ခုနှစ်တွင် သီးသန့်ခရိုင်တစ်ခုအဖြစ် ပြန်လည်ခွဲ ထုတ်ခဲ့သည်။
လက်ရှိ သာယာဝတီမြို့ကို အင်္ဂလိပ် အစိုးရက ၁၈၇၈ ခုနှစ်တွင်တည်ထားခဲ့ သည်။   သို့သော်  သာယာဝတီမြို့၏တောင်ဘက်  နှစ်မိုင်အကွာတွင်ရှိသည့် သုံးဆယ်က ပိုမိုအချက်အချာကျကာ စည်ကား  ဖွံ့ဖြိုးခဲ့သည်။   ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်တွင် သာယာဝတီမြို့ကိုလည်းကောင်း ၊ ၁၉၇၃ ခုနှစ် မတ်လ ၅ ရက်တွင် သုံးဆယ်မြို့ကို လည်းကောင်း ဖွဲ့စည်းခဲ့သည်။
လက်ရှိ    သာယာဝတီခရိုင်တွင် သာယာဝတီ၊  ဇီးကုန်း၊  နတ်တလင်း၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း၊ အုတ်ဖိုနှင့် ကြို့ပင်ကောက်မြို့နယ်များပါဝင်ကာ သာယာဝတီမြို့နယ်ကို  မြို့ နှစ်မြို့၊ ရပ် ကွက် ၂၁ ခု၊ ကျေးရွာအုပ်စု ၄၈ အုပ်စု၊ ကျေးရွာ ၂၆၂ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၁၇ ခုနှစ် မတ်လ စာရင်းဇယားများ အရ  သာယာဝတီမြို့နယ်၏  လူဦးရေ သည် ၁၅၄၆ဝ၆ ဦးဖြစ်သည်။
သာယာဝတီမြို့သည် ၃ ဒသမ ၂၉ စတုရန်းမိုင်ကျယ်ဝန်း၍ သုံးဆယ်မြို့က ၃ ဒသမ ဝ၅ မိုင်ကျယ်ဝန်းကာ မြို့နယ် တစ်ခုလုံး၏ ဧရိယာသည် ၃၉၈ ဒသမ ၈၉ စတုရန်းမိုင်ဖြစ်သည်။ သာယာဝတီ မြို့နယ်သည်   အရှေ့ဘက်တွင်  ပဲခူး မြို့နယ်၊  အနောက်ဘက်တွင်  ဇလွန် မြို့နယ်၊  တောင်ဘက်တွင်  တိုက်ကြီး မြို့နယ်၊ မြောက်ဘက်တွင် လက်ပံတန်း မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိဆက် နေသည်။   သုံးဆယ်မြို့ကို   အရှေ့မှ အနောက်သို့ ဖြတ်သန်းစီးဆင်းနေသည့် သုံးဆယ်ချောင်းသည် မြို့၏ အနောက် ဘက် ၂၄ မိုင်ရှိ မြစ်စောင်းကျေးရွာတွင် မြောက်မှ တောင်သို့ စီးဆင်းနေသည့် ဖိုးခေါင်မြစ်ခေါ် မြစ်မခမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။
ဆရာစံ
လယ်သမားခေါင်းဆောင် သုပ္ဏက ဂဠုနရာဇာ ဘွဲ့မည်ခံ ဆရာစံကို  မြန်မာ သက္ကရာဇ်  ၁၂၃၈ ခုနှစ် တန်ဆောင်မုန်း လဆန်း ၈ ရက် (ခရစ်နှစ် ၁၈၇၆ ခုနှစ်  အောက်တိုဘာလ ၂၄  ရက်)  အင်္ဂါ နေ့တွင်  ရွှေဘိုခရိုင်   ဒီပဲယင်းမြို့နယ် သရက်ကန်   အရှေ့ရွာ၌   တောင်သူ လယ်သမား    မိဘများဖြစ်ကြသည့် ဦးကျေးနှင့်  ဒေါ်ဖက်တို့က  ဖွားမြင်ခဲ့ သည်။  ဆရာစံသည်   မောင်နှမ  ငါး ယောက်တွင်  အငယ်ဆုံးဖြစ်ပြီး  ငယ် မည်မှာ မောင်စံရှားဖြစ်သည်။ သာယာ ဝတီ သူပုန်အမှုတွဲမှတ်တမ်းတွင် ဆရာစံ အမည်နှင့်တွဲ၍  စံကျော်၊  ဆရာမြိုင်၊ ဦးÓဏဟူသည့်  ဆရာစံ၏  အခြား အမည်များကိုပါ ဖော်ပြထားသည်။
ဆရာစံသည် ငယ်စဉ်က သရက်ကန် အရှေ့ရွာနှင့်  အနောက်ရွာအကြားရှိ ဦးသူရိယ အုတ်ကျောင်းတွင် ပညာသင် ယူခဲ့ပြီး   မ္တလေးရတနာဘုမ္မိအရပ်ရှိ မဏိရတနာရာမ  မြတောင်တိုက်တွင် သင်္ကန်းစည်းကာ   နှစ်နှစ် ပညာသင်ယူ ခဲ့သည်။ ထိုကျောင်းမှ လူထွက်ခဲ့ပြီး နောက် ဖြူးမြို့အရှေ့ဘက်ရှိ ငါးခေါင်း အင်းရွာတွင်နေထိုင်ခဲ့စဉ် ဒေါ်ကေနှင့် အကြောင်းပါ၍ မစိန်နှင့် မောင်ဘိုးသင်း အမည်ရှိ သမီးနှင့်သား ထွန်းကားခဲ့သည်။
ဆရာစံသည်     မော်လမြိုင်ခရိုင် ဘီလူးကျွန်း ကမာမိုရွာတို့တွင် မြန်မာ ဆေးဆရာအဖြစ်  လှည့်လည်ဆေးကု အသက်မွေးနေစဉ်   လက္ခဏုဇ  ဆေး ကျမ်းကို ရေးသားခဲ့သည်။ “ဝိဇ္ဇာသိပ္ပံ အင်္ဂုတ္တကျမ်းနှင့်   ညာဏောဒီဇဆေး ကျမ်းတို့ကိုလည်း ရေးသားပြုစုခဲ့သည်။ ဘီလူးကျွန်း  ကညော်တလိုင်း ဆရာ တော်ထံတွင်  နက္ခတ်ဗေဒင်ပညာကို သင်ယူခဲ့ပြီး  သင်္ကြန်စာများကို ဆရာစံ အမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဆရာစံသည် အဂ္ဂိရတ်ပညာနှင့် ဗေဒင် နက္ခတ်ပညာဆိုင်ရာ ညာတောဓိရံကျမ်း ကိုလည်း ရေးသားခဲ့သည်။
ဆရာစံသည် အရပ်မြင့်မြင့်၊ ပိန်ပိန် ပါးပါး၊ အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းမွေးရေးရေးရှိပြီး စကားပြော၊ တရားဟောလည်း အလွန်ကောင်းသည် ဟု ဆိုကြသည်။ ဆရာစံသည် တောင် သာဂိုဏ်းဝင် ဆေးဆရာအဖြစ် အသက် မွေးခဲ့စဉ် လူမှုရေး၊ ဘာသာရေးလုပ်ငန်း များဆောင်ရွက်ခဲ့သည်။ ၁၉ဝ၇ခုနှစ်တွင် ကမာမိုရွာ၌ ဓမ္မရက္ခိတအသင်းကို ဦးစီး တည်ထောင်ခဲ့ပြီး ထိုအသင်း၏ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။
၁၉၂ဝ ပြည့်နှစ်က ဂျီစီဘီအေ နိုင်ငံ ရေးအသင်းကြီး(General Council of    Burmese   Association)ပေါ်ပေါက်ခဲ့ပြီးနောက်    ဆရာစံသည် ၁၉၂၃ ခုနှစ်တွင်  ဂျီစီဘီအေအသင်း ကြီးသို့ ဝင်ရောက်ခဲ့ကာ ၁၉၂၅ခုနှစ်တွင် ရွှေဘိုမြို့၌ကျင်းပသော   (၁၂)   ကြိမ် မြောက်     နှစ်ပတ်လည်ညီလာခံသို့ မော်လမြိုင်ခရိုင် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ဂျီစီဘီအေ စုံစမ်းရေးကော်မတီဥက္ကဋ္ဌ အဖြစ်  သာယာဝတီခရိုင်၊  ဖျာပုံခရိုင်၊ ပြည်ခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ သရက်ခရိုင်၊ အင်းစိန်ခရိုင် များအတွင်းရှိ  ကျေးရွာများသို့  လှည့် လည်ကာ တောင်သူလယ်သမားတို့၏ ပကတိအခြေအနေများကို  စုံစမ်း၍ ဂျီစီ ဘီအေအသင်းကြီးသို့ အစီရင်ခံစာများ ကို တင်သွင်းခဲ့သည်။
