Latest News

Monday, August 6, 2018

ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၌ ရွှေစင်ပြား စက်ရုံငယ် တည်ဆောက်ရန် စီစဉ်

ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၌ ရွှေစင်ပြား စက်ရုံငယ် တည်ဆောက်ရန် စီစဉ်

ရန်ကုန်  သြဂုတ်  ၅

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် အလယ်ပစ္စယာ၌ စက်မှုဝန်ကြီးဌာနမှ ပံ့ပိုးပေးမည့် ရွှေပြားကြိတ်စက်များဖြင့် ရွှေစင်ပြားစက်ရုံငယ်  တည်ဆောက်မည် ဖြစ်ကြောင်း  စက်မှုဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်   ဦးကိုကိုလွင်ထံမှ  သိရသည်။

ယခင်က ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်လှူရာတွင်     ပုဂ္ဂလိကမှ ခေါ်ယူ၍  ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုရွှေစင်ပြား ထုတ်လုပ်သည့်စက်အား တီထွင်၍ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယင်းအတွက် စက်ရုံငယ် တည်ဆောက်ရန် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊  ရွှေတိဂုံစေတီတော်၏ အလယ်ပစ္စယာ၌ ရွှေစင်ပြားစက်ရုံငယ် တည်ဆောက်ရန် လျာထားပြီး တည်ဆောက်မှုအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''စက်ရုံတည်ဆောက်ဖို့ အသေးစိတ် ပြန်ညှိရဦးမယ်။ စက်ရုံငယ်ကိုတော့ စေတီတော် ဂေါပကအဖွဲ့ကပဲ  တာဝန်ယူလုပ်လိမ့်မယ်။   ဝန်ကြီးဌာနအနေနဲ့ ပံ့ပိုးပေးတာပါ။ နောက်ပိုင်းမှာ  ရွှေသင်္ကန်း ကပ်လှူဖို့   အခက်အခဲ မရှိတော့ဘူးပေါ့။

ဘယ်တော့စမယ်ဆိုတာ  မပြောနိုင်သေးပါဘူး။ အသေးစိတ် ညှိနှိုင်းပြီးရင်တော့  အစီအစဉ်ရေးဆွဲနိုင်ပါပြီ'' ဟု  ဦးကိုကိုလွင်ကပြောသည်။ယင်းစက်မှုဝန်ကြီးဌာနမှ ပံ့ပိုးပေးသည့် ရွှေစင်ပြား ထုတ်လုပ်မည့် စက်များအား စမ်းသပ် ထုတ်လုပ်ရာတွင်  အခေါက်ရွှေစင်များကို တစ်ပေပတ်လည်  ရွှေစင်ပြားများအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊  ယင်းရွှေစင်ရွှေပြား သင်္ကန်းတော်များကို ရာသီမရွေး တာရှည်ခိုင်မြဲစေရန် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ ရွှေစင်ပြားများ စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ရွှေပြားကြိတ်စက်များကို  အမှတ်(၂၃)အကြီးစားစက်ရုံ  ညောင်ခြေထောက်နှင့် အမှတ်(၁၆)  အကြီးစားစက်ရုံ(ဆင်တဲ)တို့ ပူးပေါင်း၍ ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် ယင်းစက်များသည် အင်္ဂလန်နိုင်ငံထုတ် ကြိတ်စက်အား  နမူနာယူ၍   ပြည်တွင်း၌ ပြန်လည်တီထွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment