Latest News

Thursday, August 16, 2018

ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ


ဝမ်းသာအားရနှင့် ခုန်ပေါက်ပြီး စာပို့သမားကို ဖက်၍ နမ်းချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။ “ကျေးဇူးတင်လိုက်တာဗျာ။ဆရာသမား လ္ဘက်ရည်သောက်” ဟေ့၊ ညီလေး စာပွဲထိုး ဒီဆရာကို ဆေးလိပ်တစ်ပွဲချပေးလိုက်” “နှုတ်မှလည်း အစ်ကိုကြီးရေ ကျေးဇူးတင်ပါတယ်” ဟု ထပ်ကာ ထပ်ကာ ကျွန်တော်ပြောမိနေသည်။
ခက်ခက်ခဲခဲ ကြိုးစား၍ ဖြေဆိုပြီး နောက် အောင်စာရင်းထွက်သော အခါ ဘဝသစ်ကို ရောက်ပြီဟေ့ ဟူသော အောင်မြင်ခြင်း မာန်ဝင်ခဲ့ဘူးသည်။ စာမေးပွဲကို နှစ်ကြိမ်တိတိ ဖြေဆိုပြီးမှ ဆယ်တန်းကို ကျွန်တော်အောင် မြင်ခဲ့သည်။ ပြင်းထန်သော ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေး ပညာ (International Relation IR)ကို သင်ယူလိုခဲ့သော ကျွန်တော်စာကြည့်စားပွဲရှေ့တည့်တည့်တွင် (IR) ဟူသော နှစ်လုံးသောအင်္ဂလိပ် အက္ခရာကို ရေးထားပြီ နံရံတွင် ကပ်ကာ စာကြည့်ခဲ့သည်။

ဘဝ၏ ကြီးမားသော အိပ်မက်တစ်ခုဖြစ်သော ရန်ကုန် တက္ကသိုလ်ကြီး၏ ကျောင်းသားတစ်ယောက် အလွန် ကျွန်တော်ဖြစ်ချင်သည်။ သမိုင်းအဆက်ဆက်၌ နိုင်ငံအတွက် တန်ဘိုးရှိသော အပြောင်းအလဲများကို ရန်ကုန် တက္ကသိုလ်၌ ပညာသင်ကြားခွင့် ရခဲ့သူတို့ လုပ်ဆောင်ခဲ့ကြသည်။ သူတို့တစ်တွေ မိမိတို့၏ ဘဝများကို စွန့်လွှတ်ပြီး တိုင်းပြည်နှင့်လူထုအတွက် စတေးခဲ့ကြသည်။
လူသိများ၍ ထင်ရှားကျော်ကြားသော သမိုင်းဝင် သူရဲကောင်းများလည်း ရှိသည်။ ရိုးစင်းပြီး၊ခမ်းနားလှသော ပေးဆပ်မှုများနှင့် လူသူမသိပဲ ခန္ဓာကြွေလွင့်သွားရရှာသော အညတရ သူရဲကောင်းများစွာလည်းရှိသည်။ သူတို့တစ်တွေအတော်များများသည် အမိရန်ကုန်တက္ကသိုလ်ကြီး၌ ပညာရည်နို့ကို သောက်သုံးခွင့်ရရှိခဲ့သူများဖြစ်သည်။
ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားခွင့်ရပြီး ဘွဲ့ရသွားသော သူများရှိသလို လမ်းခုလတ်မှာပင်  အညှင်းပန်းအနှိပ်စက်ခံကာ ပညာသင်ခွင့် ရပ်ဆိုင်းလိုက်ရပြီး ဘဝတက္ကသိုလ်ကြီးတွင် ရေဆန်ကို ကူးခတ်ခဲ့ရသော သူများ၏ အရေအတွက်လည်း မနည်းခဲ့ပါ။ သူတို့တစ်တွေ၏ ခံယူချက်နှင့် ဆုံးဖြတ်ချက်များအား အမျိုးအမည် စုံလှသော အပေးအယူ အရောင်းအဝယ်များနှင့် ချဉ်းကပ်၍ မရခဲ့။ လေးစားကြည်ညိုဘွယ်ကောင်းသော ရန်ကုန်တက္ကသိုလ်မှ မောင်မယ်များဖြစ်ခဲ့ကြသည်။ အစဉ်အလာကြီးလှသော ရန်ကုန် တက္ကသိုလ်ကြီးအား ကျွန်တော် အဝေးမှ ဦးညွတ်ပါ၏။
“မင်းရန်ကုန်တက္ကသိုလ်ကို တက်ခွင့်ရသွားပြီးပဲထားဦး။ဘယ်သူမင်းကို ထောက်ပံ့မှာလဲ၊ မင်းမိသားစုရဲ့ အခြေအနေကိုလဲ မင်းအသိဆုံးပဲ” ဟူသော မေးခွန်းကလည်း ကျွန်တော်မှ ကျွန်တော်အား ထပ်ခါတစ်လဲလဲ ပြန်၍ မေးနေမိသည်။

“ဟုတ်ပေသားပဲ။ မပြည့်စုံသော မိသားစု၏ ဘဝကို မိမိသာလျှင် အသိဆုံးမဟုတ်ပါလား၊ ဘာပဲဖြစ်ဖြစ် ဘုရားပို့ဆောင်ပေးရင် ဒီရန်ကုန် တက္ကသိုလ်ကြီးကို ငါရောက်ကို ရောက်ရမယ်၊ ရန်ကုန် တက္ကသိုလ်ကြီးရဲ့ ကျောင်းသား တစ်ယောက် ဖြစ်ရမယ်” ဟု ဆိုပြီး၊ မာန် ပြန်၍ တင်းခဲ့သည်။ နှလုံးသား၏ အတွင်းတိုက်ပွဲကား သွေးသံမထွက်ပဲ တစ်ခါတစ်ရံ ကြမ်းတမ်း၍ ခက်ထန်နေတတ်သည်။