ဆရာစံသည်  တောင်ငူညီလာခံပြီး ချိန်၌ နယ်ချဲ့များအား လက်နက်ကိုင် လမ်းစဉ်ဖြင့် ကိုယ်တိုင်ဦးဆောင်ဆန့် ကျင်ရန် ဦးစိုးသိမ်း ဦးဆောင်သည့်  ဂျီစီ ဘီအေအသင်းကြီးနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။ ထို့နောက် အင်္ဂလိပ်အစိုးရ ၏ ပြည်သူလူထုအပေါ်  လူခွန်နှင့် သဿ မေဓအခွန်များ  ကောက်ခံနေခြင်းကို ဆန့်ကျင်ရန်    လျှို့ဝှက်အသင်းများ တည်ထောင်ခဲ့ပြီး  ထိုအသင်းများကို ဂဠုန်အသင်းများဟု အမည်ပေးခဲ့သည်။ ဆရာစံသည် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်မှု များကြောင့် အစိုးရအပေါ် ဒေါသထွက် နေသော သာယာဝတီနယ်ကို  အခြေပြု ကာ နယ်ချဲ့အစိုးရအား တော်လှန်ပုန် ကန်မှုပြုလုပ်ပါက အောင်မြင်နိုင်မည်ဟု ယူဆလျက်   အင်္ဂလိပ်နယ်ချဲ့တို့အား တိုက်ခိုက်ရန် သာယာဝတီနယ်ကို ရွေး ချယ်ခဲ့သည်။
ဆရာစံ အောင်မြေ
ရန်ကုန်-ပြည် မော်တော်ကားလမ်း ပေါ်ရှိ ဂွေးချောင်းတာဆုံတွင် ကားလမ်း ၏ အရှေ့ဘက်ခြမ်း၌ ဂွေးချောင်း၊ ဖား ရွှေကျော်ရွာသို့ ဟူသည့် လမ်းòန်ကို စိုက်ထူထားသည်။   ဖားရွှေကျော်ရွာ သည်  ဆရာစံ၏  ဂဠုန်တပ်ဖွဲ့များနှင့် နယ်ချဲ့စစ်ပုလိပ်များ တိုက်ပွဲဖြစ်ပွားခဲ့ သည့် ကျေးရွာဖြစ်သည်။ (ဖားရွှေကျော် ရွာတိုက်ပွဲကို   ဂုဏ်ပြုသောအားဖြင့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင် ပင်လယ်ကူးသင်္ဘောတစ်စင်းကို ဖားရွှေ ကျော်ဟု ဂုဏ်ပြုအမည်ပေးခဲ့သည်)
တာဆုံ-သာယာအေး-ဖားရွှေကျော် ရွာလမ်းသည်  ငါးမိုင်  နှစ်ဖာလုံ ရှည် လျားသည်။ ဖားရွှေကျော်ရွာမှ တောင် ဘက် နှစ်မိုင်အကွာရှိ ဆရာစံအောင် မြေသို့ဝင်သည့်နေရာတွင်   'သုပ္ဏက ရာဇာဂဠုနဆရာစံအောင်မြေကုန်း'ဟု  အနီရောင်မုခ်ဦး စိုက်ထူထားသည်။ သာယာဝတီမြို့မှ ကိုးမိုင် နှစ်ဖာလုံကွာ ဝေးသည့်   ဆရာစံအောင်မြေကုန်းသို့ မော်တော်ဆိုင်ကယ်ဖြင့် အလွယ်တကူ သွားရောက်နိုင်သည်။
ဆရာစံအောင်မြေကုန်းအတွင်းရှိ ဆရာစံအလွမ်းပြေ သစ္စာမဏ္ဍိုင်စေတီ အား အင်္ဂလိပ်အစိုးရက ဆရာစံကို ကြိုး ပေးအပြီး တစ်နှစ်အကြာ ၁၉၃၂ ခုနှစ် တွင်တည်ထားခဲ့သည်ဟု ဆရာစံကုန်း ကို စောင့်ရှောက်နေသူ သီလရှင်ဆရာ ကြီး ဒေါ်ဥမ္မာသိင်္ဂီက ရှင်းပြခဲ့သည်။
ဆရာစံအောင်မြေသည် ၁၅ ပေ ပတ် လည်  မြေကွက်လပ်ဖြစ်ကာ  မြက်ပင် များ စိမ်းလန်းစွာပေါက်ရောက်နေသည်။ အောင်မြေအတွင်းရှိ    ဆရာစံရုပ်တု အောက်၌ ဆရာစံသည် အင်းဝအောင် မြေ၊ မ္တလေးအောင်မြေ၊ ပုဂံအောင်မြေ၊ တောင်ငူအောင်မြေနှင့် တွံတေးအောင် မြေများပေါ်တွင်    ဗြိတိသျှနယ်ချဲ့ကို တွန်းလှန်ရန်   သစ္စာဆို၍ပန္နက်ရိုက်ခဲ့ သည်ဟု ကမ္ပည်းစာရေးထိုးထားသည်။ နောင်လာနောက်သား   သားသမီးများ ဇာတိသွေး၊ ဇာတိမာန် ရှင်သန်ထက်မြက် စေရန် ရည်သန်၍ သစ္စာမဏ္ဍိုင်စေတီကို အောင်မြေပေါ်တွင် တည်ထားကိုးကွယ် ခဲ့သည်ဟုလည်း  ရေးသားထားသည်။
ဆရာစံသည် ဗြိတိသျှနယ်ချဲ့အစိုးရ ကို မတိုက်ခိုက်မီ မြန်မာလူမျိုးများ၏ ထုံးတမ်းတစ်ခုအဖြစ် စိတ်ခွန်အားနှင့် ယုံကြည်မှုခိုင်မာစေရန် အောင်မြေများ နင်းခဲ့သည်။ ဆရာစံသည် သာယာဝတီ တွင်   ရှိနေခဲ့စဉ်    ရေကောက်ရွာနှင့် အင်းကောက်ရွာအကြားရှိ အောင်မြေ ကိုနင်းပြီးမှ ဗြိတိသျှတပ်များကို တိုက် ခိုက်ခဲ့သည်။
အောင်မြေအနီး၌ ဆရာစံနှင့် သွေး သောက်ရဲဘော်များ သစ္စာဆိုခဲ့ကြသည့် အထိမ်းအမှတ်အုတ်တိုင်ကို စိုက်ထူ ထားသည်။   အုတ်တိုင်လေးဖက်ပတ် လည်တွင်  အနီရောင်အောက်ခံပေါ်၌ စာများကို အဝါရောင်ဆေးဖြင့် ရေးထိုး ထားသည်။  မျက်နှာစာတစ်ဖက်တွင် အာဇာနည်ကြီးများအား သတိရဂုဏ်ပြု ကျောက်စာတိုင်၊ ကုန်ကျငွေ ၁၅၇ ဟု ရေးထားပြီး အုတ်တိုင်အောက်ခြေတွင် သစ္စာဆိုခဲ့သူ ပုဂ္ဂိုလ်များ၏ အမည်များ ကို ရေးထိုးထားရာ အချို့အမည်များကို ဖတ်၍မရတော့ချေ။   အုတ်တိုင်ပတ် လည်ရှိ  အထိမ်းအမှတ်အုတ်ဂူ  နှစ်ခု အနက် တစ်ခုတွင် ဗိုလ်ချစ်ပုဟု အင်္ဂတေ ဖောင်ြး<ွကစာလုံး ရေးထိုးထားသည်။
၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက် ညတွင် ဆရာစံသည် သာယာဝတီမြို့နယ် ရေတိုက်ရွာတွင် သုပ္ဏက ဂဠုနရာဇာ ဘွဲ့ကို  ခံယူခဲ့ပြီး  သူ၏ ဂဠုန်တပ်သား များသည်  ဓားကိုယ်စီစွဲလျက်  ဗြိတိသျှ အစိုးရအား   စတင်တိုက်ခိုက်ခဲ့သည်။ ရေတိုက်အနီးဝန်းကျင်မှ    ရွာများက လည်း အင်္ဂလိပ်အစိုးရအား တော်လှန်ခဲ့ ကြသည်။ ထိုကျေးရွာများမှ ဂဠုန်တပ် သားများသည် အဖွဲ့လေးဖွဲ့ ဖွဲ့ကာ ဒီဇင် ဘာလ ၂၃  ရက်တွင်  သာယာဝတီမြို့ မြောက်ဘက်ရှိ      အင်းရွာဘူတာကို စီးနင်းခဲ့သည်။ ဒီဇင်ဘာလ ၂၅ ရက်တွင် ဖားရွှေကျော်ရွာ၌ အင်အား  ၅ဝ ကျော် ရှိသည့်    စစ်ပုလိပ်အဖွဲ့နှင့်   တိုက်ပွဲ ဖြစ်ခဲ့ပြီး ဖားရွှေကျော်ရွာတိုက်ပွဲဟု ထင် ရှားခဲ့သည်။ ထိုရက်များအတွင်းမှာပင် ဂဠုန်တပ်သားများသည် အရေအတွက် ၃ဝဝဝ အထိ တိုးတက်လာခဲ့သည်။
ဆရာစံသည် နယ်ချဲ့တော်လှန်ရေး အတွက် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်ခြေ တွင်ရှိသည့်   အလံတောင်ဒေသအား ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ဌာနချုပ် ပြုလုပ်ခဲ့သည်။ ဆရာစံသည် ဂဠုန်တပ်၏အောင်လံအား   နဂါးကို ဂဠုန်သုတ်နေသည့်ပုံ  ရေးဆွဲခဲ့သည်။ နဂါးသည် နယ်ချဲ့အင်္ဂလိပ်တို့ကို ရည် ညွှန်းပြီး နယ်ချဲ့အင်္ဂလိပ်နဂါးကို ဂဠုန် ကသုတ်ချီသည့်အဓိပ္ပာယ်ကို ရည်ညွှန်း ခဲ့သည်။
ဆရာစံ၏ဂဠုန်တပ်များသည်  စည်း ရုံးရေးအားကောင်းခဲ့သော်လည်း လက် နက်အင်အားမှာမူ အလွန်အားနည်းခဲ့ သည်။ နယ်ချဲ့ကိုတော်လှန်ချိန်တွင်  လုပ် သေနတ်အလက် ၃ဝ ခန့်သာရှိခဲ့ပြီး ကျန် လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူး လေး၊ ကောက်ဆွ၊  ဝါးရင်းတုတ် စသည် တို့သာ ဖြစ်သည်။  ခေတ်မီသေနတ်များ စွဲကိုင်ထားသော   နယ်ချဲ့ဗြိတိသျှကို တိုက်ခိုက်ရန်   မလွယ်ကူသော်လည်း မျိုးချစ်စိတ်ဓာတ်ကိုအားပြုကာ ဆန့် ကျင်နိုင်သမျှ ဆန့်ကျင်ခဲ့ကြသည်။
လယ်သမားအရေးတော်ပုံကြီး ပေါ် ပေါက်ရခြင်းနှင့်ပတ်သက်၍  ဗြိတိသျှ အစိုးရက ယင်းတို့၏အစီရင်ခံစာ၌ မင်း  လောင်းရူးနှင့်ဓားပြတစ်စုတို့၏ ထြ<ွက ခြင်းသာဖြစ်သည်ဟု  နှိမ့်ချဖော်ပြခဲ့ သည်။   တောင်သူလယ်သမားအရေး တော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊  လှည်းလမ်းကူး အစရှိသော ကျေးရွာများမှစတင်ကာ ရက်အနည်း ငယ်အတွင်း သာယာဝတီနယ်အနှံ့တွင် တိုက်ပွဲများ  ဖြစ်ပွားခဲ့သည်။  နယ်ချဲ့ အစိုးရက အခြားနယ်များသို့ တော်လှန် ပုန်ကန်မှုများ မပြန့်ပွားစေရန်လည်း အစွမ်းကုန်တားဆီးခဲ့သည်။
ဆရာစံ၏ နောက်ဆုံးအချိန်များ
ဗြိတိသျှအစိုးရသည် ဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅ဝဝဝ ကျပ်ပေး မည်ဟု ၁၉၃၁ ဇန်နဝါရီလ ၉ ရက်နေ့ တွင် ကြေညာခဲ့သည်။ ဧပြီလ ၂၃ ရက် နေ့တွင် ၁ဝဝဝဝ ကျပ်အထိပေးမည်ဟု ဆုကြေးငွေ တိုးမြှင့်ကြေညာခဲ့သည်။
