Latest News

Tuesday, August 14, 2018

ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း (ရေး - လောအယ်စိုး)


ကောင်းကင်ယံတစ်ခုလုံး သုန်သုန်မှိုင်းမှိုင်း၊ မိုးကဖွဲဖွဲလေး ရွာလိုက် တိတ်လိုက် နှင့် ထိုနေ့က ရန်ကုန်မြို့၏ရာသီဥတုဖြစ်သည်။ တီဗွီကင်မရာကြီးကြီးကို ထမ်းလျက် မစ္စတာရာမဒါက ကျွန်တော့်အရှေ့က တီဗွီကင်မရာ၏သုံးချောင်းထောက် (Tri Pod) ကို ပခုံးပေါ်ထမ်း လျက် အနောက်က လှမ်းလှမ်းမှ ကျွန်တော်လိုက်ခဲ့၏။ ဆယ်စုနှစ် နှစ်ခုကျော်အချိန်များ ကုန်ဆုံးသွားခဲ့ပါပြီ။ ထိုအချိန်က  ကျွန်တော်သည်ဂျပန်ရုပ်မြင် သံကြား သတင်းဌာန တစ်ခုဖြစ်သော အင်အိပ်ခ်ျကေ (NHK) ၏ အလုပ်သင် သတင်းသမားတစ်ယောက် ဖြစ်ပါသည်။
     လက်ဦးဆရာဖြစ်သော မြန်မာမော်နီတာ(Myanmar Monitor)ကို တည်ထောင် သည့် ဦးဝင်းတင်ဝင်းသည် (NHK)သတင်းဌာနအတွက် ဗီဒီယိုရိုက်ကူးသူနှင့် အခြား ၎င်းတို့ လိုအပ်မည့် အကူလူများတို့အား ၀န်ဆောင်ပေးသော အလုပ်ကိုလည်း လုပ်ပါသည်။ ဒေါ်အောင်ဆန်း စုကြည် အိမ်ရှေ့ လူထုတရားဟောပွဲများကိုလည်း အပတ်စဉ် မှတ်တမ်းတင်ရပါသည်။
လုပ်သက်အတွေ့အကြုံရင့်သော ဗီဒီယိုကင်မရာကိုရိုက်သည့် ကိုမြင့်တိုး၊ ကိုမျိုးလွင်၊ ကိုဦးတို့နှင့် အလှည့်ကျကျွန်တော့်ကို ဦးဝင်းတင်ဝင်းက ထည့်ပေးပါ သည်။ ဗီဒီယိုကင်မရာ ရိုက်ကူးသည့် ပညာလည်းရ၊ ဒေါ်အောင်ဆန်းစုကြည် ဟောသော တရားကိုလည်း နားထောင်ရ ကျွန်တော့်အတွက် အားလုးံတန်ဖိုးရှိသော အတွေ့အကြုံများပင် ဖြစ်သည်။ ဘန်ကောက်ရုံးမှ အလှည့်ကျရောက်လာသော (NHK) မှသတင်းထောက်ကြီးများတို့နှင့်သိကျွမ်းရခြင်းကိုလည်း တစ်ဖန်ကျွန်တော် အတွက် မဟာအခွင့်အရေးကြီးများပင် မဟုတ်ပါလော။
၁၉၉၆ ခုနှစ်ကာလအတွင်း စစ်ထောက်လှမ်းရေးတို့ ဘုန်းမီးတစ်လျှံလျှံ တောက်နေသည့်အချိန်လည်း ဖြစ်သည်။ စနေနှင့်တနင်္ဂနွေ နေ့ဒေါ်အောင်ဆန်း စုကြည်၏တက္ကသိုလ်ရိပ်သာလမ်း ဟောပြောပွဲကြီးသည် မြန်မာနိုင်ငံအတွင်း စစ်ဖိနပ်နှင့် အုပ်စီးနင်းထားသောနေရာများထဲ၌  နာရီအနည်းငယ်ကင်းလွတ်ခွင့်ရခဲ့ သည့်တစ်နေရာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြောက်မရွံ့ စစ်အစိုးရကို ဝေဖန်ကန့်ကွက်သည့်အကြောင်းအရာများကို အားပါးတရဟော၏။ ပရိသတ်ကြီးကလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အားပေးအော်ဟစ် သြံကီးများနှင့် အတူ လက်ခုပ်သံများကလည်း တဖြောင်းဖြောင်းနှင့် အားတက်စရာမြင်ကွင်းများတို့ကား ဟိုလွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ် ကျော်ကျော်ကာလမှာ သမိုင်းပန်းချီကားလေးတစ်ချပ်ပမာကျန်ခဲ့ပါသည်။
နိုင်ငံခြားသားများကိုလည်း လူထုပရိတ်သတ်ထဲတွင် တွေ့မြင်နိုင်သည်။ မျက်နှာချင်းဆိုင်တွင်ခြံစည်းရိုးဝင်းအတွင်း အမျိုးအမည်စုံလှသောထောက်လှမ်းရေး တပ်ဖွဲ့ပေါင်းကလည်း ရုပ်သေ၊ ရုပ်ရှင်ကင်မရာကြီးများနှင့် လှုပ်ရှားမှုများကို စနစ်တကျမှတ်တမ်းတင်၏။
ဒေါ်အောင်ဆန်းစုကြည်၏အနီးတွင်ရပ်သောပုဂ်္ဂိုလ်များထဲမှတစ်ဦးပါဝင်သည့် ကိုမျိုးသန့်ပင်လျှင်အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်မှထွက်ခွါခဲ့ပြီး ဘာဖလိုမြို့ တွင် ပိုလန်နွယ်ဖွားအိမ်သူဇနီးသည်လေးနှင့် အကြောင်းပါခဲ့သည်မှာ သမီး နှစ်ယောက် ထွန်းကားနှင့်နေပေပြီ။ လွန်ခဲ့သောနှစ်လခန့်ကလည်း သူ၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ဟေး ဒီတစ်ယောက်တော့ သားလေးကွ” ဟူ၍ မာန်ဝင့်ကာ ဇနီး သည်၏တတိယကိုယ်ဝန်ဆောင်မှုအခြေအနေကို လူထုပရိသတ်များ သိကြားစေရန် အလို့ငှာ မောင်းခတ်ထား၏။ မုဒိတာပွားပါရစေ။
ကိုမျိုးသန့် သို့မဟုတ် မောင်ရင်လောင်း၏ဖခင် ခမောက်ဆောင်းပြီး ပင်နီ အင်္ကျီများဆင်တူဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၀င်များ အားစစ်အစိုးရမှမဖော်ပြနိုင်သော နည်းမျိုးပေါင်းစုံနှင့်အနှောင့်အယှက် ဒုက္ခပေါင်း များစွာပေးနေသည့်အချိန်လည်း ဖြစ်သည်။ ထိုစဉ်ကာလက သူတို့တတွေနှင့် ကျွန်းကိုင်းမှီခဲ့ကြသော ၈၈ မျိုးဆက်ညီနောင်မောင်မယ်တို့အားလည်း လူပုဂို္ဂလ် တော်တော်များများက ဝေးဝေးရှောင်ခဲ့ကြသောကာလလည်း ဖြစ်သည်။
သို့သော် ထိုအဖွဲ့အစည်းနှစ်ခုတွင် ပါဝင်လှုပ်ရှားခဲ့ကြသော အသက်အရွယ် ကြီးကြီးငယ်ငယ် မောင်မယ်များအား ပြည်သူအပေါင်းမှ ရင်တွင်းကြိတ်၍လေးစား ကြည်ညိုခဲ့ကြသည်ကိုကား မငြင်းနိုင်ခဲ့ပေ။ အချိန်ကာလများသည် တရွေ့ရွေ့နှင့် အရှေ့သို့ခရီးနှင်လျက်ရှိသည်။ ရွက်သစ်ဟောင်းများ ကြွေရင်း    ပုရစ်ဖူးစများ ဝေကြသည်။ ပျဉ်းမငုတ်တိုကြီး အခက်သစ်များ ထွက်ပေပြီ။ မုန်းသူနှင့် ချစ်ခင်သွား ကြသလို ရင်ချင်းအပ်သစ္စာထားခဲ့ ကြသူတို့ ခါးခါးတူးတူး နာကျည်းပြီး တစ်ဦးနှင့် တစ်ဦးကျောခိုင်းသွားကြ သည်။ နိုင်ငံရေးတွင် ထာဝရ မိတ် ဆွေလည်း မရှိသလို ထာဝရရန်သူလည်းမရှိဟု ဆိုကြသည်။ မိုးခါး ရည် သောက်သွားသော ရဲဘော် သွေးသောက်ကြီးများ၏အဖြစ်ကို ရင်နာစွာကြည့်ပြီး ပေးဆပ်ခဲ့ကြသူများရင်နှစ်ခြမ်း ဗြန်းဗြန်းမြည်အောင်အက်ကွဲပြီးအစိတ်စိတ်အမွှာမွှာဖြစ်သွားကြသည်။     အသစ်သော အဖြစ်အပျက်များ မဟုတ်ပါ။ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတို့ အတော်အတန် ဗဟု သုတရှိသူများ၊ မုန်း တရားအာဃာတများ    ဝေေ၀စည်စည်နှင့် လူ့သဘောမနော များအားကြည့်ပြီး အသိသံဝေဂတရား ရနိုင်ပါ၏။    သြော်    လောက၊ သြော် လောက။
 “လောအယ်စိုးစံ    လောအယ် စိုးစံ” ဟု ဂျပန်သတင်းထောက် မစ္စတာရာမဒါက ကျွန်တော့်အား နောက်သို့လှည့်ပြီးခေါ်၏။ “စံ” ဆို သောစကား၏ အဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်။ သူက “စံ ဆိုတော့ ကိုယ်လည်း ဘာမှန်းမသိ “စံ” ရသည်။    ရာမဒါကား စီးကရက်ကြီးကို ခဲလျက်။ “တီ... တီ” ဟူ၍ လက်ကိုင် ဆယ်လူလာ ဖုန်းသံ    မြည်လာပြီး    “ဟိုက်...ဟိုက်… နှင့် ပြန်၍ ပြောနေသည်။  ၁၉၉၆ ခုနှစ်ကာလတုန်းက  ဆယ်လူလာဖုန်းများသည် မူး၍ရှူစရာမရှိလောက် အောင် သာမန် မြန်မာပြည်သူများအတွက် ရှားပါးပစ္စည်းဖြစ်ခဲ့ပေသည်။
“မစ္စတာ အေစိုဘေးက ပြောတယ်၊    ဒေါ်အောင်ဆန်းစုကြည် သူမရဲ့အိမ်ကနေ
ကားနဲ့ထွက်လာပြီတဲ့ ”
 “ရက်စ်”ဟူ၍ ပြန်လည်ပြောလိုက်ကာ မိမိကိုယ်ကိုယ်အသင့်အ နေအထားပြင် ဆင်ထားရသည်။ ကျွန်တော်၏တာဝန်ကား ကင်မရာထောက်တိုင်ကြီးကို သယ်ရန် သာ။ သို့သော် ကျွန် တော့်က မိမိကိုယ်ကို အာရပ်နှင့် အစ္စရေးစစ်ပွဲအတွင်းလိုက်ပြီး သတင်းယူ ဓာတ်ပုံရိုက်ကူးနေသည့် စစ်သတင်းတစ်ယောက်ပမာ    မိမိ ကိုယ်ကို အထင် ဘ၀င်ရောက်နေ သည့် အချိန်လည်း ဖြစ်၏။
     တွေ့မြင်နေရသောမြင်ကွင်းကလည်း    စိတ်လှုပ်ရှားဖွယ်လည်းကောင်း၊ ဘာဖြစ်မည်ဆိုသည်ကို ကြို၍ ခန့်မှန်း၍မရအောင် စိုးရိမ် စရာလည်း ကောင်းပါ၏။ ရန်ကုန် မြို့အတွင်း ပြေးဆွဲနေသည့် ဟီးနိုးဘတ်စကားကြီးများ၊ တက္ကသိုလ် ရိပ်သာလမ်း၊ ဂုတ်္တလစ်လမ်း မနီးမဝေး နေရာများတွင် နှစ်စီး သို့မဟုတ် သုံးစီး ရပ်ထားသည်။ မျက်လုံးနီနီနှင့် ရန်လိုနေသော လူအုပ်ကြီးကို တွေ့မြင်ရသည်။
    အမှတ်မထင် သူတို့တတွေအား တင်ဆောင်လာသည့် ဟီးနိုးကြီး တစ်စီးအနီး ဖြတ်လျှောက်မိသောအခါ ၀ါးရင်းတုတ်များအစည်းလိုက်ကို တွေ့ မြင်ရသည်။  နောင်သတင်းစာများတွင် ထိုလူအုပ်စုကြီးကို တည်ငြိမ်းအေးချမ်း မှုကို လိုလားသော ပြည်သူလူထုကြီး ဟု တလေးတစား တင်စားထားသည်။
     တီဗွီကင်မရာကြီးကိုထမ်းထားသော မစ္စတာရာမဒါနှင့်သူ၏ထောက်ထမ်း ကျွန်တော်တို့ အား“တည် ငြိမ် အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုကြီး ” က ဘုကြည့်ကြည့် ၏။ ကျွန်တော်က ပြုံးပြသော်လည်း သူတို့တတွေက အပြုံးဖြင့် မတုံ့ပြန်။ သူတို့တတွေသည် မြန်မာနိုင်ငံ၏ ခေတ်သစ်ပဉ္စမံတပ်သားများ သို့မဟုတ် စွမ်းအားရှင်များ ဖြစ်ကြပါသည်။ မည်ကဲ့သို့သောနိမိတ်ကို ဆောင်၍ “စွမ်းအားရှင်” ဟူ၍    အမည်ပေးလိုက်သည်ကား မသိ။     အမည်နာမအားဖြင့်ကားလေးစား ကြည်ညိုဖွယ် ကောင်းလှပါ၏။
သာမန်ပြည်သူလူထုကလည်း အခြေအနေအရပ်ရပ်ကို    သိတန်သလောက် သိ၏။ ဘာဖြစ်မည်ကို လည်း ကြို၍ခန့်မှန်းနိုင်၏။ ဒုက္ခ ပေါင်းစုံ စနစ်ဆိုးကြီးများကို အံကြိတ်ခံ ၍ ဖြတ်သန်းလာခဲ့သော မြန်မာပြည်သူလူထုကြီးကား နိုင်ငံ ရေး ရေချိန် အနိမ့်အမြင့်၊ မည်သူသည် မောင်ဖြူ၊ အဘယ်သူကား မောင်မဲဖြစ်သည်ဟုကောင်း မွန်စွာ ခွဲခြားနိုင်စွမ်းရှိသော လူထုကြီးဖြစ် ၏။ ဘ၀တက္ကသိုလ်ကြီးနှင့် ကြုံတွေ့လာရ သော လောကဓံတရားများက သူတို့တတွေအား    သင်ကြားပေးလိုက်ခြင်း ဖြစ်၏။
    ထိုနေ့အခြေအနေမျိုး၌ ပြည်သူ လူထုကြီးသည် သူတို့တတွေ ဘာမျှ မသိ သည့်နှယ်။ သာမန်စူးစမ်းနေသော အရပ်သားစစ်စစ်များဖြစ်ကြောင်း ပုံကိုဆောင် ထား၏။ စစ်ထောက်လှမ်းရေးနှင့်သူတို့တတွေ၏ သတင်းပေးများ၏ လက်တံနှင့် အစွယ်များကလည်း  ထိုစဉ်ထိုအချိန်အခါက တ၀င်းဝင်းနှင့် မဟုတ်ပါလား။
  “ဟာ...ဟော” ဆိုသည့် လမ်း ဘေးတွင်ရပ်ကြည့်နေကြသော လူအုပ်ကြီး၏ အော်သံကြီးနှင့်အတူ ကားအဖြူကြီးတစ်စီး ဂွတ္တလစ်လမ်းဆုံတွင် ရပ်လိုက်၏။ လူအုပ်ကြီးနှင့် အတူ ပင်နီအင်္ကျီဝတ်ဆင်ထားသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များ ထိုကားဖြူအနီးသို့ ပြို၍ဆင်း သွားကြ
သည်။ ချက်ချင်းဆိုသလို ပင်နီဝတ်မောင်မယ်များနှင့် သာမန်အရပ်ဝတ် ၀တ်ဆင် ထားသောသူတို့ ထိုကားအဖြူကို ကျောပေး၍ လက်ချင်းချိတ်ကာ လူသားဒိုင်းအဖြစ် ကာကွယ် ပေးလိုက်ကြ၏။
     ကျွန်တော်နှင့် မစ္စတာရာမဒါ ကား လူသားဒိုင်း၏ အပြင်စည်းတွင် ရှိနေဆဲ။ ထိုစဉ် ရုတ်တရက် စိတ်လှုပ်ရှားမှုကြီးစွာနှင့် မစ္စတာအေစိုဘေးကို တွေ့လိုက်ရ၏။
 “လောအယ်စိုးစံ ရော့ တယ်လီဖုန်း။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အနားကို ရအောင်သွားပြီး သူ ဘာပြောသလဲဆို ငါ့ကို ပြန်ပြောပါ”ဟူ၍ဆယ်လူလာဖုန်းအား ကျွန်တော့်အား အတင်းထိုးပေးပြီး ဒေါ်အောင်ဆန်းစုကြည် ရပ်နေသော နေရာသို့ ကျွန်တော့်အား ညွှန်ပြ၏။
ဒေါ်အောင်ဆန်းစုကြည်ကား လူသားဒိုင်းများ၏အလယ်တွင် စိတ်လှုပ်ရှားမှု ကြီးစွာနှင့် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။
ဆယ်လူလာ တယ်လီဖုန်းကြီးအား လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားရင်း
 “ကျွန်တော် ဂျပန်သတင်းဌာန ကပါ။ အထဲကို ၀င်ချင်ပါတယ်”ဟူ၍ အနီးဆုးံ
 NLD မှလူငယ်တစ်ဦးအား ကျွန်တော် ခွင့်တောင်းလိုက်၏။ နိုင်ငံခြားသတင်း ဌာနများ ကို ပြည်သူလူထုနှင့် NLD ပါတီဝင်များကတန်ဖိုးထားပြီး လေးလေးစားစား ဆက်ဆံသောအချိန်လည်း ဖြစ်၏။ မြန်မာပြည်တွင် စစ်အစိုးရ၏ဖိနှိပ်မှုများကို ကမ္ဘာသိအောင် ဆောင်ရွက်နိုင်ခြင်းကိုလည်း သူတို့ တတွေ ယုံကြည်ကြ၏။
ဂျပန်သတင်းထောက်ကြီး မစ္စတာ အေစိုဘေးက ကျွန်တော့်ကို ကြိုတင်ပေး ထားသော NHK ဆိုသည့်စာသားကို ဖော်ပြထားသည့် လက်မောင်းပတ်ကိုလည်း
ကျွန်တော် ပတ်ထား၏။
“ညီလေး ၀င် ၀င်””
 “ဟုတ်ကဲ့ ဟို ဂျပန် ကင်မရာမင်း ကြီးလည်း ၀င်မှာနော်”ဟူ၍ အပြန်အလှန် ကျွန်တော်နှင့် NLD မှ လူငယ်တစ်ဦး ပြောဆို ကြပြီး ကျွန်တော်နှင့် မစ္စတာရာမဒါ အား လူ့စည်းဝိုင်းအတွင်း ၀င်ခွင့်ပေးလိုက်၏။
ကားအဖြူ၏ ရှေ့မှန်သည်အက်ကွဲနေ၏။ ကားပေါ်မှဆင်းလာသည့် ဦးတင်ဦး၏မျက်နှာပြင်ဝယ် သွေးစများကို ကျွန်တော်မြင်ရ၏။ ဒေါ်အောင်ဆန်း စုကြည်ကား ကြေကွဲမှုနှင့် ဒေါသလွှမ်း၍နေသော  ခံစားမှုမျက်နှာအနေအထားကို ကျွန်တော် တွေ့မြင်လိုက်ရ၏။
အမှန်တကယ်ဝန်ခံရလျှင် သူတို့တတွေဘာတွေဖြစ်ပျက်ခဲ့ကြသည်ကို ကျွန် တော် မသိခြင်းအမှန်ပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးတင်ဦးတို့ စီးလာသော ကား အဖြူရောင်ကို တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်မှထွက်ပြီးသိပ်မကြာခင် အရပ်ဝတ်နှင့်လူများက ကိုယ်ထိလက်ရောက်ကို ထုနက်ကြသောကြောင့် ကား၏အ ရှေ့မှန်ကွဲသွားပြီး ကား၏အနောက်ပိုင်းကိုလည်း ထုနက်ထားကြောင်း ပြီးမှ ကျွန်တော်သိရပါသည်။
    ဗွီဒီယိုကင်မရာဆရာကြီး ရာမဒါက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး တို့နှင့် လူအုပ်ကြီး၏ ခံစားမှုမျက်နှာသွင်ပြင်ကိုလည်းကောင်း၊ ပျက်စီးသွားသော ကားအခြေနေမျာကို အသေးစိတ်မှတ်တမ်းတင်နေသည်။
ဒေါ်အောင်ဆန်းစုကြည် လူ့စည်းဝိုင်းအတွင်း ပြောသောစကားများကိုကား ကျွန်တော် အားလုံးမှတ်မိခြင်းမရှိတော့ပါ။ လူ့စည်းဝိုင်းကြီး၏အပြင်စည်းတွင် ထောက်လှမ်းရေးနှင့်သတင်းအဖွဲ့များ၊ ဓာတ်ပုံဆရာများကလည်း အခြေအနေကို ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရိုက်နေကြသည်။
အင်္ဂလိပ်လူမျိုး BBC သတင်း ဌာနမှ သတင်းထောက်တစ်ဦးလည်း  အချိန် နောက်ကျပြီးမှရောက်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မိမိတို့စီးလာသော မော်တော်ကားကို လူတစ်စုက အကြမ်းဖက် တိုက်ခိုက်ကြောင်း ပြောပါတယ်။
NLD ပါတီမှ လူငယ်တစ်ဦး၏ နာကျင်ကြေကွဲနေသောအသံနှင့်“အမေ” ဟုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၏ အရှေ့နားတွင် ဒူးထောက်၍ငိုသည့်ပုံ ကိုလည်း ကျွန်တော် အမှတ်ရ၏။
ဘာရယ်ကြောင့်မှန်းမသိ ကျွန်တော်လည်း ၀မ်းနည်းခြင်းတမျိုးကို ခံစားရ သည်။ စစ်အာဏာရှင်အောက် လွတ်မြောက်နိုင်ရန်အတွက် ရှေ့တန်းမှအကြမ်းမ ဖက်သောနည်းဖြင့် တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်အား အကြမ်းဖက် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်းသည် ကျွန်တော်အပါအ၀င် ပြည်သူလူထုကြီး အပေါ် အသစ်သောအနိုင်ကျင့်တိုက်ခိုက်မှုတမျိုးပင် မဟုတ်ပါလော။