ကျွန်တော်၏ မှုန်ရီဝါးနေသော အရာတစ်ခုကိုမှန်းဆ၍ စိတ်ကူးပုံဖေါ်မိနေသည်။ထိုအရာတစ်ခုကား ဂျက်ဆင်ဘုရားကျောင်း ကြီးပင်ဖြစ်သည်။ ဘာကြောင့် “ခရစ်ယာန်တွေရဲ့ ဘုရားကျောင်းက အရေးကြီးလှတဲ့ရန်ကုန်တက္ကသိုလ်ရဲ့ အထိမ်းအမှတ်တစ်ခုထဲမှာ ပါဝင်နေရသလဲမသိ” ဟူ၍ ထိုစဉ်က ကျွန်တော်တွေးမိခဲ့ဘူးသည်။
ရန်ကုန်နှင့် ယုဒဿန် ကောလိပ်နှစ်ခုတို့၏ ဖြစ်တည်မှု သမိုင်းကို ကျွန်တော် ဘာမျှ မသိသေးသည့်အရွယ် စာရေးဆရာမကြီး မလေးလုံရေးသားသော “ဘသက်ရှည်” ဟူသော ဆရာကြီးဦဖေမောင်တင်၏ အကြောင်းကို ဖတ်လိုက်ရတော့မှ ထိုကောလိပ်ကြီးနှစ်ခု၏ သမိုင်းနှင့် အစဉ်အလာကို ကျွန်တော် သိရပါတော့သည်။
ဂီတပညာရှင်ကြီး ထူးအိမ်သင်၏ သီချင်းများ၊ အဆိုတော် မွန်းအောင်တို့၏ သီချင်းများ၊ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားများမှ ပြောပြသော ဇူလိုင်ခုနှစ်ရက်နေ့ အရေးအခင်း၊ မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်းများ အကြောင်းကို ကြားရတိုင်း ကျွန်တော်အတွက် ရန်ကုန်တက္ကသိုလ်ကြီးသည် ပို၍ ခမ်းနား ထည်ဝါလာသည်ဟုခံစားမိသည်။
ထိုတက္ကသိုလ်အကြောင်း စဉ်းစားရင်း၊စားလျှင်လည်းသည်စိတ် အိပ်မပျော်မှီလည်းသည်စိတ် လ္ဘက်ရည်ဆိုင် စကားဝိုင်းများတွင်လည်းသည်စိတ် ဖြစ်ခဲ့ရသည်။
ဆယ်တန်းအောင် စာရင်းထွက်သည့်အခါ ခုန်ပေါက်ပြီး ကျွန်တော် ”အောင်ပြီဟေ့” ဟု အော်ဟစ်ခဲ့သည်။ အမှတ်များထွက်လာသောအခါ မိမိ၏ ရရှိထားသော အမှတ်ဖြင့် ရန်ကုန် တက္ကသိုလ်ကို တတ်ခွင့် ရရှိနိုင်ရေးမှာလည်း မသေချာ။ အတိုင်းအတာတစ်ခုအရ အမှတ်က နည်းနေသည်။
ဘာသာရပ်တိုင်းကို ရမှတ်က ငါးဆယ်ကျော်ကျော်သာရှိသည်။ အများဆုံးဆိုရလျှင် ပထဝီဘာသာရပ်၌ ခြောက်ဆယ်ရှစ်မှတ်။
မိမိသင်ကြားလိုသည်က နိုင်ငံတကာ ဆက်ဆံရေးပညာရပ်။ ရရှိထားသော အမှတ်နှင့်က ”မျှော်လင့်ချက်မဲ့သလောက်ရှိနေပေပြီ“။ သို့သော် ဖြစ်ချင်ရာဖြစ်ပါစေတော့ ဟူ၍ စိတ်ပိုင်းဖြတ်ပြီး၊ ပထမဦးစားပေး နိုင်ငံတကာ ဆက်ဆံရေးပညာရပ်၊ ဒုတိယ ဥပဒေပညာရပ်၊ တတိယ ဒဿနိကပညာရပ်၊ ဟူ၍ တက္ကသိုလ်ဝင်ခွင့်လွှာတွင် စီ၍ ရေးချလိုက်သည်။ သုံးမျိုးသော ဘာသာရပ်များက ထိုစဉ်အချိန်ကရန်ကုန် တက္ကသိုလ်တွင်သာ သင်ကြားရမည့် ဘာသာများဖြစ်သည်။
“ကဲ ဒီသုံးမျိုးသော ဘာသာရပ်များက ငါ ရထားသော အမှတ်များနဲ့ ဘယ်လိုမှ မမှီတော့ရင် ဘာလုပ်မလဲ“ ဟူ၍ မိမိကိုယ်ကို ပြန်၍ မေးမိသည်။ မိမိကိုယ်ကိုပြန် ဖြေရမည့် အဖြေကား မရှိ။
ဘာပဲ ပြောပြော ကျွန်တော် ဖောင်ဖျက်လိုက်ပါပြီး၊ စိတ်ကို အားတင်းကာ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာကို စာတိုက်မှ တဆင့် ရန်ကုန်သို့ ပို့လိုက်ပါတော့သည်။
စိတ်လှုပ်ရှားမှုကြီးစွာနှင့် အဖြေကို နေ့စဉ် စောင့်နေခြင်းဖြစ်သည်။ ရာခိုင်နှုန်းအရ ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်ကို တက်ရန် မျှော်လင့်ချက်မဲ့သလောက်ရှိ၍ နေပေပြီး။
အလွန်ရူးသွပ်ခဲ့သော ဓာတ်ပုံရိုက်ခြင်းကိုလည်း အတန်တန်ဖခင်တားသည့်ကြားမှ ကွန်တော်ဓာတ်ပုံဆရာ ပေါက်စ တစ်ယောက်ဖြစ်ခဲ့သည်မှာ တစ်နှစ်ကျော်ကျော် ရှိ၍ နေပေပြီ။ ဆေးအနီရောင်ပြန်၍ သုတ်ထားသော မောင်ဗမာစက်ဘီးတစ်ပတ်ရစ်ကို နင်း၍ ရွှင်မြူး ပေါ့ပါး လန်းဆန်းနေသော ဓာတ်ပုံဆရာ ကျွန်တော့်ကို စာဖတ်သူများ ၁၉၈၉ ခုနှစ် ၁၉၉၀ ခုနှစ် ကုန်ဆုံးသည်အထိ ဖားအံမြို့တွင် မြင်တွေ့နိုင်ပါသည်။
ဘားအံ နှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ သာရေး၊ နာရေး လူငယ်တို့၏ လှုပ်ရှားမှုအားလုံးနီးပါးကို ဒိုင်ခံပြီး ဓာတ်ပုံရိုက်ယူရသော ပုဂ္ဂိုလ်ကား ထိုအချိန်က ကျွန်တော်သည် ပြိုင်ဘက်ကင်းခဲ့သူ တစ်ယောက်ဖြစ်သည်။
ထူးထူးခြားခြား ပြောင်မြောက်သော ဓာတ်ပုံပညာရှင်တစ်ဦးဖြစ်၍  အားကိုးခြင်း ခံရခြင်းကား မဟုတ်။ ကျွန်တော်ကို ဓာတ်ပုံပညာ သင်ကြားပေးခဲ့သော ဘားအံမြို့ မိုးပြာဓာတ်ပုံတိုက်မှ ကိုမြဦးတစ်ယောက် အမေရိကန်သို့ ဒီဗီ (DV) ပဲပေါက်၍ ဘဝခရီးအသစ် လှမ်းသွားသောကြောင့် ဖြစ်သည်။
ထိုစဉ်က ကိုမြဦးသည် ဘားအံမြို့ရှိ ခရစ်ယာန်လူမှု အသိုင်းအဝိုင်းတွင် အားကိုးခြင်းခံရသော ဓာတ်ပုံဆရာကောင်း တစ်ဦးဖြစ်သည်။ ထို့ကြောင့် သူအမေရိကန်သို့ မသွားမှီ လက်ရင်းတပည့်ဖြစ်သော ကျွန်တော်အား “ လောအယ်စိုးရေး မင်းတတ်ထားတဲ့ ဒီဓာတ်ပုံပညာလေးနဲ့ အကောင်းဆုံး သူတစ်ပါးကို ကူညီပါ“ ဟု မှာကြားခဲ့ပါသည်။

ကင်မရာကို ကိုင်နေရလျှင်အလွန် ကျေနပ်နေသော ကျွန်တော်ဖြစ်သည်။ ဓာတ်ပုံအရိုက်ခံသူများလည်း အကြွေးနှင့် အားပေးလျှင်လည်း ရသည်။ ပင်ပင်ပန်းပန်းတတ်ရသော ဇွဲကပင်တောင်ပေါ်သို့ “ဓာတ်ပုံဆရာလေးကို ငှါးမလို့။ ရမလား“ ဟုလေးလေးစားစားနှင့် အမေးခံရလျှင် အကျေနပ်ကြီး ကျေနပ်၍ နေပေပြီ။
တောင်ထိပ်သို့ ရောက်သောအခါတွင်လည်း ဓာတ်ပုံနှစ်ပုံ သုံးပုံ သို့မဟုတ် ဆယ်ပုံခန့် ရိုက်ရလျှင် ကျွန်တော်အလွန်ပျော်ရွှင်၍နေပါပြီ။

လူသစ်တန်း ဓာတ်ပုံဆရာဖြစ်သော ကျွန်တော်ရိုက်သည့် ဓာတ်ပုံများ အလွန်အဆင်မပြေ ပုံထွက် မကောင်းသော်ငြားလည်း မိတ်ဆွေ ငယ်ပေါင်းများက သည်းခံအားပေးရှာပါ၏။
ဓာတ်ပုံရိုက်၍ ငွေကြေး အမြက်ထွက်သည်၊ မထွက်သည်အသာထား။ ကင်မရာကိုလွယ်၍ လမ်းလျှောက်နေသောအခါ ချောင်းငယ်ကို ဖြတ်၍ ကူးနေသော နွားငယ်ကလေးကဲ့သို့ ခေါင်းလေးတမော့မော့နှင့် ဟိုလွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော်ကျော်ကာလ အချိန်ကို ပြန်၍ မြင်ယောင်မိပါသည်။ ဘားအံမြို့မှ သူငယ်ချင်းများကိုလည်း လွမ်းမိပါသည်။ အချို့ကား ဘဝ၏ ဝမ်းရေး၊ မိသားစု အရေးများကြောင့် ရေမြေခြားသို့ရောက်နေကြပေပြီ။ သားသ္မီးစည်စည်ဝေဝေနှင့် အချို့ကား လူလောကမှ အပြီးအပိုင် အမျိုးမျိုးသော အကြောင်းတရားများကြောင့် ကျောခိုင်း၍ ထွက်ခွာနှင့်ကြလေပေပြီ။

ထိုစဉ်အချိန်ကာလ၌ ကျွန်တော်၏ နှလုံးသား ခံစားမှုနှင့် သိမြင်သော အကြောင်းတရားများထဲတွင် ဝေဒနာတရားနှင့် အနိစ္စတရားတို့သည် မိမိနှင့် လုံးဝ မပတ်သက်သော အကြောင်းအရာများ ဟုပင် မှတ်ယူခဲ့ပါသည်။ ဆရာကြီး ပီမိုးနင်း၏ တက်ကျမ်းများ၊ ဆရာကြီးနန္ဒသိန်းဇံ၏ ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း စာအုပ်များတို့ကို ဖတ်ပြီးရေဆန်ကို လက်ပစ်ကူးချင်သော အရွယ်ဖြစ်ခဲ့သည်။
အချိန်နှင့် လောကဓံတရားသည် ကျွန်တော်တို့အား ရင့်ကျက်မှုရှိအောင် သင်ကြားပေးသွားသည် မဟုတ်ပါလား။
မိုးဖွဲဖွဲကျနေသော နေ့တစ်နေ့ ကျွန်တော်ဖလင်ဝယ်ရင်းနှင့် လ္ဘက်ရည်ဆိုင် ထိုင်ရန်အတွက် ဘားအံမြို့ လည်တွင်ရှိသော ရွှေဖားစည် လ္ဘက်ရည်ဆိုင်သို့ထွက်ခဲ့ပါသည်။
ထိုစဉ်က ဘားအံမြို့၌ နာမည်ကြီး လ္ဘက်ရည်ဆိုင်များအနက် မင်္ဂလာဝင်းနှင့် ရွှေဖားစည် နှစ်ဆိုင်ပါဝင်ပါသည်။ ရွှေဖားစည်ဆိုင်သည် ဖလင်များလည်းရောင်းသော ဆိုင်ဖြစ်ပါသည်။

လ္ဘက်ရည်သောက်နေစဉ် စာပို့သမားအစ်ကိုကြီးမှ ကျွန်တော်နာမည်ကိုခေါ်၍ “ညီလေး၊ မင်းရဲ့တက္ကသိုလ်ကဝင်ခွင့် အကြောင်းပြန်တဲ့စာ။ရော့“ ဟူ၍ ကျွန်တော်အား ပေးပါ၏။ စိတ်လှုပ်ရှားခြင်းကြီးစွာနှင့် စာအိတ်ကို ကျွန်တော် ဖောက်လိုက်၏။ ကျွန်တော်၏ နာမည်နှင့် အတူ ဥပဒေပညာကို ရန်ကုန်တက္ကသိုလ်၌ သင်ကြားခွင့်ပြုကြောင်း ဖော်ပြထား၏။

ဖော်၍ မပြနိုင်သော ဝမ်းသာ ကြည်နူးမှုနှင့်အတူ စာပို့သမားအစ်ကိုကြီးအား အထူးကျေးဇူးတင်ကြောင့် သူ၏ လက်ကို ကိုင်၍ ကျွန်တော် ပြောဆိုနေမိ၏။ ကျွန်တော်၏ အတွေးမျက်ဝန်း အာရုံ၌ ဘွဲ့နှင်း သဘင်ခန်းမကြီး အဓိပတိလမ်း၊ သစ်ပုတ်ပင်၊ ဂျက်ဆင်ဘုရားကျောင်းနှင့်အတူ ကျောင်းသားသမဂ္ဂအဆောက်အဦး နေရာဟောင်းမြက်ခင်းစိမ်းတို့ တစ်ရိပ်ရိပ်ပေါ်လာပါတော့သည်။
“ဘုရားရှင် ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော်အား တက်ခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်“ ဟူ၍လည်း ခေါင်ငုံ့ကာ ဆုတောင်းမိသည်။
နံက်ခင်းစောစော အာရုံဦး နေမင်း၏ ရောင်ခြည်ကို ကျွန်တော်ထိတွေ့ ခံစားမိခဲ့သည်။ မိမိ၏ ဘဝ၌ အလွန်အရေးကြီးသော ဘဝတစ်ဆစ်ချိုး အပြောင်းအလဲကြီး ဟု ကျွန်တော်ခံစားမိလိုက်ပါသည်။

တခြားတစ်ဖက်တွင်လည်း မျှော်လင့်မထားသော အတွေးကလည်းဝင်ရောက်လာ၏။ ဆယ်တန်း ပထမနှစ် စာမေးပွဲ စတင်ဖြေဆိုသောနေ့မှာပင် ကျွန်တော်မိဘနှစ်ပါး တရားဝင် ကွာရှင်း ပြတ်စဲသွားခဲ့သည်။ အသက်ဆယ်ခြောက်နှစ်ကျော်ကျော်လူငယ်တစ်ယောက်အတွက် အလွန်ပြင်ထန်သော လောကဓံရိုက်ခတ်မှုကြီး တစ်ခုဖြစ်သည်။
“အဖေလည်း ငါ့ကို ချစ်တယ်၊ အမေလည်း ငါ့ကို ချစ်တယ်။ ဘာကြောင့်များ သူတို့ အချင်းချင်းကြတော့ မချစ်ကြတော့တာလဲ“ ဟူသော အတွေး ကျွန်တော်နာကျင်စွာနှင့်တွေးမိခဲ့သည်။ ယခုလို ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးတစ်ယောက်ဖြစ်ရတော့မည့် မိမိအတွက် မိဘနှစ်ပါးစုံအရှေ့ဝယ် ကျွန်တော် မကြည်နူးဖြစ်ခြင်းအတွက် ထိုအချိန်က ကျွန်တော် ကြေကွဲမိပါသည်။
သို့သော် လူ့ဘဝဟူသည် ပုံသေနည်း တစ်ခုအတိုင်းတွက်ဆ၍ မရသော သင်္ချာမေးခွန်းများလည်း ဖြစ်သည်မဟုတ်ပါလား။ ကြိုးစား၍ မိမိဘဝ၏ အခြေအနေကို ပြတ်ပြတ်သားသား အရှိကို အရှိတိုင်း လက်ခံနိုင်ရန်အတွက်ပြင်ဆင်ရပါတော့သည်။
စာအုပ်များကို စ၍ ဖတ်သော အချိန်ဖြစ်သောကြောင့် ထိုစဉ်က လူငယ် အတော်များများဖတ်သော တတ်ကျမ်းများက ကျွန်တော်ကို ခွန်အားသစ်များပေးပါသည်။ အတ္ထုပတ္တိ စာအုပ်များကလည်း ဘဝ၏ မဆုံးနိုင်သော စိန်ခေါ်ချက်များတို့ကို ရင်ဆိုင်ရန် မာန်သစ်များ ပေးပါသည်။
လူ့ဘဝဟူသည် ရေဆန်လို လှော်ရသော ခရီးတစ်ခုပင် မဟုတ်ပါလား။ ဓာတ်ပုံဆရာအဖြစ် တစ်ဦးတည်း ဘားအံမြို့တွင် ကျွန်တော်နေထိုင်သည်။ နာဂတောင်တန်းသို့ သာသနာတာဝန်ဖြင့် ခရီးရှည် ထွက်သွားသော ဆရာစောမင်းလွင်၏ နေအိမ်တွင်အခမဲ့ ကျွန်တော် နေထိုင်ခွင့်ရသည်။ လိုအပ်သော ကျောင်းစားရိတ်နှင့် အခြားသော အရာများအတွက် မိခင်တာဝန်ကျနေသော မြဝတီမြို့သို့ ဦးစွာ ခရီးထွက်ပြုရသည်။ ၁၉၉၀ ကာလနှစ်များက ဘားအံမြို့မှ တဆင့် ကော့ကရိတ်၊ တဖန်မြဝတီမြို့သို့ ခရီးပြုဘူးသော သူများ ယနေ့တိုင် အမှတ်ရနေပါလိမ်မည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ ဒေါနတောင်တန်းကြီးကို ဖြတ်သွားရသော ခရီးကား စွန့်စားမှုကြီး တစ်ခုပင် ဖြစ်သည်။ အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့တို့၏ စစ်မြေပြင်လည်းဖြစ်သည်။ နည်းမျိုးစုံသော အနိုင်ကျင့် ငွေကြေးတောင်းယူတတ်သော လူသားချင်း စာနာသည့် နှလုံးသားများကင်းမဲ့သည့် လက်နက်ကိုင်ဆောင်သော အစိုးရဝန်ထမ်းတို့၏ စားကျက်လည်းဖြစ်၏။ အမျိုးအမည်ဖော်၍ မရသော ဓားမြတို့ ပါးနပ် လိမ္မာစွာ ကျင်လည်သော နေရာဖြစ်သည်။
ပြင်းထန်လွန်သော မြေမြုတ်မိုင်းများထောင်ထားပြီး၊ အပြစ်မဲ့သော ခရီးသွားပြည်သူများတို့၏ အသက်ချုပ်ငြိမ်းသွားတတ်သော ခရီးလမ်းသည် ကော့ကရိတ် - မြဝတီ တောင်ကျော်လမ်းဖြစ်သည်။ ပြည်သူ့အတွက်ဟူသော ကြွေးကြော်သံများနှင့် လက်နက်များကိုင်ဆောင်ထားသော ဆန့်ကျင်ဘက် အဖွဲ့စည်းနှစ်စုကလည်း လူထုကို မိတ်ဆွေကဲ့သို့ ရာခိုင်နှုန်းအတော်များများ ပြုမူဆက်ဆံမှု ကင်းမဲ့သော လမ်းခရီးလည်းဖြစ်သည်။
သို့သော် သာမာန်ပြည်သူများတို့အတွက် ရွေးချယ်ရန် လမ်းကားမရှိ။ မော်တော်ကားကို စီးနင်း၍ သွားရတော့မည် ဆိုလျှင် ဒီ ကော့ကရိတ်၊ မြဝတီ တောင်ကျော်လမ်းကိုသာ ရွေးချယ်ရတော့ပေသည်။

