Tuesday, July 31, 2018
ငပုတောမြို့နယ်တွင် မြန်မာ့တောဆင်ရိုင်းများထိန်းသိမ်းရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်သူ ဂုဏ် ပြု ဆုချီးမြင့်ပွဲကျင်းပ
သတင်း/ဓာတ်ပုံ =ရွှေရည်ဝင်း (တိုင်းဧရာ)
ပုသိမ် သြဂုတ် ၁ရက်၂၀၁၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ငပုတောမြို့နယ် တောင်ပိုင်းရပ်ကွက် မကင်လမ်း မိုးလုံလေလုံအားကစားခန်းမတွင် ဇူလိုင်လ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာ့တောဆင်ရိုင်းများထိန်းသိမ်းရေး လုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်သူ ဂုဏ် ပြု ဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်
အဆိုပါအခမ်းအနားအား တောဆင်ရိုင်းများသတ်ဖြတ်ခံရမူ့တွင် တားဆီးထိန်းသိမ်းကာကွယ်ပေးခဲ့ကြသော ဌာနဆိုင်ရာ ပုဂ္ဂိုလ်များအုပ်ချူပ်ရေးမှူးများအား ဆုချီးမြင့်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအခမ်းအနားတွင်ဆုရရှိသူများအား တခြားသူများမှ စံနမူနာ ယူထိုက်စေလိုသော် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်
၎င်းအခမ်းအနားတွင် ငပုတောမြို့နယ်သစ်တောဦးစီဌာနမှပုဂ္ဂိုလ်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သစ်တောလုံခြုံရေးဝန်ထမ်းများ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ငပုတောဒေသခံများ အခမ်းအနားတက်ရောက်သူ ၂၀၀ကျော်ခန့်တက်ရောက်လာခဲ့ကြပြီး တောဆင်ရိုင်းကာကွယ် ထိန်းသိမ်းသူများအား ဆု၁၈ဆုချီးမြင့်ခဲ့ကြသည်
ငပုတောမြို့နယ်တွင်း တောဆင်ရိုင်းများနှင့်ပက်သက်ပြီး သတ်ဖြတ်ရန် ကြံစည်နေသောတောမုဆိုးများ၏ ကြိုတင်လက်နက်များအားတွေ့ရှိပါက စိတ်ဓာတ်တက်ကြွ စွာ ဖမ်းဆီးမူ့များ ဆောင်ရွက်ခဲ့ခြင်း ဆင်များအားထိန်းသိမ်းခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် အထူးဆုအနေနှင့် တောဆင်ရိုင်းကာကွယ် ရေးသူရဲကောင်းဆု အား ငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်ချူပ် ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ကိုထွန်းလေး မှ ရ ရှိခဲ့သည်
"ကျွန်တော် တို့က ဘိုးဘွားစဉ်ဆက်ဆင်နဲ့ စီးပွားရှာလာကြသူပါအုပ်ချူပ်ရေးမှူးမဖြစ်ခင်ကလည်း ဆင်ဦးစီးလုပ်ခဲ့ဖူးပါတယ် ဆင်တွေဆိုတာ တိုင်းပြည်ရဲ့ရတနာ ပဲ ဒါကြောင့် ထိန်းသိမ်းစောင့်ရှောက်ကပါမယ် ခုလို ဆုရဖို့မလွယ်ခဲ့ပါဘူးတစ်ခါတစ်လေအသက်နဲ့ရင်းခဲ့ရတာတွေတောင်ကြုံခဲ့ရတာပါဘာပဲဖြစ်ဖြစ်ပူးပေါင်းပေးတဲ့ပြည်သူတွေကအဓိကပါ ပြည်သူတွေကိုကျေးဇူးတင်ပါတယ် သူတို့သတင်းမပေးဘဲမသိနိုင်ဘူးလေ"ဟုငပုတောမြို့နယ် တင်းချောင်းကျေးရွာ အုပ်ချူပ် ရေးမှူး ဦးကျော်မြင့်ထွန်း(ခ)ကိုထွန်းလေး မှတိုင်းဧရာကိုပြောသည်
"တောဆင်ရိုင်းအမျာအပြားရှိကြတယ် သူတို့ကိုဖမ်းတဲ့မုဆိုးတွေကိုလည်း ဖမ်းဆီးဖူးပါတယ် သက်ဆိုင်ရာတရားရုံးကလည်း ပြစ်ဒဏ်ချမှတ်ပြီးပါပြီ တောဆင်ရိုင်းတိရစ္ဆာန်ချစ်သူများအဖွဲ့လည်း တောဆင်ရိုင်းသတ်ဖြတ်မူ့ကာကွယ်တဲ့နေရာမှာ ပါဝင်ကူညီပေးခဲ့တာတွေလည်းရှိလို့ကျေးဇူးတင်ပါတယ်ယခုလို ဆုချီးမြင့်တဲ့အခမ်းအနားကျင်းပတာ ဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်"ဟု ငပုတောမြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချူပ်ရေးမှူးဦးကျော်ဆွေဝင်းမှ တိုင်းဧရာကိုပြောသည်
ယခုလိုတောဆင်ရိုင်းသေဆုံးမူ့မှာယခင်ထက်လျော့ နည်းခဲ့လို့ ပါဝင်ကူညီပေးခဲ့ကြသူများအား ကျေးဇူးတင်ရှိကြောင်း နှင့် ငပုတောမြို့နယ်အား တောဆင်ရိုင်းသတ်ဖြတ်မူ့ကင်းမဲ့နယ်မြေအဖြစ်သတ်မှတ်နိုင်ရန်အထူးကြိုးစားဆောင်ရွက်သွားအုန်းမှာဖြစ်ကြောင်း ဆင်များအားအဖွဲ့အစည်းတွေမှထိန်းသိမ်းဖို့အတွက်မဟုတ်ဘဲပြည်သူတွေအနေနဲ့လည်း ထိန်းသိမ်းပေးစေလိုကြောင်း ၎င်းကပြောသည်
ပုသိမ်ခရိုင်အတွင်းပုသိမ် သာပေါင်း ငပုတော မြို့နယ်တို့၌ တောဆင်ရိုင်းများသတ်ဖြတ် ခံရပြီး ၂၀၁၆ခုနှစ်တွင် ၁၃ကောင် ၂၀၁၇ခုနှစ် တွင်၁၆ကောင် ယခုနှစ် မေလကုန်အထိ တောဆင်ရိုင်း၎ကောင် သတ်ဖြတ်ခံရသည် ဖြစ်ကြောင်း ငပုတောမြို့နယ်တွင် တောဆင်ရိုင်း သတ်ဖြတ်ခံရမူ့မှာ ယခင်နှစ်ထက်လျော့နည်း ပြီး တောဆင်ရိုင်းသတ်ဖြတ်မူ့ကင်းစင် နယ်မြေ ထိဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ငပုတောမြို့နယ်တွင် ယခုနှစ်မေလကုန်အထိ ဆင်တစ်ကောင် သာသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးအောင်မှ တိုင်းဧရာ ကိုပြောပါသည်
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် တောဆင်ရိုင်းသေဆုံးမူ့ကောင်ရေမှာ ၂၀၁၄ခုနှစ်တွင်သာမာန်သေဆုံးကောင်ရေ ၂၅ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၇ ကောင် ၂၀၁၅ခုနှစ်တွင်သာမာန်သေဆုံးကောင်ရေ ၁၅ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၂၀ ၂၀၁၆ခုနှစ်တွင်သတ်ဖြတ်ခံရမူကြောင့်သေဆုံးကောင်ရေ ၁၈ကောင် ၂၀၁၇ခုနှစ်တွင် သာမာန်သေဆုံးကောင်ရေ ၁၃ကောင် သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၅၉ကောင် နှင့် ၂၀၁၈ခုနှစ် ဧပြီ နှင့်မေလအတွင်း သတ်ဖြတ်ခံရမူ့ကြောင့်သေဆုံးကောင်ရေ ၁၁ကောင်ရှိကြောင်းသတင်းရ ရှိပါသည်
ပေကျင်းမြို့ရှိ ကားရပ်နားရာ နေရာတစ်ခု၌ ရဟတ်ယာဉ် တစ်စင်းပျက်ကျ

ပေကျင်း ဇူလိုင် ၃ဝ
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ကားရပ်နားရာ နေရာတစ်ခု၌ ဇူလိုင် ၃ဝ ရက်တွင် အရပ် ဘက်ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှုဖြစ်ပွား ကြောင်း နိုင်ငံပိုင် Beijing Youth Daily သတင်းဌာနကပြောသည်။
အဆိုပါရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာ သည့် လေယာဉ်မှူးသည် လေယာဉ်ကို လူ များစွာရှိသည့်နေရာမှ အဝေးသို့ မောင်းနှင် ရန်ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ မတော် တဆမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း မြေပြင် ပေါ်ရှိ မည်သူမျှထိခိုက်ဒဏ်ရာမရသော်လည်း လေယာဉ်ပေါ်၌ လိုက်ပါလာသူ လေးဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိကြောင်း ပေကျင်း ရဲတပ်ဖွဲ့က တရုတ်လူမှုကွန်ရက် စာမျက်နှာ တစ်ခုတွင်ပြောသည်။
မတော်တဆမှုဖြစ်ပွားသည့် အဆိုပါ ရဟတ်ယာဉ်သည် ရိုင်းဝုစတား လေကြောင်း ကုမ္ပဏီပိုင် Bell 429 အမျိုး အစား ရဟတ် ယာဉ်တစ်စင်းဖြစ်ကြောင်း ထိုရဟတ်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီကပြောသည်။
ထို့ပြင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တရုတ်လေကြောင်း အာဏာပိုင်အဖွဲ့တို့ ပူးပေါင်း၍ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
MWD

Monday, July 30, 2018
မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ၂၁ နှစ်အတွင်း စံချိန်တင် မြင့်တက်

မဒေါက် ဇူလိုင် ၃ဝ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင် ရွှေကျင်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာန၏ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၃ ရက် ညကစပြီး ဆက်တိုက်မြင့်တက်လာကာ ဇူလိုင် ၂၈ ရက်တွင် ၁၂၈၂ စင်တီမီတာအထိ စံချိန်တင်မြင့်မားလျက်ရှိရာ ၁၉၉၇ ခုနှစ်က စံချိန်တင်မြင့်ခဲ့သည့် မြစ်ရေအမှတ်ထက် ၃၈ စင်တီမီတာ မြင့်တက် ခဲ့ပြီး ၂၁ နှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သော အခြေအနေတွင် ညောင်လေးပင်မြို့နယ်အတွင်းရှိ ယာယီ ဖွင့်လှစ်ထားသည့်ရေဘေးကယ်ဆယ် ရေးစခန်း ၃၅ ခု၌ ရေဘေးသင့်မိဘ ပြည်သူလူဦးရေ ၁၂ဝဝဝ ကျော်အထိ ပြောင်းရွှေ့ထားရသည်။
ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိ နေသည့် ရေဘေးသင့်ဒေသခံပြည်သူများ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက တစ်ပတ်စာအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁ဝဝ နှုန်းထောက်ပံ့ပေးထား သည့်အပြင် လူမှုရေးအသင်းအဖွဲ့များက လည်း အစားအသောက်များ လာရောက် လှူဒါန်းနေကြောင်း ရေဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ရွှေကျင်မြို့နယ်တွင်လည်း ရွှေကျင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေ သည့်အတွက် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ လူဦးရေ ၂၆ဝ၇၃ တို့ကို ပြောင်းရွှေ့ထားပြီး စာသင်ကျောင်း ၅၉ ကျောင်းလည်း ယာယီပိတ်ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါဒေသအနီးရှိ စစ်တောင်း မြစ်ရေသည် ၁၂၈၂ စင်တီမီတာ၊ ရွှေကျင် မြစ်ရေသည် ၈၈၆ စင်တီမီတာအမြင့်ဆုံး တက်ခဲ့ရာမှ ဇူလိုင် ၃ဝ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် ၁၂၅၂ စင်တီ မီတာသို့ ပြန်လည်ကျဆင်းလာပြီး ရွှေကျင်မြစ်ရေသည်လည်း ၇၈ဝ စင်တီ မီတာသို့ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
ပိန်းဇလုပ်-သိန်းညွန့်

သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံပြဿနာ
သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံပြဿနာ
မိုးဦးကောင်းသည်ဆိုရမလား၊ မိုးလယ်ကောင်းသည်ဆိုရမလား နေ့စဉ်ရက်ဆက်သဲသဲမဲမဲရွာနေသောမိုးကြောင့် မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံ ရုံသာမက မြေပြိုသည့် ပြဿနာကလည်း ကြုံတွေ့နေရပြန်၏။ မြန်မာနိုင်ငံတစ်ခုတည်းလား မဟုတ်ပါ၊ အိမ်နီးနားချင်းနိုင်ငံများသာမက မြစ်နား၊ ချောင်းနား၊ ပင်လယ်နားက နိုင်ငံအတော်များများ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးတို့ကို ခံစားနေကြရ၏။ ယင်းသည် ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ရသည်။ ရာသီဥတုဖောက်ပြန် ခြင်းသည် သဘာဝတရားကြောင့်သာမက လူတို့ကြောင့်လည်း ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မိုးဦးကာလကတည်းကပင် လေဒဏ်၊ မိုးဒဏ်နှင့် မုန်တိုင်းဒဏ် တို့ကို ခံစားနေရ၏။ ဇွန်လမှ အောက်တိုဘာလအတွင်း မြစ်ရေကြီးမှုဖြစ်ပေါ်လေ့ရှိပြီး ဇူလိုင်နှင့်သြဂုတ်လတွင် မြစ်ရေကြီးမှုအဖြစ်များ၏။ ယခင်ဖြစ်မြဲဖြစ်နေကျ ရေကြီး ရေလျှံလေ့ရှိသောဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် စသည့် မြစ်မကြီးများသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြစ်ကြီး၊ မြစ်ငယ်များမှာ ရေတိုးပြီး ရေကြီးရေလျှံဖြစ်နေပြန်၏။ မုန်တိုင်းကြောင့် မိုးသည်းထန်သည်သာမက မရပ်မစဲရက်ဆက်ရွာသွန်းသော မိုးရေချိန်မြင့်မားမှုကြောင့်မြစ်ကမ်းနားရှိ မြို့ရွာ များသာမက တောင်တန်းတောင်ကုန်းအနီးအနားရှိ မြို့နယ်ကျေးရွာများပါ ရေဘေး ဒုက္ခကို ခံစားနေကြရသည်။
ရေလွှမ်းမှုအချိန်ကြာက ထိခိုက်ပျက်စီးမှုများ
ရေကြီးခြင်းသည် မြေပြင်ပေါ်တွင် ရေလျှံခြင်းဖြစ်၏။ များသောအားဖြင့် ခြောက်သွေ့သော မြေပြင်ပေါ်တွင်ရေလွှမ်းမိုးခြင်းကြောင့် အချိန်ကာလအတန် ကြာမြင့်လာခဲ့လျှင် ထိခိုက်ပျက်စီးမှုများ ဖြစ်စေနိုင်၏။ မြစ်ရေကြီးခြင်းဖြစ်ရခြင်းမှာမိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာမိုးသည်းထန်စွာရွာခြင်း၊ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မြစ်ဖျားဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆည်ရေကာတာကြီးများ ကျိုးပေါက်ခြင်း၊ တောင် ပေါ်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် မြစ်ငယ်၊ ချောင်းငယ်များတွင် လျှပ်တစ်ပြက်ရေကြီးခြင်းတို့ကြောင့် ဖြစ်သည်။
မြစ်ရေကြီးခြင်းသည် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လည်းကောင်း၊ ဆီးနှင်းများ အရည်ပျော်ခြင်းကြောင့်လည်းကောင်း ဖြစ်လေ့ရှိ၏။ မုတ်သုံရာသီတွင် မိုးကြီးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးလေ့ရှိ၏။ မြစ်ချိုင့်ဝှမ်းတွင် ရေများ အလွန်လျင်မြန်စွာပြည့်လျှံပြီး မြစ်ကမ်းရိုးများကျိုးပေါက်ကာ ရေလျှံလေ့ရှိ၏။ တစ်ခါတစ်ရံမြစ်ကြောင်းများ တစ်ဖက်တစ်ချက်တွင် မိုင်ပေါင်းများစွာရေဖုံးလွှမ်း လေ့ရှိသည်။
လျှပ်တစ်ပြက်ရေကြီးခြင်းသည် ခြောက်သွေ့သော ဒေသသို့မဟုတ်က္တာရ ဒေသရှိ သဲချောင်း သို့မဟုတ် လျှိုမြောင်နှင့် ချောင်းကြမ်းပြင်တွင် မိုးသည်းထန်မှု ကြောင့်ရေများ စုမိရာမှ စတင်ဖြစ်ပေါ်၏။ ထို့နောက် ပုံမှန်ငြိမ်သက်နေရာက အရှိန်ပြင်းသော ရေစီးကြောင်းအဖြစ် ရုတ်တရက်ပြောင်းသွားခြင်းဖြစ်၏။ ထိုသို့ လျင်မြန်စွာပြောင်းလဲမှုကြောင့် သတိမရှိသော ပတ်ဝန်းကျင်အနီးအနားမှ အိမ်နှင့် လူများ မျောပါသွားနိုင်သည်။
မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်း
ယေဘုယျအားဖြင့်တစ်နေရာတည်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းဖြစ်၏။ ယင်းဖြစ်ပေါ်မှုသည်အများအားဖြင့် ဒေသတစ်ခု တွင်မိုးကြိုးမုန်တိုင်း အကြိမ်ကြိမ်ဖြတ်သန်းမှုကြောင့်လည်းကောင်း၊ အပူပိုင်း မုန်တိုင်းနှင့် ဟာရီကိန်းမုန်တိုင်းတို့မှ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လည်းကောင်း ဖြစ်ပေါ်လေ့ရှိ၏။ ဤရေကြီးမှုများတွင် ရေအမြင့် ၁ဝ ပေမှ ပေ ၂ဝ ထိရှိပြီး၊ ရေစီးအားပြင်းထန်ကာ မြေတူးစက်များ၊ သစ်ပင်များကိုပင် သယ်ဆောင် သွားနိုင်ကာ အဆောက်အအုံနှင့် လမ်းတံတားများကိုပါ ပျက်စီးစေနိုင်သည်။ ပင်လယ်ကမ်းရိုးတန်း ရေကြီးခြင်းသည် ဆိုင်ကလုန်းနှင့် အပူပိုင်းမုန်တိုင်းများ ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ် ပင်လယ်ရေများ ကုန်းတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ဖြစ်၏။ ထို့အပြင် မီးတောင်ပေါက်ကွဲခြင်းနှင့် ရေအောက်ငလျင်များလှုပ်ခြင်းတို့ကြောင့် ဆူနာမီဖြစ်ကာ မုန်တိုင်းဒီရေတက်လာ ခြင်း ဖြစ်၏။ ပင်လယ်ကမ်းခြေဒေသများနှင့် ကမ်းရိုးတမ်းဒေသများရှိ နေအိမ်နှင့် လှေသမ္ဗန်နှင့် သင်္ဘောများကို ရေလှိုင်းများကအဝေးသို့ တိုက်စားသယ်ဆောင် သွားနိုင်သည်။
မြို့ပြဒေသများတွင်ရေကြီးခြင်းသည် လျှပ်တစ်ပြက်ရေကြီးခြင်း သို့မဟုတ် ကမ်းရိုးတန်းရေကြီးခြင်း သို့မဟုတ်မြစ်ရေကြီးခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်၏။ မြို့ပြ ရေကြီးခြင်းသည် မြို့ပြဒေသရေနုတ်မြောင်းစနစ် ချွတ်ယွင်းချက်ကြောင့်ဖြစ်၏။ အချို့ သော မြို့ကြီးများတွင် ရေနုတ်မြောင်းစနစ်ပီပြင်မှုမရှိခြင်း၊ ရေနုတ်မြောင်းအတွင်း စွန့်ပစ် အမှိုက်သရိုက်များ ပိတ်ဆို့နေခြင်းတို့ကြောင့်ဖြစ်၏။ ထို့အပြင် ရေကိုစုပ်ယူနိုင် သော မြေသားအလွတ် ဧရိယာအလွန်နည်းသောကြောင့်လည်း မြို့တွင်းတွင် ရေများ တင်ကျန်ရစ်ကာ ရေကြီးရေလျှံခြင်း ဖြစ်ရသည်။ ရေကြီးရေလျှံခြင်း အကြောင်းရင်းမှာ သဘာဝကြောင့်ဖြစ်သကဲ့သို့ လူသားတို့ကြောင့်လည်း ဖြစ်ပွား၏။ သဘာဝကြောင့် ဖြစ်စဉ်များမှာ မိုးသည်းထန်ခြင်း၊ ကမ်းရိုးတန်းဒေသတွင် ဒီရေတက်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မုန်တိုင်းဒီရေတက်ခြင်း၊ ဆူနာမီကြောင့် ရေလှိုင်းကြီးများတက်ခြင်း နှင့် က္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမြင့်တက်လာခြင်းတို့ဖြစ်၏။ လူသားတို့ ကြောင့်ဖြစ်သော အကြောင်းရင်းများမှာ စိုက်ပျိုးရေးကို စနစ်တကျမဆောင်ရွက်ခြင်း၊ မြို့ပြအခြေခံတည်ဆောက်မှုများ ဆီလျော်မှုမရှိခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ မြို့ပြအိမ်ရာများ တိုးတက်များပြားလာခြင်းတို့ကြောင့် ဖြစ်သည်။
မြေဆီလွှာပေါ်လာမှုကြောင့် မြေပြိုခြင်းပိုမိုဖြစ်စေ
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုများလည်းဖြစ်နိုင်၏။ မြေပြိုခြင်း ဆိုသည်မှာ အပေါ်ပိုင်းရှိ မြေအချို့ကွဲထွက်ပြီး နိမ့်သောအပိုင်းသို့ ရုတ်တရက်ပြိုကျခြင်း ဖြစ်၏။ မိုးသည်းထန်စွာရွာခြင်း၊ ဆီးနှင်းအများအပြား အရည်ပျော်ခြင်းကြောင့်ဖြစ်၏။ တောမီးလောင်ပြီးသောဒေသများတွင် အကာအကွယ်မဲ့သောမြေဆီလွှာပေါ်လာမှု ကြောင့်မြေပြိုခြင်းအ္တရာယ်ကို ပိုမိုဖြစ်စေသည်။ မိုးသည်းထန်စွာရွာသွန်းခြင်း သို့မဟုတ် မြေအောက်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့်မြေဆီလွှာတွင် ရေပါဝင်မှုပိုများလာသည့်အတွက် မြေပြိုခြင်းဖြစ်ရသည်။
ရေကြီးရေလျှံမှုကြောင့် ပြဿနာများစွာဖြစ်နိုင်၏။ သဘာဝပတ်ဝန်းကျင်ဖြစ် သော မြစ်ချောင်း၊ အင်းအိုင်၊ ကုန်းမြေမြစ်ကမ်းပါး၊ မြေဆီလွှာ၊ သစ်ပင်စသည်တို့ အနေအထား ပျက်ယွင်းသွားခြင်း၊ မြို့ရွာအခြေခံအဆောက်အအုံများဖြစ်သည် အိမ်ရာ၊ ရုံး၊ ကျောင်း၊ ဆေးရုံ၊ ဆက်သွယ်ရေး၊ လမ်းတံတား၊ ရေတွင်းရေကန်စသည့်တို့ ပျက်စီးခြင်း၊ လူမှုစီးပွားရေးစနစ်နှင့် ဈေးကွက်လုပ်ငန်းများ နှောင့်နှေးသွားခြင်း၊ လူတို့၏စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ ကျန်းမာရေးထိခိုက်မှုများ ဖြစ်ခြင်း၊ ပုံမှန်အခြေအနေ ရောက်ရှိစေရန် ပြန်လည်ထူထောင်ရေးကို အချိန်ယူလုပ်ဆောင်ရ ခြင်းစသည့် စိန်ခေါ်မှုများစွာရှိနိုင်သည်။
ရေကြီးရေလျှံမှုကြောင့် မြို့ရွာများတွင်နေထိုင်သည့် ပြည်သူလူထုမှာ ရေလွတ် ရာသို့ ရွှေ့ပြောင်းနေထိုင်ရသည့်အတွက်မိမိတို့၏ အိုးအိမ်ပစ္စည်းဥစ္စာများကို စွန့်ခွာထားပစ်ခဲ့ရ၏။ သို့အတွက် လောလောဆယ် စားရေး၊ သောက်ရေး၊ နေထိုင် ရေးပြဿနာများနှင့် ရင်ဆိုင်ကြရ၏။ ကယ်ဆယ်ရေးစခန်းများအဖြစ် စီစဉ်ပေး ထားရသော စာသင်ကျောင်း၊ စုဝေးခန်းမ၊ ဘုန်းတော်ကြီးကျောင်းတို့မှာလည်း ယာယီခိုနားရာနေရာများဖြစ်သည့်အတွက် နေရေးထိုင်ရေးအခက်အခဲရှိကြ၏။
လူအများစုဝေးထားရသည့်အတွက် လူမှုရေးနှင့် ကျန်းမာရေးပြဿနာများ လည်းရှိ၏။ ထောက်ပံ့မှုအပိုင်းတွင်လည်း အဓိကချက်ချင်းလိုအပ်သောအစား အစာနှင့်သောက်ရေသုံးရေ၊ အဝတ်အထည်နှင့် တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း များအပြင် လောလောဆယ်ချက်ပြုတ်စားသောက်နိုင်ရန်အတွက် ဆန်၊ ဆီ၊ ဆား စသည့်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးကြရသည်။
ရေရှည်ထောက်ပံ့ကူညီရန်အခက်အခဲရှိ
အဆိုပါထောက်ပံ့နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်တွင်း ပြည်ပ အင်န်ဂျီ အိုအဖွဲ့များ၊ အရပ်ဘက်ဆိုင်ရာလူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များအနေဖြင့် တတ်နိုင်၊ စွမ်းဆောင်နိုင်သည့် အင်အားဖြင့် ပစ္စည်းနှင့်ငွေကြေးများကို ကူညီ ထောက်ပံ့ကြ၏။ ထိုသို့ထောက်ပံ့ကူညီကြရာတွင် ကယ်ဆယ်ရေးစခန်း ရက်ရှည်ကြာ လာပါက အခက်အခဲများစွာရှိနိုင်၏။ ရေရှည်ထောက်ပံ့ကူညီနိုင်ရန်အတွက် လိုအပ်ချက်များစွာ ရှိလာ၏။ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများသည် ဘေးဒုက္ခ ကျရောက်သူများအတွက် အလိုအပ်ဆုံးအရာများကိုသာ ကူညီထောက်ပံ့ကြပြီး အလုံးစုံလိုအပ်ချက်များကိုမူ ကူညီထောက်ပံ့ရန်တာဝန်မရှိကြပါ။ ပြန်လည် ထူထောင်ရေးလိုအပ်ချက်သည်သက်ဆိုင်ရာအစိုးရ၏ တာဝန်ဖြစ်သည်ဟု ဆိုသော် လည်း ရာနှုန်းပြည့်လိုချင်သည့် ဆန္ဒအတိုင်းဖြည့်ဆည်းပေးရန် နိုင်ငံအစိုးရတိုင်း မှာ စိန်ခေါ်မှုရှိသည်။ သို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။
ဘေးအ္တရာယ်တစ်ခုကျရောက်တိုင်း ထိုဒေသရှိလူထုမှာအနည်းနှင့်အများထိခိုက်မှုရှိကြ၏။ ထိခိုက်မှုရှိသူတိုင်းကို ဒုက္ခသည်ဟု သတ်မှတ်၍မရပါ။ ကယ်ဆယ် ရေးလုပ်ငန်းတွင် အကျိုးခံစားခွင့်ရှိသူဆိုသည့်မှာ မိမိတို့၏စွမ်းအားဖြင့် ပုံမှန်ဘဝကို ပြန်လည်ထူထောင်ရန် အခက်အခဲရှိသူများကိုခေါ်၏။ အဘယ်ကြောင့်ဆိုသော် အစိုးရအနေဖြင့် လည်းကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် လည်းကောင်း၊ အရပ်ဘက်ဆိုင်ရာအဖွဲ့များသည် လည်းကောင်း၊ အလှူရှင်များသည် လည်းကောင်း ငွေရေးကြေးရေးနှင့် ပစ္စည်းများထောက်ပံ့ကူညီရာတွင် အတိုင်းအတာ အကန့်အသတ်ရှိကြသောကြောင့် ဖြစ်၏။ ဘေးဒုက္ခဖြစ်တိုင်း ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် ထိခိုက်မှုရှိသူတိုင်းကို စားစရာ၊ သောက်စရာ၊ ဝတ်စရာ၊ ယာယီအမိုးအကာ၊ ဆေးဝါးများကို ကူညီပေးနိုင်ကြ သော်လည်း ထိုသူတို့အတွက် ပြန်လည်ထူထောင်ရေးနှင့် ပုံမှန်အခြေအနေရောက် ရှိရေးကိုကား ထောက်ပံ့ကူညီပေးရန်မှာ အခက်အခဲများစွာရှိနေမည် ဖြစ်ပေ သည်။
တက္ကသိုလ် ဇော်ထူးဦး
ရေနံစိမ်းလှယ်ထည့်နေစဉ် မီးလောင်မှုဖြစ်၍ ယာဉ်နှစ်စီးမီးလောင် တစ်ဦးသေဆုံး