ထိုနေ့ရက်တို့တွင် အစိုးရမှ တရားဝင်သတင်းယူခွင့် ပြုထားသော နိုင်ငံခြား သတင်းဌာနများ၌ အများဆုံးသောသတင်းဌာနများမှာ ဂျပန်သတင်းဌာနများပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား သတင်းဌာနများအား ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တို့ကိုပြောပြီး ရောက်ရှိနေသော သတင်း ထောက်များ၏ မေးမြန်းမှု အချို့ကို ဖြေကြားသွားသည်။ ယနေ့ည ဦးတင်ဦး၏နေအိမ်တွင် သတင်းစာရှင်းလင်း ပွဲ ပြုလုပ်မည်ဟုပြောပြီး ကားနှင့် ထွက်ခွာသွားကြသည်။
 ဂျပန်ဆရာသမား    သတင်းထောက်ကြီးနှစ်ဦး၏နောက်မှ ကင်မရာထောက် ကြီးထမ်းပြီး ဆီဒိုးနားဟိုတယ်ဘက်သို့ ကျွန်တော်လမ်းလျှောက် ပြန်ခဲ့သည်။ ပင်ပန်းနွမ်းနယ်မှုများကို ဘာများထပ်၍ ဖြစ်ဦးမည်နည်း ဟူသည့်ဇောများက ဖုံးလွှမ်း အနိုင်ယူသွားခဲ့သည်။
ဆီဒိုနားဟိုတယ်ကြီး    ပေါ်မှ ကျွန်တော်တို့သုံးဦးသား ကုက္ကိုင်းလမ်းမကြီးပေါ်    ကြည့်လိုက်သည့် အခါ လမ်းမကြီးအပြည့် နေရာယူကာထိုင်နေကြသော လူအုပ်ကြီးကို တွေ့လိုက်ရ၏။ ကျွန်တော်၏ဆရာ ဂျပန်သတင်းထောက်ကြီး မစ္စတာဘေးက ထိုလူအုပ်ကြီးကိုကြည့်၍ အဓိပ္ပာယ်ရှိလှသော အပြုံးဖြင့် ကျွန်တော့် ကို တုံ့ပြန်၏။
တည်ငြိမ်    အေးချမ်းမှုကြီးကို အထူးလိုအပ်နေသော ထိုလူအုပ်စု
ကြီးအကြောင်းကို သူ ကောင်းကောင်းသိ ကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။
ကျွန်တော်တို့ ထိုလူအုပ်စုကြီးအနီးဖြတ်၍    လျှောက်သွားသောအခါ သူတို့တတွေ၏မျက်နှာအနေအထားနှင့် မျက်လုံးများအား ကောင်းစွာ သတိထားမိ ၏။ သူရာရည်များသောက်သုံးထား၍    မူးယစ်နေကြခြင်းလည်းမဟုတ်။ စိတ်ကြွ ဆေးများ သောက်သုံးထားပြီး ဂဏာမငြိမ်ဖြစ် နေကြခြင်းလည်း မဟုတ်ပါ။ ကြည့် ခဲ့ရသော ရုပ်ရှင်များနှင့် ကျွန်တော် ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့ အကြုံများထဲမှ ကြုံခဲ့ဖူးသောအသွင်အပြင်ကို ဆောင်ထားကြသော သူများ ဖြစ်၏။
အစာကျွေးထားသော သခင်က “ရှူး ရှူး” ဟူ၍ အော်ဟစ်ပြီး ညာသံပေး ပါက မည်သို့သော ပုဂ်္ဂိုလ်သတ္တ၀ါများဖြစ်နေစေကာမူ ပြေး၍ကိုက်ကြမည့်ခွေးများ နှင့် ပုံသဏ္ဍာန်ခြင်းတူညီနေ၏။
ထိုလူအုပ်ကြီးကို “ရှူး ရှူး” တိုက်ခဲ့ကြသော ပုဂ္ဂိုလ်တော်ကြီးများ ကိုကား မြန်မာ့သမိုင်းမှကောင်းမွန်စွာမှတ်တမ်းပြုစုနိုင်ခဲ့ပါသည်။ အချိန်တန်လျှင် ထိုသမိုင်းမှတ်တမ်း များကို    မြန်မာပြည်သူလူထုနှင့် ကမ္ဘာကြီး ပရိသတ်ကြီးပွင့်လင်း စွာဖြင့် သိရှိပါလိမ့်မည်။ ယခုလည်း အခွင့်သာလျှင်
“ညောင်သီးလည်း    စား၊    လေးသံလည်း နားထောင်”နိုင်စွမ်းရှိသည့် ပုဂ်္ဂိုလ်များ က သတ္တိရှိရှိ ဖော်ထုတ်ခဲ့ ကြပေပြီ။
 “ဟိုင်း    မစ္စတာအေစိုဘေး၊ ဘယ်လိုလဲ၊ သတင်းမှတ်တမ်းတွေ တော်တော်ရပြီလား။ သတိထား နော်”
“ဟုတ်ကဲ့ပါ    ကျေးဇူးတင်ပါတယ်။ သင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” ဟု ယဉ်ကျေးသိမ်မွေ့စွာ တစ် ဦးနှင့်တစ်ဦး အပြန်အလှန်နှုတ်ဆက်ခြင်းကို ကျွန်တော် မြင်တွေ့ရ၏။
တစ်ဖက်မှာ ကျွန်တော့်ဆရာ အား နှုတ်ဆက်လာသူကား အသား ဖြူဖြူ၊ သင့်တင့်သော ကိုယခန္ဓာ အနေအထားကို ပိုင်ဆိုင်ထားပြီး အရပ်က အနည်းငယ် ပု၏။ သူမ၏အပြုံးသည် နှလုံးသားမှ လှိုက်လှိုက်လှဲလှဲ ပြုံးသော အပြုံးမျိုးဖြစ်၏။ ပါးနပ်လိမ္မာသော သရုပ်ကို လည်းဆောင်ထားသည်။
ကျွန်တော်၏ ဆရာ မစ္စတာအေစိုးဘေးကလည်း မြန်မာနိုင်ငံသားများအား သူတုံ့ပြန်ရန် အလွန်ခက်ခဲသောလေးစားမှုကြီးနှင့် တရိုတသေ ဆက်ဆံလိုက် ခြင်းကိုကျွန်တော် မြင်တွေ့လိုက်ရသည်။
မစ္စတာအေစိုဘေးကြီးနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ ကျွန်တော် အတူအလုပ်လုပ်ခဲ့ခြင်း ကြောင့် သူ၏ စိတ်နေစိတ်ထားကို ကျွန်တော် သိ၏။

သူတို့ဂျပန်သတင်းထောက်အချင်းချင်း ခေါ်ပြောနှုတ်ဆက်ခြင်းများကို ကျွန်တော်သတိထားမိပါသည်။ ဂျပန်သတင်းဌာနများသည်လည်း အချင်းချင်း ပြိုင်ဆိုင်မှုကြီး မားကြပါသည်။ မြန်မာနိုင်ငံ၏    သတင်းထူး သတင်းဦး များအား ကြိုးစား၍ ဂျပန်နိုင်ငံရှိ မိမိတို့ဌာနအတွက် အကောင်းဆုံးစွမ်းဆောင်ကြသည်။
 သူတို့မှ ငှားရမ်းခန့်အပ်ထားသော မြန်မာနိုင်ငံသားဌာနေသတင်းထောက် များကိုလည်း သူတို့ကဲ့သို့ပင် အပြိုင်အဆိုင်ကြိုးစားချင်သောစိတ်ဇောကို ရှိစေချင်ကြသည်။ သဘာဝလည်းကျပါ၏။ တရားမျှတမှုလည်း ရှိပါသည် မဟုတ်ပါ လော။
ဟိုတယ်များတွင်ဖြစ်စေ၊ သတင်းစာရှင်းလင်းပွဲများတွင်ဖြစ်စေ? လမ်းတွင် မတော်တဆ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြသောအခါ အကောင်းဆုံးမျက်နှာကို ကြိုး စား၍ ပြုံးကြသည်။ သူတို့ပြိုင်ဘက် သတင်းဌာနများအချင်းချင်း ပြုံးကြသော အပြုံးတော်တော်များများသည် နှလုံးသားမှ လာသောအပြုံးများမဟုတ်ကြပါ။ ဘယ်ဂျပန်သတင်းဌာနမှအဘယ်မည်သောသတင်းကို ဦး၍ရသွားကြောင်း သိရ သောအခါတွင်လည်း ပုထုဇဉ်ဖြစ်သော ကျွန်တော့ဆရာ မစ္စတာအေစိုဘေး တစ်ယောက် မပျှော်ရွှင်နိုင်ရှာပါ။
 ကျွန်တော်အလုပ်သင်သော သတင်းဌာနမှထူးထူးကဲကဲကြီးသတင်း တစ်ခု ရပြီဆိုပါက ကျွန်တော့ဆရာ မစ္စတာအေစိုဘေး တစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးတော်မူတတ်၏။
အခမ်းအနားကြီးများတွင် တွေ့ရတတ်သော ဗိုလ်ချုပ်ကြီးများကို သူနှစ် သက်ပုံမရ။ သို့သော် ထိုဗိုလ်ချုပ်ကြီးများ၏ရှေ့တွင်မတော့  သူယဉ်ကျေး စွာမိတ်ဆက်တတ်သူတစ်ဦးဖြစ်သည်။
ဂျပန်တွင် နေထိုင်ခဲ့သူ ဒေါက်တာဒေါ်မြမြ၀င်းနှင့်ပတ်သက်၍
"သူမကို ဂျပန်အစိုးရက အလွန်ပေးရန်ခဲယဉ်းသော နိုင်ငံရေးခိုလှုံခွင့်ကိုပေးခဲ့ တာ" ဟူ၍ ဒေါသသံပါပါနှင့်ကျွန်တော့်ကို ပြောဖူးသည်။
ယခုကျွန်တော်ဆရာဖြစ်သူ မြန်မာအမျိုးသမီးကြီးတစ်ဦးကို  အလွန်လေးစား သောနှလုံးသားဖြင့် လှိုက်လှိုက်လှဲလှဲကြီး နှုတ်ဆက်သည်ကိုတော့ ကျွန်တော်လည်း အံသြမိသည်။
"လောအယ်စိုးစံ အဲဒီအမျိုးသမီးကြီးဟာ အင်မတန်ထက်မြက်ပြီးတော်တဲ့  မြန်မာအမျိုးသမီးကြီးပဲ။ သူ့ရဲ့အမည်က ဒေါ်အေးအေးဝင်းလို့ ခေါ်တယ်ကွဲ့။ သူက အမေရိကန် AP သတင်းဌာနရဲ့ ဌာနေသတင်းထောက်တစ်ဦးပဲ" ဟု လေးနက်သော မျက်နှာသွင်ပြင်နှင့် ကျွန်တော့အားပြော၏။
ထိုနေ့တွင် ကျွန်တော်သည် ဒေါ်အေးအေးဝင်းကို အနီးကပ်စတင်မြင်တွေ့ခဲ့ ရပြီး သူမပြောဆိုသောစကားသံများကို ကြားဖူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလ သည် တစ်ဆယ့်ငါးနှစ်ဟူသော ဟိုအဝေးမှာကျန်ခဲ့ပေပြီ။