ပြည်သူများတို့၏ ဘဝဖြတ်သန်းမှုများ ထိုခရီးလမ်းကို ဖြတ်ကျော်ရတိုင်း ခါးသီး ရွံရှာ၊ နာကျည်း စရာအတွေ့အကြုံများရှိသည်။ ပြန်၍ ပြောပြစရာ ဘဝနှင့် ရင်းနှီးထားသော ဇာတ်လမ်းများရှိသည်။
ကော့ကရိတ်မြို့မှ ခန့်မှန်း၍ မရသော မြဝတီ ယာဉ်တန်းကို ဇွဲရှိရှိနှင့် စောင့်ရသည်။ ကားတန်းရှိသည် ဟူသော အသံထွက်လာပါက ကားများစုဝေး၍ ရပ်ထားသောကားဝင်းအတွင်း အဆင်သင့် စောင့်နေရသည်။
မည်သည့် အချိန်တွင် ကားထွက်တော့မည်ကို ကြိုတင်၍ မသိကြ။ တစ်နေ့လုံးနီးပါး ကားဝင်းကြီးထဲစောင့်နေပြီး၊ တစ်ခါ “ဒီနေ့ကားတန်း မဖြစ်ဘူးဟေ့“ ဆိုပါက မိမိတည်းခိုသည် နေအိမ်သို့ ပြန်ရပြန်သည်။ ဘာကိုမှ အပြစ်တင်၍ မရ။ သည်အရပ်မှာ လူ့ဘဝတွေက သည်လိုနှင့်ပင် ရှင်သန်နေရသည်ပင် မဟုတ်ပါလား။ ထိုအချိန်က ရိက္ခာပို့သော တပ်မတော် ယာဉ်တန်းနှင့် မြဝတီသို့ ကျွန်တော် ခရီးပြုခဲ့သည်။ ကားခလည်း လျော့၍ တပ်မတော်ယာဉ်မောင်းမှ ယူ၏။ တီအီးကားကြီး၏ ဆန်အိတ်များပေါ် ထိုင်ရင်း ကျွန်တော်လိုက်ပါခဲ့ပါသည်။ လူဘဝများ ကြမ်းတမ်းပြီး ရေရာသေချာမှု မရှိစေကာမူ ဒေါနတောင်တန်းက တည်တည်ငြိမ်ငြိမ်ပင်။ ခေတ်အဆက်ဆက်မှ ဝရုန်းသုန်းကား ဖြတ်သန်းသွားခဲ့သော လူ့ဘဝဖြစ်စဉ် သမိုင်းများကို သည်ဒေါန တောင်တန်းကြီး ကောင်းကောင်းကြီးသိနေသည့် ပုံရသည်။
ကောင်းကင်၌ ပြာလဲ့သော နောက်ခံကားနှင့် ဖြူဆွတ်သော တိမ်စိုင်များက လွင့်မျော၍ နေသည်။
ဤအရပ်ဒေသ ဘယ်အချိန်များမှ ငြိမ်းချမ်းမလဲဟု ကျွန်တော် တွေးနေမိသည်။ အသက်ရှင်သန်ခွင့်ရှိနေသရွေ့ မျော်လင့်ချက်များ ကိုယ်စီ ကျွန်တော်တို့ ရှိနေနိုင်သည် မဟုတ်ပါလား။
ယခု ကျွန်တော်စာရေးနေသည့် အချိန်ကာလအတွင်း မယုံကြည်နိုင်စရာ အပြောင်းအလဲ ကြီးစွာ ဖြစ်ခဲ့သည်ပဲ။
နံနက်ရန်ကုန်မြို့မှ ထွက်လျှင် နေမဝင်မှီ မြဝတီမြို့သို့ ရောက်ပေပြီ။ ဆန္ဒရှိပါက တစ်ဖက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ကူးပြီး ဈေးဝယ်ထွက်နိုင်သေးသည်။
လူဖြူ၊ လူဝါများကိုလည်း မြဝတီမြို့တွင် သင် ယခု မြင်တွေ့နိုင်သည်။ မြဝတီမြို့ခံမဟုတ်သူများတို့၏ ကြီးမားသော လုပ်ငန်းများဖြင့် ရပ်တည်ထားသော စီးပွားရေး လုပ်ငန်းများကိုလည်း တွေ့နိုင်သည်။ အပြောင်းအလဲများစွာနှင့် မြဝတီမြို့ကြီးသည် ရှေ့သို့ ချီနေသည်။
အသစ်သောစိန်ခေါ်မှုများကို မြဝတီရှိ လူထုများရင်ဆိုင်ရပေသည်။ လူသားတို့၏ သမိုင်းသည် အစဉ်အနိမ့်၊ အမြင့်၊ အဖြူ၊ အမဲနှင့် အရောင်များ ဒွန်တွဲ၍ ရှိနေခဲ့သည် မဟုတ်ပါလား။

ဆယ်ကျော်သက်ရွယ်အချိန်တွင် ကျွန်တော်တို့ လူငယ်အတော်များများ ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းကို ကြိတ်၍ နှလုံးသားမှလှိုက်လှုက်လှဲလှဲ လေးစားကြသည်။ မိမိ၏ အစ်ကိုကြီးအရွယ် (သို့မဟုတ်)သူငယ်ချင်းတစ်စုံတစ်ယောက် တောခိုသွားပြီး ကရင်လက်နက်ကိုင်အဖွဲ့စည်းထဲသို့ ဝင်ရောက်သွားကြောင်းသိရလျှင် ထိုပုဂ္ဂိုလ်အား ကျွန်တော်တို့ သူရဲကောင်းကြီးတစ်ယောက်ကဲ့သို့ လေးစားကြသည်။ မိမိကိုယ်တိုင်က သတ္တိရှိရှိနှင့် အပင်ပန်း အဆင်းရဲခံပြီး၊ တောခိုနိုင်လောက်သော အနေအထားနှင့် ရပ်တည်မှုမရှိခဲ့။ သို့သော် ကရင်လက်နက်ကိုင် တပ်သားများ ဝတ်ဆင်သော ပျောက်ကြားစစ်ဝတ်စုံကို နှစ်သက်တန်ဘိုးထားခြင်းကြီးစွာနှင့် ကျွန်တော်တို့ ဝတ်ဆင်ခဲ့ကြသည်။

ယခုတော့လည်း နည်းမျိုးစုံနှင့် အစိုးရ စစ်တပ်နှင့် အဆင်ပြေသွားကြပြီး၊ ငြိမ်းချမ်းရေး ယူခဲ့ကြသော လက်နက်ကိုင် အကြီးအသေး၊ အဖွဲ့ကား နည်းနည်းနောနောမဟုတ်။ ရာထူးအဆင့်တွေလည်း အမျိုးမျိုး။ သူတို့တစ်တွေကလည်း ပျောက်ကြားယူနီဖောင်းတွေ ဝတ်ဆင်ထားကြသည်။
သို့သော် ယခု နိုင်ငံအနှံ့ရှိ လူငယ်ရာခိုင်နှုန်းအတော်များများ ပျောက်ကြားစစ်ဝတ်စုံကြီးကို တန်ဘိုးထားဝတ်ဆင်ကြသည်ကို ကျွန်တော်သိပ် မတွေ့ရတော့ပေ။
အတွေ့အကြုံ့ နုနယ်ပြီး ပညာ ဗဟုသုတ အရာ၌ လူကြီးများထက် ချို့တဲ့ အားနည်းမှုများ ရှိကြသော်လည်း အဖြူရောင် ကြည်လင်သော နှလုံးသားများကို သမိုင်းခေတ်အဆက်ဆက်တွင် လူငယ်များကြောင့် လူသားတို့၏ သမိုင်းများ ကြီးမားသော အချိုးအကွေ့များနှင့် ရင်ဆိုင်ခဲ့ကြသည်။  သူတို့၏ ပေးဆပ်မှုများကြောင့် လူသားတို့၏ သမိုင်းများ ကြီမားသော အချိုးအကွေ့များနှင့် ရင်ဆိုင်ခဲ့ကြသည်။
မိမိတို့၏ ခံယူချက်ကို ခန္ဓာကြွေသွားသည်အထိ သူတို့တစ်တွေ အပေးအယူမလုပ်ခဲ့။ သူတို့၏ နှလုံးသား ခံယူချက်များကို ခြောက်လှန့်၍လည်း မရသလို ချော့မော့ ကျောသပ်ပြီးဝယ်ယူ၍ မရနိုင်ခဲ့။
ထိုကဲ့သို့သော သူရဲကောင်း မောင်၊ မယ်များ မြန်မာသမိုင်း စာမျက်နှာတွင် ကမ္ဗည်း မော်ကွန်းရေးထိုးနိုင်ခဲ့သည်။ လူသူမသိသွားသော အညတြ သူရဲကောင်းများစွာလည်း ရှိသည်။
သူတို့၏ ကြင်နာမှု မေတ္တာတရားသည် နယ်နိမိတ် အကန့်အသတ်မရှိ။ ရွံရှာဘွယ်ကောင်းလှသော တရားမမျှတမှုနှင့် စစ်မီးလျံများတို့ကို သူတို့တစ်တွေ ခါးခါးသီးသီး ဆန့်ကျင်ကြသည်။
သို့သော် ခြွင်းချက်တစ်ခုကား ရှိ၏။ မြေခွေးကဲ့သို့ ကောက်ကျစ် စဉ်းလဲပြီး သိုး အရေခြုံထားသော နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး ခေါင်းဆောင်များတို့၏ အသုံးချ အရောင်ဆိုးမှုများကိုလည်း သမိုင်းအဆက်ဆက်တွင် လူငယ်များ ခံခဲ့ရသည်။

မြဝတီမြို့သို့ ရောက်ပြီး၊ မိခင်နှင့် တိုင်ပင်သင့်သည်အရာများကို တိုင်ပင်ပြီး၊ ကျောင်းအပ်ရန်အတွက် ကုန်ကျမည့်ငွေများကိုလည်း စုဆောင်းပြင်ဆင်ရသည်။
ကားတန်း အတတ်ရှိသောနေ့ ကားတန်းအဆင်းရှိသောနေ့များတွင် မြဝတီမြို့သည် လှုပ်လှုပ်ရှားရှားနှင့် ပြာယာခတ်နေသော အပျိုဖြန်း မိန်းကလေးနှင့် ခပ်ဆင်ဆင်တူညီနေတတ်သည်။
ထိုအချိန်က အာဏာဘုန်းရောင် တစ်ဝင်းဝင်းနှင့် မာန်ဝင့်သောသူမှာ ပြည်သူ စစ်ခေါင်းဆောင် ဦးမိုးသီးဖြစ်သည်။ အရပ်က သိပ်မမြင့်၊ အသားအရည်က အညိုရောင်ဘက်သို့ သန်းသည်။ ကားတဝီဝီနှင့် တစ်မျိုး ၊အကောင်းစား ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်ကို စီးနေတတ်သော ဦးမိုးသီးကို တွေ့နိုင်သည်။