ဆရာစံသည်   သာယာဝတီခရိုင် အတွင်း တော်လှန်ပုန်ကန်မှုများပြုလုပ် နေသဖြင့်  နယ်ချဲ့တပ်များက  အလုံး အရင်းနှင့်တိုက်ခိုက်ခဲ့ရာ ဌာနချုပ်ဖွင့် လှစ်ထားသည့် အလံတောင်စခန်းအား ဘားမားရိုင်ဖယ်တပ်များ  သိမ်းပိုက်ခဲ့ သည့်နေ့တွင်  ရှမ်းပြည်နယ်သို့ တိမ်း ရှောင်သွားခဲ့သည်။
၁၉၃၁ ခုနှစ် သြဂုတ်လ ၂ ရက်တွင် ဆရာစံသည် နောင်ချိုမြို့ မြောက်ဘက် သုံးဆယ်နယ်၊ ကုလားကဒိုင် ဟိုခိုနောင် ကွမ်းရွာအနီးတွင် အင်္ဂလိပ်တို့၏ဖမ်း ဆီးခြင်းကို  ခံခဲ့ရသည်။  ဆရာစံအား နောင်ချိုမှ သာယာဝတီထောင်သို့ပို့ခဲ့ ပြီး ၁၉၃၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် သာယာဝတီတရားရုံးသို့ ရုံးထုတ် စစ်ဆေး၍ သြဂုတ်လ ၂၈ ရက်နေ့တွင် သေဒဏ် အမိန့်ချမှတ်ခဲ့သည်။ ဆရာစံ သည် နယ်ချဲ့အစိုးရက သေဒဏ်ပေးခဲ့ သည်ကို အယူခံဝင်ခြင်း၊ အသနားခံခြင်း တို့ကို မလုပ်ခဲ့ချေ။ တရားလွှတ်တော် ချုပ်က ဆရာစံအပေါ်ချမှတ်ထားသည့် သေဒဏ်ကို တစ်လအတွင်း အတည်ပြု ခဲ့သည်။ ထို့ကြောင့် ၁၉၃၁ ခုနှစ် နိုဝင် ဘာလ ၂၈ရက် စနေနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် သုပဏ္ဏက ဂဠုနရာဇာဘွဲ့ခံ ဆရာစံအား အင်္ဂလိပ် အစိုးရက သာယာဝတီထောင်တွင် ကြိုး ပေးကွပ်မျက်ခဲ့သည်။  ကွယ်လွန်ချိန်၌ ဆရာစံသည်  အသက် ၅၅ နှစ်အရွယ် ဖြစ်ပြီး    ဆရာစံ၏ရုပ်အလောင်းကို သာယာဝတီထောင်အနီးရှိ  သာယာ ဝတီသုဿာန်၌ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။

ဆရာစံသည် လက်နက်အင်အားမမျှ သည့်  နယ်ချဲ့များအား အလွယ်တကူ အနိုင်မရရှိနိုင်ကြောင်း  သိရှိခဲ့သော် လည်း မိမိကိုယ်တိုင်နှင့် မိမိ၏ဂဠုန်တပ် သားများအား စိတ်ဓာတ်ရေးရာစစ်ဆင် ရန်အတွက်လည်းကောင်း၊ ယုံကြည်မှု ခိုင်မာစေရန်အတွက်လည်းကောင်း အောင်မြေကိုနင်းကာ စိတ်ခွန်အားတိုး မြှင့်ပေးခဲ့သည်။  နယ်ချဲ့တော်လှန်ရေး တွင်ကျရှုံးခဲ့ရသော်လည်း သူ့ကျွန်ဘဝ လွတ်မြောက်ရေးအတွက် မြန်မာ့လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တောင်သူ လယ်သမားအရေးတော်ပုံခေါင်းဆောင် ကြီး ဆရာစံ၏ သက်စွန့်ကြိုးပမ်းခဲ့မှုများ သည်  ယနေ့တိုင်   ကမ္ပည်းတင်ကျန်ရှိ နေပေသည်။     


မောင်သာ(ရှေးဟောင်းသုတေသန)

No comments:

Post a Comment