နေ့ရက်အတိအကျကို ကျွန်တော်မမှတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် အား နှစ်ရှည်နေအိမ်အတွင်းအကျယ်ချုပ်ဖြင့် စစ်အစိုးရမှ အရေးယူ ထိန်းသိမ်းလိုက် သည်။ ထိုနေ့ရက်များအတွင်း မြန်မာနိုင်ငံမြောက်ဖျားပိုင်းသို့ ကျွန်တော်ခရီးပြုခဲ့ သည်။ ထိုင်းနိုင်ငံသို့ အဖွဲ့အစည်းတစ်ခု၏အကူအညီဖြင့် ခရီးထွက်ခဲ့၏။ နိုင်ငံခြား သူအမျိုးသမီးတစ်ဦး၏ ကူညီချိတ်ဆက်ပေးမှုကြောင့် ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အ စည်းများအတွက် မြန်မာနိုင်ငံအတွင်းဓာတ်ပုံများရိုက်ရသည့် တာဝန်ပေးခြင်းခံရ သည်။ လူမှုဘ၀များ၏ ဓာတ်ပုံကိုစိတ်ကြိုက်ရိုက်ပြီး ကျွန်တော်လက်သွေးနိုင်ခဲ့၏။
အစိုးရမှထုတ်လွှင့်သော ရုပ်မြင်သံကြားသတင်း၊ သတင်းစာများမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲများကို ကျွန်တော်လေ့လာနိုင်ခဲ့၏။ AP သတင်းဌာန၏ သတင်း ထောက်ကြီးဒေါ်အေးအေးဝင်းကို တီဗွီဖန်သားပြင်ပေါ် သတင်းစာကြီးများ ၏ မျက်နှာဖုံးသတင်းဓာတ်ပုံများတွင် ကျွန်တော်မြင်ရ၏။ ရုတ်ရုတ်သဲသဲဖြစ်နေ သော NLD ဌာနချုပ်ကြီး၏ အရှေ့အခမ်းအနားများတွင်လည်း တက္ကစီပေါ်မှ ကျွန် တော် ဖြတ်ကနဲမြင်တွေ့ရသည်။
ကျွန်တော်သည်လည်း သူမကဲ့သို့ နိုင်ငံခြားသတင်းဌာနကြီးတစ်ခု၏ သတင်း ထောက်တစ်ယောက်ဖြစ်ရန် စိတ်ဆန္ဒ လှိုင်းဂယက်ကြီးများ ကျွန်တော်၏နှလုံးသား တို့ တ၀ုန်းဝုန်းရိုက်ခတ်၍နေ၏။
“ငါလည်း ဒေါ်အေးအေးဝင်း လို တော်ချင်လိုက်တာ” ဟူ၍ မိမိကိုယ် ကိုယ် မိမိပြောမိသော အကြိမ်များလည်း မနည်း။ နှစ်ဆယ့်တစ်ရာစုဦး၏ နေ့ရက်များ အတွင်း မြန်မာနိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုများ၊ မည်းမှောင်သောတိမ်စိုင်ကြီးများ၏ အရိပ်များလွှမ်းနေဆဲ။ အခမ်းအနားကြီးများတွင် ဖဲကြိုးများဖြတ်တတ်သော ဗိုလ်ချုပ်ခင်ညွန့်၏အပြုံးများက ၀င်း ၀င်း တောက်နေဆဲ၊အခွင့်အရေးသမားများက လည်း လက်အုပ်ချီ၍-
“အဘရဲ့    လမ်းညွှန်ချက်များ အတိုင်းပါ” ဆိုသည့် တီတီတာတာအသံ လေးများ ဝေစည်နေဆဲ။
ဈေးကွက်စီးပွားရေးကို ဖွင့်လိုက်ပါပြီဟူ၍စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးဂယက် ကြောင့် နိုင်ငံတကာမှကုမ္ပဏီကြီးအချို့၊ မြေစမ်းခရမ်းပျိုးသည့် သဘောနှင့် များများ ၀င်ရောက်လာကြသည်။ ဟိုတယ်ကြီးများ၊ စီးကရက်ကုမ္ပဏီကြီးများ၊ အချိုရည်များ၊ တချို့လည်း တပ်ခေါက်၍    ပြန်သွားကြသည်။ တရားဝင်    မဟုတ်သော    စားပွဲ အောက်မှပေးရသည့်    ငွေကြေးအတိုင်းအတာတွေလည်းမနည်း၊ နိုင်ငံတကာမှ မိမိတို့၏ကုမ္ပဏီများကိုပါ ရောပိတ်ဆို့သပိတ်မှောက်မည်ကို ကြောက်ပြီး တော်တော် များများ မြန်မာနိုင်ငံမှထွက်ခွါသွားကြသည်။
သိန်းသန်း    ကုဋေနှင့်ချီသောနိုင်ငံခြားငွေ၊ မြန်မာငွေကြေးများ တရားဝင် ငွေဖြူများ ဖြစ်သွားသည်။ လျှော်ဖွတ်ပေးသော ယန္တရားကြီးကလည်း ခိုင်ခိုင်ခံ့ခံ့ အားနှင့် အင်နှင့်လောင်စာအပြည်နှင့် ခုတ်မောင်း၍ ကောင်းနေဆဲ။ သမ္မာအာဇီဝနှင့် ရိုးသားစွာ မျိုးရိုးစဉ်ဆက် စီးပွားရှာခဲ့ကြသော ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ ဘယ်ဆီသို့ရောက်မှန်းမသိအောင် လူရာမ၀င်ဖြစ်သွားကြ သည်။
 အစဉ်အလာသမိုင်းကြီးခဲ့သော မန္တလေးမြိုတော်ကြီး အလယ် ဘူးသီး ငါးပေါင်းကြော်၊ အက္ခရာစာလုံးကြီးများနှင့် ကြေငြာသော စီးပွားရေးလုပ်ငန်းသစ် ကြီးများ ဟုန်းဟုန်းထနေသည်။ မန္တလေးမြို့၏ ညနေခင်းတွင် ထောင်သောင်းချီနေ သော မန္တလေးမြို့ခံဗမာလူမျိုးများ စက်ဘီးများကိုစီးနင်းပြီး မြို့သစ်ရပ်ကွက်များ ဆီ သို့ အိမ်အပြန်ခရီး မြင်ကွင်းကို ကျွန်တော်စိတ်မချမ်းသာစွာ မြင်တွေ့ခဲ့ရသည်။
မတရားသော အမိန့်များဥပဒေ ဖြစ်သွားကြသည်။ မိုးခါးရည်များကို အာဟာရများ အဖြစ်မှီဝဲကြရန် ဥပဒေနှင့် ပြဌာန်းခဲ့သော နေ့ရက်များအား ကျွန်တော်တို့ဖြတ်သန်း ခဲ့ကြသည်။ မြစ်များ ပြောင်းပြန်စီးသွားသည်ကို ကျွန်တော်တို့သည်အတိုင်း ၀မ်းနည်းခြင်းကြီးစွာနှင့် ထိုင်ကြည့်ခဲ့ရသည်။ ဓားကိုမိုးပြီး သမိုင်းရေးသောသူတို့၏ သမိုင်းများအားလုံးမှန်သည်ဟု အတင်းခေါင်းညိတ်ခဲ့ရသည်။
ဂုဏ်တော်ဖော်ကျူးသော ဘုန်းတော်ဘွဲ့သီချင်းများ၊ သရုပ်ဆောင်မှုများ၊စာပေအရေးအသားများ၊ ကာတွန်းများ၊ မြန်မာ့ရုပ်မြင်သံကြား၊ နေ့စဉ်သတင်း စာများ၊ မြင်ခင်းသစ်မဂ္ဂဇင်းများတွင် သောသောညံကာ လျှံထွက်နေသည်။
ယခုခေတ်ကာလအခြေနေတစ်ခု ပြောင်းသွားသောအခါ အဆိုပါပုဂ္ဂိုလ်ကြီး များသည် ထိုအရာများကသူတို့တတွေနှင့်လုံးဝပတ်သက်ခဲ့ခြင်းမရှိသယောင် ပုတ်သင်ညိုလူသားများ ဖြစ်သွားကြသည်။ သြော်လောက …လောက ဟူ၍သာ ကျွန်တော်ရေရွတ်မိလိုက်၏။
နိုင်ငံရေှးနှင့်ပတ်သက်သောသူများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသောဥပဒေ၊ ပုဒ်မပေါင်းများစွာတို့နှင့်ရာထောင်ချီသော သာမန်ပြည်သူများ၊ ပညာရှင်များ၊ တိုင်းပြည်၏အညွန့်အဖူးလူငယ်လေးများ၊ စစ်ကြောရေးစခန်း အကျဉ်း ထောင်များတွင်ပြည့်ကျပ်၍ ပိန်းပိတ်ကာနေ၏။ မစည်ကားသင့်သော အရပ်များတွင် စည်ကားနေသည်။ အမိမြန်မာနိုင်ငံအတွက် ကယ်တင်မည့် ကယ်တင်ရှင်ကိုပြည် သူများ မျှော်လင့်တောင့်တခဲ့ကြသည်။
စစ်အာဏာရှင်၏အောက်မှလွတ်မြောက်နိုင်ရန် အသီးသီးသောနိုင်ငံရေးသ မားများ၊ အကြမ်းမဖက်သောနည်းဖြင့် တိုက်ပွဲဝင်ခဲ့သည်။
သူတို့တစ်တွေ၏ ဘ၀များ စတေးရသည်။ မိသားစုဘ၀များ တစ်စစီ ပျက်စီးခဲ့ကြသည်။ မိမိတို့တတ်စွမ်းသော ခွန်အား၊ သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုများနှင့် တိုင်းပြည်အတွက် တာဝန်ကျေခဲ့ကြ သည်။
ပိတ်လှောင်၍ အထီးကျန်နေသော မြန်မာနိုင်ငံမှ ပြည်သူ လူထု၏ နေ့စဉ်ရုန်းကန်မှုဘ၀များ၊ အဖိနှိပ်ခံတို့၏ အော်ဟစ် တောင်းဆိုသံများ၊ ဗိုလ်ချုပ်ကြီးများ၏ အတွင်းကျိတ်အာဏာ လွန်ဆွဲမှုများအား လွတ်လပ်သော အပြင်ကမ္ဘာမှ သိလိုဇောပြင်း ထန်ခဲ့သည်။
ထိုအခြေအနေအတော်များများကို အချိန်မီတိတိကျကျ ကမ္ဘာ့သတင်းလောကသို့ သတ္တိရှိရှိပို့ပေးခဲ့သူမှာ ဒေါ်အေးအေးဝင်းဖြစ် သည်။ လွယ်ကူလှသော အလုပ်တစ်ခုကားမဟုတ်ပါ။ စစ်ဖိနပ်၏အောက် မမြင်နိုင်သောအန္တရာယ် ဘေးဒုက္ခများကို သတ္တိရှိရှိ ပါးနပ်လိမ္မာစွာ နှင့်သူမစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်းမှောင် နေသော သတင်းလောကကြီးတွင် ဒေါ်အေးအေးဝင်းသည် မိုး ကြားလေကြားထဲတွင် လောင်မြိုက်၍ အလင်းပေးနေခဲ့ရသော ဖယောင်းတိုင်တစ်တိုင်ဖြစ်ခဲ့ပါ၏။
စစ်ထောက်လှမ်းရေးများကလည်း AP  သတင်းဌာနကြီးနှင့် တွဲ၍မြင်ရသော ဒေါ်အေးအေးဝင်းကို မချစ်သော်လည်း ဟန် ဆောင်ကာ ပြုံးရသည်။ ခြောက်လှန့်ခဲ့သော အချိန်ကာလများနှင့် သူမကြုံသကဲ့သို့ ချော့မော့သောအချိန်များတွင်လည်း သူမတစ် ယောက် ပါးနပ်စွာ ရှောင်တိမ်းရသောအချိန်တွေလည်းနည်းမည် မထင်။