မာန်နှင့်စကားပြောတတ်သည်၊ တော်တော် များများက သူကို ကြောက်ရွံ့ကြသည်။ သူကလည်း လုပ်ပိုင်ခွင့် အာဏာနှင့် ငွေကြေးကလည်း အလျှံပယ်။ ရပ်ကွက်အသစ်ဖြစ်သော မိကျောင်းကုန်းကလည်း ဦးမိုးသီး အာဏာစက်နှင့် ခြေစင်္ကြာဖြန့်ကျက်မှုအားကြီးသောကြောင့် မိုးသီးကုန်းဟုပင် ကင်ပွန်းတတ်ထားသည်။
သာမာန်အရပ်သူ အရပ်သားများက ဦးမိုးသီးကို လန့်ကြသည်။ မြဝတီမြို့နှင့် တစ်ဘက်ကမ်း ထိုင်းနိုင်ငံရှိ မယ်တော်။ ရွာလည်း မမည်၊ မြို့လည်းမဟုတ်သော အရပ်ကို သောင်းရင်မြစ်ကခြား၍ ထားသည်။ ထိုင်း မြန်မာ ချစ်ကြည်ရေးတံတားကလည်း ဆောက်ရန်စိုင်းပြင်းနေသောကာလလည်း ဖြစ်သည်။
ထိုကြောင့် နယ်စပ်ကို တရားဝင်ဖြတ်သန်းသွားလိုသူများက စက်လှေစီးရသည်။ မိုးတွင်ကာလ မြစ်ရေများ လျှံနေသည့်အချိန်တွင် စက်လှေကို မိနစ်အနည်းငယ်သာ စီးရသည့် အချိန်ကို ကျွန်တော် မမှတ်မိတော့ပါ။
သို့သော် နွေကာလ မြစ်ရေ နည်းသော အချိန်တွင် မြစ်ကို ကူးသည့် စက်လှေစီးရသည့် အချိန်က သုံးမိနစ်ခန့်ပင် ရှိလိမ့်မည်။ သို့သော် အားလုံးသော ခရီးသွားတို့ စက်လှေကို မစီးမနေရ။ ထိုစက်လှေကူးတို့၏ လုပ်ငန်းအား ကန်ထရိုက်ဆွဲထားသူမှာ ဦးမိုးသီးဖြစ်သည်။
ဟုတ်သည်၊ မဟုတ်သည်ကို ကျွန်တော် အသေအချာကားမသိ၊ တစ်မြို့လုံးတွင် ဦးမိုးသီး ကြောက်သော ပုဂ္ဂိုလ်ဟူ၍ နှစ်ဦးသားရှိသည်။ ထိုပုဂ္ဂိုလ်နှစ်ယောက်ကား ဦးမိုးသီးနှင့် ဆွေမျိုးမကင်းသော မိကျောင်းကုန်းဆရာတော်နှင့် သူ၏ ချစ်၍ မငြီးသော မဟေသီ ဇနီးသည်ပင်ဖြစ်သည်။
ထိုကောလာဟာလ သတင်းမှန်သည်၊မမှန်သည်ကို ကျွန်တော် မသိပါ။ ကာယကံရှင် ဖြစ်သာ ဦးမိုးသီးသာ အသိဆုံးဖြစ်ပေလိမ့်မည်။  ဦးမိုးသီးကား ကွယ်လွန်သွားရှာပေပြီ။

မြဝတီမြို့၏ ပြောင်းလဲမှုအရှိန်အဟုန်ကလည်း ပြင်းထန်မြန်ဆန်သော ယနေ့ အချိန်တွင် ကျွန်တော်တို့ ဦးမိုးသီး အသစ်များကို တွေ့မြင်ရသည်။ အနိစ္စ၏ မမြဲသော အကြောင်းအရာကို ဆင်ခြင်နိုင်ခြင်း ကင်းမဲ့ပါက ကျွန်တော်တို့သည် ငါကို ငါနှင့်သာ နှိုင်းယှဉ်သည် မဟုတ်ပါလား။

တမူထူးခြားသော မြဝတီမြို့၏ ဆိုက်ကား ( စန်လော့)ကို နင်း၍ ဘဝသစ်ကို မြဝတီမြို့၌ ရုန်းကန်နေရှာသော အထက်တန်းကျောင်းသားဘဝမှ သူငယ်ချင်း ကိုနိုင်ကို မမျှော်လင့်ပဲ မြို့လယ်လမ်းမကြီးတွင် ကျွန်တော် ဆုံမိသည်။ နားလေး၍ အကြားအားရုံချို့တဲ့သည် ကိုနိုင်သည် ဖြူစင် ရိုးသားသော သူတစ်ဦးဖြစ်သည်။ ဗမာလူမျိုး စစ်စစ်ဖြစ်ပြီး၊ သံလွင်မြစ်နံဘေး ကျေးရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။
ကိုယ်ခန္ဓာ ခိုင်မာတောင့်တင်း၍ ကျန်းမာ သန်စွမ်းသော ကိုနိုင်သည် ရိုးသား ဖြူစင်၍ နူးညံ့ သိမ်မွေ့သော သူတစ်ဦးဖြစ်သည်။ သူငယ်ချင်းများအပေါ်အနွံတာခံသူ တစ်ဦးဖြစ်သည်။
ဆယ်တန်းကို နှစ်ကြိမ်တိုင်တိုင် ဖြေဆိုခဲ့သော်လည်း သူခမြာ မအောင်ခဲ့၊ ကြိုးစား၍ ဝီရိယအားကြီးသော သူတစ်ဦးဖြစ်သည်။
ပညာအရည်အချင်းနှင့် ဘဝကို ဆက်လက်ရပ်တည်ရာ မစွမ်းသာသောကြောင့် ကိုနိုင်တစ်ယောက် ထိုင်း မြန်မာ နယ်စပ် မြဝတီသို့ စွန့်စားထွက်ခဲ့ပြီး ဆိုက်ကား နင်းကာဘဝအသစ်ကို အစပြုနေသူ တစ်ဦးဖြစ်သည်။
ဖြူစင်လှသော အပြုံးကို ဆင်မြန်း၍ စန်လော့ (မြဝတီ၌ ဆိုက်ကားကို ခေါ်ဆိုသော ဝေါဟာရ) ကို နင်းနေသော ကိုနိုင်ကို ကျွန်တော်အမြဲ အမှတ်ရနေမိပါသည်။

ဘဝ၌ ရိုးသားဖြူစင်သော ဂုဏ်ကို ပိုင်ဆိုင်ထားသော သူတစ်ဦးသည် ငွေကြေး အာဏာကို ရယူထားပြီးသူတို့တစ်တွေ၌ လွန်စွာ ချို့တဲ့သော စိတ်၏ ငြိမ်းချမ်းခြင်းကို ကိုနိုင်တစ်ယောက် ပိုင်ဆိုင်ပါသည်။
“ဒီလူငယ်က မင်းရဲ့ သူငယ်ချင်းလား” ဟူ၍ မိတ်ဆွေတစ်ဦး၏ မိခင်က ကျွန်တော်အား မေး၏ ”ဟုတ်ကဲ့ အဒေါ် ဘာဖြစ်လို့လဲ“ ဟု ကျွန်တော် ပြန်မေးမိ၏။
“သူရဲ့ မနက်တိုင်း ဘွန်တော အော်တဲ့အသံက အရမ်းကို ကြည်နူးဘိုကောင်းတယ် ငါတူရဲ့“ “အဒေါ် ဘွန်တောဆိုတာဘာလဲ“ ဟု ကျွန်တော်က မေးမိလိုက်သောအခါ “ဘာစကားလဲတော့ အဒေါ်မသိဘူး မနက်လေးနာရီလောက်၊ ရဟန်းတွေအတွက် ဆွမ်းတွေ ထချက်ပါလို“ နှိုးဆော်တဲ့ အသံပါပဲ။
အမှန်တစ်ကယ်ပင ဗုဒ္ဓဘာသာဝင် တစ်ဦးမဟုတ်သော ကျွန်တော်အဖို “ဘွန်တော“ ဆိုသည် အဓိပ္ပါယ်ကို ကျွန်တော် မသိပါ။
“ကိုနိုင်ရေ ခင်ဗျား မနက်စောစော ဘွန်တော အော်တဲ့အသံက အရမ်းကို ကြည်နူးဘို့ကောင်းတယ်လို့ မသွယ်သွယ်ဦး အမေက ပြောတယ်” ဟုသူနှင့်ဆုံသောအခါ ထိုအကြောင်းကို ကျွန်တော် သူအား ပြောလိုက်၏။
“ အေး  ငါမနက်တိုင်းသုံးနာရီလောက်ထပြီး ဘုရားဝတ်ပြု လုပ်စရာရှိတာ လုပ်ပြီးတာနဲ့၊ ဆိုက်ကားနင်းပြီး၊ ငါ ဘွန်တောအော်ပြီး၊ တစ်မြို့လုံး ပတ်တာပဲ သူငယ်ချင်းရေ မင်းနားထောင်ချင်ရင် စောစောလေးတော့ အိပ်ယာကထဘို့လိုမယ်“ ဟူ၍ ပြုံး၍ ကျွန်တော်အားဆို၏။

ထူးထူးခြားခြား တစ်ခုသောနံနက်ခင်း၌ နံနက်သုံးနာရီကျော်ကျော် ကျွန်တော်နိုး၍ နေ၏။ ဘုရားဝတ်ပြုပြီး၊ စိတ်ဝင်စားသော စာအုပ်တစ်အုပ်ကို ဖတ်ရန်ပြင်၏။ နံနက်ခင်း၏ တိတ်ဆိတ် ငြိမ်းချမ်းသော အခါသမယတွင် ကျွန်တော်၏ နားထဲသို့ အလွန်သာယာ ကြည်နူးလွမ်းမောဘွယ် ကောင်းလောက်သော သံစဉ်တစ်ခု ကျွန်တော်၏ အကြားအာရုံအတွင်းသို့ တစ်စိမ့်စိမ့်ဝင်ရောက်လာ၏။
ညိမ့်ညောင်းသော သံစဉ်နှင့် အတူ ဆွမ်းထ၍ ချက်ကြပါဟူသော အဓိပ္ပါယ်ရသည့် ဆော်သြမှုဖြစ်သည်။ ထိုခံစားချက်ကို ကျွန်တော် စာရေး၍ ဖော်ထုတ်နိုင်ခြင်းငှာ မစွမ်းသာပါဟု ရိုးသားစွာ ဝန်ခံပါရစေ။
မေတ္တာတရား၊ သစ္စာတရား၊ စေတနာတရားကြီးမားလှသော နှလုံးသားမှ စီးဆင်းဖြတ်သန်းလာသော ကိုနိုင်၏ “ဘွန်တော“ ဆိုသည့် သံစဉ်ဖြစ်သည်။
ဘွန်တော၏ သံစဉ် မေတ္တာလှိုင်းထက်ဝယ် ခေတ္တခဏ အရာရာ အားလုံးကို မေ့ပြီး ကျွန်တော် စီးမျောသွားမိခဲ့သည်။
ဂစ်တာလည်း မတီးတတ်၊ အဆင်ပြေအောင် သီချင်းတစ်ပုဒ်ကို သီဆိုဟစ်ကြွေးနေသော ကိုနိုင်ကို တစ်ခါမျှ ကျွန်တော် မတွေ့ဘူးပါ။
သူ၏ အသံပြာပြာကြီးနှင့် ကျွန်တော်တို့ သီချင်းဆိုကြစဉ်က ဂီတနှင့် ကိုနိုင်တစ်ယောက် အဘယ်မည်သောအကြောင်းအရာနှင့်မျှ နီးစပ်နိုင်မည့်သူ တစ်ဦးမဟုတ်ဟု ကျွန်တော် တရားသေ သတ်မှတ်ထားခဲ့သည်။
သို့သော် ကိုနိုင်၏ နှလုံးသားမှ စီးဆင်းလာသော ဘွန်တော၏ သံစဉ်သည် ဂီတ၏ အရသာများကိုပင် တိမ်ဝင်သွားစေနိုင်လောက်သည်ဟု ကျွန်တော် ခံစားမိခဲ့ပါသည်။ ကန့်သတ်မှု မရှိသော မေတ္တာတရား၏ အစွမ်းကား ကြီးမားသော ထုထည်နှင့် အဆုံးမရှိသော နက်ရှိုင်းမှုကြီးကို ဖန်တီးနိုင်ပါသည်။
သို့သော် စိတ်မကောင်းစရာ သတင်းကို ကျွန်တော်ကြားလိုက်ရသည်၊ ထိုအချိန်က လုပ်ပိုင်ခွင့် အာဏာနှင့် စည်းစိမ်ဂုဏ်ရောင်မောက်မာလှသော မြို့နယ်ရဲ တပ်မှူးက ကိုနိုင်၏ နံနက်စောစော အာရုံမကျဉ်းမှီ ဘွန်တော ဆော်သြမှုအား ပိတ်ပင်တားဆီးလိုက်ခြင်းပင်ဖြစ်သည်။
ဗုဒ္ဓဘာသာ ဗမာလူမျိုးဖြစ်သော ထိုမြို့နယ်ရဲမှူးကြီးသည် အဘယ်မည်သော အကြောင်းတရားကြောင့်  ကိုနိုင်၏ ဘွန်တော ဆော်သြမှုကို ပိတ်ပင်တားမြစ်လိုက်သနည်းဆိုသည့်အကြောင်းအား လူအတော်များများနှင့် ကျွန်တော် နားမလည်နိုင်ပါ။ နံက်စောစော ဘွန်တော ဆော်သြနေစဉ် ရဲမှူးကြီးက ကိုနိုင်အား အော်ဟစ်ပြီး၊ မပြုလုပ်ရန်တားဆီးခဲ့သည်ဟု ကျွန်တော်သိလိုက်ရသည်။

အဖြူနှင့် ဆန့်ကျင်ဘက် အမဲရောင်ရှိသည်။ အေးမြခြင်းနှင့် ဆန့်ကျင်သော ပူလောင်မှုရှိသည်။ မင်္ဂလာရှိခြင်းမှ သွေဖယ်သော အမင်္ဂလာတရားသည် လူလောကထဲတွင် အင်းအားကြီးစွာ ဆက်လက်၍ ရှင်သန်နေသည်။ ဘွန်တော ကိုနိုင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်သော အာဏာနှင့် ငွေကြေး စည်းစိမ်ကို ကိုးကွယ်သည့် ရဲမှူးကြီးလည်း မြဝတီမြို့တွင် ထိုအချိန်က ရှိသည်ဟုသာ ကျွန်တော် နားလည်လိုက်ပါသည်။
သို့သော် ထိုအချိန်က မင်္ဂလာရှိလှသော ကိုနိုင်၏ ဘွန်တောသံစဉ် ချုပ်ငြိမ်းခဲ့ရသည်။ ပင်စင်ယူသွားပြီးနောက် ထိုရဲမှူးကြီးလည်း မြဝတီမြို့တွင် အခြေချ နေထိုင်သွားသည်ဟု သိလိုက်သည်။
ကြီးကြီးမားမား နိုင်ငံရေးနှင့် စစ်ရေး ပြောင်းလဲမှုကြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ အစိုးရ၏ စစ်တပ်များမှ “ငပွေး” ဟု ချိုးချိုးနှိမ်နှိမ် ခေါ်ဆိုခဲ့သော ကရင်လက်နက်ကိုင် အလုံးအရင်းနှင့် မြို့ကြီးများထဲသို့ ဝင်ရောက်လာသည်။
တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ရန် မဟုတ်ပါ။ ဘာသာရေး ပြဿနာများ၏ နာကျည်းမှုများကို အခြေခံပြီး ဗုဒ္ဓဘာသာဝင် ကရင်လက်နက်ကိုင်များက ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲမှ သတ္တိရှိရှိ ခွဲထွက်လာခြင်းဖြစ်သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အစိုးရမှ  “ ငြိမ်းချမ်းရေးနှင့် သာသနာကို စောင့်ထိန်းသော ကရင်လက်နက်ကိုင်အဖွဲ့အစည်း“ ဟူ၍ နွေးနွေးထွေးထွေး ကြိုဆိုခဲ့သည်။
ပင်စင်ယူသွားသော ရဲမှူးကြီးလည်း ထိုငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ယနေ့အချိန်ထိ အဆင်ပြေအောင် နေထိုင်သွားမည်ဟု ကျွန်တော်ခန့်မှန်းမိသည်။ ပြောင်းပြန်စီးသော မြစ်ကြီးများလည်း ရှိသည်မဟုတ်ပါလား။
ယနေ့တိုင်ကိုနိုင်၏ ဘွန်တော သံစဉ်ကို ကျွန်တော် တမ်းတမ်းတတ လွမ်းမိပါသည်။

တက္ကသိုလ်၏ တစ်ခုသော နွေရာသီ ကျောင်းပိတ်ရက်တွင် မြဝတီမြို့သို့ ကျွန်တော် ပြန်လာခဲ့သည်။ ဟိုး ယခင်ကဲ့သို့ ကော့ကရိတ် - မြဝတီ ကားတန်းကြီးကို စိတ်ပျက်စွာနှင့် မျော်တလင့်လင့်စောင့်နေရသော အချိန် ကုန်လွန်သွားပြီ ဖြစ်သည်။
ကားတန်းကြီးက တစ်ရက် မြဝတီအတတ်ခရီးစဉ်၊ နောက်တစ်နေ့ ကော့ကရိတ်သို့ အဆင်းခရီး အလွန်အဆင်ပြေသွားပေပြီ။ အစိုးရစစ်တပ်၏ အော်ဟစ် ငေါက်ငမ်း၍ ငွေကြေးတောင်းခြင်းကိစ္စ အတော်ကို လျော့နည်းသွားပေပြီး။ အံသြဘွယ်ရာ သူတို့တစ်တွေ တပ်စခန်း အရှေ့တွင် ထိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် “စေတနာရှိသလောက် လှူဒါန်းနိုင်ပါသည်“ ဆိုလာ၏။ ခရီးသွားပြည်သူလူထုကလည်း ခွင့်လွှတ်နားလည်စွာနှင့် စေတနာရှိသလောက် ပေးကမ်းကြတော့သည်။
ဗုဒ္ဓသာသနာအလံ လက်မောင်းတံဆိပ်နှင့် (DKBA) ကရင်လက်နက်ကိုင်များတို့ကိုလည်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များတွင် လက်နက်အပြည့်ကိုင်ဆောင်၍ ကားများတစ်ဝီဝီနှင့်သွားလာနေသည်မှာ ကရင်ပြည်နယ်၏ မြင်ကွင်းအသစ်တစ်မျိုးဖြစ်၍ နေပေပြီ။
ခရီးသွားပြည်သူများက (DKBA) ကရင်လက်နက်ကိုင်များတို့အား တီးတိုးသံဖြင့် “မောင်ကျော်“ ဟူ၍ ခေါ်၏။ အရှေ့ပိုးကရင် ဘာသာစကား၌ “မောင်ကျော်“ ဟူသည် ဦးလေးဟု အဓိပ္ပါယ်ရသည်။
ပြောင်းလဲသွားသည့် ကရင်သမိုင်းစာမျက်နှာတွင် ဘားအံမှ မြဝတီသို့သွားသော ကားလမ်းမကြီးပေါ်ဝယ် မောင်ကျော်များတို့၏ ဂိတ်အသစ်များတိုး၍ လာသည်။
အစိုးရလက်နက်ကိုင်မှ ပြုံးပြုံးရွှင်ရွှင် စေတနာရှိသလောက် လှူဒါန်းပါဟု အချိုးပြောင်းဆက်ဆံမှုကို ပြည်သူလူထုက ကြည်ဖြူစွာနှင့် စိတ်အားထက်သန်သလောက် စွန့်ကြဲမှု ပြုနေသော အချိန်တွင် တစ်ခါတရံ မောင်ကျော်များတို့၏ ဂိတ်တွင် မျက်နှာထားတင်းတင်းနှင့် “လာပြီး ဈေးမဆစ်နဲ့“ ဟူ၍ ကရင်သံဝဲဝဲနှင့် ကြိမ်းမောင်းသံအသစ်ကို ခရီးသွားပြည်သူလူထုများစတင် တွေ့ကြုံရပါတော့သည်။