ဘုတလင် ဇူလိုင် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် လက်ပံမြောက် ကျေးရွာအနီး ကွင်းအမှတ်(၁၉ဝ/က) ဆပ်ပြာကျင်းကွင်း၌ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီက ဦးသန့်ဇင်(စိစစ်ဆဲ)ပိုင် ရေနံ ချက်ဖို (လျှောက်ထားဆဲ) သို့ မော်လိုက်မြို့နေ မောင်ဇော် (၃ဝ နှစ်) မောင်းနှင်သည့် 8K/---- ဆီဘောက်ဆာယာဉ်သည် ရေနံစိမ်းများ သယ်ဆောင်လာပြီး ငါန်းဇွန်မြို့နယ် နတ်ကြီးရွာနေ အောင်ပု (၂၇ နှစ်) မောင်းနှင်သည့် YGN-5D/---- ဆီဘောက်ဆာယာဉ်ပေါ်သို့ ပြောင်းရွှေ့ထည့်နေစဉ် ကားဝိုင်ယာ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် မော်တော်ယာဉ်နှစ်စီး မီးလောင် ဆုံးရှုံးခဲ့ကာ လူတစ်ဦးမှာ မီးလောင်သေဆုံးသွားခဲ့သော ကြောင့် မောင်ဇော်၊ အောင်ပုနှင့် ရေနံချက်ဖို မန်နေဂျာ ကိုတင့် (၃၅နှစ်)တို့ ဦးအား ဘုတလင်မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
ကိုရဲ