ထို့အပြင် ဖော်ပြ၍ မရနိုင်စွမ်းသောမိသားစု၊ လူမှုရေးအခက် အခဲများကိုလည်း သူမ ကြံ့ကြံ့ခံကာ ရင်ဆိုင်ခဲ့သည်။ သတင်းနှင့် ထမင်းစားနေရသော အလုပ်အတွက် ဒေါ်အေးအေးဝင်း သတင်း ထောက်ဖြစ်ခဲ့သည်မဟုတ်။ သတင်းများအတွက် ရှင်သန်ကာ ရုန်း ကန်ခဲ့သော ဒေါ်အေးအေးဝင်းဟု ကျွန်တော်မြင်ပါသည်။
သို့သော် သူမသည် သူတော်စင်ကြီးတစ်ဦးကား မဟုတ်ပါ။ အားနည်း မပြည့်စုံမှုများနှင့် ဘ၀ကိုတည်ဆောက်ထားသော လူသားတစ်ဦးပင်မဟုတ်ပါလား။
မိတ်ဆွေကိုသီဟ (ယခု NHK ) သတင်းဌာနမှ သတင်း ထောက်၏ ကူညီပေးမှုကြောင့် ပြင်သစ်သတင်းဌာန ( AFP)  အတွက် ဓာတ်ပုံသတင်းထောက်အဖြစ် ကျွန်တော်အလုပ်ရသည်။ ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ရန်ကုန်မြို့ဝါလကင်းလွတ်၍ မကြာမီ သီတင်းကျွတ်တော့မည့်အချိန်၊  AFP ၏ ၀ါရင့်သတင်း ထောက်ကြီးကား ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီးဦးခင်မောင် သွင်ခေါ် အန်ကယ်အယ်ဒီဖြစ်သည်။ ပြောင်မြောက်သော အင်္ဂလိပ်စာအရေးအသားကို သီကုံးနိုင်သူဖြစ်၏။
““ဟေ့ကောင် ငါက သတင်းထောက်ဖြစ်ချင်ရချည်ရဲ့ဆိုပြီး သတင်းထောက်ဖြစ်လာရတာ မဟုတ်ဘူး။ ဒါငါ့အလုပ်ကွ၊ ၀ါသနာလည်းမပါဘူး။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်ရတာတော့ ပျော် တယ်ကွ””
ကျွန်တော့်ဆရာ၏ ဆုံးမသြ၀ါဒစကားထဲမှ တချို့ကို ကောက် နုတ်၍ တင်ပြခြင်းဖြစ်သည်။
အန်ကယ်အယ်ဒီတစ်ယောက် သတင်းထောက်အလုပ်ကို ၀ါသနာမပါဘူးဟူ၍သာဆို၏။ သူသည် ထိုအလုပ်ကို စနစ်တကျ နှင့် စည်းကမ်းရှိရှိ လုပ်ဆောင်သူတစ်ဦးဖြစ်၏။ သတင်းအတွက် သူဖြန့်ကျက်ထားသော လူမှုရေးကွန်ရက်ကြီးကလည်း မိုင်တော် တော်ရှည်လျားသည်။ သာမန်ပြည်သူ၊NLDပါတီဝင်များ၊ ထောက်လှမ်းရေးအရာရှိကြီးများ၊ ပြည်တွင်းသတင်းသမားများ အစုံရှိ၏။
““အေး ငါ့ဆရာကတော့ ဦးမင်းသူပဲ။ ငါလည်း မင်းကို ငါ့ ဆရာဆီမှာ အပ်ပြီး ပညာသင်ခိုင်းရမယ်””
ဟူ၍ သူ၏ ဆရာအဖြစ် တင်မြှောက်ထားသော နှာခေါင်းမွေး ကြီးသို့မဟုတ် အန်ကယ်ဦးမင်းသူနှင့် ကျွန်တော့်ကို မိတ်ဆက်ပေး ပြီး သူ၏အတွေ့အကြုံ၊ ဖြတ်သန်းမှုများကို တပည့်ဖြစ်သူ ကျွန်တော့်အား ဝေမျှပေးပါရန် အပ်နှံပေးပါ၏။ ယနေ့တိုင် ထို အတွေ့ အကြုံ၊ ဦးမင်းသူနှင့် သိကျွမ်းပြီး တပည့်ခံရခြင်းအတွက် အန်ကယ်အယ်ဒီအား ကျေးဇူးတင်၍မဆုံးပါ။
အန်ကယ်ဦးမင်းသူက မှတ်ချက်တစ်ခုချပြီး ထိုနေ့ရက်မှ စတင်ကာ ကျွန်တော့်ကို တပည့်တစ်ဦးအဖြစ် လက်ခံပါ၏။
“အဲဒီ အယ်ဒီဆိုတဲ့ကောင်က ငပျင်းကွ။ သူ့အလုပ်ကိုလည်း ငါဝိုင်းလုပ်ရသေးတယ်”ဟူ၏။
သို့သော် ကျွန်တော့်ဆရာနှစ်ဦး၏ ဆက်ဆံရေးကား ညီအစ် ကိုကဲ့သို့လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦးအတွင်းသိ အဆင်းသိ အပြန်အလှန်လေးစားခင်မင်မှုရှိသော ဆက်ဆံရေးဖြစ်ပါ၏။

စိတ်နေစိတ်ထား၊ စရိုက်သွင်ပြင်များနှင့်အတူ လောကကြီးကို မြင်သောအမြင်များ မတူညီစေကာမူ ကျွန်တော့်ဆရာအန်ကယ် အယ်ဒီနှင့်ဒေါ်အေးအေးဝင်းတို့ကား တစ်ဦးနှင့်တစ်ဦး ပုဂ်္ဂိုလ်ရေး အရအလွန်ခင်မင်ကြသည်။
““ဟေ့ကောင် မင်း အေးအေးဝင်းဆီမှာလည်း တပည့်သွားခံ တယ်ဆို””
““ဟုတ်ကဲ့ အန်ကယ်””
““အေး မင်းကတော့ တော်တယ်။ ဆရာသမားကောင်းတွေဆီမှာပဲ တပည့်ခံ၊ ကောင်းပါတယ်ကွာ။ ဒါပေမဲ့ ငါတို့ရထားသမျှ သတင်း တွေကို အေးအေးဝင်းဆီ သွားမပေးနဲ့။ ငါပြောတာ ကြားလား””
““ဟုတ်ကဲ့ပါ အန်ကယ်””
ဟူ၍သာ ကျွန်တော် တာဝန်ကျေပြောရသည်။ ကျွန်တော့် ဆရာနှင့်ကျွန်တော် နှစ်ဦးစလုံးရထားပြီး ကျွန်တော်သိသော သတင်းများကိုကား ဒေါ်အေးအေးဝင်းကို မပေးရလျှင် ကျွန်တော် တာဝန်မကျဟု မိမိကိုယ်ကို ထင်မိသည်။
ဒေါ်အေးအေးဝင်းကို ကျွန်တော်က “အစ်မ”ဟူ၍သာခေါ်၏။ အစ်မကား အကြိမ်အနည်းငယ်သာ သတင်းနှင့်ပတ်သက်၍ ကျွန်တော့်ကို အကူအညီတောင်းခံဖူးပါ၏။ အစ်မ၏ တပည့် ကောင်းတစ်ဦးဖြစ်လိုသော ကျွန်တော်ကသာ အစ်မမတောင်းဘဲ တိကျသောသတင်း၊ မတိကျသောသတင်းများကို အစဉ်တယ်လီ ဖုန်းဆက်၍ပေးတတ်သည်။
““ဟေ့ကောင် တောသား၊ ငါတို့သတင်းဌာနနဲ့ အေးအေးဝင်းရဲ့ AP သတင်းဌာနဆိုတာက ပြိုင်ဘက်ဆိုတာလည်း မင်းထည့်တွက် ထားဦး။ မင်းရထားတဲ့ သတင်းတွေ အကုန်လုံးအေးအေးဝင်းကို မင်းက ပို့နေတော့ ငါသေပါပြီကွာ””
ဟူ၍ ကျွန်တော့်ဆရာအန်ကယ်အယ်ဒီ တစ်ခါတစ်ရံ ဒေါသ ထွက်ပြီး ကျွန်တော့်ကို အော်ငေါက်တတ်၏။
သို့သော် အန်ကယ်သည် သတင်းနှင့်ပတ်သက်၍ဖြစ်စေ၊ သတင်းသမားတို့၏ လိုက်နာရမည့်စည်းကမ်းကျင့်ဝတ်များအရ ဒေါ်အေးအေးဝင်းကို လေးစားတန်ဖိုးထားသူတစ်ဦးဖြစ်ကြောင်း ကျွန်တော်ကောင်းကောင်းသိပါ၏။
ထိုအချိန် ဦးခင်မောင်သွင်နှင့် သူ၏တပည့်ကျော် လောအယ် စိုးတို့၏ ရန်ကုန်အခြေစိုက် ပြင်သစ်သတင်းဌာန (AFP)  သည် သတင်းအရလည်း မြန်၏။ ဌာနချုပ်ရှိရာသို့ သတင်းအပို့လည်း မြန်ပါ၏။ မြန်ဆန်သော အဟုန်ကြောင့် ပြဿနာပေါင်းများစွာ ထုချေချက်များစွာကိုလည်း အန်ကယ်ဦးခင်မောင်သွင်တစ်ယောက် ဖြေရှင်းရသည့်အကြိမ်ပေါင်းကလည်း မနည်း။ ကျွန်တော် အန် ကယ့်ကို ဒုက္ခပေးသည့်အကြိမ်များလည်းရှိ၏။
““ဟေ့ကောင် ဗိုလ်ချုပ်မြနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ကုန်း မြင့်သာမှာတွေ့လား၊ မတွေ့လားဆိုတာ မင်းသေသေချာချာသွား စနည်းနာစမ်း။ အဲဒီနားတစ်ဝိုက် လက်ဖက်ရည်ဆိုင်မှာ သွားထိုင်””
““ဟုတ်ကဲ့ပါ အန်ကယ်””
““ပြောလိုက်ရင်တော့ မင်းက ဟုတ်ကဲ့ချည်းပဲ။ လုပ်လိုက်ရင် သာတလွဲ””
““ဒီတစ်ခါ ကျွန်တော်ဂရုစိုက်ပါ့မယ် အန်ကယ်””
““ရော့ ငါ့တယ်လီဖုန်း၊ ဒါက လက်ဖက်ရည်ဖိုး၊ ကဲသွားတော့””
ကေအင်န်ယူဥက္ကဋ္ဌကြီး ဗိုလ်ချုပ်မြရန်ကုန်သို့ ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော ကာလဖြစ်၏။
““ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မင်းတို့ဗိုလ်ချုပ်မြတို့ ကုန်းမြင့်သာ တပ်မတော် ဧည့်ဂေဟာမှာ တွေ့ပြီဆိုရင်တော့ မင်းတို့ကရင်ပြည် နယ် ငြိမ်းချမ်းပြီပေါ့ကွာ””
ဟု အန်ကယ်အယ်ဒီက ကျွန်တော့်အား သူ၏မှတ်ချက်ကိုပေး ၏။
““ဟေ့ကောင် သေချာမှ ငါ့ကိုဆက်နော်။ ငါလည်း မင်းဒုက္ခ ပေးထားလို့ ခံရတဲ့အကြိမ် မနည်းတော့ဘူး””
ကုန်းမြင့်သာရှိ တပ်မတော်ဧည့်ဂေဟာမှ မောင်းနှင်လာမည့် ကရင်အမျိုးသားခေါင်းဆောင်များစီးလာသော ကားကို မနီးမဝေး လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ ထိုင်ပြီး အကဲခတ်နေ၏။ ထိုပတ်ဝန်း ကျင်တွင် နေထိုင်သော ဂျပန်သတင်းဌာနတစ်ခု၏ သတင်းထောက်ဦးအောင်သူမြိုင်နှင့်လက်ဖက်ရည် အတူသောက်ကာ အခြေ အနေကို စိတ်လှုပ်ရှားစွာ အကဲခတ်၍နေ၏။
နှစ်နာရီနီးပါးခန့် အတူထိုင်ကြပြီး ကရင်အမျိုးသားဝတ်စုံကို ၀တ်ဆင်ထားကြသော သူတို့စီးနင်းသော ကားတစ်စီး ပြည်လမ်း မပေါ် မောင်းနှင်သွားသည်ကို ဖြတ်ခနဲ မြင်လိုက်၏။
အသိစိတ်ထဲတွင်မတော့ ကား၏ရှေ့ခန်းတွင် ထိုင်လာသူအား ဗိုလ်မှူးကြီးစောတူးတူးလေးဟု ခန့်မှန်းမိ၏။ ထိုင်းနိုင်ငံ မဲဆောက် မြို့တွင် နှစ်ကြိမ်ခန့်  ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူး ကြီးစောတူးတူးလေးကို ကျွန်တော်တွေ့ဆုံဖူးပါသည်။
““ဦးအောင်သူမြိုင်ရေ ခုနဖြတ်သွားတဲ့ကားကသူတို့အဖွဲ့ရဲ့ ကားပဲ။ ကုန်းမြင့်သာကနေ တွေ့ဆုံတဲ့ကိစ္စပြီးတာနဲ့ မြို့ထဲပြန်သွား တာ ထင်တယ်””
““ဟေ သေချာရဲ့လား လောအယ်ရ””
““သေချာပါတယ်၊ ကုန်းမြင့်သာကနေပဲ ဒီကား ဆင်းလာမှာ ပါ””
““ငါတော့ သိပ်မထင်ဘူး လောအယ်ရေ””
ဟု ဦးအောင်သူမြိုင်မှထပ်၍ ပြော၏။
““သေချာပါတယ် ဦးအောင်သူရေ””
““ဟေ့ကောင် မသေချာရင် မလုပ်နဲ့နော်။ မင်းဆရာကိုအယ် ဒီက ငါပါတွေ့တယ်ထင်ပြီးင့ါကိုပါ ဆဲနေဦးမယ်။ မင်းက သေချာ ရင် အဲဒီသတင်းကို မင်းဆရာဆီသာ ပို့ပေတော့၊ ငါမပါဘူးဟေ့””
ဟု ဦးအောင်သူမြိုင်ကဆို၏။ ကရင်ခေါင်းဆောင်များ စီးလာသည့်ကားကို သူကိုယ်တိုင်လည်း မမြင်ခဲ့ပေ။
““ဟဲလို အန်ကယ် ကရင်ခေါင်းဆောင်တွေ ကုန်းမြင့်သာကနေ စည်းဝေးပြီးတာနဲ့ ခုနကပဲ မြို့ထဲကို ပြန်သွားပြီ””
““ဟေ့ကောင် သေချာရဲ့လား””
““သေချာပါတယ်””
““တကယ်သေချာတယ်နော်””
““သြော် သေချာပါတယ်ဆိုမှ””
““အေး..အေး ငါအခုပဲ ဒီတွေ့ဆုံဆွေးနွေးမှု အောင်မြင်တဲ့ သတင်းကို ဘန်ကောက်ကို ပို့လိုက်တော့မယ်””
သည်လိုနှင့်ကျွန်တော် ရှို့လိုက်သော စနက်တံမီးကြောင့် ဗိုလ် ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်မြတို့၏ တွေ့ဆုံဆွေးနွေးမှု အောင် မြင်ကြောင်း သတင်းကြီး တ၀ုန်းဝုန်း မြည်သံကြီးနှင့် နာရီပိုင်း အတွင်း အရှိန်ပြင်းပြင်းနှင့် တောက်လောင်သွား၏။
AP မှ ဒေါ်အေးအေးဝင်းပေးပို့သည့် ထိုငြိမ်းချမ်းရေးအစည်း အဝေး အောင်မြင်ကြောင်းသတင်းကား အင်တာနက်၊ ဖန်သားပြင် တွင်မတွေ့ရ။ အစ်မသည် သူ၏ သတင်းရင်းမြစ်ထံမှ တိကျသော သတင်းကို ရမှသာAP ၏သတင်းဌာနရုံးရှိရာ ဘန်ကောက်မြို့သို့ ပို့လေ၏။ မသေချာမတိကျလျှင် ဘယ်သောအခါမှ ပို့လေ့မရှိ။
ကျွန်တော့်ဆရာ အန်ကယ်အယ်ဒီတစ်ယောက် ဘန်ကောက် ရုံးသို့ သတင်းပေးပို့ပြီး နေ့လယ်စားကာ တစ်ရေးတစ်မောတောင် အိပ်၍နေလောက်ပေပြီ။
အန်ကယ် ကျွန်တော့်အား ခေတ္တငှားထားသော သူ၏လက်ကိုင် ဖုန်းကို ပြန်အပ်သည့်အချိန် သူအနားယူသည့်အချိန်ဖြစ်သော ကြောင့် မတွေ့ခဲ့ရဘဲ မနက်ဖြန်မှ ကျွန်တော် လာတော့မည်ဖြစ် ကြောင်း အန်ကယ်ဦးအယ်ဒီ၏ဇနီးဖြစ်သူကို ပြောခဲ့ပြီး ကျွန်တော် အိမ်သို့ ပြန်ခဲ့သည်။
နောက်တစ်နေ့နံနက် ၁၀ နာရီခန့် အန်ကယ်အယ်ဒီထံသို့ ရောက်သောအခါ
““မင်း လုပ်ချလိုက်ပြန်ပြီ၊ ငါတော့ သောက်ရှက်တွေကွဲပြီကွာ။ ဘယ်ကလာ ဗိုလ်ချုပ်မှူးကြီးနဲ့ ဗိုလ်မြတို့ တွေ့ရမှာပဲ၊ ဘန်ကောက် ဗျူရိုက ငါ့ကိုဆဲလိုက်တာများကွာ””
ကျွန်တော် အန်ကယ့်ကို စိုက်ကြည့်နေရင်း ငြိမ်၍သာ နား ထောင်နေရသည်။ မငြိမ်၍လည်း မဖြစ်အန်ကယ်တစ်ယောက် ပို၍ပေါက်ကွဲဦးမည်ဆိုတာကိုလည်း သိသည်။
““ငါကိုကမှ မမှတ်တာ။ ဒီတပည့်တစ်ယောက်တည်းရှိတာကို ခံရပေါင်းလည်းမနည်းဘူး။ ငါပဲ ကံဆိုးတယ်လို့ မှတ်ရမှာပေါ့ကွာ””
““ဟုတ်တာပေါ့ အန်ကယ်””
““ဘာ ဟုတ်တာလဲကွ””
““သြော် မဟုတ်ပါဘူး။ ကျွန်တော်မှားတာကို ၀န်ခံမလို့ပါ””
သည်လိုနှင့် အန်ကယ် ဆူဆဲသမျှကို ငြိမ်ခံရင်းနှင့် မိမိကိုယ် ကို သတိထားဆင်ခြင်ရပါတော့သည်။
““မင်း အေးအေးဝင်းဆီမှာ ပညာလည်း သင်ပေါ့ကွာ။ ပြီးတော့ လည်း သူ့ဆီက သတင်းတွေရရင် ငါ့ကိုလည်း ပေးဦး””
““ဟုတ်ကဲ့ပါ အန်ကယ်””
““အေး မင်းက ပြောလိုက်ရင် ဟုတ်ကဲ့ပဲ။ လုပ်လိုက်ရင်သာ တလွဲ””
““ကျွန်တော် ဂရုစိုက်ပါတော့မယ်””
““အေးအေးဝင်းက အလုပ်လုပ်ရင် အရမ်းကို သပ်ရပ်တယ်။ တိကျတယ်။ မင်းနဲ့ငါ့လို မဟုတ်ဘူးကွ။ သူက သူ့ရဲ့အဖေ ဂါးဒီး ယန်ဦးစိန်ဝင်းကို အရမ်းချစ်ပြီး လေးစားတာ””
အန်ကယ်အယ်ဒီ ကျွန်တော့်အား သူ့ရင်ထဲမှလာသော စကားကို ပြောနေခြင်းဖြစ်ပါတယ်သည်၊။
““ငါ မင်းကို ခဏ ခဏပြောတယ်၊ ဒီသတင်းထောက်အလုပ်ကို ငါ ၀ါသနာမပါဘူးဆိုတာ။ အလုပ်အနေနဲ့သာ လုပ်နေတာ””
““ဟုတ်ကဲ့ပါ အန်ကယ်””
““ဂါးဒီးယန်ဦးစိန်ဝင်းရော သူ့ရဲ့သမီးအေးအေးဝင်းရော သူတို့ ရဲ့ နှလုံးသား၊ သွေးကြောတွေကနေပြီး ဒီသတင်းထောက်အလုပ် ကို တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးကိုလုပ်တာကွ””
ကိစ္စတစ်ခုနှင့် ကျွန်တော် ဒေါ်အေးအေးဝင်းအိမ်သို့ တစ်ရက် ရောက်သွားသည်။ အိမ်ရှေ့တွင် ကြည်လင်၍ကျက်သရေရှိစွာ မင်္ဂလာမောင်မယ် ဘာသာရေးမဂ္ဂဇင်းကို ဖတ်နေသော ဂါးဒီးယန် ဦးစိန်ဝင်းကို ကျွန်တော် တွေ့လိုက်ရသည်။ ဂါးဒီးယန်ဦးစိန်ဝင်း သည် သူ၏ဇရာနေ့ရက်များကို တန်ဖိုးရှိစွာဖြင့် တစ်ရက်စီ ဖြတ် သန်းသွားသော အတုယူဖွယ် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။
““အဖေက မင်းတို့ကရင်လူမျိုးတွေရဲ့ ပုသိမ်က ကိုသာဖြူ ခရစ်ယာန်သာသနာပြုကျောင်းမှာ သူပညာသင်ခဲ့ဖူးတယ် လော အယ်ရ။ သူ့ကို မင်းတို့ကရင်တွေက ပရောဖိုး(ဗမာလေး) လို့ခေါ် ကြတယ်””
အစ်မပြောသမျှကို ကျွန်တော်ဆက်၍နားထောင်နေမိသည်။
““အဖေဟာ အလုပ်ကို အရမ်းကြိုးစားပြီး ဇနီးနဲ့မိသားစုအပေါ် သံယောဇဉ်အရမ်းကြီးတယ်။ အစ်မတို့ ငယ်ငယ်တုန်းကဆိုရင်  မနက်အစောကြီး ငါတို့မနိုးခင်ကတည်းက သူ သတင်းစာတိုက်ကို ထွက်သွားပြီး မောင်နှမတွေအားလုံး အိပ်တဲ့အချိန်ကျမှ နောက် တစ်နေ့ ထွက်မယ့်သတင်းစာကို သူယူပြီးမှ အိမ်ကိုပြန်ရောက် တယ်””
““ဂါးဒီးယန်သတင်းစာကို သူစိတ်တိုင်းကျတည်းဖြတ်ပြီးမှ သတင်းစာဖတ်တဲ့ လူထုရဲ့လက်ကိုအပ်တယ်။ သူ့ရဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်တယ်””
““အစ်မ အဖေ့ဆီက အရမ်းကောင်းတဲ့ ပညာအမွေတွေ အများကြီးကို ရလိုက်တာပဲနော်””
““ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တောင်ကိုရီးယားသမ္မတ ချန် ဒူးဝှမ် ဗမာပြည်ကို ချစ်ကြည်ရေးခရီးစဉ်အလာ အာဇာနည်ကုန်း မှာ ဗုံးကွဲတော့ အဖေနဲ့အစ်မ အကောင်းဆုံးကြိုးစားပြီး အဖေ တာဝန်ယူထားတဲ့ နိုင်ငံခြားသတင်းဌာနအတွက် သတင်းတွေပို့တဲ့ အချိန်ကဆိုရင် အစ်မ အဖေ့ဆီက ပညာတွေ အများကြီးရလိုက် တယ်””
ဖခင်ဖြစ်သူ ဂါးဒီးယန်ဦးစိန်ဝင်းသည် ဒေါ်အေးအေးဝင်း အတွက် ဖခင်လည်းဖြစ်၏။ ကြည်ညိုလေးစားချစ်ခင်ပြီး အတုယူ ဖွယ်ကောင်းသည့် စံပြပုဂ်္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်၏။ အစ်မ၏ နှလုံးသားထဲဝယ် ဖခင်ဖြစ်သူ၏ ချစ်ခြင်းမေတ္တာလှိုင်းနှင့်အမှန်တရားကို ချစ်မြတ်နိုးပြီး အဖြူအမည်းပြတ်ပြတ်သားသားရပ်တည် ရဲသည့် အဖေ့နှလုံးသွေးတို့ အချိုးညီညီ သူမ၏နေ့စဉ်ဘ၀ထဲ စီး ဆင်း၍နေသည်။
““ဒီမိန်းမ အရမ်းခေါင်းမာတယ်။ ကြောက်လည်း မကြောက် ဘူးကွ””
ဆိုပြီး ထောက်လှမ်းရေးတွေက ဒေါ်အေးအေးဝင်းနှင့်ပတ် သက်၍ မှတ်ချက်ချခဲ့ဖူးသည်ကို သတင်းလောကတွင် ထင်ရှား အောင်မြင်သူကတစ်ဦးက ကျွန်တော့်ကိုရင်းရင်းနှီးနှီးပြောခဲ့ဖူး သည်။  ထိုအချိန်က ၂၀၀၁ ခုနှစ်၏ နေ့ရက်များဖြစ်သည်။