မည်သူတစ်ဦး တစ်ယောက်ကမျှ မောင်ကျော်များကို ဈေးမဆစ်ဝံ့ကြပါ။ အတတ်နိုင်ဆုံး သူတို့တစ်တွေအား လေးလေးစားစား ဆက်ဆံကြရပါသည်။ ကရင်ပြည်နယ်၏ မြို့အဝင် မြို့အထွက် ဂိတ်များတွင် ယခင်က ပြည်သူ့ရဲ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ အစိုးရတပ်မှ ထောက်လှမ်းရေးများကို မြင်တွေ့ခဲ့ရသည်။ ၁၉၉၅ ၏ နောက်ပိုင်းကာလများတွင် သစ်လွင်သော ပျောက်ကြားစစ်ဝတ်စုံကို ဆင်မြန်းပြီး ကွမ်းတဝါးဝါးနှင့် မောင်ကျော်များကို ခရီးသွားပြည်သူအပေါင်းတို့ မြင်တွေ့ရပါတော့သည်။
အခွင့်အလမ်းကို မြင်တတ်သည့် စီးပွားရေးသမားများကလည်း ကြုံတောင့်ကြုံခဲ အချိန်ကို အပြည့်အဝအသုံးချကာ ယခင် “အဘ“များတို့ဘက်မှ ခေတ္တခွာပြီး၊ ပြုံးပြုံးရွှင်ရွှင်နှင့် “ဖထီးကြီးများ၊ မောင်ကျော်ကြီး“များဘက်သို့ လှည့်ကြလေပြီး။
ပုတ်သင်ညိုကဲ့သို့သော် မကြာခဏ အရောင်ပြောင်းတတ်သော လူ ပုတ်သင်ညိုများတို့အား ထိုအချိန်တွင် စာဖတ်သူများ အရှင်လတ်လတ် မြင်တွေ့နိုင်ပါသည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့ဘက်ဆီမှ မကြာခဏ နှစ်ဘက် ဆန့်ကျင်ဘက်၊ ကရင်လက်နက်ကိုင် အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ကြသော သတင်းများကြားရသည်။ ဆန့်ကျင်ဘက်အဖွဲ့အစည်း၏ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများလည်း မသက်သာ ရော၍ ခံရတော့သည်။
ကရင်အလံတော်တစ်ခုတည်း အောက်၌ ညီအစ်ကို မိသားစုဝင် အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှုများ ကရင်သမိုင်းတွင် အမဲစက်ထင်ခဲ့လေပြီ။
ခွင့်မလွှတ်နိုင်ကြသော အပြန်အလှန်ကလဲ့စားချေမှုများ ဘယ်အချိန်တွင် အဆုံးသတ်၍သွားမည်နည်း ဆိုသည်ကို ဘုရားရှင်သာ သိနိုင်ပေတော့မည်။

မြေစာပင် နင်းပြား ကရင်လူထုကလည်း အဘယ်သူကို အဖေခေါ်ရမည်ကို မသိတော့။ သည်ကြားထဲ တောကြောင်ကြီးများ လက်ခမောင်း ခတ်ကြလေပြီ။ ကရင်လူမျိုးတို့၏ အနာဂတ်သမိုင်း အဘယ်မည်သော စာမျက်နှာအရပ်သို့ ဦးတည်၍ သွားနေပြီလဲဆိုတာကို  ခန့်မှန်း၍ မရတော့။
အားလုံး အဆိုးကြီး မဟုတ်ပါ၊ ကောင်းမွန်သော ရလာဒ်များလည်းရှိသည်။ DKBA လက်နက်ကိုင်များ ရှိသော ကရင်လူထု၏ ကျေးရွာများတွင် အစိုးရတပ်၏ အနိုင်ကျင့်မှုများ လျော့နည်း၍ သွားသည်။ ပေါ်တာမဆွဲရဲတော့။ စနစ်တကျ သွေးခွဲပြီး ညီအစ်ကိုချင်း သတ်ကြရန်သာ တွန်းအားပေးတော့သည်။

ထိုအချိန်များကို ပြန်လည်၍ တွေးမိတိုင်း အောင်မြင်ခြင်း သရဖူပေါင်းများစွာ ဆောင်းထားသော ရာဇာပလ္လင် စိမ်းစိမ်းပေါ်မှ ပြုံးတော်မူတတ်သော ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အမှတ်ရမိပါသည်။
ယခုတော့ သူသည်လည်း မမြဲသော တရားသဘော၏ ဆုံးမခြင်းကို ခါးသီးစွာ ခံယူနေရသည် မဟုတ်ပါလား။ စိုက်သည့်အတိုင်းတော့ ရိတ်သိမ်းရပေတော့မည်။

၁၉၄၉ ခုနှစ်ဆန်းကတည်းက စတင်ခဲ့သော ကရင်လက်နက်ကိုင်တော်လှန်ရေးကြီးသည် အခြေအနေ အမျိုးမျိုးတို့ကြောင့် ပြည်မ ရန်ကုန် မြစ်ဝကျွန်းပေါ်၊ ပဲခူးတိုင်း၊ တနင်္သာရီကမ်းရိုးတန်းဒေသမှ ဒေါနတောင်တန်းဒေသတစ်ခွင်တွင် ထစ်ချုန်းပြီး သေနတ်သံ ကြီး၊ ငယ်များ သောသောညံကား ယမ်းနံ့ သွေးစိမ်းနံ့များ လွှမ်းခဲ့ပေသည်။
ထိုမှတစ်ခါ ၁၉၉၅ နှစ်ဦးပိုင်းမှ ယနေ့အချိန်ထိ ကရင်လူမျိုး မိသားစုဝင်ချင်း ညီအစ်ကိုရင်းများတို့၏ ဒေါနှင့် မာန်ဟုန်ပြင်းပြင်း စစ်ခင်း၍ နေကြပေပြီ။ ရလာဒ်များအနက် လူဦးရေသောင်းနှင့်ချီ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္လာရီတိုင်းတို့တွင် မှီတင်းနေထိုင်ကြကုန်သော လူငယ်မောင်မယ် အနာဂတ်ပုရစ်ဖူးအသက်ရွယ်တို့ ထိုင်းနိုင်ငံအတွင်းသို့ အရှိန်ပြင်းပြင်းနှင့် ဝင်ရောက်သွားကြသည်။ အတော်များများသော ထိုင်းနိုင်ငံရှိမြို့ကြီးများတွင် အောက်ခြေသိမ်း အိမ်စေအလုပ်သမားများ၊ အနိမ့်ကျဆုံးသော အလုပ်များဟုသတ်မှတ်ထားသော အလုပ်သမားတို့၏ နေရာများတွင် မြန်မာနိုင်ငံဖွားများနှင့် ကရင်လူမျိုးများတို့အား ဝမ်းနည်းစွာ မြင်တွေ့နိုင်သည်။
ပြည့်တန်ဆာရုံများတွင်လည်း ရှိသည်၊ ထိုင်းနိုင်ငံတွင် အခြေပြုပြီး အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ပြီးငါးဖမ်းသော ငါးဖမ်းစက်လှေကြီးများတို့အား သင်တွေ့မြင်နိုင်သည်။
လူမှုအဖွဲ့အစည်းကြီးသည် အခြေခံကျစွာတစ်ဦးချင်းပါဝင်သော မိသားစုဝင်များနှင့် ဖွဲ့စည်းထားသည်။ တိုင်းပြည်အတွင်းရှိ မိသားစုတစ်စု၏ လုံခြုံမှု မရှိခြင်း၊ ချို့ငဲစွာ စားသောက်ရခြင်း၊ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိတော့ပါက လူသားများတို့သည် ဘဝ၏ ဖန်တီးလာသော ကပ်အကြောင်းတရားကြောင့် ဝမ်းနည်းကြေကွဲစွာနှင့် မိမိ၏ နေရင်းဌာနကို စွန့်ခွာခဲ့ကြလေသည်။

တိုင်းပြည်မှ ပုံစံအမျိုးမျိုးနှင့် ထွက်ခွာကြမည့်သူများတို့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊တနင်္သာရီတိုင်းတို့၏ ထိုင်း မြန်မာ နယ်နိမိတ်ကို ကျော်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြသည်။
အစိုးရစစ်တပ်၏ လူမဆန်စွာ အနိုင်ကျင့်ခြင်းများကို ရှောင်ရှားရန် ကရင်လက်နက်ကိုင် ဆန့်ကျင်ဘက် အဖွဲ့အစည်းကြီး နှစ်ခုတို့၏ တပ်သားသစ်များစုဆောင်းမည့် အန္တရာယ်မှာ ရှောင်ရှားရန် ကရင်လူငယ်မောင်မယ် အရေအတွက် အတော်တော်များများ မိမိတို့၏ နေအိမ်များတို့ကို စွန့်ခွာခဲ့ကြသည်။
မိမိတို့၏ လူမျိုးနှင့် သာသနာကို အသည်းထဲမှ နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးပါ၏။ကွယ်ကာ ထိမ်းသိမ်းစောင့်ရှောက်လိုပါ၏။ ဇာတိမြေတွင် ကျင်းပလေ့ရှိသော ပွင့်လင်းရာသီပွဲတော်များကို တမ်းတခြင်းကြီးစွာနှင့် ပျော်ရွှင် ဆင်နွှဲလိုပါ၏။
သက်ထားနှင့် သံယောဇဉ်ကြီးမားလှပါသည်ဆိုသော သူကို မျက်ရည်ကို သုတ်၊အံကိုကြိတ်ပြီး အစိမ်းသက်သက် စွန့်ခွာခဲ့ရသည်။ လွမ်းရေးထက် ဝမ်းရေးကပို၍ ခက်သည်မဟုတ်လော။မ

သ္မီးသား ၊သားချင်းတို့၏ ပင်ပန်းကြီးစွာ ရှာဖွေရသော ငွေကြေးစများဖြင့် သူတို့တစ်တွေနေထိုင်ခဲ့ကြသော ကျေးရွာနှင့် မြို့များတို့မှ မိဘများ ဆေးဝါးကုသနိုင်၏။ မောင်ငယ်လေးများ နှမ၊အစ်မတို့ တက္ကသိုလ်ပြီးအောင် တက်နိုင်၏။ လာမည့်နှစ် နေအိမ်ကို သွပ်မိုးနိုင်ပေလိမ့်မည်။ တစ်ချို့သော မိသားစုဝင်များတို့သည်လည်း သူတို့တစ်တွေ့ လစဉ် ပို့လာသော ငွေများကို နှစ်လုံးထီ၊ သုံးလုံးထီအန္တရာယ်ဆိုးကြီးကြောင့် ရူးမတတ်ခံစားကြရသည်။
အချို့တို့သည်လည်း မည်သို့မျှ ကုသ၍ ရမည်မထင်သော ရောဂါဆိုးကြီးနှင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာ၏။ လူသူမသိပဲ တန်ဘိုးမဲ့စွာနှင့် တစ်စိမ်းတရံတို့၏ မြေတွင် ဘဝတစ်ခုလုံးပျက်သုဉ်းပြီး လူ့လောကမှ အပြီးတိုင် ထွက်ခွာသွားပြီး ဘယ်သောအခါမှ အမေ့အိမ်သို့ မပြန်နိုင်သောသူများ၏ အရေအတွက်အတိအကျကို အဘယ်သူတစ်ဦးတစ်ယောက်ကမှ စနစ်တကျစာရင်းပြုစု၍ထားမည်မဟုတ်ချေ။
ယခုလည်း ရိုးစင်းလှသော သင်တိုင်းဖြူဝတ်ဆင်သော ကရင်လူမျိုးများနေထိုင်သည် အရပ်ဒေသများတွင် စစ်ရိပ် စစ်အရောင်များ တိမ်စိုင်ကြီးများရစ်သိုင်းလျှက်ရှိသည်ကို မြင်တွေ့ကြားနေရသည်။

သတ္တုမုဆိုးကြီးများတို့၏ ပယောဂများကြောင့် လက်နက်ကိုင်ဆောင်ကြသူများ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရန်စောင်နေကြသည်။ ဘိုးဘွား စဉ်ဆက် တောင်ယာလုပ်ကိုင်ပြီး ဘဝကို ရုန်းကန်လာကြသည့်သူများနေရာထိုင်ရာဒေသသို့ ငြိမ်းချမ်းရေးဆိုသည့် အလံတော်နောက်ဝယ် တူးမည့်ဖော်ကြမည့် ကုမ္ပဏီကြီးများ ထိုဒေသများသို့ ရောက်ရှိလာကြသည်။
ကောင်းမွန်လှသော လစာထောက်ပံ့မှုများ နှင့် နိုင်ငံတကာသို့ မကြာခဏ ခြေစင်္ကြာဖြန့်ခွင့်ရသည့်အဖွဲ့အစည်းကြီး၊ငယ်တို့မှ ကိုယ်တော်ချောများနှင့် အဒေါ် မမများတို့က တောင်တန်းဒေသမှ ရိုးသား ဖြူစင်လှသော တိုင်းရင်းသားများတို့အား သင်တန်းများပေး၊ အမြင်ဖွင့်ကာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်စေ၏။ မမှားပါ၊ မှန်ကန်မြင့်မြတ်သော လုပ်ရပ်ပင်ဖြစ်ပါ၏။
လူ့အခွင့်ရေး ခေါင်းဆောင်ကြီးများ၊သဘာဝ ပတ်ဝန်းကျင်ကို မထိနှင့်။ မီးပွင့်သွားမည်ဆိုသော ပုဂ္ဂိုလ်ကြီးများ မြန်မာနိုင်ငံတွင် ၂၀၁၂ နောက်ပိုင်း အတော်များများပေါ်ပေါက်လာ၏။ ဂုဏ်ယူပါ၏၊ လေးစားပါ၏။
အဆင့်မြင့်သော တွေးခေါ်မှုများ ဝေငှ သင်တန်းပေးမှုကို အဆင့်မြင့်သော ဟိုတယ်ကြီးများတို့တွင် စတည်းချရင်း တိုက်ပွဲဝင်မည့် မဟာဗျူဟာများကို ချမှတ်ကြသည်။
အားလုံးကို မဆိုလိုပါ။ လှုပ်ရှားတိုက်ပွဲဝင်ကြပါသည်ဆိုသော (NGO) များမှ ပုဂ္ဂိုလ်များက အခြေခံလူတန်းစား၊ သာမာန်ဝန်ထမ်းများထက် အဆပေါင်းမျာစွာ နိုင်ငံခြားငွေများကို လစာများအဖြစ်ရရှိကြသည် မဟုတ်ပါလော။
အမှန်တကယ် ဒေသခံများတို့အတွက် အကျိုးဖြစ်ထွန်းသွားသော စီမံကိန်းများလည်းရှိပါသည်။ သဘောတရားများကို ထပ်တလဲလဲနှင့် လက်ဆင့်ကမ်းဝေငှမှုများလည်းရှိပါ၏။

ဖြူစင်လှသော မြန်မာနိုင်ငံမှ လူငယ်ထုများအတွင်း ပြည်ပမှ ထောက်ပံ့သော အဖွဲ့အစည်းကြီးငယ်တို့၏ မရိုးသားသော ဗိုင်းရပ်ပိုးများ မကူးစက်စေရန်၊ အကိုက်မခံစေရန် အမျိုးသားရေး သတိဖြင့် အစဉ် နိုးကြားနေဘို့လိုပါ၏။
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ အသွင်ပြောင်း၍သွားသော စိန်ခေါ်မှု အသစ်များကို တိုင်းပြည်တွင် လှည်းနေ လှေအောင်း ကွန်ဒိုမီနီယံနေသူပါမကျန် ပြည်သူလူထုများ ရင်ဆိုင်နေကြရသည်။ အသူရာနေမင်းကြီး၏ အောက်၌ တည်မြဲသော အရာသည် မရှိပါ။
ကြည်လဲ့သော ကောင်းကင်ပြာပြာအောက်၌ ဒေါနတောင်တန်းကြီးသည်ဝပ်စင်း၍ နေ၏။ ကမ္ဘာဦး နေ့ ရက် ကတည်းက စ၍ မြန်မာနိုင်ငံအတွင်း ညီနောင်များ ဒုတ်၊ ဓား၊ သေနက် ဆွဲ၍ဆင်နွှဲနေသော ပြည်တွင်း စစ်ကြီးကို သူကောင်းကောင်းသိ၏။ အဓမ္မကျင့်ခြင်းခံရ၍ အပျိုရည်ပျက်သွားသောတိုင်းရင်းသူ မိန်းကလေး၏ မျက်ရည်နှင့် ကြေကွဲမှုကို သူသိ၏။ အဘယ်မည်သော လျှို၊ချိုင်၊ အဘယ်မည်သော သစ်ပင်ရိပ်မှာ သူမ၏သားအရိုး မြေစာ ရှိမည်မှန်းကို မသိပဲ၊ ကြွေကွဲမှုကြီးမားစွာဖြင့် ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးသော အထက်မြန်မာပြည် အညာဒေသ ကျေးတောရွာမှ ဗမာအမျိုးသမီးကြီး၏ ရင်ထုမနာအဖြစ်ကိုလည်း သူသိ၏။

ကျွန်တော်ချစ်သော အမိမြန်မာနိုင်ငံ ငြိမ်းချမ်းပါစေ
                                                           လောအယ်စိုး
                                                                       (၅.၂၁.၂၀၁၈)
                                                                         Buffalo

No comments:

Post a Comment