ပုဂံနှင့် ကန်တော့ပလ္လင်
ပုဂံနှင့် ကန်တော့ပလ္လင်
မြန်မာနိုင်ငံတွင်သာမက က္ဘာ့အလယ်တွင်ပါ ထင်ရှားသည့် မြန်မာ့ယဉ်ကျေးမှုနယ်မြေတစ်ခု ဖြစ်သော ပုဂံကို ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကဦးစီး၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။
စည်းလုံးညီညွတ်သော ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည့်နေရာအဖြစ် ထင်ရှားသည့် ပုဂံဒေသ၏ သမိုင်းသည် နှုတ်ပြောဒဏ္ဍာရီများနှင့် ရောထွေးနေခဲ့သော်လည်း ပုဂံခေတ်က တည်ဆောက်ခဲ့သည့် ထင်ရှားသော စေတီပုထိုးများစွာကို ယနေ့တိုင် မြင်နေတွေ့နေကြရပေသည်။ပုဂံစေတီပုထိုးများ
ပုဂံဧရိယာသည် အလျား ၁၃ ကီလိုမီတာနှင့် အနံ ခြောက်ကီလိုမီတာ ကျယ်ဝန်း၍ ဧရာဝတီ မြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ပုဂံနယ်မြေ အဝန်းအဝိုင်းအတွင်းရှိ ရှေးဟောင်း စေတီပုထိုးများ အရေအတွက်ကို လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်းဟူသည့် အဆိုအရ ၄၄၄၆ ဆူ ရှိခဲ့ကြောင်း ယူဆခဲ့ကြသည်။
ပုဂံဒေသရှိ စေတီပုထိုးများသည် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်(ခရစ်နှစ် ၁၄၂၇-၁၄၈ဝ)တွင် ကောက်ယူခဲ့သည့် မှတ်တမ်းအရ ၄၄၇၄ ဆူ (ဝင်းဝင်းထိန်လျှံ၊ ပုဂံဘုရားပေါင်း)ရှိ ပြီး ကုန်းဘောင်ခေတ်ဖြစ်ဟန်ရှိသည့် (မြတ် ဘုရားဆူရေ၊ ဖြူရွှေလိုဝင်း၊ ပုဂံပြည်ဘယ်တိုင်း ဌာနီမှ စံမမီလွန်ထင်ရှား၊ စောမုနိများ) မှတ်သား ချက်အရ ၄၄၄၅ ဆူ ဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ကောက်ယူခဲ့သော စာရင်း များအရ ပုဂံဒေသရှိ စေတီပုထိုးများ အရေ အတွက်သည် ၂၂၁၇ ဆူရှိပြီး ကျောင်းကြီးအုတ် နီ ကိန်းနှင့်ညီ စေတီဂူဘုရားဟု မှတ်သားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ယူနက်စ်ကို အဖွဲ့၏ အကူအညီဖြင့် ပြင်သစ်လူမျိုးဗိသုကာ ပညာရှင် Pierre Pichard ကောက်ယူခဲ့သည့် စာရင်းအရ ၂၈၃၄ ဆူရှိသည်။၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ပုဂံဒေသ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိ စေတီပုထိုးများနှင့် ရှေးဟောင်းအဆောက် အအုံများစာရင်းကို ပြန်လည်ကောက်ယူခဲ့ရာ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ပြန်လည်တည်ဆောက် ခဲ့သည့်ကုန်းများနှင့် မတူးဖော်ရသေးသည့် ကုန်းများအပါအဝင် ၃၈၂၂ ဆူရှိကြောင်း သိရှိ ရပေသည်။
ပုဂံရှိ ရှေးဟောင်းစေတီများ၊ တစ်ထပ်လိုဏ် ဂူများ၊ နှစ်ထပ် သုံးထပ် လေးထပ် အဆောက် အအုံများ၊ ဥမင်များ၊ တစ်ထပ်ကုလားကျောင်း များ၊ ပိဋကတ်တိုက်များနှင့် သိမ်များအနက် စေတီများကို ယေဘုယျအားဖြင့် လိုဏ်ပါသည့် အဆောက်အအုံ (ွှနာစူန) နှင့် လိုဏ်မပါသည့် အဆောက်အအုံ(ှအကစေ) ဟု ခွဲခြားနိုင်သည်။ လိုဏ်ပါသည့် ကြီးမားသောဘုရားများကို ဘုရင် များကတည်ခဲ့ကြရာ ကန်တော့ပလ္လင်သည် တစ်ဆူအပါအဝင် ဖြစ်ပေသည်။
ကန်တော့ပလ္လင်
ဆန်းပြားသည့် နောက်ခံရာဇဝင်များရှိနေ သည့် ကန်တော့ပလ္လင်ဂူဘုရားသည် ပုဂံမြို့ ဟောင်း၏ အနောက်တောင်ဘက်၊ ပုဂံရှေး ဟောင်းသုတေသနပြတိုက်၏ မြောက်ဘက်တွင် တည်ရှိသည်။ ပုဂံရှိ ရှေးဟောင်းအဆောက်အအုံ များအနက် ဓမ္မရံသည် ထုထည်အကြီးမားဆုံး၊ သဗ္ဗညုသည် ဉာဏ်တော်အမြင့်ဆုံးနှင့် အာနန္ဒာ သည် အနုလက်ရာအကောင်းဆုံးဟု သတ်မှတ်ခဲ့ ကြသည်။ ထို့အတူ ဗိသုကာလက်ရာ အကောင်း ဆုံး အဆောက်အအုံအဖြစ် ကန်တော့ပလ္လင်ကို ရည်ညွှန်းပြောဆိုလေ့ရှိခဲ့ကြသည်။
ကန်တော့ပလ္လင်ဂူဘုရားကို အလောင်း စည်သူမင်းကြီး၏ မြေးဖြစ်သူ နရပတိစည်သူမင်း က ခရစ်နှစ် ၁၁၇၅ ခုနှစ် တွင် တည်ထားခဲ့သည်။အလောင်းစည်သူမင်းကြီးက မိမိ၏ဘေးတော်၊ ဘိုးတော်တို့သည် မိမိလောက် ဘုန်းတန်ခိုး အာဏာမရှိခဲ့ဟု ပြစ်မှားမိသဖြင့် မျက်စိကွယ် သွားခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် မင်းကြီး သည် ဘေးတော် ဘိုးတော်များ၏ ရုပ်တုများကို ထုလုပ်၍ ပလ္လင်ပေါ်တင်ကာ တောင်းပန်ကန်တော့ ခဲ့ပြီးနောက် မျက်စိနှစ်ကွင်း ပြန်လင်းခဲ့သည်။ဘိုးတော် အလောင်းစည်သူမင်း ကန်တော့ခဲ့ သည့် ပလ္လင်နေရာတွင် မြေးတော်နရပတိစည်သူ က စေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ရာ ကန်တော့ပလ္လင်ဟု ဘွဲ့ မည်တွင်ခဲ့ကြောင်း အစဉ် အဆက် ယုံကြည်ခဲ့ကြသည်။ ကန်တော့ပလ္လင် ဘုရား၏ မြောက်ဘက်ရှိ ရှင်ပွင့်လင်း (စေတီ အမှတ် ၁၆၃၅)သည် အလောင်းစည်သူမင်း မျက်စိ အလင်းရခဲ့သည့်နေရာတွင် တည်ထားခဲ့သည့် စေတီဟု ဆိုခဲ့ကြပေသည်။
ကန်တော့ပလ္လင် ဂူဘုရားသည် အရှေ့ဘက်မုခ် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရှေ့ဘက်ဝဲယာ တွင် ထုလုပ်ထားသည့် ဂေါဓနှင့် ဂေါဓော အမည် ရှိ ဘီလူးနှစ်ကောင်၏ အမည်များကို အစွဲပြု၍ ဂေါဓပလ္လင်၊ ဂေါဓောပလ္လင်ဟုလည်း အမည်တွင် ခဲ့သည်။
ထို့အတူ နရပတိစည်သူမင်းသည် ကန်တော့ ပလ္လင်ဘုရားကို တည်ထားရန် လူအများအား ခိုင်းစေခဲ့ရာ ပံ့သကူ မထေရ်က တားမြစ်ခဲ့သဖြင့် နရပတိစည်သူက ပံ့သကူမထေရ်ကို ပုဂံမှ နှင်ခဲ့ သည်ဟု ဆိုခဲ့ကြသည်။ ပံ့သကူမထေရ်သည် ပုဂံ မှသီဟိုဠ်သို့ထွက်ခွာရန် စီစဉ်နေချိန်တွင် နရပတိ စည်သူမင်းသည် မထေရ်မြတ်ကို တောင်းပန် ကန်တော့ခဲ့ပြီး ယင်းနေရာတွင် ကန်တော့ပလ္လင် ဘုရားကို တည်ခဲ့သည်ဟုလည်း ဆိုခဲ့ကြသည်။
နရပတိစည်သူမင်းသည် ကန်တော့ပလ္လင် ဘုရားမပြီးစီးမီ နတ်ရွာစံခဲ့သဖြင့် သားတော် နားတောင်းများမင်းက ဆက်လက်တည်ထားခဲ့ ရာ မြန်မာသက္ကရာဇ် ၅၈၈ ခုနှစ် နှောင်းတန်ခူး လဆန်း ၈ ရက်(ခရစ်နှစ် ၁၂၂၇ ခုနှစ်၊ မတ်လ ၂၆ ရက်)သောကြာနေ့တွင် ပြီးစီးခဲ့သည်ဟု ပုဂံ စေတီပုထိုးများ သမိုင်းစာအုပ်တွင်ဖော်ပြထား သည်။
ကန်တော့ပလ္လင်သည် စူဠာမဏိစေတီနှင့် ထီးလိုမင်းလိုစေတီတို့နှင့် ဖွဲ့စည်းပုံဆင်တူသည့် ကြီးမားသော ဂူဘုရားတစ်ဆူဖြစ်သည်။ ယခင်က ကန်တော့ပလ္လင်ကို လိုဏ်သုံးဆင့်ဘုရားဟု သတ် မှတ်ခဲ့သော်လည်း ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့ သည့် ငလျင်ကြောင့် အပေါ်ဆုံးကွမ်းတောင်၏ အောက်ဘက်တွင် လျှို့ဝှက် လိုဏ်ပတ်လမ်းတစ်ခု ကို တွေ့ရှိခဲ့ရသဖြင့် ကန်တော့ပလ္လင်သည် လိုဏ် လေးဆင့် ဂူဘုရားတစ်ဆူဖြစ်ကြောင်း တွေ့ရှိခဲ့ ကြသည်။
ဂူနှစ်ဆင့် တည်ဆောက်ပုံ
ပုဂံခေတ် အေဒီ ၁၂ ရာစုလက်ရာ ကန်တော့ ပလ္လင်ဘုရား၏ ဗိသုကာလက်ရာများကို အောက်ခံတိုက်မ၊ ဂန္ဓကုဋိ၊ လိုဏ်ပတ်လမ်းများ၊ အပေါ်ထပ်လိုဏ်နှင့် မုခ်တံကဲများ၊ ပစ္စယာ အဆင့် ဆင့်နှင့်ကွမ်းတောင်အထွတ်စေတီ၊ ထောင့် စေတီများ၊ ရုပ်ပွားဆင်းတုတော်များ၊ အင်္ဂတေ လက်ရာများနှင့် တံတိုင်းမုခ်ဦးစေတီများတွင် တွေ့ရှိနိုင်ကြသည်။
ကန်တော့ပလ္လင်၏ အောက်ခံတိုက်မသည် ၂၈ မီတာ ပတ်လည်ရှိကာ အာရုံခံမုခ်ဦးကို အရှေ့ ဘက်သို့ ထုတ်ထားပြီး ကျန်မုခ်သုံးပေါက်တွင် အဝင်မုခ်ဦးတစ်ခုစီကို ပြုလုပ်၍ အပေါ်တွင် စိန် တန်းပတ်လည် ပစ္စယာသုံးဆင့်စီခံထားသည်။ တိုက်မကြီး၏ ပစ္စယာသုံးဆင့်တွင် ပတ်လမ်း များပြုလုပ်ထားကာ ပစ္စယာထောင့်နေရာများ တွင် စေတီများစိုက်ထူထားသည်။
တိုက်မကြီး၏ အရှေ့ဘက်အာရုံခံမုခ် အထက် ပစ္စယာနှစ်ဆင့် ထောင့်များတွင် စေတီများရှိပြီး ကျန်မုခ်တစ်ခုစီပေါ်တွင်လည်း စေတီတစ်ဆူစီ ရှိသည်။ အာရုံခံအမိုးမှ တတိယပစ္စယာသို့ တက် ရန် လှေကားနှစ်ခုကို အပြိုင်ပြုလုပ်ထားကာ အောက်ခံတိုက်မပေါ်တွင် စေတီ ၂၂ ဆူ တည်ထား ခဲ့သည်။
ကန်တော့ပလ္လင်ဂူဘုရား အောက်ခံတိုက်မ သည် အရှေ့ဘက်သို့မျက်နှာမူထားကာ မုခ်ပေါက် ကြီး လေးခုအပါအဝင် မုခ်ပေါက် အကြီးအငယ် ၂ဝ ရှိသည်။ ဘုရားကြီး၏ အောက်ထပ် အလယ် ဗဟိုရှိ စတုရန်းပုံ မဏ္ဍိုင်လေးဘက်၌ ပတ်လမ်း ပြုလုပ်ထားကာ ရုပ်ပွားတော်ကြီးတစ်ဆူစီကို တံကဲကျောင်းဆောင်များအတွင်း၌ ထည့်သွင်း ပူဇော်ထားသည်။ ဆင်းတုတော်များရှေ့တွင် သင်ပုတ်ပလ္လင်တစ်ခုစီထားရှိပြီး အရှေ့ဘက်မုခ် ပေါက်ရှိ ရုပ်ပွားဆင်းတုတော်ကြီး၏ ရှေ့တွင် ဂေါဓောနှင့် ဂေါဓ အမည်ရှိ ဘီလူးရုပ်နှစ်ရုပ်ကို မြင်တွေ့ကြရပေသည်။
တိုက်မကြီး၏ လိုဏ်အတွင်း အရှေ့ဘက် လက်ဝဲလက်ယာနှစ်ဖက်၌ အပေါ်ထပ်သို့ တက် နိုင်ရန် နံရံကိုဖောက်၍ ကြောင်လိမ်လှေကား တစ်စင်းစီ ပြုလုပ်ထားသည်။
ကန်တော့ပလ္လင်ဂူဘုရားကြီး၏ အထက်တွင် ရှိသည့် လေးမျက်နှာဂူကို အောက်ခံတိုက်မ၏ တတိယပစ္စယာပေါ်တွင် တည်ထားကာ စင်္ကြံ လမ်းဖြင့်ပတ်ထားသည်။ အပေါ်ဂူကြီးသည်လည်း အရှေ့ဘက်သို့ မျက်နှာမူထားပြီး အဝင်မုခ်ပေါက် ကြီးလေးခု၊ မုခ်ပေါက်ငယ် နှစ်ခုနှင့် ပြတင်းမုခ် ပေါက် ခြောက်ပေါက် ဖောက်လုပ်ထားသည်။ အပေါ်တိုက်မကြီးတွင် ပစ္စယာသုံးဆင့်ခံလျက် ပစ္စယာထောင့်များတွင် စေတီများတည်ထား သည်။ ပစ္စယာသုံးဆင့်၏ အလယ်တွင် လှေကား မုခ် သုံးခုစီရှိပြီး ဂူကြီး၏ အထက်တွင်ကွမ်းတောင် ပေါက်စေတီတော်ကို တည်ထားခဲ့သဖြင့် အဝေး မှပင် ကြည်ညိုဖွယ်ဖူးတွေ့ကြရပေသည်။
ကန်တော့ပလ္လင်ဂူဘုရားသည် လိုဏ်နှစ်ထပ် စေတီတော်ကြီးဖြစ်ကာ အပေါ်နှင့်အောက်တွင် စေတီ ၃၇ ဆူနှင့် မုခ်ပေါက် ၃၂ ပေါက်ရှိ သည်။
အပေါ်လိုဏ်ဂူတွင်လည်း အလယ်မဏ္ဍိုင်နှင့် ပတ်လမ်းပြုလုပ်ထားပြီး မဏ္ဍိုင်ကို ကျောမှီလျက် မုခ်လေးဖက်တွင် အင်္ဂတေရုပ်ပွားတော် တစ်ဆူ စီရှိရာ အရှေ့ဘက်မုခ်ရှိ ဆင်းတုတော်သည် အကြီးဆုံးဖြစ်သည်။ အထက်တိုက်မအတွင်း၌ အောက်ခံတိုက်မကဲ့သို့ပင် ဝဲယာနှစ်ဖက်၌ ကြောင်လိမ်လှေကားတစ်စင်းစီ ပြုလုပ်ထား သဖြင့် မြေညီထပ်မှ ကွမ်းတောင်အထိ တက် ရောက်နိုင်ရန် စီစဉ်ထားခဲ့သည်။ ကန်တော့ပလ္လင် ဂူဘုရားကြီးတွင် ကြောင်လိမ်လှေကား လေးစင်း၊ အပေါ်ထပ်တွင် အာရုံခံအမိုးပေါ်မှ လိုဏ်ဂူစင်္ကြံ အထိတက်ရောက်ရန် လှေကားနှစ်စင်း၊ နတ်လမ်း လှေကား သုံးစင်းရှိသဖြင့် စုစုပေါင်းလှေကား ကိုးစင်းရှိသည်။
ကန်တော့ပလ္လင်ဘုရားသည် ဖိနပ်တော်မှ ချရားသီးအထိ ဉာဏ်တော် ပေ ၁၈ဝ မြင့်ကာ လိုဏ်ပတ်လမ်းများကို မြေညီအောက်ခံတိုက်မ၊ ဒုတိယပစ္စယာ၊ အထက်ဆင့် လိုဏ်ဂူတို့တွင် ပြု လုပ်ခဲ့သည်။ ၁၉၇၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ဒုတိယပစ္စယာကို ပြင်ဆင်ခဲ့စဉ် ငါးပေခြောက် လက်မကျယ်၍ ပေါင်းကူးအမြင့် ရှစ်ပေ သုံး လက်မ မြင့်သော စတုတ္ထလိုဏ်ပတ်လမ်းတစ်ခုကို တွေ့ရှိခဲ့ရသဖြင့် ကန်တော့ပလ္လင် ဂူဘုရားကြီးကို လိုဏ်လေးဆင့်ဟု ဆိုနိုင်ခဲ့ပေသည်။
ဗိသုကာလက်ရာနှင့် ဆင်းတုတော်များ
ကန်တော့ပလ္လင်ဘုရားကြီးကို ဘုရင်နှစ်ဆက် တည်ဆောက်ခဲ့ကာ ပုဂံခေတ် ဗိသုကာပညာရှင် များ၏ အနုလက်ရာများကို အများဆုံး မြင်တွေ့ နိုင်ကြသည်။အေဒီ ၁၂ ရာစုတွင် တည်ထားခဲ့ သည့် ဘုရားကြီး၏ ဗိသုကာ လက်ရာများသည် အလွန်ပြေပြစ်လှပခဲ့သည်။ဘုရားကြီးတစ်ခုလုံး တွင် မုခ်ပေါက် ၃၂ ပေါက်ဖောက်လုပ်ထားသဖြင့် နေရောင်နှင့် လေဝင် လေထွက်ကောင်းမွန်ခဲ့ကာ မုခ်ပေါက်များကို နှစ်ထပ်တံကဲ၊ စေတီပုံတံကဲ၊ မီးလျှံဖြာနေပုံ တံကဲများဖြင့် အနုစိတ် ပုံဖော်ခဲ့ သည်။ ဘုရားကြီးကို အလျား ၄၃ စင်တီမီတာ၊ အနံ ၂၂ စင်တီမီတာနှင့် ထု ၆ စင်တီမီတာ အရွယ် ရှိသည့် အုတ်များဖြင့် တည်ဆောက်ခဲ့သည်။
ကန်တော့ပလ္လင်ဂူဘုရား၏ အလှပဆုံး လက်ရာသည် ကွမ်းတောင်ဖြစ်ကာ ပုဂံရှိကွမ်း တောင်ပေါက်စေတီတော်များတွင် အလှပဆုံး လက်ရာဖြစ်သည်ဟု ဆိုကြသည်။ ၁၉၇၅ ခုနှစ် ငလျင်မလှုပ်မီက စေတီတော်၏ ကွမ်းတောင် သည် မူလလက်ရာ ၈ဝ ရာခိုင်နှုန်းရှိခဲ့သည်။
ကန်တော့ပလ္လင်ဘုရား၏ အုတ်စီအုတ်နင်းနှင့် တည်ဆောက်ပုံ ဗိသုကာလက်ရာသည် အဆင့် အတန်းမြင့်မားကာ စိန်တန်းများတစ်လျှောက် တွင် စဥ့်ကွင်းများ ထည့်သွင်းခဲ့ပြီးြ<ွကင်းကျန် နေသည့် စဥ့်ချပ်များကို မြင်တွေ့နိုင်ကြသည်။ ဂူဘုရားကြီး၏ အပေါ်ထပ်နှင့်အောက်ထပ် ချင် မိတ်တိုးတန်းများနှင့် ဘီလူးပန်းဆွဲများအကြား တွင် သဲကျောက်ဖောင်းလုံးတန်းများ ထည့်သွင်း ထားပြီး အဆောက်အအုံကြီး၏ ထောင့်နေရာ များကို သုံးပေရှည်၍ ၁ဝ လက်မထူသော ကျင် တွယ်ပုံ ကျောက်ထောင့်ချုပ်များဖြင့် ချုပ်ထား ခဲ့သည်။ လိုဏ်ပေါင်းကူးများကို ခိုင်ခံ့မှုအား ကောင်းစေရန် အုတ်ပေါင်းကူးများအကြားတွင် ကျောက်ပေါင်းကူးများကို ထည့်သွင်းတည် ဆောက်ထားသည်။
ကန်တော့ပလ္လင် ဘုရားတွင် စံပယ်နေကြ သည့် ဆင်းတုတော်များ၏ လက်တော်ဟန်များ သည် ဘူမိဖဿမုဒြာ (လက်တော်မြေထိဟန်) ဖြစ်ကာ ဆင်းတုတော်များ၏ နောက်ခံတွင် ဗောဓိညောင်ပင်ပုံ ဆေးရေးပန်းချီများရှိခဲ့သဖြင့် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်တော်မူခန်းကို ရည်òန်းခဲ့ဟန်ရှိပေသည်။ ဘုရားကြီး၏ အောက်ထပ်လိုဏ်အတွင်း အလယ်မဏ္ဍိုင်ကို ကျောမှီထားသော ဆင်းတုတော်များသည် ပလ္လင်ပေါ်တွင်ထိုင်ကာ အရပ်လေးမျက်နှာသို့ မျက်နှာမူနေကြသည်။ ရုပ်ပွားတော်လေးဆူ၏ အပေါ်တွင် နံရံတံကဲများပြုလုပ်ထားပြီး နံရံဆေး ရေးပန်းချီများမှာ ပျက်စီးနေပြီဖြစ်ပေသည်။
ရုပ်ပွားဆင်းတုတော်များရှေ့၌ ဆွမ်း၊ ရေချမ်း၊ ပန်းတို့ကို ကပ်လှူသည့် သင်ပုတ်ပလ္လင်များရှိကာ အရှေ့ဘက်ရှိ သင်ပုတ်ပလ္လင်တွင် ဆွမ်း၊ အနောက် ဘက် သင်ပုတ်ပလ္လင်တွင် ပန်း၊ တောင်ဘက် သင်ပုတ်ပလ္လင်တွင် ကျမ်းနှင့် မြောက်ဘက် သင်ပုတ်ပလ္လင်တွင် ပန်းတို့ကို ဆက်ကပ်လှူဒါန်း သည်ဟု ဆိုခဲ့ကြသည်။တောင်ဘက်သင်ပုတ် ပလ္လင်ပေါ်တွင် ကျိန်စာကျမ်းများထားရှိခဲ့ပြီး အမှုအခင်းဖြစ်ပွားကြသူများသည် ယင်းကျမ်းစာ များကို ကိုင်တွယ်၍ ကျမ်းကျိန်ခဲ့ကြကြောင်း ဆိုစမှတ်ရှိခဲ့သည်။
ပုဂံရှိ လိုဏ်နှစ်ဆင့် ဘုရားများတွင် သဗ္ဗညု ဘုရားမှလွဲ၍ အပေါ်ထပ်နှင့် အောက်ထပ်တွင် ဗုဒ္ဓ ဆင်းတုတော်လေးဆူစီထားရှိလေ့ရှိခဲ့ရာ ကန်တော့ ပလ္လင်ဂူဘုရားတွင်လည်း အပေါ်ထပ်နှင့် အောက် ထပ်တွင် ရုပ်ပွားတော် လေးဆူစီ ပူဇော်ထားရှိ ခဲ့သည်။(သဗ္ဗညုဘုရား၏ အပေါ်ထပ်လိုဏ်တွင် ရုပ်ပွားတော်တစ်ဆူသာ ရှိသည်။)
ကန်တော့ပလ္လင်ဘုရားကို စတုရန်းပုံ အုတ် မဟာရံတံတိုင်းနှစ်ထပ်ကာရံခဲ့ရာ အပြင်တံတိုင်း ၏ မျက်နှာတစ်ဖက်စီ၏ အလယ်တွင် အဝင်မုခ် တစ်ခုစီရှိခဲ့သည်။ ယင်းအဝင်မုခ်များပေါ်တွင် စေတီများတည်ထားခဲ့ပြီး ဝင်ပေါက်များ၏ တစ် ဖက်စီတွင် တံခါးလည်နိုင်ရန် ကျောက်ဆုံတစ်ခု စီ မြှုပ်ထားပြီး အပေါ်ပိုင်းတွင် တံခါးတိုင်စွပ်ရန် သံကွင်းများရှိခဲ့သည်။ ယခုအခါတွင် မူလတံခါး များမရှိတော့သဖြင့် သံတံခါးများဖြင့် အစားထိုး တပ်ဆင်ထားသည်။
အတွင်းမီးတားတံတိုင်းအဖြစ် ကန်တော့ ပလ္လင်ဂူဘုရား၏ အောက်ခံနှင့် ဆက်စပ်ပြုလုပ် ထားကာ သုံးပေ ငါးလက်မမြင့်သည့် အုတ်တိုင် များဖြင့် ကာရံထားသည်။ ဘုရားဝင်းတံတိုင်း အတွင်း အရှေ့တောင်ထောင့်တွင် ပုဂံခေတ် နောက်ပိုင်းလက်ရာ ရှစ်မျက်နှာဘုရားနှင့် ခေါင်း လောင်းတိုင်နှစ်တိုင်၊ အရှေ့မြောက်ထောင့်တွင် နှောင်းခေတ်လက်ရာ စေတီရိုးတစ်ဆူတို့တည် ရှိနေကြသည်။
၁၉၇၅ ခုနှစ် ဇူလိုင် ၈ ရက်တွင် လှုပ်ခတ်ခဲ့ သည့် ငလျင်ကြောင့် ပုဂံရှိ စေတီပုထိုးများပြိုကျ ပျက်စီးခဲ့ရာတွင် ကန်တော့ပလ္လင်သည် ဖောင်း ရစ်မှစ၍ ပြတ်ကျပြီး အပေါ်ပိုင်းတစ်ခုလုံးကြေမွ သွားခဲ့သည်။ အထွတ်စေတီအပါအဝင် ကွမ်း တောင်နှင့် အရံစေတီများအားလုံးမြေခခဲ့ သဖြင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည် ဆောက်ခဲ့ရပေသည်။
ဂူကြီးအားပြုပြင်စဉ်တွေ့ရှိခဲ့သည့် ဓာတ်တော် ကြုတ်များ၊ရွှေဆင်းတုနှစ်ဆူ၊ ရွှေစေတီနှစ်ဆူ၊ အုတ်ခွက်ဘုရားများ၊ ကျောက်မျက်ရတနာများနှင့်ရွှေကြိုးဆိုင်းငွေကြုတ်တို့ကို ဘုရားကြီးတွင် ပြန်လည် ဌာပနာခဲ့သည်။
နရပတိစည်သူမင်းကြီးသည် စေတီရှစ်ဆူ တည်ခဲ့သည့်အနက် ပုဂံရှိ စူဠာမဏိ၊ဓမ္မရာဇကနှင့် ကန်တော့ပလ္လင်တို့သည် အကြီးဆုံးနှင့် အထင် ရှားဆုံးဖြစ်ခဲ့သည်။ နရပတိစည်သူ၏ သားတော် နားတောင်းများမင်းကြီး၏ ကောင်းမှုတော် စေတီပုထိုးများတွင်လည်း ထီးလိုမင်းလို၊ မဟာ ဗောဓိ၊ စေတနာကြီးနှင့် ကန်တော့ပလ္လင်တို့သည် အထင်ရှားဆုံးဖြစ်ခဲ့ကြသည်။
သက်တမ်းအားဖြင့် နှစ် ၈ဝဝ နီးပါးရှိနေပြီဖြစ် သည့် ကန်တော့ပလ္လင်ဂူဘုရားကြီးသည် ပုဂံ ခေတ်၏ ဗိသုကာလက်ရာ အကောင်းဆုံး အဆောက်အအုံအဖြစ် ရပ်တည်လျက်ရှိနေပြီး ပုဂံသို့ ရောက်ရှိလာကြသူတိုင်း မရောက်မဖြစ် သွားရောက်ဖူးမြော်လေ့ရှိကြသည့် ရှေးဟောင်း စေတီကြီးတစ်ဆူလည်းဖြစ်ပေသည်။ ကန်တော့ ပလ္လင်ဘုရားပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တိုင်း စည်ကားသိုက် မြိုက်စွာ ကျင်းပမြဲဖြစ်သည်။
သမိုင်းဝင်ရှေးဟောင်းဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေး မှုများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံ ၏ ယဉ်ကျေးမှုတန်ဖိုးကို မြှင့်တင်နိုင်ကြမည်ဖြစ် ရာ ကန်တော့ပလ္လင်ဘုရားအပါအဝင် ပုဂံဒေသရှိ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ ကို ပြည်သူတိုင်းက ထိန်းသိမ်းစောင့်ရှောက် ကာကွယ်လျက် မြန်မာတို့၏ ပုဂံဂုဏ်ရည်ကို မြှင့်တင်ကြရမည်သာ ဖြစ်ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)

ကြက်ငှက်တုပ်ကွေး ရောဂါလက္ခဏာများနှင့် ကုသနည်းများ

ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုတွေနဲ့ ထိတွေ့နေသူများ၊ ကြက်၊ဘဲရောင်းဝယ်သူများ၊ ချက်ပြုတ်ရောင်းချသူများနှင့် အိမ်ရှင်မများတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်နိုင်ကြောင်း၊ ရိုးရိုးတုပ်ကွေးနှင့်မတူဘဲ ဗိုင်းရပ်ပိုးဟာ အဆုတ်ထဲကို တန်းရောက်သွားကြောင်း၊ အဆုတ်ရောင်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ဦးနှောက်ရောင်ခြင်းများဖြစ်ပြီး သေဆုံးနိုင်ကြောင်း စသည့် အချက်အလက်များကို မြဝတီသတင်းစာဖတ်ပရိသတ်ကြီး သိရှိစေရန် ဒေါက်တာခင်မောင်လွင်(FAME)နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆရာရှင့်။ လူတစ်ယောက်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်တယ်၊ မဖြစ်ဘူးဆိုတာဘယ်လိုမျိုးသိနိုင်ပါသလဲ။ ရောဂါလက္ခဏာကရော ရိုးရိုးတုပ်ကွေးနဲ့ ဘယ်လိုကွာပါသလဲဆရာ။
ဖြေ။ ။ အဓိကအချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က တုပ်ကွေးရဲ့လက္ခဏာတွေ ရှိရပါမယ်။ ဒါပေမဲ့ ဒီတုပ်ကွေးက ရိုးရိုးSeasonal flu က ဖြစ်နိုင်သလို kd Bird flu ကလည်းဖြစ်နိုင်သေးတယ်။ ဒုတိယအချက်အနေနဲ့ ကြက်ငှက်တွေနဲ့ထိတွေ့တဲ့history ရှိမယ်ဆိုရင် ကြက်ငှက်တုပ်ကွေးရောဂါလို့ သံသယရှိနိုင်ပါတယ်။
- ကြက်၊ ဘဲ၊ ငုံး၊ ငန်း၊ ခိုစတာတွေနဲ့ ထိတွေ့မှုရှိ၊ မရှိ ဥပမာကြက်ခြံမှာ လုပ်တဲ့သူ၊ ကြက်၊ဘဲ ရောင်းဝယ်တဲ့သူတို့ဆိုရင်တော့ အထူးပြောစရာမလိုဘူးပေါ့။
- သူတို့ရဲ့မိသားစုဝင်တွေ ဥပမာ-အဖေလုပ်တဲ့သူက ကြက်ခြံမှာလုပ်ရင် သားသမီးတွေဆီကို အဝတ်အထည်နဲ့ ခန္ဓာကိုယ်မှာ ကပ်ငြိလာနိုင်တဲ့ ဗိုင်းရပ်တွေကနေ တစ်ဆင့်ကူးနိုင်လို့ပါ။
- ကြက်သား၊ ဘဲသား စတဲ့အသားတွေခုတ်ထစ်ရောင်းချသူ၊ ချက်ပြုတ်ရောင်းချသူ အိမ်ရှင်မများမှာလည်း ဖြစ်နိုင်ပါတယ်။ တုပ်ကွေးရဲ့လက္ခဏာကတော့ အများလည်း ဖြစ်ဖူးကြတော့ သိပြီးသားဖြစ်မှာပါ။ ဒီနေရာမှာ ကျွန်တော်တို့ ခါတိုင်းဖြစ်နေကျ တုပ်ကွေးရိုးရိုး (ှSeasonal Influenza) နဲ့ ကြက်ငှက်တုပ်ကွေး (Bird Flu) ဟာ များစွာကွာခြားမှု ရှိပါတယ်။ ရိုးရိုးတုပ်ကွေးအနေနဲ့ အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း (Upper Respiratory Tract) မှာသာအဓိကဖြစ်ပြီးLower Respiratory Tract ဖြစ်တဲ့ အဆုတ်ကို ထိခိုက်မှုနည်းပါတယ်။ ဒါကြောင့်မို့လို့ စဖြစ်ကတည်းက နှာချေမယ်။ နှာရည်ယိုမယ်။ လည်ချောင်းတွေနာမယ်။ ယားမယ်။ ချောင်းခြောက်ဆိုးမယ်။ မျက်စိတွေနီရဲပြီး ယားမယ်။ ရောင်မယ်စသည်ဖြင့် တွေ့ရပါတယ်။Bird Flu ကျတော့ ဒီလိုမဟုတ်ပါဘူး။ စလာကတည်းက ဗိုင်းရပ်ပိုးဟာ Upper Respir atory Tract မှာ ကပ်တွယ်နိုင်ခြင်း မရှိတဲ့ အတွက် Lower Respiratory Tract ဖြစ်တဲ့ အဆုတ်ထဲကို တန်းရောက်သွားပါတယ်။ ဒီတော့ အဓိကအားဖြင့် viral pneumonia လို့ခေါ်တဲ့ အဆုတ်ရောင်ခြင်း လက္ခဏာကို ဦးစွာတွေ့ရလေ့ ရှိပါတယ်။ အဆုတ်ရောင်တဲ့အတွက် ရင်ဘတ်တွေအောင့်မယ်။ အသက်ရှူရင်ပိုအောင့်မယ်။ ပြီးရင်ချောင်းဆိုးမယ်။ တချို့တလေ သွေးပါတတ်ပါတယ်။ အချို့လည်း နှာခေါင်းသွေးယိုတာတို့၊ သွားဖုံးကနေ သွေးယိုတာတို့ ဖြစ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးထဲမှာplaleletလို့ ခေါ်တဲ့ သွေးခဲစေတဲ့ပစ္စည်း လျော့နည်းသွားလို့ပဲ ဖြစ်ပါတယ်။ နောက်ထူးခြားတာက ဗိုက်အောင့်လာတတ်ပြီး အန်တာဖြစ်တတ်ပါတယ်။ မကြာခင်မှာပဲ ဝမ်းအရည်တွေ သွားပါတယ်။ သွားတဲ့ဝမ်းထဲမှာ သွေးတွေ ဘာတွေပါလေ့မရှိပါဘူး။ ဒါတွေကတော့ ကနဦးတွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။
မေး။ ။ရိုးရိုးတုပ်ကွေးမှာ အဖျားတွေတက်ပြီးချမ်းသလိုမျိုးရော ဖြစ်ပါသလားဆရာ။
ဖြေ။ ။ မှန်ပါတယ်။ ရိုးရိုးတုပ်ကွေးပဲဖြစ်ဖြစ်၊ Bird Flu ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်ပိုးတွေဝင်လာတဲ့အတွက် ချက်ချင်းဆိုသလို လူကောင်းကနေ တန်းဖျားပါတယ်။ ဖျားရင် အဖျားကြီးတတ်ပြီး 38ံCအထက်မှာ ရှိပါတယ်။ ကိုယ်လက်တွေကိုက်ခဲတာ။ အဆစ်အမျက်တွေကိုက်တာ။ ခေါင်းကိုက်တာတွေ ဖြစ်တာကတော့ ရိုးရိုးတုပ်ကွေးလို တွေ့ရလေ့ရှိပါတယ်။
မေး။ ။ ခုနကဆရာပြောတဲ့ လက္ခဏာတွေကို Bird Flu ဗိုင်းရပ်ပိုးဝင်ပြီး ဘယ်နှရက်လောက်ကြာမှ တွေ့နိုင်ပါသလဲ။
ဖြေ။ ။ H5N1 ဗိုင်းရပ်ပိုး ခန္ဓာကိုယ်ထဲဝင်ပြီး နှစ်ရက်ကနေ လေးရက်အတွင်းမှာ ရောဂါလက္ခဏာတွေကို စတင်တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကို incubation period (ရောဂါပျိုးချိန်) လို့ခေါ်ပါတယ်။ ၁၉၉၇ ခုနှစ်တုန်းက ဟောင်ကောင်မှာ ဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ သိခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဖြစ်လာတဲ့Bird Flu အချို့ကတော့ နည်းနည်းပိုကြာတတ်ပါတယ်။ ရှစ်ရက်ကနေ ၁၇ ရက်အထိ ကြာတဲ့လူနာတွေလည်း ရှိပါတယ်။
မေး။ ။ ရောဂါဖြစ်ရင် သေဆုံးနိုင်တဲ့ ရာခိုင်နှုန်းက ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။၂ဝဝ၃ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ် မတ်လကုန်အထိဖြစ်ခဲ့တဲ့လူ ၁၈၆ ဦးမှာ ၁ဝ၅ ဦးသေဆုံးခဲ့ပြီး ဖြစ်တယ်ဆိုတော့ သေဆုံးမှုရာခိုင်နှုန်းဟာ ၅ဝ ရာခိုင်နှုန်း အထက်မှာရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်အောက် ကလေးတွေမှာဖြစ်ရင် သေဆုံးမှုနှုန်း ပိုမိုမြင့်မားပါတယ်။ ၈၉ ရာခိုင်နှုန်းလောက်အထိ ရှိပါတယ်။ ကြက်ငှက်တုပ်ကွေးရဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ သေဆုံးကြရတာ များပါတယ်။
မေး။ ။နောက်ဆက်တွဲဝေဒနာတွေဆိုတာ ဘာတွေကိုပြောတာပါလဲဆရာ။
ဖြေ။ ။(၁) အဓိကကတော့ အဆုတ်တစ်ခုလုံးရောင်ပြီး viral pneumonia နဲ့ သေဆုံးရတာ ဖြစ်ပါတယ်။ အဆုတ်ထဲမှာ ရတွေနဲ့ ပြည့်နေပြီး အသက်ရှူလို့ လုံးဝမရတော့ဘဲ viral pneumonia နဲ့သေဆုံးရတာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့အတွေ့အကြုံအရပြောရရင် ဆေးရုံကို စတက်တက်ချင်း ကတည်းက Respiratory Failure ရပြီးဖြစ်တာကို တွေ့ရပါတယ်။
(၂) နောက်တစ်ခုကတော့ နှလုံးကိုထိခိုက်ပြီး နှလုံးဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘဲရေတွေနဲ့ပြည့်ပြီး Cardiac dilatation နဲ့ သေဆုံးနိုင်ပါတယ်။ အချို့လည်း နှလုံးခုန်မြန်တာတို့ နှလုံးခုန်မမှန်တာတို့ဖြစ်ပြီး နှလုံးခုန်ရပ်ပြီး သေဆုံးနိုင်ပါတယ်။
(၃) တတိယအချက်အနေနဲ့ ကျောက်ကပ်ပျက်စီးပြီး (Renal Failure) နဲ့ သေဆုံးနိုင်ပါတယ်။
(၄) အချို့လည်း ဗိုင်းရပ်ပိုးတွေဟာ သွေးထဲကနေ ဦးနှောက်ထဲရောက်ပြီး ဦးနှောက်ရောင်ရောဂါနဲ့ သေဆုံးနိုင်ပါတယ်။
မေး။ ။လူနာတစ်ယောက်မှာ ခုနကဆရာပြောခဲ့တဲ့ လက္ခဏာတွေရှိနေပြီဆိုရင် ကြက်ငှက်တုပ်ကွေး ရောဂါလို့ ပြောလို့ရပြီလားဆရာ။
ဖြေ။ ။ခုနကရောဂါလက္ခဏာတွေကြည့်ပြီး အတော်လေး ပြောလို့ရပါတယ်။ ဒါပေမဲ့ ပိုပြီးသေချာအောင် သွေးဖောက်စစ်ဆေးတာတို့၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာတို့ ပြုလုပ်ဖို့ လိုပါသေးတယ်။ အသေချာဆုံးကတော့ H5N1 ဗိုင်းရပ်ပိုးကို တွေ့အောင်ဖော်ထုတ်မှသာ ၁ဝဝ ရာခိုင်နှုန်း သေချာတယ်လို့ပြောနိုင်ပါတယ်။
မေး။ ။ ဒါဆိုရင်ရောဂါဖြစ်ဖြစ်ချင်း ချက်ချင်းကုသဖို့ လိုမှာပေါ့ဆရာ။
ဖြေ။ ။ မှန်ပါတယ်။ ခုနက အချက်နှစ်ချက်ရှိနေရင် တုပ်ကွေးလည်းဖြစ်မယ်။ ကြက်တွေငှက်တွေနဲ့ ထိတွေ့နီးစပ်မှုရှိမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ဆေးရုံတွေမှာပြသ စစ်ဆေးခံယူဖို့ လိုပါတယ်။ အဲဒီမှာလိုအပ်တဲ့ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပြီးလို့ H5N1 မဟုတ်ဘဲရိုးရိုးတုပ်ကွေးဆိုရင်လည်း ဆေးရုံကနေ ချက်ချင်းပြန်ဆင်းရမှာဖြစ်ပါတယ်။ H5N1 ဆိုရင်တော့ သီးခြားအထူး ကြပ်မတ်ဆောင်မှာ ဂရုတစိုက်ကုသပါမှ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါစဖြစ်ပြီး ၄၈ နာရီအတွင်းမှာ ထိရောက်တဲ့ကုသမှုခံယူဖို့လိုအပ်ပါတယ်။
မေး။ ။ H5N1 ကြက်ငှက်တုပ်ကွေးကို ကုသတဲ့အခါမှာ ဘယ်လိုမျိုးဆေးတွေကို အသုံးပြုရပါသလဲဆရာ။
ဖြေ။ ။တုပ်ကွေးရောဂါကို ကုသတဲ့ဆေးအနေနဲ့ အုပ်စုနှစ်ခုရှိပါတယ်။ ပထမအုပ်စုဖြစ်တဲ့ M2 inhibitor အုပ်စုတွေဖြစ်တဲ့ amantidine တို့ rimantadine တို့ကတော့ ရိုးရိုးတုပ်ကွေးမှာသာ ထိရောက်မှုရှိပြီး H5N1မှာတော့ ထိရောက်မှုမရှိလို့ မသုံးကြပါဘူး။ ဒါပေမဲ့ ရိုးရိုးတုပ်ကွေးနဲ့ H5N1ခွဲခြားလို့ မရသေးခင်တော့ သုံးနိုင်ပါတယ်။ ရိုးရိုးတုပ်ကွေးနဲ့ H5N1ပေါင်းပြီး new strain တွေ ရမှာစိုးတဲ့အခါလည်း သုံးနိုင်ပါတယ်။ သူတို့တွေဟာ ဗိုင်းရပ်ရဲ့အတွင်းပိုင်းမှာရှိတဲ့ M geneကို ဟန့်တားဖျက်ဆီးတာ ဖြစ်ပါတယ်။ Mဟာ matrix ကို ကိုယ်စားပြုပါတယ်။ matrix ဆိုတာက virus ရဲ့ကျောရိုးသဖွယ်ဖြစ်လို့ သူ့ကိုဖျက်ဆီးနိုင်ရင်လည်း virus သေဆုံးရမှာဖြစ်ပါတယ်။ M1 နဲ့ M2ရှိရာမှာ M2 ကိုသာ ဖျက်ဆီးနိုင်လို့ M2 Inhibitor လို့ခေါ်ခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီဆေးဟာ H5N1ကို မနိုင်ပေမယ့်အခြားတုပ်ကွေး ဗိုင်းရပ်တွေကိုတော့ ထိထိရောက်ရောက် နှိမ်နင်းနိုင်တယ်လို့ဆိုလိုတာလားဆရာ။
ဖြေ။ ။အဲဒီလိုလည်း မဟုတ်သေးပါဘူး။ အရင်တုန်းကတော့ ထိရောက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အဲဒီဆေးအုပ်စုမှာပါတဲ့ ဆေးတွေကိုလည်း တုပ်ကွေးဗိုင်းရပ်ပိုးတွေဟာခံနိုင်ရည်ရှိလာတာတွေ့ရပါတယ်။ ဥပမာ- တရုတ်ပြည်မှာဆို ၇၄ ရာခိုင်နှုန်းဟာ ဆေး မတိုးတော့ပါဘူး။ ဟောင်ကောင်မှာ ၂၃ ရာခိုင်နှုန်း၊ တောင်ကိုရီးယားမှာ ၁၅ ရာခိုင်နှုန်းအထိ ခံနိုင်ရည်ရှိလာပြီလို့ ဆိုပါတယ်။ ဒါဟာ ရင်လေးစရာကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။
မေး။ ။ ဒုတိယဆေးအုပ်စု အကြောင်းလည်း သိပါရစေဆရာ။
ဖြေ။ ။ ဒုတိယအုပ်စုကတော့ Neuraminidase inhibitor လို့ခေါ်ပါတယ်။အဲဒီမှာလည်း ဆေးနှစ်မျိုးပဲရှိပါတယ်။ ပထမဆုံးထုတ်ခဲ့တဲ့ဆေးက Zanamivir (Relenza)ဖြစ်ပါတယ်။ွူ GlaxoSmithKline (UK) ကထုတ်တာဖြစ်ပါတယ်။ ဒုတိယဆေးကတော့ Oseltamivir (Tamiflu) ဖြစ်ပါတယ်။ Roche (Switzerland)ကထုတ်တာပါ။ဒီဆေးတွေဟာ H5N1 အပါအဝင် အခြားတုပ်ကွေးဗိုင်းရပ်တွေရဲ့ ပေါက်ပွားပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အတွက် severity and duration of illness ကိုနည်းစေပါတယ်။(ရောဂါဖြစ်တဲ့ ကာလတိုတောင်းအောင်ရယ်၊ ပြင်းထန်မှုမဖြစ်အောင်ရယ် ဖြစ်ပါတယ်)။ ဒီဆေးတွေကို ပေးမယ်ဆိုရင် ရောဂါလက္ခဏာတွေ စတင်ချိန်ကစပြီး ၄၈ နာရီအတွင်းမှာပေးရမှာဖြစ်ပါတယ်။
မေး။ ။ ဒီဆေးအုပ်စုကရော ဗိုင်းရပ်ကို ဘယ်လိုများဟန့်တား ဖျက်ဆီးတယ်ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ပြီးခဲ့တဲ့အပတ်တွေက ရှင်းပြသလို H5N1 မှာ "N" ဆိုတာ Neuraminidase ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအင်ဇိုင်းတွေရှိမှ ဗိုင်းရပ်က cell ထဲကနေ ဖောက်ထွက်ပြီး တခြားကောင်းတဲ့ cell ထဲကို ဝင်ရောက်ပွားများနိုင်မှာဖြစ်ပါတယ်။ အကယ်၍ဒီ "N"တွေမရှိရင် virus တွေဟာ cell ထဲမှာပဲ ပိတ်မိနေပြီး မကြာမီသေဆုံးကြရပါတယ်။ဒါကြောင့် ဒီ "N ကို ဖျက်ဆီးဟန့်တားတဲ့ ဆေးတွေဟာဗိုင်းရပ်ပိုးတွေ ပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ ထိရောက်မှုရှိတယ်လို့ဆိုပါတယ်။
မေး။ ။Zanamivir အကြောင်း အနည်းငယ်ပြောပြပေးပါ။
ဖြေ။ ။Zanamivir ကို ၁၉၈၉ ခုနှစ်မှာ Austialian Biotechnology လို့ခေါ်တဲ့Company ကနေ စတင်တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ Effective Marketing လုပ်ဖို့ ကမ္ဘာ့အကြီးဆုံးဆေးဝါး ထုတ်လုပ်ရေး company ဖြစ်တဲ့ UK အခြေစိုက်Glaxo Smith Kline ကို ထုတ်လုပ်ခွင့်လိုင်စင် ပေးခဲ့ပါတယ်။ ၁၉၉၉ - ၂ဝဝဝ ပြည့်နှစ်မှာ စတင် မြေုနအ လုပ်ခဲ့ပြီး ဒီနေ့အခါမှာ နိုင်ငံပေါင်း ၇ဝ မှာ ဖြန့်ချိလျက်ရှိပါတယ်။ ဆေးအနေနဲ့ ပါးစပ်ကနေရှူရတဲ့ ရှူဆေးအမျိုးအစားဖြစ်ပြီး တစ်ခါရှူရင်5 mg နဲ့ တစ်နေ့ကိုနှစ်ကြိမ် x 5 ရက် အသုံးပြုရပါတယ်။ ဆေးကိုအသုံးပြုရင် virus တွေရဲ့ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်တဲ့အတွက် ၁ ရက် ၂ ရက်အတွင်းမှာ လူနာသက်သာ ပျောက်ကင်းနိုင်တယ်လို့ဆိုပါတယ်။
မေး။ ။နောက်တစ်မျိုးဖြစ်တဲ့ Tamiflu က အကြောင်းလည်း ပြောပြပါဦးဆရာ။
ဖြေ။ ။ Tamiflu မှာ အဓိကပါတဲ့ Oseltamivir ကို စတင်တီထွင် ထုတ်လုပ်ခဲ့တာကတော့ Gilead Sciences (USA အခြေစိုက်)ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Switzerland နိုင်ငံအခြေစိုက် Roche ဆေးဝါးကုမ္ပဏီကို စီးပွားဖြစ်ထုတ်လုပ်ဖို့ လိုင်စင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူကတော့ သောက်ဆေးဖြစ်ပြီး တစ်လုံးကို 75 mg ပါဝင်ပါတယ်။မနက်တစ်လုံး ညတစ်လုံးသောက်ရပြီး စုစုပေါင်း ၁ဝ လုံးသာ သောက်ဖို့လိုပါတယ်။ သူ့ကိုသောက်ရင် virus ပိုးတွေ ပွားများမှုကို ထိန်းချုပ်နိုင်လို့ ၁ ရက် ၂ ရက်အတွင်း သိသိသာသာသက်သာတာကို တွေ့ရပါတယ်။ကလေးတွေအတွက်လည်း Oral Suspension ထုတ်ထားပါတယ်။ 25 ml bot နဲ့ထုတ်ထားပြီး 300 mg ပါဝင်ပါတယ်။ ဆေးပြားလေးပြားစာနဲ့ ညီမျှပါတယ်။
မေး။ ။ အခုပြောခဲ့တာကတော့ ရောဂါရှိသူတွေ အတွက် ဆေးဝါးတွေဆိုတော့ ရောဂါမရှိသူတွေ အနေနဲ့ ကာကွယ်ဆေးထိုးထားလို့ ရ၊ မရ သိချင်ပါတယ်ဆရာ။
ဖြေ။ ။ကာကွယ်ဆေးအနေနဲ့ အခြားတုပ်ကွေး ရောဂါတွေအတွက်သာ ရှိပြီး H5N1အတွက်တော့ ဒီနေ့အထိမရှိသေးပါဘူး။စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ တခြားတုပ်ကွေး ကာကွယ်ဆေးဆိုရာမှာတောင် တုပ်ကွေးရောဂါပိုးက နှစ်စဉ်ပြောင်းနေတာကြောင့် ဖြစ်ပြီးသား ပိုးတွေအတွက်သာ ကာကွယ်ဆေးရှိပြီး နှစ်စဉ်အသစ်ထွက်တဲ့ ပိုးတွေအတွက် မည်သို့မှ မထိရောက်ပါ။ ဒါကြောင့် ကာကွယ်ဆေး အသစ်တွေကလည်း နှစ်တိုင်းထွက်ပါတယ်။ဖြစ်ပြီးတဲ့နောက်ကနေပဲ အမြဲလိုက်နေရလို့ Flu မှာတော့ ကာကွယ်ဆေးဟာ အားထားရတဲ့ အနေအထားကို မရောက်သေးပါဘူး။ H5N1အနေနဲ့တော့ ၂ဝဝ၆ ခုနှစ်တုန်းက လူတွေမှာ စမ်းသပ်အောင်မြင်ပြီး အသုံးပြုနိုင်တော့မယ်လို့ ပညာရှင်များက ပြောကြပါတယ်။ ။
မြ၀တီ

လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၂၃ အသင်းနှင့် အောင်သူ စတင်ပူးပေါင်း

မန္တလေး ဇူလိုင် ၃ဝ
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပမည့် Alpine Cup 2018 ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၌ သွားရောက် ကစားနေသော အောင်သူမှာ ယနေ့တွင် မြန်မာ ယူ-၂၃ အသင်းနှင့် စတင်ပူးပေါင်းပြီး ကျန်ပြိုင်ပွဲဝင် အသင်းသုံးသင်း စလုံးသည် ပြိုင်ပွဲကျင်းပမည့် မန္တလေးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ-၂၃ အသင်းသည် လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် ပဏာမ ကစားသမား ၂၆ ဦးရွေးချယ်ပြီး ဇူလိုင် ၂၃ ရက် ကတည်းက မန္တလေးမြို့သို့ ထွက်ခွာကာ လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။ ယင်းထဲတွင် ထိုင်းကလပ် Police Tero အသင်း၌ သွားရောက်ကစားနေသော တိုက်စစ်မှူးအောင်သူမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိသေးဘဲ ယနေ့မှသာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာပြီး မြန်မာ ယူ-၂၃ အသင်းနှင့် စတင်ပူး ပေါင်းကာ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင် အသင်းများဖြစ်သည့် ဘာရိန်း ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့သည်လည်း ယနေ့တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး တောင်ကိုရီးယား ယူ-၁၉ အသင်းမှာ ယမန်နေ့က ရောက်ရှိ ခဲ့ပြီး လေ့ကျင့်မှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၃၁ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ် သည်။ မြန်မာ ယူ-၂၃ အသင်းသည် Police Tero ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်တွင် တောင်ကိုရီးယား ယူ-၁၉၊ သြဂုတ် ၃ ရက်တွင် ဘာရိန်း ယူ-၂၃၊ သြဂုတ် ၅ ရက်တွင် ထိုင်း ယူ-၂၃ အသင်း တို့နှင့် မန္တလာသီရိ အားကစား ကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

စိတ်တိုင်းကျလေ့ကျင့်မှုများပြုလုပ်ပြီးမှ မည်သည့်ပြိုင်ဘက်နှင့်မဆို ယှဉ်ပြိုင်မည်ဟု တူးတူးဖွင့်ဟ

ရန်ကုန် ဇူလိုင် ၃ဝ
လက်ဝှေ့ လောကမှ ခေတ္တအနားယူနေ သော တူးတူးသည် မိမိအနေဖြင့် လေ့ကျင့် မှုများကို စိတ်တိုင်းကျ ပြုလုပ်ပြီးပါက မည်သည့်ပြိုင်ဘက်နှင့်မဆို ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
တူးတူးသည် ပြီးခဲ့သည့် WLC-4 တွင် ချန်ပီယံခါးပတ်ကာကွယ်ပွဲ ယှဉ်ပြိုင်ပြီးနောက် လက်ဝှေ့လောကမှ ခေတ္တ အနားယူ ခဲ့ခြင်းဖြစ်သည်။ တူးတူးသည် လက်ရှိတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီး ထွန်းထွန်းမင်းနှင့် ယှဉ်ပြိုင်ရန် စီစဉ်မှုများ ရှိလာပါက ၎င်း၏ သဘောထားကို သိရှိလို၍ မေးမြန်းခဲ့ရာ ''လက်ရှိ အချိန်မှာတော့ လေ့ကျင့် မှုကိုပဲ အာရုံစိုက်နေပါတယ်။ လေ့ကျင့်မှုပြည့်ဝအောင် အရင်လုပ်နေရ တာပါ။ စိတ်တိုင်းကျ လေ့ကျင့် ပြီးပြီ ဆိုရင် ဘယ်သူနဲ့ပဲဖြစ်ဖြစ် ကျွန်တော်ယှဉ်ပြိုင်ဖို့ အဆင်သင့် ရှိပါတယ်'' ဟု ပြောသည်။
လက်ရှိတွင် တူးတူးသည် ရန်ကုန်မြို့၌ လေ့ကျင့်လျက်ရှိပြီး အောက်တိုဘာလတွင် ကြိုးဝိုင်းပေါ် ပြန်တက်လာရန် ရည်ရွယ် ထားကြောင်း သိရသည်။

ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း
ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း
ME (ယူကေ)
ယမန်နေ့မှအဆက်
တိုက်ပွဲအပြီး အထက်အရာရှိကြီးများ၏ အစီရင်
ခံစာများတွင် ရန်သူနှင့် ယှဉ်ပြိုင်တိုက်စစ် ဆင်နွှဲရာ၌
ဗိုလ်ကြီး Vertannes ၏ တိုက်ပွဲအတွင်း လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝမှု၊ စွမ်းရည်သတ္တိ ထွန်းတောက်မှုတို့
အပေါ် ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မှတ်တမ်းတင် ဖော်ပြခြင်း ခံခဲ့ရသည်။ ထို့နောက် ဒုတိယ ဗိုလ်မှူးကြီး နော်တောင် လက်ထက်တွင် ဒုတပ်မမှူးအဖြစ် ရာထူး
တိုးမြှင့်ခြင်း ခံခဲ့ရသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အရန်တပ်ရင်း
အဖြစ် နယ်မြေရှင်းလင်းရေးများ ခြောက်လကြာ
ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာပြည်မြောက်ပိုင်းအတွက်
ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဆီ အထောက်အပံ့များ
ရယူရန် ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် ချောက်မြို့ရှိ မြန်မာ့
ရေနံကုမ္ပဏီ ဌာနချုပ်သို့ ကချင်သေနတ်ကိုင်တပ်ရင်း (၃)မှ တပ်ခွဲ တစ်ခွဲနှင့်အတူ သွားရောက်ခဲ့သည်။
ချောက်မြို့မှအပြန်
လောင်စာဆီများ သယ်ဆောင်လာရသော ဗိုလ်မှူး
Vertannes ၏ တပ်ဖွဲ့မှာ ချောက်မြို့မှ အပြန်တွင်
ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်
တွေ့ကြရသည်။ ဗိုလ်မှူး၏ တပ်ဖွဲ့မှာ တိုက်ပွဲတွင် အနိုင်ရရှိကာ မြင်းခြံမြို့အား ရန်သူ့လက်မှ ပြန်လည် သိမ်းယူနိုင်ခဲ့သည်။
ထိုစဉ် ဗမာ့သေနတ်ကိုင်တပ်ရင်း(၁) မှာ ရှမ်းပြည်
တောင်ပိုင်းရှိ တောင်ကြီးမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးများ ဆင်နွှဲနေချိန်ဖြစ်သည်။ များမကြာမီ
ကချင်သေနတ်ကိုင်တပ်ရင်း (၃) မှ ဗမာ့သေနတ်ကိုင်
တပ်ရင်း(၁) အား စစ်ကူရန် အမိန့် ကျရောက်လာခဲ့
သည်။ ထိုအချိန်တွင် ဗိုလ်မှူး Vertannes မှာ တပ်မမှူး
အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ
အစောပိုင်းတွင် စစ်ဆင်ရေးမှာလည်း ပြီးဆုံးခဲ့သည်။
မေမြို့သို့မဟုတ် ပြင်ဦးလွင် ပြည်တော်ဝင်
ဗိုလ်မှူး Vertannes နှင့် တပ်ဖွဲ့မှာ ဒီဇင်ဘာလ၏ အေးခဲ
သည့် ဆောင်းဥတုတွင် ပြင်ဦးလွင်မြို့သို့ ပြန်လည် ရောက်
ရှိခဲ့သည်။ ချမ်းစိမ့်လှသည့် အအေးဒဏ်ကြား နွေးထွေး
ပျူငှာသည့် မိန်းမပျိုလေးAudrey Veronica ကို နှစ်သစ်
ကူးသည့်နေ့တွင် ရုက္ခဗေဒဥယျာဉ်သို့ ပျော်ပွဲစားထွက်ရာ
မှ မှတ်မှတ် ထင်ထင်ပင် တွေ့ရှိခဲ့ပြီး ဗိုလ်မှူး Vertannes
၏ ချစ်လမ်းခရီးမှာ အစပျိုးခဲ့ပါသည်။ ထိုမှသည် နောင်
ခြောက်လအကြာ စေ့စပ်ကြောင်းလမ်းမှုပြုခဲ့သည်။ ကျိုင်းတုံမြို့၌ တာဝန်ထမ်းဆောင်စဉ် အိန္ဒိယနိုင်ငံတွင် အဆင့်မြင့်အရာရှိသင်တန်း တက်ရောက်ရန် ဖြစ်လာ
သည်။ အိန္ဒိယတွင် ဗိုလ်မှူး Vertannes ၏ ညီအစ်ကို နှစ်ဦးနှင့် ညီမတစ်ဦးတို့ နေထိုင်လျက်ရှိကြသည်။ သို့ဖြစ်
၍ ကော်လ်ကတ္တားသို့ ဆွေပြမျိုးပြ ခေါ်ယူနိုင်ရန် အလို့
ငှာ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်နေ့တွင်
ချစ်သူဖြစ်သူအား မဆိုင်းမတွပင် ထိမ်းမြားလက်ထပ် လိုက်သည်။
အချစ်တစ်ပွဲ စစ်ပွဲရယ်တစ်ရာ
၁၉၅၁ ခုနှစ်တွင် ကျိုင်းတုံရှိ တပ်စခန်းအား ကူမင်တန်
တပ်များ ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ခြိမ်း
ခြောက်စာများ လက်ခံရရှိခဲ့သည်။ စာလက်ခံရရှိပြီး ချင်းပင် တပ်ဖွဲ့များအား ကျိုင်းတုံမြို့၌ ဖြန့်ကြက်၍ အခြေ
အနေ တည်ငြိမ်မှုရှိစေရန် ဆောင်ရွက်ခဲ့ရသည်။ မုံရွာ
မြို့နှင့် ချင်းတွင်းမြစ်၏ အနောက်ဘက် ကမ်းများ၌ လည်း တိုက်ပွဲများ ပုံမှန်ဆိုသလိုဖြစ်နေခဲ့သည်။
၁၉၅၂ ခုနှစ်တွင် အမိန့်အရ ကချင်သေနတ်ကိုင်
တပ်ရင်းမှာ မြစ်ကြီးနားမြို့ရှိ မိခင်တပ်ရင်းသို့ ပြန်လာရန်
ဖြစ်သည်။ သို့သော် လမ်းခုလတ်၌ ပင်လည်ဘူးမြို့အား ရန်သူ့လက်မှ ပြန်လည်သိမ်းပိုက်ရန် အမိန့်ဝင်လာ
သည်။ ဗိုလ်မှူး Vertannes မှာ တပ်ဖွဲ့နှင့်အတူ ပင်လည်ဘူး
မြို့သို့ ချီတက်ခဲ့သည်။ တိုက်ပွဲမှာ အထိအခိုက်များသည်။
အရာရှိ တစ်ဦးနှင့် စစ်သည် ငါးဦးတို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဗမာ့သေနတ်ကိုင် တပ်ရင်း (၁) နှင့်အတူ ပင်လည်ဘူးတိုက်ပွဲအား အောင်
မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
ဇေယျကျော်ထင်ဘွဲ့
ဗိုလ်မှူး Vertannes သည် ၁၉၅၂ ခုနှစ်တွင် မြန်မာ
နိုင်ငံ၏ ပထမဆုံး သမ္မတကြီးဖြစ်သည့် စဝ်ရွှေသိုက်က
ပေးအပ်သည့် ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရ သည်။ ၁၉၅၃ ခုနှစ်တွင် ကလော စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ရရှိခဲ့သည်။
မကြာမီ ကူမင်တန်တပ်များမှ ကယားသေနတ်ကိုင်
တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွား
အပြီးတွင် ဒုတိယဗိုလ်မှူးကြီး Vertannes နှင့် တပ်ဖွဲ့မှာ
ကွတ်ခိုင်သို့ စေလွှတ်ခြင်းခံရသည်။ ၁၉၅၅ ခုနှစ်
နိုဝင်ဘာလ၌ တပ်ခွဲ နှစ်ခုနှင့်အတူ 'ဝ' ဒေသသို့ ချီတက်
ခဲ့သည်။ 'ဝ' ဒေသမှာ ပင်လယ်ပြင်အမြင့်ပေ ၅ဝဝဝ ၌
တည်ရှိရာ ရာသီဥတုမှာ အလွန်ပင်အေးလွန်းလှသည်။
ယခုခေတ်ကဲ့သို့ ရဲဘော်များအား လက်အိတ်နှင့်လည်စည်း
များ ထုတ်ပေးထားခြင်းမရှိဟု ဆိုသည်။ သို့ဖြစ်၍
ကင်းသမားတစ်ဦးစီအား တာဝန်ချိန် ၄ နာရီပင်
မသတ်မှတ်နိုင်။ အေးခဲလှသည့် စစ်တလင်းပြင်ဝယ်
ရဲဘော်များအတွက် တာဝန်ချိန် တစ်နာရီ (သို့မဟုတ်)
နှစ်နာရီအဖြစ် သတ်မှတ်ပေးခဲ့ရသည်။
ပြည်တော်ပြန်ခရီး
၁၉၅၆ ခုနှစ် ဧပြီလတွင် မော်လမြိုင်မြို့ရှိ ဗမာ့
သေနတ်ကိုင်တပ်ရင်း (၂) သို့ ပြောင်းရွှေ့ တာဝန်ထမ်း
ဆောင်ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ပင်စင်ယူခဲ့ကာ မိသားစုနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ သည်။Tourist Burma ကုမ္ပဏီအား တည်ထောင်၍
အရှေ့တောင်အာရှ အားကစားပွဲများနှင့် တရုတ် ဘဲလေး
အဖွဲ့များအတွက် ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှုပေး
ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် မိသားစုနှင့်အတူ ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သား ငါးဦး၊ သမီး ငါးဦး၊ စုစုပေါင်း သားသမီး ၁ဝ ဦး ထွန်းကားခဲ့ကြောင်း သိရှိ
ခဲ့ရသည်။ ယင်း ၁ဝ ဦးအနက် ခုနစ်ဦးမှာ မြန်မာပြည်
၌ပင် မွေးဖွားခဲ့ပြီး ကျန် သုံးဦးမှာ လန်ဒန်မြို့သို့ ပြန်လည်
ရောက်ရှိသော အခါမှ မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန်တွင် အသက် ၉၃ နှစ် ကျော်ရှိပြီ ဖြစ်သော
ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) Desmond George Stephen Vertannes သည် ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်းရှိSomerset အရပ်တွင် နေထိုင်လျက်ရှိပါသည်။
မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဘိလပ်ပြည်သား မြန်မာ့သူရဲကောင်း ဒုတိယဗိုလ်မှူး
ကြီး (ငြိမ်း) Desmond George Stephen Vertannes
(ကြည်း ၅၁၉၄) သည် တာဝန်ထမ်းဆောင်နေစဉ်
အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတကြီး ဖြစ်သည့်
စဝ်ရွှေသိုက်က ပေးအပ်သည့် ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရသကဲ့သို့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံတော်မှချီးမြှင့်သည့် စစ်မှုထမ်းကောင်း မှတ်တမ်းဝင်ဂုဏ်ပြုလွှာ၊ လွတ်မြောက်ရေးတံဆိပ်၊
နိုင်ငံတော် စစ်မှုထမ်းတံဆိပ်များအား ရရှိခဲ့ပေသည်။
ဆုတံဆိပ်များနှင့်အတူ စစ်မှုထမ်းကောင်းမှတ်တမ်းဝင် ဂုဏ်ပြုလွှာအား ဂုဏ်ယူစွာ ပွေ့ပိုက်ရင်း အပြုံးများကြား
မှ ပြောကြားခဲ့သည့် ၎င်း၏ ပီတိစကားများအား နားထဲ
၌ ကြားယောင်နေမိပါတော့သည်။
၎င်း၏ သားသမီးများအနက် ဗြိတိန်နိုင်ငံသို့ ပြန်လည်
ရောက်ရှိမှ မွေးဖွားခဲ့သည့် အဋ္ဌမမြောက် သားဖြစ်သူ Mr Chris Vertannesသည် Elite Footballအသင်း၌
ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်
နေသူဖြစ်ပြီး ဖခင်ဖြစ်သူက သူ၏မွေးရပ်မြေအကြောင်း ထပ်တလဲလဲ ပြောပြနေခြင်းကြောင့် ငယ်စဉ်ကတည်း
ကပင် မြန်မာနိုင်ငံနှင့် အကျွမ်းတဝင်ရှိနေခဲ့သူဖြစ်သည့်
အားလျော်စွာ မြန်မာနိုင်ငံသို့ ရောက်ရှိရန် များစွာဆန္ဒ ပြင်းပြခဲ့သူဖြစ်ပေသည်။
ပြင်းပြလှသည့် ဆန္ဒ၏ စေစားရာနှင့်အတူ ၂ဝ၁၈
ခုနှစ် ဇန်နဝါရီလတွင် ညီအစ်ကို၊ မောင်နှမများ၊ သား၊
သမီး၊ ဇနီးတို့နှင့်အတူ အဖေချစ်သားတစ်ဦးဖြစ်သည့် Mr .Chris Vertannesမှာ ဖခင်ဖြစ်သူ၏ မွေးရပ်မြေဖြစ်ရာ မြန်မာပြည်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပေသည်။ ထိုခရီးစဉ်အတွင်း ဖခင်ဖြစ်သူက လွမ်းဆွတ်စွာ ပြောပြ
လေ့ရှိသည့် ပြင်ဦးလွင်မြို့လေးနှင့်အတူ ဖခင်နှင့် မိခင်
တို့ ချစ်သူဖြစ်ခဲ့ကြသည့် ရုက္ခဗေဒဥယျာဉ်အတွင်းရှိ ကန်တော်ကြီးနံဘေး၊ ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား လက်ထပ်ခွင့်တောင်းဆိုခဲ့သည့် ကြည်နူးဖွယ်ရာ မီးရထားလမ်းဆုံ နေရာလေး၊ ပြင်ဦးလွင်ရှိ ၎င်းတို့
နေထိုင်ခဲ့သည့်နေရာ၊ သားသမီးတို့အား မွေးဖွားရာ ပြင်ဦးလွင်ဆေးရုံ၊ ရန်ကုန်မြို့ရှိ ၎င်းတို့ မိသားစု နေထိုင်
ခဲ့သည့်နေရာတို့အား ရောက်ရှိခဲ့ကြောင်းနှင့် မြန်မာ
လူမျိုးများ၏ ဖော်ရွေမှုအကြောင်း စသည်ဖြင့် ၎င်း၏
မြန်မာပြည်ခရီးစဉ်အတွေ့အကြုံကို ဖခင်ဖြစ်သူအား
လွတ်မြောက်ရေးတံဆိပ်နှင့် နိုင်ငံတော် စစ်မှုထမ်း
တံဆိပ်နှင့် စစ်မှုထမ်းကောင်း မှတ်တမ်းဝင်ဂုဏ်ပြုလွှာ
များ မြန်မာသံရုံး၊ လန်ဒန်မြို့၌ ပေးအပ်စဉ်က တွေ့ဆုံ
ရင်းနှီးခဲ့သည့် ကျွန်တော့်ထံသို့ တကူးတက လာရောက်
၍ ဝမ်းနည်း၊ ဝမ်းသာ မျက်ရည်ဝဲလျက် ပြောပြခဲ့ပေ သည်။
(ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကျရာတာဝန်ကို စွမ်း
ရည်သတ္တိအပြည့်ဖြင့် အားကြိုးမာန်တက် ထမ်းဆောင်
ခဲ့သူ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း)Desmond George Stephen Vertannes (ကြည်း ၅၁၉၄) အား ဤစာစုဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ၎င်းကိုယ်တိုင် ရေးသားပေးပို့ထားသည့် ကိုယ်ရေးရာဇဝင်အား
ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာ၌မြေပြိုမှုကြောင့် ခြောက်ဦးသေဆုံး