တစ်ခုသော ညဦးယံ ဂျပန်သံရုံး၌ ဧည့်ခံပွဲတစ်ခု ကျင်းပ၍ ကျွန်တော့်အား ဖိတ်ကြားသောကြောင့် ကျွန်တော် ထိုအခမ်းအနား သို့ တက်ရောက်ခဲ့သည်။ ပီရူးနိုင်ငံ၌ ဖြစ်ခဲ့ဖူးသော ဂျပန်သံရုံးကို အကြမ်းဖက်သူများ စီးနင်းခဲ့သော သင်ခန်းစာကြောင့် လုံခြုံရေးကို မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက အထူးတင်းကြပ်ပြီး ဧည့်ခံပွဲကိုကျင်းပ သည်။
မင်းနေပြည်တော်ကို ထိုအချိန်က ရန်ကုန်မြို့ဖြစ်သည်။ နိုင်ငံ တကာသံရုံးများမှ သံအရာရှိကြီးများ၊ မြန်မာစစ်တပ်မှ အကြီးအကဲ များ၊ NGOများမှ အရာရှိများ၊ ကျွန်တော်တို့ သတင်းထောက်များ ကို ဧည့်ခံပွဲတွင် စုံစုံလင်လင်တွေ့မြင်နိုင်သည်။
အရသာရှိလှသော အမျိုးအမည်စုံလင်လှသည့် အစားအစာ များ၊ ဈေးကြီးလှပါသည်ဆိုသော အရက်၊ ရှန်ပိန်၊ အနီ၊ အဖြူသော ၀ိုင်မျိုးစုံ၊ ပွဲက စသည်မကြာသေး ကျွန်တော်နှင့်အလွန်ခင်မင်ရင်း နှီးလှသော အစ်ကိုကြီးတစ်ဦးက အတော့်ကို မူး၍နေပေပြီ။
သံရုံးတို့၏ ဧည့်ခံပွဲထုံးစံအတိုင်း မိတ်ဆွေအဟောင်းများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နှုတ်ဆက်ကြ၊ သတင်းမေးကြ၊ သတင်းပေးကြ၊ သတင်းများ ဖလှယ်ကြသည်။ မျက်နှာသစ်၊ မျက်နှာဟောင်းတို့တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြပြီး လိပ်စာကဒ် များဖလှယ်ကြသည်။ ပရိတ်သတ်အတော်များများ အတတ်နိုင်ဆုံး အချိုဆုံးအပြုံးများ ဆင်မြန်းထားကြသည်။ ရင်ထဲက ပါသည်ဖြစ် စေ၊ မပါသည်ဖြစ်စေ သံခင်းတမန်ခင်းဆိုသည်မှာ သည်လိုပင်ဖြစ် မည်ဟု ကျွန်တော်သုံးသပ်မိသည်။ ကျွန်တော်လည်း စားပွဲထိုးမှ လှမ်း၍ကမ်းသော ၀ိုင်အနီတစ်ခွက်ကို ယူရင်းမိမိ၏အရှေ့တွင် ဖြတ်လျှောက်သွားသော သူများကို အတတ်နိုင်ဆုံးပြုံး၍ နှုတ်ဆက် ကာနေ၏။
“ဟယ်လို ဟိုင်း၊ မင်္ဂလာပါ”
ခွက်ထဲမှ ၀ိုင်အနီကို နှစ်ကျိုက်ခန့် အရသာခံမျိုချရင်း ပို၍ ရွှင်လန်းလာသည်ဟုပင် မိမိကိုယ်ကို ခံစားမိနေလိုက်သည်။
““သြော်...လောအယ်၊ မင်းက ဒီလောကကို ရောက်တာ တောင် မကြာသေးဘူး ၀ိုင်တွေတောင် သောက်နေပြီလား ငါ့ မောင်””
ဟူသော စကားကို ကြားမိ၍ ဘေးကို ကြည့်လိုက်သောအခါ မျက်နှာထားတင်းတင်းနှင့် ကျွန်တော့်အစ်မကို တွေ့လိုက်ရသည်။
““ဒီလိုပွဲလမ်းတွေမှာ ကောင်းပေ့ဈေးကြီးပါတယ်ဆိုတဲ့ ဒီဝိုင် တွေ၊ အရက်တွေ၊ အလကားရတာတွေ စသောက်ရင်း အရက်နဲ့ ကျေးကျွန်ဖြစ်သွားတဲ့လူတွေ မနည်းတော့ဘူး ငါ့မောင်””
ကျွန်တော် ၀ိုင်ခွက်ကိုကိုင်ကာ ဒေါ်အေးအေးဝင်းကို ကြောင် ၍ ကြည့်နေမိသည်။
““ဟိုမှာကြည့်စမ်း ဂါးဒီးယန်ဦးစိန်ဝင်းကို တွေ့တယ်မဟုတ် လား၊ အသက်ရှစ်ဆယ်ကျော် အဘိုးကြီးလိမေ်္မ်ာရည်သောက်ပြီး ဂျပန်တစ်ယောက်နဲ့ စကားပြောနေတာ၊ တွေ့တယ်မဟုတ်လား””
အစ်မ လက်ညှိုးထိုးရာဘက်သို့ ကျွန်တော်ကြည့်လိုက်မိသည့် အခါ မြက်ခင်းပေါ်ရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ဂါးဒီးယန်ဦးစိန်ဝင်းတစ်ယောက် ဂျပန်သံအရာရှိကြီးတစ်ဦးနှင့် ပြုံးရွှင်ပြုံးရွှင်စွာစကားပြောနေ၏။ လက်တစ်ဖက်တွင် လိမေ်္မ်ာရည် ဖန်ခွက် အ၀ါရောင်ကိုကိုင်ရင်း ပြုံးပြုံးရွှင်ရွှင်။
ကျွန်တော် တွေဝေသွားပြီး ၀မ်းနည်းသလိုမျိုး ခံစားမိသည်။ မိခင်က သူမ၏သားဖြစ်သူကို မေတ္တာနှင့်ဆုံးမခြင်းကဲ့သို့ အစ်မ ဒေါ်အေးအေးဝင်းတစ်ယောက် ကျွန်တော့်အား ဆုံးမခြင်းဖြစ် သည်။
ပြိုကွဲသွားခဲ့သော မိသားစုမုန်တိုင်းဂယက်ကြောင့် ကျွန်တော် သည် မိဘနှစ်ဦးနှင့် စုံစုံညီညီ နွေးနွေးထွေးထွေး မနေခဲ့ရသော်နှစ် သည် ဆယ်စုနှစ် နှစ်စုကျော်ကျော်စွန်း၍တောင် နေခဲ့ပြီပဲ။ ဘ၀၏ အချိုးအကွေ့၊ မုန်တိုင်း၊ လေညှင်းများ၊ မည်းမှောင်၍ လမ်း ပျောက်ခဲ့ရသော ညများစွာကိုလည်း ကြုံခဲ့ဖူး၏။ လှပစွာ ပြုံးတတ် သောသူတို့၏ စက်ဆုပ်ဖွယ် နှလုံးသားများကိုလည်း ခါးခါးသီးသီး ခံစားဖူးပါ၏။ ယခု ကျွန်တော့်အပေါ် မေတ္တာဒေါသနှင့် အစ်မ၏ ဆုံးမခြင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခြင်းများနှင့် လက်ခံ လိုက်၏။
တစ်ဝက်ခန့် ကျန်သေးသော အနီရင့်ရောင် ၀ိုင်ဖန်ခွက်ထဲမှ ၀ိုင်များကလည်း ကျွန်တော့်အား ပြုံး၍ပြနေသယောင်။
အရှေ့မှဖြတ်လျှောက်လာသော စားပွဲထိုးလူငယ်ကို လှမ်းခေါ် ရင်း ကျွန်တော့်လက်ထဲမှ ၀ိုင်ခွက်ကို သူ့အားပေးလိုက်ကာ-
““ညီလေး ကျွန်တော့်ကို လိမ္မော်ရည်ပေးပါ””
ဟု မေတ္တာရပ်ခံလိုက်၏။
ထိုညကောင်းကင်ယံတွင် ရန်ကုန်မှာသာသည့်လက ၀င်းဝင်း ထိန်၍ အေးမြနေ၏။
သူရာရည်နှင့်စပ်လျဉ်း၍ အစ်မတွင် ကြေကွဲစရာ၊ နာကျင်ခံ ပြင်းသော ခံစားချက်နှင့်အတူ အိပ်မက်ဆိုးများ ကြုံတွေ့ခံစားခဲ့ရ သော နေ့ရက်များရှိခဲ့၍ ကျွန်တော့်အား ထိုအမိုက်တွင်းသို့ မသက် ဆင်းစေလို ၍အမုန်းခံကာ ဆုံးမခြင်းပင်ဖြစ်ပါသည်။
သတင်းစာရှင်းလင်းပွဲ တစ်ခုတွင်အစ်မ၏ မေးလိုက်သော မေး ခွန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်တစ်ဦး၏မျက်နှာ မဲမဲနှင့်ဒေါသတကြီး တုံ့ပြန်လိုက်ခြင်းကို ဒေါ်အေးအေးဝင်းတစ်ယောက် အပြုံးနှင့် တုံ့ပြန်ခဲ့ဖူးသည်။
ကျွန်တော်တို့အား ပြည်ပအားကိုး ပုဆိန်ရိုးဟု မရိုးစွပ်စေကာ မူ သတင်းရောင်းစား သူတောင်းစားများဟု နောက်ကွယ်တွင်စစ် ထောက်လှမ်းရေးများနှင့် သူတို့၏ဖော်လံဖားများက ကင်ပွန်းတပ် ပြီး အမည်ပေးကြပါလိမ့်မည်။ ဂရုစိုက်ရန်မလိုပါ။ မိမိ၏လိပ်ပြာ သန့်ရန်သာအရေးကြီးသည် မဟုတ်ပါလား။
ထိုအချိန်က နိုင်ငံခြားသတင်းထောက်ကို လူအထင်ကြီးစေရန် ဂုဏ်ပုဒ်ကြီးတစ်ခု အနေနှင့် လုပ်ဆောင်ကြသူများအလယ်တွင် ဒေါ်အေးအေးဝင်း သည် သတင်းထောက်ဆိုသည့် အလုပ်ကို တန်ဖိုးရှိ မွန်မြတ်လှ သော သမိုင်းပေးတာဝန်တစ်ခုအနေနှင့် လုပ်ဆောင်ခဲ့သည်ဟု ကျွန်တော်မြင်မိပါသည်။
APသတင်းဌာနကြီးမှ ဂုဏ်ပြုသော ဆုကြီးတစ်ဆုကို အစ်မ အား ချီးမြှင့်လိုက်ကြောင်း ကျွန်တော်ကြားလိုက်ရသည်။ ဖုန်းဆက် ၍ ဂုဏ်ယူပါကြောင်း အစ်မအား မုဒိတာစကားကို ပြောလိုက်၏။ ၀မ်းသာဂုဏ်ယူမိပါ၏။
““အစ်မ ဒီဆုကိုရတော့ အဖေက သူ့ကို APသတင်းဌာနက ချီးမြှင့်ခဲ့တဲ့ဆုကို အစ်မကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးတယ်လေ””
ဖခင်ဖြစ်သူ ဂါးဒီးယန်ဦးစိန်ဝင်းအားAP သတင်းဌာနမှ အပ်နှင်းပေးခဲ့သည့်ဆုကိုပြရင်း အစ်မ ကျွန်တော့်အားပြောနေခြင်း ဖြစ်ပါသည်။
ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေးနှင့်အမျိုးသားလွတ်မြောက် ရေး ကြိုးပမ်းမှုသမိုင်း၏ နေ့ရက်များ၊ လွတ်လပ်ရေးရရှိပြီး ပါတီစုံ နိုင်ငံရေးကာလနှင့် တစ်ပါတီအာဏာရှင်စနစ်၏ နေ့ရက်များတွင်  မြန်မာ့သတင်းစာ သမိုင်း၌ထက်မြက်ထူးချွန်သော သတင်းသူရဲ ကောင်းများ ခေတ်အလိုက်ပေါ်ပေါက်ခဲ့ပါသည်။ သူတို့တစ်တွေ ထိုသမိုင်းနေ့ရက်များအတွက် အသီးသီးတာဝန်ကျေခဲ့ကြသည်။ မိမိတို့၏ပညာရပ်ဝန်းတွင် တစ်ဖက်ကမ်းခတ် ထူးချွန်ပြောင် မြောက်ခဲ့ကြသူများသည် အသီးသီးမိသားစုအရေးတွင် တာဝန်များ  လစ်ဟင်းခြင်း၊ စာရိတ္တအရာများတွင် အာရုံခံစားမှုများ၏ ကျေး ကျွန်များဖြစ်ခဲ့ကြသည်။
ပညာရပ်ဘက်တွင် နှောင်းလူများအတွက် အတုယူစရာဖြစ်ခဲ့ သော်လည်း သူတို့တစ်တွေ၏ နေ့စဉ်အသက်ရှင်ခြင်းနှင့်စာရိတ္တ များဘက်တွင် လူငယ်များ၏စံပြပုဂ်္ဂိုလ်များမဖြစ်ခဲ့သော ထူးချွန်ခဲ့ သူများကို ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့ဖူးပါသည်။ လူတော်များ ၏ အားနည်းချက်ဟူ၍ ခြွင်းချက်အနေနှင့် သူတို့တစ်တွေကို နား လည်ပေးခဲ့ကြသည်။ ထိုပုဂ်္ဂိုလ်များ၏ စာရင်းထဲတွင် ဒေါ်အေး အေးဝင်း၏ဖခင် ဂါးဒီးယန် ဦးစိန်ဝင်းတစ်ယောက် မပါဝင်ခဲ့ပေ။
ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးအနေနှင့်သော်လည်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သော သူမ၏ဖခင်အတွက် အစ်မ ဂုဏ်ယူသည်။
တက္ကသိုလ်ဆရာမဘ၀မှ အဖေ့၏ခြေရာကို နင်းနိုင်ရန် အစ်မ သည် သတင်းလောကထဲသို့ ခြေစုံပစ်၍၀င်ခဲ့သည်။ ရေဆန်၊ လေဆန်များကို ကြံ့ကြံ့ခံ လှော်ခတ်ခဲ့ရင်း ဂါးဒီးယန်ဦးစိန်ဝင်း၏ သမီး AP ဒေါ်အေးအေးဝင်းဖြစ်ခဲ့သည်။ ဖခင်အတွက် ဂုဏ်ယူနိုင်ခဲ့ သော သမီးဖြစ်သကဲ့သို့ ဒေါ်အေးအေးဝင်း၏ ဖြတ်သန်းခဲ့သည့် ဘ၀ခရီးအတွက် ဂါးဒီးယန်ဦးစိန်ဝင်းသည် ကြည်နူးဝမ်းသာခဲ့ပြီး လူ့လောကမှ ငြိမ်းချမ်းစွာ ထွက်ခွာ၍သွားခဲ့လေပြီ။
သို့သော် အစ်မနှင့်ချစ်ခင်ပွန်းဦးဇော်တို့၏ တစ်ဦးတည်းသော သမီးကညာကမူ အဘွားဘက်သို့ ယိမ်းကာ ဆရာဝန်ဖြစ်၍သွား ပေသည်။
လူသားတို့သည် ကမ္ဘာမြေကြီးရှိရာအရပ်သို့ မိမိတို့၏ အထုံ ပါရမီနှင့်သန္ဓေတည်ပြီး မွေးဖွားလာကြသည်။ ဘယ်သန်သောသူကို အတင်းညာလက်နှင့်စာရေးခိုင်း၍မရပေ။ လူမှန်းသိတတ်ကတည်း က မိမိကိုယ်ကို ပြတ်ပြတ်သားသား သုံးသပ်မြင်တတ်ရန်သာ အရေးကြီးသည်။ ပတ်ဝန်းကျင်မှ လာသောအသံများနောက်သို့ သံယောင်မလိုက်မိစေရန်၊ တစ်ပါးသူများ သတ်မှတ်ထားသည့် ပုံစံ ခွက်ဘ၀ထဲသို့ ခြေမချမိစေရန်သာအရေးကြီးသည်။
ကြံ့ခိုင်မှု အားနည်းခြင်းများကြောင့် ပါရမီရှင်အတော်များများ သာမန်လူများထက် ညံ့ဖျင်းသောသူများ ဖြစ်သွားကြသည်။ အာရုံ ခံစားမှုများ၏ ကျေးကျွန်များဖြစ်သွားခဲ့ကြသည်။ သတင်းလောက ကို အမှောင်ထုအားကြီးမားစွာနှင့် လွှမ်းခဲ့သော ဆယ်စုနှစ် သုံးစု နီးပါးကျော်ကျော်ကို ဒေါ်အေးအေးဝင်းတစ်ယောက် ခံနိုင်ရည်၊ သတိ္တ၊ ဉဏ်ပညာကြီးမားစွာနှင့်ဖြတ်သန်းခဲ့သည်။
သို့သော် သူမသည် မိမိ၏အခွင့်အရေးအတွက် ဘနဖူးသိုက် တူးမည်သူများကို ခါးခါးသီးသီး ရွံရှာ၏။ ရိုးသားမှုကင်းမဲ့သော နှလုံးသားများ၊ အပေးအယူလုပ်သောသူများနှင့် အထူးကင်းရှင်း အောင် ဝေးဝေးကနေ၏။ ဒေါ်အေးအေးဝင်းသည် အဖြူနှင့် အမည်း အရောင်နှစ်ခုထဲမှ အဖြူသို့မဟုတ် အမည်းရောင်တစ် ရောင်ကို ပြတ်ပြတ်သားသား ရွေးချယ်၍ ရပ်တည်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် မပူမနွေး အဖြူလည်း မမည်၊၊ အမည်းလည်းမဟုတ်သော ရွေးချယ်တတ်သည့် လူအုပ်စု အမျိုးအစားများထဲတွင် ဘယ်သောအခါမျှ ရှာတွေ့မည့် အမျိုး သမီးတစ်ဦးမဟုတ်ပေ။
၂၀၁၂ ၏ နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့်ပြည်ပ သတင်းလောကအခြေအနေကြီးမားသော အပြောင်းအလဲများနှင့် ကြုံတွေ့ရသည်။ အရည်အချင်းရှိပြီး ကြိုးစားသော သတင်း ထောက်မျိုးဆက်သစ်များ သမိုင်းသစ်တာဝန်များကို လက်ဆင့် ကမ်းယူလာကြသည်။
ရန်ကုန်မြို့သည်ပင် နိုင်ငံခြားသတင်းဌာနများ၏ ရုံးခွဲများ ဖွင့်လှစ်နိုင်သော မြို့ကြီးဖြစ်သွားခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရခါစအချိန်မှသည် တော်လှန်ရေးကောင်စီ အာဏာမသိမ်းမီ နေ့ရက်များအတိုင်း အခြေအနေသည် ပြောင်းလဲ၍သွားခဲ့သည်။
ပုရစ်ဖူးများဝေစီ၍ ရွက်သစ်လေးများ စွင့်စွင့်ကားကား ပွင့် လန်းကြတော့သည်။ မျိုးဆက်သစ်လူငယ်များအတွက် အခွင့် အလမ်းများက လက်ကမ်း၍ ကြိုဆိုနေကြပေပြီ။ ဇွဲ၊ ၀ီရိယ၊ ခံနိုင် ရည်သတိ္တများတော့ အထူးလိုအပ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ် ဆယ်ကျော်ကျော်ကာလများဆီမှ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အနောက်နိုင်ငံများတွင် မြင်တွေ့ရသည့် လွတ်လပ်သော သတင်း စာရှင်းလင်းပွဲမြင်ကွင်းများ၊ အချိန်ယူကာ သတ္တိရှိရှိ အမှန်တရား ကို စုံစမ်းဖော်ထုတ်သော မှုခင်းသတင်းထောက် သူရဲကောင်းများ မြန်မာနိုင်ငံ၌ ယနေ့ကျွန်တော်တို့ရရှိထားပြီးဖြစ်သည်။
"ပြတင်းပေါက်ဖွင့်လျှင် သင်၏အိမ်ထဲသို့ သင်းပျံ့သော လေ ပြည်၏ ထိတွေ့မှု၊ ရနံ့နှင့်အတူယင်ကောင်လည်း ၀င်ရောက်လာ နိုင်ပေသည်။" မြန်မာမှုဓလေ့၊ ဘာသာရေးအဆုံးအမများနှင့် ဆီလျော်မှုမရှိသည်များကိုလည်း ဘေးထွက်ဆိုးကျိုးများအနေနှင့် တော့ တွေ့ကြုံရပေဦးမည်။
မျိုးစေ့ကြဲသောသူများနှင့် ပန်းပျိုးခဲ့သောသူများ၏ ကျေးဇူး တရားများကိုလည်း ကျွန်တော်တို့မမေ့ရန် အထူးလိုအပ်သည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ ဂုဏ်ကျေးဇူးများအား ကျွန်တော်တို့ အစဉ်ဦးထိပ်ထားရန်လိုပေသည်။
လျှမ်းလျှမ်းတောက် ထူးချွန်၍အောင်မြင်ခဲ့သောသူများ၏ စာရင်းတွင် ကျွန်တော်မပါဝင်ပါ။ တစ်စုံတစ်ခုသောဘ၀၏ အလှည့်အပြောင်းအခြေအနေကြောင့် ပြည်ပသို့ထွက်ခဲ့ရသည်။ မြန်မာနိုင်ငံအတွင်း ဓာတ်ပုံသတင်းထောက်အဖြစ် ရုန်းကန်ခဲ့ရ သော နေ့ရက်များအတွင်း အစ်မဒေါ်အေးအေးဝင်း၏ ကျွန်တော့် အပေါ် ပြုခဲ့သော ကျေးဇူးတရားကို အစဉ်သတိရ၏။ အစ်မနှင့် ကျွန်တော်သည် ကိုးကွယ်ယုံကြည်သော ဘာသာနှင့်ဘ၀၏ခံယူ ချက်များ တူညီမှုကား ရာနှုန်းပြည့်မရှိပေ။
သို့သော် အစ်မသည် သူမ၏ ဘ၀မှဖြတ်သန်းလာခဲ့ရသော လောကဓံတရားနှင့်ယှဉ်၍ ရလာခဲ့သည့်အသိကို ဖြူစင်သောနှလုံး နှင့် ကျွန်တော့်အား လက်ဆင့်ကမ်းခဲ့ပါသည်။
မာယာတောမှ ချိုမြိန်၍ အာဟာရမြောက်ပါသည်ဟုဆိုပြီး တရှိုက်မတ်မတ် မိုးခါးရည်ကို သောက်သုံးနေကြသော သူများ အလယ်တွင် အမုန်းခံကာ မိခင်တစ်ဦး၊ အစ်မရင်းကဲ့သို့ ကျွန်တော့် အား ဆုံးမသွန်သင်ခဲ့သည်။ အစ်မတွင်လည်း သူ၏နေ့စဉ်ဘ၀နှင့် ယှဉ်၍ လျှောက်လှမ်းရသော ရေဆန်လောကဓံခရီးရှည်ကို ဆက် လက်၍ လှမ်းလျှောက်ဆဲပါ။
ခက်ခဲကြမ်းတမ်းလှသော ခရီးရှည်ကာလအတွင်း အစ်မ ဒေါ်အေးအေးဝင်းသည် တိုင်းပြည်အတွက် တာဝန်ကျေခဲ့သည်။ အဖေကို ဂုဏ်ယူအားကျခဲ့သော အစ်မအား ဂါးဒီးယန်ဦးစိန်ဝင်း တစ်ယောက် “ဒါမှ ငါ့သမီး”ဟု ရင်ကော့၍ ဂုဏ်ယူနိုင်ခဲ့ပေသည်။ ထိုသားအဖနှစ်ဦးအတွက် အမိမြန်မာနိုင်ငံမှလည်း ကြည်နူးဝမ်း သာစွာနှင့် ဂုဏ်ယူပါ၏။
အစ်မ ကျမ်းမာရွှင်လန်းပါစေ။
လောအယ်

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post