ကော့သောင်း ဇူလိုင် ၃ဝ
ကော့သောင်းမြို့၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မြေပြိုကျသဖြင့် တောင်ခြေရှိ နေအိမ်များပေါ် ပိမိပြီး လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာ စွယ်တော်လမ်းဘေး ရှင်ကြီးမော်ပိုင်း တောင်စောင်းများပေါ်မှ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့သည်။ တောင်ခြေရှိ အိမ်ငါးလုံးပိမိကာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး ယင်းနေအိမ်များမှ အမျိုးသား ငါးဦး၊ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း သိရသည်။
အဆိုပါနေရာသို့ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကော့သောင်းတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းနှင့် တပ်မတော်သားများ၊ တပ်မတော်ဆေးတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲ့မှုအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် စက်ယန္တရားများ အသုံးပြု၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)

ဂရိနိုင်ငံ၌ တောမီးလောင်မှုများကြောင့် သေဆုံးသူ ၉၁ ဦးအထိရှိပြီဟု အစိုးရ အတည်ပြု

အေသင် ဇူလိုင် ၃ဝ
ဂရိနိုင်ငံမြို့တော် အေသင်အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ တည်ရှိရာဒေသ၌ တောမီးလောင်ခြင်းကြောင့် နောက်ထပ်သေဆုံးသူ သုံးဦးရှိသည်ဟု မီးသတ်ဌာနက အတည်ပြုပြောကြားလိုက်ကြောင်း၊ ဂရိနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောမီးလောင်မှုများအတွင်း သေဆုံးသူဦးရေ ၉၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တောမီးဘေးအန္တရာယ်ကျရောက်မှုကြောင့် နောက်ထပ် ၂၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ စတာဘရူလာမယ်လီရီက ပြောကြားသည်။
သို့ရာတွင် ပျောက်ဆုံးနေသူအချို့ သို့မဟုတ် အားလုံးမှာ မှုခင်းဆိုင်ရာ ဆေးပညာရှင်များက လက်ရှိစစ်ဆေး နေသော ရုပ်အလောင်း ၂၈ ခုတွင် ပါဝင်ဖွယ်ရှိကြောင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ စပီယော့ ဂေါ်ဂီးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ကလေးငယ်များပါဝင်
ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ တောမီးလောင်မှုများကြောင့် ကလေးသူငယ် မည်မျှသေဆုံးရသည်ကို အတိအကျမပြောနိုင်သော်လည်း အသက်ကိုးနှစ်အရွယ် အမြွှာညီအစ်မနှစ်ဦး၊ ခြောက်လသား ကလေး တစ်ဦး၊ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ်ရှိ မောင်နှမနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဂီးက ဆက်လက်ပြောကြားသည်။
တောမီးလောင်မှုကြောင့် သေဆုံးခဲ့ကြရသော နိုင်ငံခြားသားလေးဦးတွင် ပျားရည်ဆမ်းခရီးထွက်လာသော အိုင်ယာလန် လူငယ်တစ်ဦး၊ ပိုလန် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ သားတစ်ဦး၊ ဘယ်လ်ဂျီယံ အမျိုးသားတစ်ဦးတို့ ပါဝင်သည်ဆို၏။
တောမီးလောင်မှုကြောင့် လူ့အသက်များ ဆုံးရှုံးရသည့်ဖြစ်စဉ် ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ အတိုက် အခံများက ဂရိအစိုးရအဖွဲ့ကို အစောပိုင်းတွင် ဝေဖန်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက တောမီးဘေးအန္တရာယ် ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုလာကြခြင်းဖြစ်သည်။
The Mirror

ဂျပန်အနောက်ပိုင်းတွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၂၄ ဦး ထိခိုက်ဒဏ်ရာရ

အိုဆာကာ ဇူလိုင် ၃ဝ
တိုင်ဖုန်းမုန်တိုင်း 'ဂျောင်ဒါရီ' သည် ဂျပန် နိုင်ငံအနောက်ပိုင်း ဟွန်ရှူးကျွန်းတောင်ပိုင်း ဒေသကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် အားပျော့သွားကာ ယင်းနိုင်ငံ၏တောင်ဘက် အစွန်ဆုံးရှိ အဓိကကျွန်းကြီးဖြစ်သည့် ကျူရှူး ကျွန်းအနောက်ပိုင်းသို့ ဇူလိုင် ၂၉ ရက်တွင် ဆက်လက်ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မုန်တိုင်း
တိုက်ခတ်ပြီးနောက် ဂျပန်ပင်လယ်ကမ်းခြေရှိ ဟိုကူရီကူဒေသတွင် ၄ဝ ဒီဂရီ ဆဲလ်စီးယပ်စ် နီးပါးအထိ အပူချိန်မြင့်တက်ခဲ့ကြောင်း ကျိုဒို သတင်းဌာနက သတင်းထုတ်ပြန်သည်။
အာဏာပိုင်များက အစောပိုင်းတွင် ကြိုတင်ကာကွယ်မှုအဖြစ် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြု တိုက်တွန်းခဲ့သည်။ လွန်ခဲ့သည့်လအတွင်းက ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဆိုးဆိုး ရွားရွားကြုံတွေ့ခဲ့ရသည့် အဆိုပါဒေသတွင် တိုင်ဖုန်းမုန်တိုင်း ဂျောင်ဒါရီတိုက်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုနှင့်ပျက်စီးဆုံးရှုံးမှု သတင်း များ လတ်တလော ထွက်ပေါ်လာခြင်းမရှိသေး ပေ။
မြေပြို
တိုင်ဖုန်းမုန်တိုင်းနှင့်အတူ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု များဖြစ်ပေါ်ခဲ့ပြီး အိုင်စီနှင့်မိုင်အီစီရင်စုများ၌ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
မြင့်မားသော တောင်တန်းများပေါ်သို့ ဖြတ်သန်းပြီးနောက် စိုစွတ်သောလေထုမှာ ပူနွေးမှုနှင့်ခြောက်သွေ့မှုများ ဖြစ်ပေါ်လာပြီး ဟိုကူရီကူဒေသတွင် အပူချိန် ၄ဝ ဒီဂရီ ဆဲလ် စီးယပ်စ်အထိ မြင့်တက်စေခဲ့သည်။
ကျူရှူးကျွန်းတွင် မုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာရသူ ၂၄ ဦးရှိကြောင်း၊ ၎င်းတို့အနက် အချို့မှာ အဆောက်အအုံ အပြိုအပျက်များ ထိမှန်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေနှင့် တွေ့ဆုံမေးမြန်းထားခန်း

မဒေါက်တာ ကျိုးပေါက်တယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာဖြစ်ပြီး စစ်တောင်းမြစ်တာတစ်လျှောက် လုံးဝကျိုးပေါက်မှုမရှိပါဘူး
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေကြီးမြင့်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိသည်။ အဆိုပါဒေသများရှိ ဆည်၊ တမံ၊ တာများ၏ ကြံ့ခိုင်မှုအခြေအနေနှင့် လတ်တလောအခြေအနေများကို အများပြည်သူသိရှိစေရန် ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်-
မေး။ ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသကြီးတို့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ ဒီဒေသတွေမှာ ရှိတဲ့ ဆည်တမံတွေရဲ့ အခြေအနေကိုသိပါရစေ။
ဖြေ။ ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှာ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုနဲ့ ဒေသတွင်းမှာရှိတဲ့ အဓိကမြစ်ကြီး တွေက ဒီရေမြင့်တက်ချိန်နဲ့ တိုက်ဆိုင်ပြီး မြစ်ရေ ထောက်ကာ ကွင်းရေတွေ စီးမထွက်နိုင်တဲ့အတွက်ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရခြင်းဖြစ်ပါတယ်။
မွန်ပြည်နယ်မှာဆိုရင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ငါးခုရှိပါတယ်။ မော်လမြိုင်မြို့နယ်မှာ ရွှေနတ်တောင် ရေလှောင်တမံ၊ မုဒုံမြို့နယ်မှာ အဇင်းနဲ့ ဝင်းဖနုံ ရေလှောင်တမံ၊ သထုံမြို့နယ်မှာ ဝါးပါးရေလှောင် တမံနဲ့ ပေါင်မြို့နယ်မှာ ကတို့ရေလှောင်တမံတို့ ရှိပါတယ်။ ဒီရေလှောင်တမံ ငါးခုမှာ သထုံမြို့နယ်က ဝါးပါး ရေလှောင်တမံတစ်ခုပဲ ဇူလိုင် ၂၉ ရက်နေ့မှာ ကန်ရေ ပြည့်မှတ်ထက်ကျော်လွန်ပြီး ရေပိုလွှဲကနေ သုည ဒသမ ၂၅ ပေခန့်သာ ရေကျော်စီးထွက်လျက်ရှိပါတယ်။ ကျန်တဲ့ ရေလှောင်တမံ လေးခုကတော့ လုံးဝရေကျော်စီးထွက်ခြင်း မရှိသေးပါဘူး။ ဆိုလိုချင်တာကတော့ ဒီရေလှောင်တမံ တွေဟာ စီးဝင်ရေတွေကို ကောင်းစွာသိုလှောင်ထိန်းသိမ်း ပေးလျက်ရှိပါတယ်။ အခုလက်ရှိရေကြီးနေတဲ့ ကာလ အတွင်းမှာ တမံတွေကနေ စီးထွက်ရေလုံးဝမရှိတဲ့အတွက် ဆည်ရေကြောင့် ရေကြီးတာမဟုတ်ဘဲ ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးရခြင်းဖြစ်တယ်ဆိုတာ ပြည်သူတွေကို သိရှိနားလည်စေချင်ပါတယ်။
အလားတူပဲ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ရှိတဲ့ ရေလှောင်တမံတွေမှာလည်း စီးဝင်ရေတွေကို ကောင်းစွာ ထိန်းသိမ်းသိုလှောင်ပေးထားတဲ့အတွက် ရေကြီး ရေလျှံမှုဖြစ်စဉ်များနဲ့ ပတ်သက်ဆက်စပ်မှုမရှိပါဘူး။
မေး။ ။ အခုပြောပြသွားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် သုံးခုမှာ ပြည်သူတွေ အန္တရာယ်မရှိအောင် ဘယ်လို ဆောင်ရွက်ထားတယ်ဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ ။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး တို့မှာရှိတဲ့ ရေလှောင်တမံတွေအပြင် လက်ရှိရေပိုလွှဲကနေ ရေကျော်စီးထွက်နေတဲ့ အခြားရေလှောင်တမံတွေ၊ လက်ရှိ မိုးရွာသွန်းမှု အခြေအနေအရ တမံအတွင်းကို စီးဝင်ရေ များပြားစွာဝင်ရောက်နိုင်ကာ အချိန်တိုအတွင်း ကန်ရေ မှတ်မြင့်တက်လာနိုင်တဲ့အလားအလာရှိတဲ့ ရေလှောင်တမံ တွေမှာ အနိမ့်ဆုံး ဦးစီးအရာရှိနဲ့အထက် တာဝန်ခံ အင်ဂျင်နီယာတွေကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ၂၄ နာရီ စောင့်ကြည့်စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို စောင့်ကြည့်စီမံရာမှာ ရေလှောင်တမံနဲ့ ဆက်စပ်ရေအား အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စဉ်ဆက်မပြတ် လှည့်လည်စစ်ဆေးနေပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုလုပ်ငန်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာကွယ်ရေးပစ္စည်း တွေ ကြိုတင်စုဆောင်းထားခြင်း၊ စက်ယန္တရား၊ ယာဉ်နဲ့ လုပ်သားအင်အားတွေကို အရန်သင့် စုဖွဲ့ထားခြင်း စသဖြင့် စီမံဆောင်ရွက်ထားရှိပါတယ်။
မေး။ ။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်း မှာရှိတဲ့ မဒေါက်တာကျိုးသွားတယ်ဆိုတာတွေကလည်း ကြားနေရတယ်ဆိုတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ရှင်းပြ ပေးပါရှင်။
ဖြေ။ ။ မဒေါက်တာက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးနဲ့ ညောင်လေးပင်မြို့နယ်တွေအတွင်း စစ်တောင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ရေဘေးကာကွယ်ဖို့ တည်ဆောက်ထားတဲ့ စစ်တောင်းမြစ် ရေဘေးကာကွယ်ရေး တာဖြစ်ပြီး အလျား ၄၉ မိုင် တစ်ဖာလုံမှာ ပါဝင်တဲ့ တာတမံအပိုင်းတစ်ခုဖြစ်ပါတယ်။ ယခုမိုးရာသီမှာ လိုအပ် တဲ့ ရေဘေးကြိုတင်ကာကွယ်မှုလုပ်ငန်းတွေ ဆောင်ရွက် ထားပါတယ်။
စစ်တောင်းမြစ် ရေဘေးကာကွယ်ရေးတာရဲ့ တာမိုင် (၄ဝ/ဝ) အနီး စစ်တောင်းတံတား (မဒေါက်) မဒေါက်-ရွှေကျင်ကားလမ်း ဖြတ်သန်းရာနေရာမှာ တာထိပ်မျက်နှာပြင်အောက် နိမ့်နေတဲ့အတွက် ကားလမ်း ရေကျော်ပြီး ရေဝင်ရောက်ခြင်းသာ ဖြစ်ပါတယ်။ မဒေါက် တာ ကျိုးပေါက်တယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာ ဖြစ်ပြီး စစ်တောင်းမြစ်တာတစ်လျှောက် လုံးဝတာကျိုး ပေါက်မှုမရှိပါဘူး။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး လိုအပ်တဲ့ ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ထိုနည်းတူပဲ ပုကိုင်တာကျိုးပေါက်တယ်ဆိုတဲ့ ကောလာဟလဟာလည်း လုံးဝမှန်ကန်မှုမရှိပါဘူး။ လက်ရှိအခြေအနေအရ ပုကိုင် တာ ရေမှတ်က တာထိပ်ရောက်ဖို့ ၆ ဒသမ ၅ ပေတောင် လိုပါသေးတယ်။ တာရဲ့ လက်ရှိအခြေအနေကလည်း လိုအပ်တဲ့ ပြုပြင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ထားတဲ့ အတွက် ကြံ့ခိုင်ကောင်းမွန်မှု ရှိပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။
မေး။ ။ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဆည်တာတမံ တွေရဲ့ အခြေအနေနဲ့ ထိန်းသိမ်းမှုလုပ်နေတဲ့ အပိုင်း ကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ခြောက်ခုရှိပါတယ်။ ဇူလိုင် ၂၉ ရက်အထိ ကန်ရေပြည့်မှတ်ထက်ကျော်လွန်ပြီး ရေပိုလွှဲမှ ရေကျော်စီးထွက်လျက်ရှိတဲ့ ရေလှောင်တမံ လေးခုရှိတဲ့အနက် အများဆုံးအနေနဲ့ ကညင်ရေလှောင် တမံ ရေပိုလွှဲမှ ၃ ဒသမ ၇ ပေ ရေကျော်စီးထွက်လျက် ရှိပါတယ်။ အဆိုပါတမံတွေကို ဌာနက တာဝန်ခံ အင်ဂျင် နီယာတွေအနေနဲ့ ၂၄ နာရီ အချိန်ပြည့် စောင့်ကြည့်စစ်ဆေး လျက်ရှိပြီး တမံတွေရဲ့ ကြံ့ခိုင်မှုအနေနဲ့ကတော့ တစ်စုံ တစ်ရာ စိုးရိမ်ဖွယ်ရာမရှိပါဘူး။
မေး။ ။ လက်ရှိစိုးရိမ်ရေမှတ်ရောက်နေတဲ့ ဆည်တွေရှိရင် လည်း ပြောပြပေးပါ။ အန္တရာယ်မရှိအောင် ဘယ်လိုစီမံ ဆောင်ရွက်ထားတယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ရေလှောင်တမံတွေမှာ စိုးရိမ်ရေမှတ်ဆိုပြီး သတ်မှတ်ထားခြင်းမရှိပါဘူး။ ရေဘေးကာကွယ်ရေး တာများမှာသာ စိုးရိမ်ရေမှတ်ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ ရေလှောင်တမံတွေမှာ ဒီဇိုင်းပြုသတ်မှတ်ထားတဲ့ ကန်ရေပြည့်အမှတ်နဲ့ အမြင့်ဆုံးတက်နိုင်တဲ့ ရေကြီးမှု ရေ မှတ်ဆိုပြီးရှိပါတယ်။ နိုင်ငံနဲ့ တစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိတဲ့အတွက် ဇူလိုင် ၂၉ ရက်မှာ ဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ၃၇ ခုမှာပဲ မူလဒီဇိုင်းပြု သတ်မှတ်ထားတဲ့ ကန်ရေပြည့်မှတ် ထက်ကျော်လွန်ပြီး ရေပိုလွှဲကနေ ရေကျော်စီးထွက်လျက် ရှိပါတယ်။ ရေပိုလွှဲကနေ ကျော်ပြီးစီးထွက်သွားတဲ့ ရေတွေဟာ လည်း မူလချောင်းရိုးထဲကိုပဲ စီးဝင်သွားလျက်ရှိပါတယ်။
အန္တရာယ်မရှိအောင် ဘယ်လိုစီမံဆောင်ရွက်ထား တယ်ဆိုတာနဲ့ပတ်သက်လို့ အထက်မှာ ပြောကြားခဲ့သလိုပဲ ရေလှောင်တမံတွေမှာ အနိမ့်ဆုံး ဦးစီးအရာရှိနဲ့အထက် တာဝန်ခံ အင်ဂျင်နီယာတွေကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး ၂၄ နာရီ စောင့်ကြည့်စီမံ ဆောင်ရွက်လျက်ရှိပါတယ်။ ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။ ရုံးချုပ်ကလည်း လိုအပ်တာတွေကို ဖြည့်ဆည်းစီမံပေးလျက်ရှိပါတယ်။ ပြည်သူများသိရှိနိုင်ရန် ရေလှောင်တမံတွေရဲ့ အခြေအနေ တွေကိုလည်း နိုင်ငံပိုင်သတင်းဌာနတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေလည်း အချိန်နဲ့တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးလျက်ရှိပါတယ်။
မေး။ ။ လက်ရှိအခြေအနေအရ မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် ဆည်တွေကျိုးပေါက်မှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ဖြေကြားပေး ပါရှင်။
ဖြေ။ ။ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေနဲ့ ရေလှောင်တမံတွေကို တည်ဆောက်ခဲ့ရာမှာ ရေရှည်ကြံ့ခိုင်စိတ်ချနိုင်ရေးအတွက် တိကျသေချာစွာ ဒီဇိုင်းရေးဆွဲတွက်ချက်ပြီး သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ခဲ့တဲ့အပြင် ပုံမှန် စနစ်တကျ ထိန်းသိမ်းစီမံလျက်ရှိတာကြောင့် ရေလှောင် တမံအားလုံး ကြံ့ခိုင်မှုရှိတဲ့အတွက် တစ်စုံတစ်ရာ စိုးရိမ် စရာမရှိပါဘူး။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားတဲ့ တာတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ ။ နိုင်ငံတစ်ဝန်းမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ရေဘေးကာကွယ်ရေးတာ ၁၂ဝ ရှိပြီး အလျားမိုင်ပေါင်း ၁၈၅ဝ ကျော်ရှိပါတယ်။ ဒီတာတွေထဲက ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဧရာဝတီမြစ်၊ မြစ်မခမြစ်၊ ငဝန်မြစ်၊ စစ်တောင်းမြစ် ရေဘေးကာကွယ် ရေးတာတွေဟာ အဓိကအရေးပါတဲ့ တာတွေဖြစ်ပါတယ်။ တာတွေ တည်ဆောက်ထားတဲ့ သက်တမ်းကလည်း နှစ်ပေါင်း ၁၅ဝ ခန့် ရှိနေပြီဖြစ်ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ မြို့ရွာတွေနဲ့ လယ်ယာမြေတွေ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ် ကနေ လုံခြုံစိတ်ချစွာ ကာကွယ်ပေးနိုင်ဖို့အတွက် ဦးစား ပေးလုပ်ငန်းများ လျာထားသတ်မှတ်ပြီး တာပေါင်မြှင့်ပြုပြင် ခြင်း၊ တာထိပ်ဆင့်ခြင်း၊ တာခြေထောက်ခြင်း စတဲ့လုပ်ငန်း တွေကို မိုးရာသီ မကျရောက်မီ အချိန်ကတည်းက ကြိုတင် စီမံဆောင်ရွက်ခဲ့တဲ့အပြင် မိုးရာသီကာလတစ်လျှောက်မှာ လည်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို စောင့်ကြည့်စီမံ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ ဆရာအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင် လည်း ပြောကြားပေးပါ။
ဖြေ။ ။ ပြည်သူများကို အထူးအသိပေးလိုတာကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ ရေကြီးမှုဖြစ်စဉ်တွေဟာ ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေထောက် ကာ ကွင်းရေတွေ စီးထွက်နိုင်မှုမရှိတာကြောင့် ဖြစ်ပေါ်နေ ရခြင်းသာဖြစ်ပြီး ရေလှောင်တမံတွေရဲ့ ရေပိုလွှဲမှ ရေကျော် စီးထွက်မှုတွေကြောင့် မဟုတ်ကြောင်းနဲ့ ဖြစ်ပေါ်နေတဲ့ ကောလာဟလများကိုလည်း မယုံကြည်ကြဖို့နဲ့ ဌာနအနေ နဲ့လည်း သတင်းမှန်တွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း အလေးအနက်ပြောကြား လိုပါတယ်။
တွေ့ဆုံမေးမြန်း- သီသီမင်း(ကြေးမှုံ)ဓာတ်ပုံ-ကောင်းမြတ်

အောင်ရဲထွေး အမှု အပေါ် တရားရုံး၏ ဆုံးဖြတ်ချက်အား အစိုးရ ရှေ့နေချုပ် ပါယ်ချ၊ ဒေါ်အောင်ဆန်းစုကြည်ပင် မေးခွန်းထုတ်လာရသည့်အထိ ဖြစ်လာ
နိုင်ငံ အတွင်းရှိ တရားစီရင်ရေး နှင့် ဥပဒေ စိုးမိုးရေး အား ပြည်သူအများ က ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဖေ့ဘုတ် လူရွှင်တော် အောင်ရဲထွေးအား အသတ်ခံခဲ့ရမှုအပေါ် သံသယ ရှိသူများ အား ဂွင်းလုံးကျွတ် ပြန်လွှတ်ပေးခဲ့သည့် ရန်ကုန် တရားရုံး၏ ဆုံးဖြတ်ချက်အား ပြည်ထောင်စု ရှေ့နေချုပ် ရုံးမှ ပါယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။
သံသယ ရှိသူ သုံးဦးအား သေဆုံးသူဖက်မှ ကြေအေးလိုက်သည် ဆိုကာ ရန်ကုန် အရှေ့ပိုင်း တရားရုံးမှ ချွင်းချက်မရှိ ပြန်လွှတ်ပေးခဲ့ပါတယ်။
လူသတ်မှုကို တဖက်မှ ကြေအေး ၍ ပြန်လွှတ်ပေးရသည် ဆိုသော တရားသူကြီးတဦး၏ ဆင်ခြင်ညဏ်အပေါ် တနိုင်ငံလုံးက အံ့အား တသင့် ဖြစ်ပြီး ၎င်းတို့ လုံခြုံရေး အတွက်ပါ စိုးရွံ့လာကြပါတယ်။
အသို့ဆိုက လင်မယား ချင်း ရန်ဖြစ်၍ ယောက်ျားက မိန်းမကို ခြေလွန်လက်လွန် သတ်မိသည့်အထိ ဖြစ်သွားက ယောက္ခမ လုပ်သူက မိမိတို့ မြေးများ မိဘမဲ့ ဖြစ်ကြရရှာမည် ဆိုပြီး ကြေအေး ၍ ဖြစ်နိုင်ပါမည်လော။
တရားသူကြီးသည် ရူးသွပ်နေသူ မဟုတ်က တခုခုတော့ အမှားအယွင်း ဖြစ်နေမည်မှာ ကြိမ်းသေလှသည်။ ပို၍ ဆိုးသည်က အဆိုပါ ဆုံးဖြတ်ချက်အား ရန်ကုန်တိုင်း ရှေ့နေချုပ် ဦးဟန်ထူးကပါ အတည်ပြုပေးလိုက် ပြန်ပါတယ်။
ထို့အတွက် အဆိုပါ ဆုံးဖြတ်ချက်တွင် ပါဝင် ပါတ်သက်နေသူအားလုံးအပေါ် အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် စုံစမ်းစစ်ဆေးပါရန် ရှေ့နေ ဦးဌေးက တောင်းဆိုလိုက်ပါတယ်။
ထို့အပြင် သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှပင် အဆိုပါ အမှုတွင် ပါဝင်နေသော အရာရှိများ အပေါ် မေးခွန်းထုတ်လာပြီ ဖြစ်သည်ဟု ပြောခွင့်ရ ဦးဇော်ဌေးက ဆိုပါတယ်။
တရားခံများ အဖြစ် သတ်မှတ်ခံထားရသူ သုံးဦးစလုံး ပြည်ပသို့ ထွက်ခွာသွားပြီဆိုသော သတင်းနှင့် ပါတ်သက်ပြီး နိုင်ငံတကာ ရဲအဖွဲ့ အကူအညီ ဖြင့် ပြန်လည် ခေါ်ယူနိုင်ရန် ပြုလုပ်သွားမယ်လို့ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေ နေ့က သမ္မတ ဦးဝင်းမြင် နဲ့ ရန်ကုန်တိုင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး ပိုင်းမှ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရာမှာ လူအများ အာရုံစိုက်နေတဲ့ အမှုများ စီရင်ရာမှာ နှောင့်နှေးကြန့်ကြာဖြစ်နေရမှု အပေါ် မှန်မှန် နှင့် ဘက်မလိုက်ပဲ အမြန် စီရင်ရန် တိုက်တွန်းလိုက်ပါတယ်။
ဦးကိုနီ အသတ်ခံခဲ့ရတဲ့ အမှုသည် ယခု ဆိုက ၁၈ လ ပင် ကြာမြင့်နေပြီ ဖြစ်သော်လည်း မပြီးပြတ်သေးသည့်အပြင် အဓိက တရားခံက လွတ်မြောက်နေဆဲ ဖြစ်ပြီး ရိုက်တာ သတင်းထောက်အမှု ကလည်း ခြောက်လကြာမျှ အချိန်ယူက တရားစွဲသင့် မစွဲ့သင့် ကို ဆုံးဖြတ်ခဲ့ပြီးမှ အမှု ကို စတင်ကြားနာတဲ့ အဆင့် ရောက်လာခဲ့ရပြန်ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရသည့်အမှု အား စီရင်ရာမှာ လုပ်ကြံခံရပြီး ၅ လ အကြာ ၁၉၄၇ ဒီဇင်ဘာလမှာ ဗြိတိသျှ ဘုရင်ခံချုပ် ဆာ ဟူးဘတ် ရန်စ် ဖွဲ့စည်းပေးခဲ့တဲ့ အထူးခုံရုံးက သေဒဏ် စီရင်ချက် ချနိုင်ခဲ့ပြီး အယူခံ အဆင့်ဆင့် ပါယ်ချခံရကာ ၁၉၄၈ မေလ ၈ ရက်နေ့မှာ ကြိုးပေး ကွပ်မျက်နိုင်ခဲ့ပါတယ်။
ဆိုလိုခြင်သည်က ဗိုလ်ချုပ်သာ ယခုခေတ်တွင် လုပ်ကြံ သတ်ဖြတ်ခံရပါက ဦးစော အား ကြိုးစင်သို့ ပို့နိုင်ကြပါမည်လော ဆိုသည်ပင် ဖြစ်ပါတယ်။
လှစိုးဝေ
ဓါတ်ပုံ နှင့် ကိုးကား ။ ။ ဧရာဝတီ သတင်း
ကျွန်တော်ချစ်သောမိုး
ကျွန်တော်ချစ်သောမိုး
ပူလောင်ပြင်းပြသည့်နွေအပူကို ကြောက်ရွံ့တတ်သည့် ကျွန်တော့်အဖို့ မိုးရာသီကာလကို နှစ်သက်ခဲ့သည်။ ကောင်းကင်တစ်ခွင်မှ တိမ်မဲညိုတို့ အုံ့ကာဆိုင်း၍ ရွာမလို ဟန်ပြင်သည်နှင့် ကျေနပ်ပျော်ရွှင်မိခဲ့သည်။ နံနက် နေပူ၊ ညနေရွာတတ်သည့် မိုးသဘာဝကြောင့် ပတ်ဝန်းကျင် တစ်ခွင် စွတ်စိုအေးမြသည့်အရသာကို နှစ်သက်ခဲ့ မိသည်။ မိုးတစ်ပြိုက် နေတစ်ပြိုက်ဖြင့် နေသာထိုင်သာရှိခဲ့ သည်။ တဖြောက်ဖြောက်ရွာသွန်းဖြိုးသည့် မိုးစက်မိုး ပေါက်များကြားဝယ် အတွေးနယ်ချဲ့တတ်သလို မိုးအေး အေးတွင် စာအုပ်စာပေတို့ဖြင့် ပျော်မွေ့ခဲ့ဖူးသည်။
ဤသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခု၊ သုံးခု မတိုင်မီကာလက မိုးဥတုသဘာဝနှင့် မိုးကိုချစ်သည့် ကျွန်တော်၏ ခံစားမှုဖြစ်သည်။ ယခုမိုးရာသီမှာ ဤသို့ မဟုတ်တော့ပြီ။ မိုးတစ်ပြိုက် နေတစ်ပြိုက်လည်းမဟုတ်။ စိုတစ်လှည့် ခြောက်တစ်လှည့်လည်းမဟုတ်။ ကောင်းကင် တစ်ခွင်တွင် တစ်နေ့လုံးအုံ့မှိုင်းငယ်ညိုပြီး ရွာချင်သလို ရွာခဲ့ပြီ။ တစ်ခါတစ်ရံတွင် သဲကြီးမဲကြီး၊ တစ်ခါတစ်ရံတွင် တဖွဲဖွဲနှင့် မိုးမစဲ။ ရှစ်ခွင်တိုင်းတစ်ခွင်တွင် မိုးရေတက်ရေ များဖြင့် ဖွေးဖွေးလှုပ်၍နေသည်။
ကျွန်တော်၏အတွေးများမှာ ယခင်ကလို မိုးအေး အေးတွင် စာအုပ်စာပေများနှင့်လည်း မမွေ့လျော်နိုင်။ မိုးအေးအေးတွင် အတွေးနွေးနွေးဖြင့် စိတ်ကူးတည့်ရာ ကိုလည်း အတွေးနယ်မချဲ့နိုင်။ ကျွန်တော်တွေးနေမိ သည်က သတင်းစာမျက်နှာများနှင့် လူမှုကွန်ရက်မျက်နှာစာ များပေါ်တွင် မြင်တွေ့နေရသည့် ရေတဖွေးဖွေးကြားမှ ရေဘေးဒုက္ခသည်များပင်။
ကျွန်တော်ချစ်သောမိုးသည် ယခင်လိုမဟုတ်တော့။ အပူဒဏ်ကို သက်သာအောင် ရွာသွန်းရုံသာမဟုတ်။ မိုးတအေးအေးနှင့် စိတ်နှလုံးမွေ့လျော်ဖွယ်လည်း မရွာ။ သောက်ရေ၊ သုံးရေ၊ စိုက်ရေးပျိုးရေး ဖူလုံလောက်ငရုံ လောက်လည်းမရွာသွန်း။ အငြိုးတကြီးနှင့် မရပ်မနား ရွာသွန်းဖြိုးသောအခါ ကျွန်တော်တို့ ပြည်သူအချို့ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ သွားရေးလာရေးခက်ဖွယ် အစုံ ကြုံကြရသည်။ ရေဘေးဒုက္ခသည်များဘဝ ရောက်ကြ ရသည်။
အစောပိုင်းက မွန်၊ တနင်္သာရီ၊ နောက် ကရင် ပြည်နယ်နှင့်ရခိုင်၊ ယခုဆယ်စုနှစ်များစွာ ရေမတိုးခဲ့သည့် ပဲခူးမြစ်ရေတိုးလာပြန်၍ ရေဘေးဒုက္ခကြုံတွေ့ကြရသည်။ ရေဘေးသင့်ပြည်သူများ ရေဘေးလွတ်ရာသို့ ရှောင်ပြေး ကြရသည်။ ပြည်သူများရေဘေးသင့်သည်နှင့် သက်ဆိုင်ရာ နယ်မြေဒေသအလိုက်မှ အသင်းအဖွဲ့များ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်တပ်ဖွဲ့များက အလျင်အမြန် ကူညီ ကြသည်ကိုတွေ့ရသည်။ ရန်ကုန်-ဘားအံ-မော်လမြိုင် လမ်းပိုင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် ရေဘေးအန္တရာယ် ကို ဆိုးဆိုးရွားရွားကြုံတွေ့နေရသည်။ ခရီးသွားများလည်း လမ်းခရီးတွင် ပိတ်မိနေကြသည်။
မိုးမှာဆက်လက်ရွာသွန်းနေဆဲဖြစ်၍ ယခုအချိန် အထိ ရေမကျသေးချေ။ နောက်သုံးရက်အထိ မိုးလေကြီး၍ မြစ်ရေတိုးဦးမည်ဟု သိရသဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအတွက် စိတ်မသက်သာ ဖြစ်မိသည်။ မိုးများသည်နှင့် မြို့ရွာများတွင် ရေနုတ်မြောင်းများ မကောင်းခြင်း၊ ပိတ်ဆို့နေခြင်းတို့ကြောင့် ရေကြီးရေလျှံ ပိုမိုဖြစ်ကြရသည်။ မြစ်ချောင်းများမှာလည်း တိမ်ကော လာသဖြင့် ယခုနောက်ပိုင်းနှစ်ကာလများတွင် မြစ်ချောင်း မြောင်းများ ရေကြီးရေလျှံ ဖြစ်ပေါ်နေသည်မှာအစဉ်အလာ ကဲ့သို့ ဖြစ်နေသည်။ ရထားလမ်း၊ ကားလမ်းများရေနစ်မြုပ် မှုများမှာလည်း ထုံးစံလိုဖြစ်နေသည်။ မြစ်ချောင်းများအနီး ပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းကျေးရွာများမှာမူ မြေနိမ့်ရာလှံ စိုက်သကဲ့သို့ ဒုက္ခသည်ဘဝဖြင့် ရက်ရှည်နေထိုင်ကြ ရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်တစ်ခွင် ရေကြီးသည်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရတာဝန်ရှိသူ များက ဖြစ်ပွားရာဒေသများသို့ အလျင်အမြန်လာရောက် ကူညီထောက်ပံ့ အားပေးနှစ်သိမ့်ခဲ့ကြသည်။ ဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းဌာနများကလည်း နိုင်သည့်ဘက်မှ တတ်နိုင်သမျှကူညီပေးလျက်ရှိသည်။ တစ်ဆက်တည်းတွင် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နှင့် ဘီးလင်းမြစ်များ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း မိုးလေဝသက အသိပေးထားသည်။ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက် မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင် ကြသူ ပြည်သူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အတွင်း မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း၌ နေထိုင်ကြသော ပြည်သူများ အထူးသတိပြုနေထိုင်ကြရန် အကြံပြုထားသည်။
ရေကြီးရေလျှံမှုများမှာ ဖော်ပြပါဒေသများတွင် ဖြစ်ပွားနေပြီး နောက်ရက်များအတွင်း ဆက်လက်ရှိ နေဦးမည်ဖြစ်၍ အစိုးမရသော မိုးကိုစဲပါစေတော့ဟု ဆုတောင်းမိတော့သည်။ ပဲခူးမြစ်သည် နှစ်ပေါင်းများစွာ ရေမကြီးခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင်မူယခင် နှင့်မတူ ထူးထူးကဲကဲမိုးများလာသောကြောင့် ပဲခူး မြစ်လည်း ရေကြီးရေလျှံ ဖြစ်လာပြန်သည်။ ပဲခူးမြို့ပေါ် နှင့်တကွ ပတ်ဝန်းကျင်ရပ်ရွာများအားလုံးနီးပါး ရေဖုံးလွှမ်း နေသည်ကို မြင်တွေ့နေရသည်။ ပြည်သူများအလုပ်ပျက် အကိုင်ပျက်၊ ကျောင်းသား ကျောင်းသူများ စာသင်ပျက် ဖြစ်ကြရသည်။ ပဲခူးရေကြီးမှုဖြစ်ပွားလျှင် ဖြစ်ပွားချင်း နိုင်ငံတော်သမ္မတနှင့် အစိုးရတာဝန်ရှိသူများက ရေဘေး ရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများ အား အားပေးစကားပြောကြားပြီး လှူဒါန်းထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်ကိုလည်း ဝမ်းမြောက်ဖွယ်တွေ့ရသည်။
ယခုနှစ်မိုးရာသီတွင် မိုးအလွန်ကောင်းနေသော ကြောင့် မြစ်ချောင်း အင်းအိုင် ချောင်းမြောင်းများ ရေလျှံပြီး အနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူအများ ရေဘေးဒုက္ခခံစားကြရသည်။ ဒုက္ခမျိုးစုံကြုံတွေ့ကြရ သည်။ ရေဘေးသင့်ပြည်သူများအတွက် စိတ်မကောင်း ဖြစ်ရသည်။ ကျွန်တော်ချစ်သော မိုးကို အပြစ်မမြင်၊ ကျွန်တော်ချစ်သောမိုးကို ဖောက်လွဲဖောက်ပြန်ဖြစ်အောင် ဖျက်ဆီးကြသူများကိုသာ အပြစ်မြင်မိသည်။ သဘာဝ ပတ်ဝန်းကျင်ပျက်စီးခြင်းကြောင့် ရာသီဥတုဖောက်လွဲ ဖောက်ပြန်ဖြစ်ပြီး ကျွန်တော်ချစ်သောမိုးမှာ ရွာချင်သလို ရွာခဲ့ချေတော့သည်။ နောင်တွင်လည်း ရေကြီးရေလျှံ ဖြစ်မှုများ ဖြစ်နေဦးတော့မည်။
ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်နေ၍ မဖြစ်တော့ပြီ။ နှစ်စဉ်ကြုံတွေ့ နေရသည့် ရေဘေးအန္တရာယ်မှ ပြည်သူများ လွန်မြောက် နိုင်အောင် အဖြေရှာကြရတော့မည်။ ကြိုးပမ်းအားထုတ် ကြရမည်။ ကျွန်တော်ချစ်သောမိုး ပုံမှန်ရွာသွန်းဖြိုးပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင် ကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါသည်။
မောင်မောင်ကျော်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အမေးအဖြေ

ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်အောင်ကြိုးစားတဲ့ကြားက နှေးနေသေးတယ်ဆိုရင် ရုံးဖုန်းတွေကို ရအောင်ဆက်သွယ်ပါ
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်တင်ပြလိုက်ပါသည်-
မေး ။ ။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ
ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီရေဘေးဒုက္ခသည်တွေအတွက် ကူညီ ဆောင်ရွက်မှုအပိုင်းကို ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ရေကြီး ရေလျှံမှုနဲ့ ပတ်သက်တဲ့အခါ နံပါတ်(၁)
က ရွှေ့ပြောင်းရတယ်။ ယာယီစခန်းတွေ ရေဘေးရှောင်စခန်းတွေမှာ နေရတယ်။ အခုကျွန်တော်တို့ တွေ့တာကတော့ တချို့နေရာတွေမှာ လူဦးရေနဲ့ ရှိတဲ့ နေရာမမျှတတဲ့ ပုံစံမျိုးရှိတယ်။ အခု စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာပဲ နေရတယ်။ နေတဲ့အခါကြတော့ လူများတယ်။ အဓိက ရင်ဆိုင်ရတဲ့ပြဿနာက အညစ် အကြေးစွန့်တဲ့ ပြဿနာတွေရှိလာတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ သတိထားစရာတွေ ဖြစ်ပေါ်လာတယ်။ အညစ်အကြေး စွန့်မယ့်နေရာက နည်းတယ်။ လူတွေက များတယ်။ နေရာတစ်နေရာထဲမှာ အဲဒါမျိုးတွေရှိတယ်။ လတ်တလောဖြေရှင်းနည်းတွေနဲ့ ရသလောက်တော့ ဖြေရှင်း ပေးထား တယ်။ ရေဘေးရှောင်စခန်းဆိုတာ အခိုက်အတန့် ပဲ၊ တစ်ပတ်တန် သည်ဖြစ်စေ၊ ၁ဝ ရက် တန်သည်ဖြစ်စေ ဒီလိုပဲနေရတာပါ။ ဒီနေ့ကတော့ မနေ့ကထက်စာရင် ပဲခူးတိုင်းဒေသကြီးမှာ ရေက တန့်နေသေးတယ်။ ကျတာ မရှိဘူး။ ဘီးလင်းမှာတော့ မနေ့က တော်တော်လေးတက်ပြီး ဒီနေ့တော့ နည်းနည်းတန့်နေတယ်။
လက်ရှိအခြေအနေကတော့ ရေဘေးသင့်ပြည်သူ တွေအနေနဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဇူလိုင် ၂၈ ရက် ညနေ အထိက တစ်သောင်းရှစ်ထောင်ခုနစ်ရာကျော်ရှိတယ်။ ဇူလိုင် ၂၉ ရက်မှာတော့ နှစ်သောင်းကျော်သွားပြီ။ မွန်ပြည်နယ်မှာလည်း တစ်သောင်းခုနစ်ထောင်၊ တစ်သောင်း ရှစ်ထောင်ရှိတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာလည်း ခြောက်ထောင်ကျော်လောက်ရှိတယ်။
အခုလောလောဆယ် သတိထားနေရတာက မွန် ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးပါ။ ကရင်ပြည်နယ်မှာ လည်း ဖြစ်နေတယ်။ ကရင်ပြည်နယ်မှာ တစ်သောင်း လေးထောင်နီးပါးလောက် ရေဘေးသင့်ပြည်သူတွေရှိတယ်။ အဓိက အခုဖြစ်နေတဲ့ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၂ ခုရှိတယ်။ ပြန်ပိတ်ဖို့ ကတော့ လတ်တလောမဖြစ်နိုင်သေးဘူး။ မွန်ပြည်နယ် ဘီးလင်းကလည်း ဖြစ်နေပြီဆိုတော့ နဂိုရှိတာကတော့ စခန်းပေါင်း ၃၉ ခုရှိတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာလည်း စခန်း ၁၃ ခုလောက်ရှိတယ်။ ကရင်ပြည်နယ်မှာ စခန်း ၅၂ ခုရှိတယ် ။
မေး ။ ။ တာဝန်ရှိသူတွေအနေနဲ့ အခုနောက်ထပ် ဘာတွေ
ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့ အမျိုးသားသဘာဝဘေးအန္တရာယ်
ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကနေပြီးတော့ ပိုမိုပြီး ထောက်ပံ့ပေးနိုင်ဖို့ လုပ်နေတာရှိတယ်။ ဥပမာအားဖြင့် မဒေါက်မှာ ရေကာတာ ပေါက်မထွက်ဖို့ အလွန်အရေးကြီး တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနအသီးသီးကနေပြီးတော့ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့လိုတယ်။ ဒါမျိုးတွေ ကျွန်တော်တို့က တိုက်တွန်းမယ်၊ ကြီးကြပ်မယ်၊ တစ်ကယ်ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနက ထောက်ပံ့ကူညီနေတဲ့ ဝန်ကြီးဌာနပါ၊ လိုအပ်တဲ့နေရာကို အလျင်အမြန် တုံ့ပြန်သွားမယ်။
ဥပမာ ပဲခူးတို့၊ သနပ်ပင်တို့မှာ ရေကြီးတဲ့ကြားက ပြီးခဲ့တဲ့ တစ်ရက်ကျော်က လေဘေးကြုံလိုက်တယ်။ တစ်ခါတည်း အိမ်တွေအမိုးလန်တာ၊ ပြိုတာတွေ ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ လိုက်ထောက်ပံ့နေတယ်။ အဲဒါမျိုး တွေကို ကျွန်တော်တို့က လတ်တလောမဆိုင်းမတွ တုံ့ပြန်တဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့အဖွဲ့က မရပ်မနားပြည်သူ တွေရဲ့ လိုအပ်ချက်ကို လိုက်လုပ်ပါတယ်။ အဲဒါတွေက ကျွန်တော်တို့ လုပ်တဲ့အလုပ်တွေပါ။ ဒါပေမယ့် ပြည်သူ တွေရဲ့ ပူးပေါင်းပါဝင်မှုက အားကောင်းပါတယ်။ ပဲခူးမှာ ဆိုရင်လည်း လူမှုရေးအဖွဲ့တွေက အများကြီး ကောင်းပါ တယ်။ ဥပမာ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးအဖွဲ့ ကလည်း ရောက်လာပြီးတော့ ထမင်းထုပ်ဝေတာတွေ လုပ်တယ်။
လူမှုရေးအသင်းတွေကလည်း ဒီလိုမျိုး ထမင်းထုပ် ဝေတာတို့၊ ကူညီထောက်ပံ့တာတို့၊ ရေသန့်ဘူးဝေတာတို့ လုပ်နေပါတယ်။ နီးစပ်ရာ ပဲခူးတိုင်းဒေသကြီးဆိုရင် ဥပမာ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ပိန်းဇလုပ်တို့ စသည်ဖြင့် တိုက်နယ်လေးတွေကနေပြီးတော့ မြို့နယ်မှာ ဖြစ်နေတာကို အဖွဲ့လိုက် လာပြီးတော့ ထမင်းထုပ်ဝေ တာတို့၊ ရေသန့်ဘူးဝေတာတို့ လုပ်နေတာတွေ့တယ်။ ပြည်သူတွေက ပူးပေါင်းပါဝင်နေကြတယ်ဆိုတာ တွေ့ရပါ တယ်။ အစိုးရကလည်း လိုအပ်တာတွေ ထောက်ပံ့နေတယ်။ သူတို့ ကိုယ့်ဟာကိုယ် ထမင်းချက်စားလို့ မရနိုင်ဘူးဆိုတာ သိတဲ့အခါကျတော့ လက်ထဲမှာ ငွေနည်းနည်းရှိရင် မဆိုး ဘူးဆိုပြီး ကျွန်တော်တို့က တစ်နေ့ကို ဘယ်လောက်နှုန်းနဲ့ ဆိုပြီး တွက်ပြီးတော့ ငွေကို လက်ထဲထည့်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့ကို ဒီလို ချက်ပြုတ်ကျွေး ပြီးတော့ ထမင်းထုပ်ဝေတဲ့ဟာတွေက မပြတ်ကို ရှိနေ တယ်။ သူတို့လက်ထဲမှာ ငွေလေးရအောင်ဆိုပြီးတော့ ဖန်တီးတယ်၊ လိုအပ်ရင် ကျွန်တော်တို့ ထပ်ပြီးတော့ ပံ့ပိုးမယ်။ ဒီလိုမျိုး ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါ တယ်။ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးလေးတွေ၊ မွေးကင်းစကနေ ခြောက်လအောက် ကလေးတွေအတွက် အမေတွေကို ငွေထောက်ပံ့တဲ့ စနစ် တွေလည်း ကျွန်တော်တို့ လုပ်ပါတယ်။ ဘာကြောင့်လဲဆို တော့ လိုအပ်မှုတွေ ပိုရှိလာနိုင်တယ်။
မေး ။ ။ ပြည်သူ တွေအနေနဲ့ သဘာဝဘေးအန္တရာယ်နှင့်
ကြုံတွေ့ခဲ့မယ်ဆိုရင် ဆက်သွယ်အကူအညီ တောင်းခံနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်ကိုလည်း ပြောကြား ပေးစေချင်ပါတယ်။
ဖြေ ။ ။ ဒါက အမြဲတမ်းTV မှာလည်းပါတယ်။ ကြေညာ
နေတာတွေလည်း အမြဲတမ်းရှိတယ်။ ဖုန်းနံပါတ် ဝ၆၇၃၄ဝ၄၆၆၄၊ ဝ၆၇၃၄ဝ၄၇၇၇ တို့ကို ဆက်သွယ်လို့ ရပါတယ်။
မေး ။ ။ ဖြည့်စွက်ပြောကြားလိုတာများရှိရင် ပြောပြပေး
စေလိုပါတယ်။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဒုက္ခကို ကျွန်တော်တို့ မျှဝေ ခံစားတယ်။ အခုဖြစ်နေတဲ့ အရာဟာတစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရာသီဥတုတွေ ဖောက်ပြန်ပြီးတော့ ဖြစ်နေတယ်။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံတည်း မဟုတ်ပါဘူး။
အခြားနိုင်ငံတွေမှာ ဒီထက်ဆိုးတဲ့ အခြေအနေတွေ လည်း ရင်ဆိုင်နေရတာရှိတယ်။ ဘယ်လိုပဲ ရင်ဆိုင်နေရ နေရ အတတ်နိုင်ဆုံး ကျွန်တော်တို့အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့လုပ်ငန်း၊ ထိထိရောက်ရောက်တုံ့ပြန်တဲ့လုပ်ငန်း၊ ပြန်လည်ထူထောင် တဲ့လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အမြဲတမ်းရှိတယ်။ တကယ်လည်း အားထုတ်ကြိုးစားနေပါတယ်။
တစ်ခါတလေကျရင် ကျွန်တော်တို့ ဝန်ထမ်းအင်အား ကလည်း နည်းတယ်၊ မရောက်သေးဘူး၊ မလာသေးဘူး၊ အဲဒီလိုမျိုးတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်တို့က လိုအပ်ချက်တွေ မှန်သမျှကို အရေးပေါ်ရင်ပေါ်သလို ကျွန်တော်တို့ကို ဆက်သွယ်ပါ၊ အရေးတကြီး လိုအပ်တာ တွေရှိလို့ ဆက်သွယ်လိုက်ရင် ကျွန်တော်တို့က ဦးစားပေး အနေနဲ့ လုပ်ပေးပါမယ်။
ပုံမှန်အားဖြင့် ကျွန်တော်တို့ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တာ အကုန်လုံးကိုတော့ လုပ်နေပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က လျင်မြန်အောင် ကြိုးစားနေ တယ်။ သို့သော် လျင်မြန်အောင် ကြိုးစားတဲ့ကြားက နှေးနေသေးတယ်ဆိုရင်၊ အထူးလိုအပ်တယ်ဆိုရင် ဆက်သွယ်လိုက်ပါ။ အထူး ဆက်သွယ်တယ်ဆိုတာ ရုံးဖုန်း တွေကို ရအောင်ဆက်သွယ်ပါ။ ရအောင်ဆက်သွယ် လိုက်ရင် ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်လို့လည်းရတယ်။ ပိုပြီးတော့ အာရုံစိုက်လို့လည်းရတယ်။ ကျွန်တော်တို့ရှိတဲ့ အင်အားနဲ့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ပြောချင်ပါ တယ်။
ကြေးမှုံသတင်းအဖွဲ့

အခါကြီးရက်ကြီး
အခါကြီးရက်ကြီး
မန္တလေးသည် ပဉ္စမသင်္ဂါယနာတင်ခဲ့သော မင်းတရား
ကြီး တည်ထားခဲ့သည့်မြို့မို့ ဘာသာသာသနာ ထွန်းပ
ရောင်လျှံ ထိန်ခဲ့သည်။ ၁၂၄၇ ခုနှစ်နောက်ပိုင်း ဘာသာ
သာသနာညှိုးနွမ်းပြီး မန္တလေး၏ ကြီးမားထင်ရှားလှ သည့် ဘုန်းကြီးကျောင်းတိုက်ကြီးများမှ တိုက်နေ သံဃာတော်များပင် မန္တလေးကိုစွန့်ခွာကာ မြို့နယ် ကျေးလက်များဆီ တိမ်းရှောင်ကြရသည်။ ထိုအခြေ
အနေတွင် အမြော်အမြင် ကြီးမားသော မြို့မိမြို့ဖကြီး
များကဦးဆောင်၍ ဘာသာရေး၊ သာသနာရေး အသင်းကြီးများ ဖွဲ့စည်းပြီး ပြန်လည်ခုခံကာကွယ်ကာ မူလအခြေ
မပျက်အောင် ကြိုးစားခဲ့ကြ၏။
မန္တလေး၏ ပြတိုင်းစေ့
ဤသို့ ကြိုးပမ်းခဲ့ကြမှုကြောင့်လည်း ၁၂၆ဝ ပြည့်နှစ်
ဝန်းကျင် မန္တလေးသည် ယခင် ရတနာပုံနေပြည်တော်
ခေတ်ကို မမီစေကာမူ ဘာသာရေး၊
ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကြံ့ခိုင်တောင့်
တင်းခဲ့သည့် အနေအထားသို့ ရောက်ရှိခဲ့
သည်။ မန္တလေးတွင် ကြီးမားခံ့ထည်သော
ဘုန်းကြီးကျောင်း တိုက်ကြီးများ၌ ရဟန်း
တော်များ ပြန်လည်စိုပြည်လာသည်။
နံနက်အရုဏ်တက်သည်နှင့် မန္တလေး၏
ပြတိုင်းစေ့တွင် ဆွမ်းခံထိုင် ကိုယ်တော်
များဖြင့် ဝါဝါထိန်ခဲ့သည်။ အိမ်များတွင်
ဆွမ်းခံထိုင်ကိုယ်တော်များ၊ ရပ်ကိုယ်တော်
များအပြင် ပြထိပ်ဝင်းထိပ်ထွက်ပြီး အိုးကြီး၊
အိုးငယ်အသွယ်သွယ်နှင့် ဆွမ်း၊ ဆွမ်းဟင်း
လောင်းလှူကြသည်။ ရပ်ကွက်အတွင်း
စုစည်း၍လည်း ဘုံဆွမ်းကို တစ်ပတ်တစ်ကြိမ်
အနည်းဆုံး လောင်းလှူကြ၏။
ဝါတွင်း ဝါပတ်
ဥပုသ်နေ့ဆိုလျှင် မနက်မိုးမလင်းမီကတည်းက နိဗ္ဗာန်ဆော်၏နှိုးဆော်သံ၊ ပရိတ်ရွတ်သံ၊ ကြေးစည်သံများစည်ဝေခဲ့သည်။ ဝါတွင်း ဝါပတ်ဥပုသ်နေ့တိုင်းသည် မန္တလေး၏ အထင်ကရအလုပ်ပိတ်ရက်၊ ဆိုင်ပိတ်ရက်
များဖြစ်၏။ ဥပုသ်နေ့တွင် ဆိုင်ပိတ် အလုပ်နားခြင်းကိစ္စမှာ မန္တလေး၌ ထုထည်အင်အားကြီးမားလှသဖြင့် အခြား
ဘာသာခြားများသည်ပင်လျှင် အပြန်အလှန်လေးစား
ကာ ဥပုသ်နေ့ကို အလုပ်ပိတ်ရက်အဖြစ်နားနေခဲ့ကြ သည်။ ထိုစဉ်က ဘာသာခြားများကိုယ်တိုင်ကလည်း အယူအဆအစွဲအလမ်း မကြီးမားကြဘဲ လူမျိုးနှင့် တိုင်းပြည်၏ ရိုးရာဓလေ့များကို နှစ်နှစ်သက်သက်လိုက်
နာစောင့်ထိန်းခဲ့ကြသည်။ ယခင် မန္တလေးဈေးချိုတော် အရှေ့ဘက်တိုက်တန်းကြီး ဆိုင်နံပါတ် ၂၈ ယ၊ ၂၉ယ၊ ၃ဝ ရှိ 'ဖွာဇူလာနန်ဂျီ' ပန်းကန်ဆိုင်မှ ပန်းကန်သည် ဒေါ်မြသည် ဘာသာခြားပေမင့် ဘုန်းကြီး၊ ရဟန်းနှင့် ရိုးရာဓလေ့အပေါ် သိတတ်ရိုသေလိုက်လျောတတ်လှ
သည်မှာ စံနမူနာပြလောက်သည်ဟုဆို၏။
ဝါတွင်း ဥပုသ်နှင့် အရုဏ်တော်
မန္တလေးမှာ ယခင်က အရုဏ်တော်အသင်းကြီးများ ရပ်ကွက်တချို့တွင် ရှိခဲ့ဖူးသည်။ အစောဆုံး အရုဏ်တော်
အသင်းကြီးကတော့ မြောက်ပြင်က 'မီးပြအရုဏ်တော် ကြီး' ဖြစ်မှာပေါ့။ 'မီးပြ အရုဏ်တော်' က မဟာမုနိဘုရား
ကြီး အမရပူရမြို့သို့ ရခိုင်ပြည်နယ်မှ သယ်ယူပင့်ဆောင် သောအခါ ရှေ့ပြေး 'မီးပြ' ပေးရသော အသင်းအဖွဲ့ဖြစ်သည်ဟု ဆို၏။ မန္တလေးမှာ ဥပုသ်တော်ရပ် အရုဏ်တော်၊ မီးပြအရုဏ်တော်၊ ရွှေလှံအရုဏ်တော်၊ မိတ္တ
အရုဏ်တော်၊ ပေါက်ပေါက်တန်း အရုဏ်တော်များ
စသည်ဖြင့် ရှိခဲ့ဖူးပါသည်။ ယခု မိကျောင်းတံတားလမ်း ပေါ်က မိတ္တအရုဏ်တော် အသင်းကြီးကတော့ ယနေ့ထက်တိုင် တည်မြဲရှင်သန်နေဆဲဖြစ်ပါသည်။
အရုဏ်တော်အသင်းအဖွဲ့များသည် ရှေးမြန်မာ ရှင်ဘုရင်များ ထွက်တော်မူသည့်အခါ ပါဝင်မည့် ကျိုင်း၊ သိုင်း၊ တံခွန်၊ အလံ၊ ရွှေယပ်၊ ငွေယပ်၊ ကွမ်းတောင်၊ ပန်းတောင်စသည့် အဆောင်အယောင်များအတိုင်း စနစ်တကျ အစီအစဉ်အတိုင်း ထည့်သွင်းကာ ကြေးစည်၊ ထိုးနရီ၊ မောင်းစည် စသည့်တူရိယာပစ္စည်းများလည်း ပါဝင်၏။ ထို့ပြင် ဆိုင်းထမ်းကြီးများဖြင့် ရွှေဆွမ်းအုပ်၊ ငွေဆွမ်းအုပ်၊ မြသပိတ်၊ ရေတော်၊ ပန်းတော်များလည်း ပါရှိသည်။
အရုဏ်အဖွဲ့များသည် ဝါတွင်းကာလရောက်
သောအခါ ပထမဆုံးဥပုသ်နေ့ဖြစ်သော ဝါဆိုလပြည့်
နေ့ကို မဟာမုနိ၊ ဒုတိယ ဥပုသ် ဝါဆိုလပြည့်ကျော် ၈ ရက်ကို ရွှေကျီးမြင်၊ တတိယဥပုသ် ဝါဆိုလကွယ် အိမ်တော်ရာ စသည်ဖြင့် ဥပုသ်နေ့တိုင်း အစီအစဉ် ဆွဲထားသည့် ဘုရားစေတီများသို့ နံနက် အရုဏ်
မတက်မီ ၃ နာရီခွဲလောက်မှစ၍ ဆီမီးတထိန်ထိန်၊ ကြေးစည်သံ တဝေဝေ၊ ထိုးနရီသံ မောင်းသံတဒူဒူဖြင့် တံခွန်ကုက္ကား၊ ကျိုင်း၊ ကသိုင်း၊ အောင်လံများ လွှင့်ထူကာအရုဏ်ဆွမ်း ကပ်ကြ၊ ဝတ်တက်ကြသည်။ နံနက် ၆ နာရီခန့်တွင် ဝတ်တက်ပြီးသောအခါ ထွက်လာစဉ်က အစီအစဉ်အတိုင်း အရုဏ်တော်အဖွဲ့ကြီး ပြန်လာကြသည်။
မြို့သူမြို့သား၊ ရက်ကွက်သူ ရပ်ကွက်သားတွေက ဆွမ်းကပ်ပြန်လာသော အရုဏ်တော် အဖွဲ့ကြီး နံနက်
စောစောတွင် ကျက်သရေရှိတာ လှည့်လည်လာသည်ကို
ကြိုဆိုစောင့်ကြည့်ကြ၏။ အရုဏ်တော်အဖွဲ့တံဆိပ်နှင့် စာတန်းပါ ကတ္တီပါဆိုင်းဘုတ်ကြီးကို ဝတ်ဖြူစင်ကြယ်
ဝတ် လူငယ်နှစ်ဦးက ကိုင်ဆောင်ပြီး ¤င်းနောက် သာသနာ့အောင်လံများ၊ ရောင်စုံတံခွန်အလံများ၊ ယင်း နောက် အရုစ်တော်အဖွဲ့ နိဗ္ဗာန်ဆော်၊ ¤င်းနောက် အသင်းလူကြီးများက ရွှေစလွယ်၊ ငွေစလွယ်များဖြင့် မြသပိတ်၊ ရွှေဖလား၊ ငွေဖလားများ ပိုက်လျက် ယင်း
နောက် ထမ်းစင်ဖြင့် ပင့်ဆောင်လာသော ဗုဒ္ဓရုပ်ပွား
တော်၊ ယင်းနောက်၊ ကျိုင်းကိုင်၊ သိုင်းကိုင်၊ ရေတော်၊ ကွမ်းတောင်ကိုင်များ၊ ယင်းနောက် ကြေးစည်ထိုးနရီ၊ ရွှေမောင်း၊ ငွေမောင်းများ၊ ယင်းနောက် ပန်းကိုင် အရုဏ်
တော်အဖွဲ့သားများ၊ စနစ်တကျ လှည့်လည်ကြခြင်းဖြစ်သည်။
ဥပုသ်ပိတ်သော အစဉ်အလာ
ထို့ကြောင့် မန္တလေးတွင် ထိုစဉ်ကတည်းက ဥပုသ်နေ့
ဆိုလျှင် ဆိုင်ပိတ်ရက်၊ အလုပ်ပိတ်ရက်များအဖြစ် အစဉ်တစိုက်လေးစားခဲ့သည်။ အစိုးရနှင့်ဆိုင်သော အရောင်းဆိုင်များပင်လျှင် စနေ၊ တနင်္ဂနွေမပိတ်ကြဘဲ ဥပုသ်သာပိတ်သော အစဉ်အလာလည်း ရှိခဲ့ဖူးသည်။ ၁၃ဝဝ ပြည့်ကာလ နယ်ချဲ့ဆန့်ကျင်ရေးဒီရေ ပြင်းထန်
နေသောကာလတွင် မန္တလေးဈေးချိုတော်၌ ပုဒ်မ ၂၇ (၇)
ထုတ်ပြန်လိုက်သဖြင့် ဈေးချိုကို သပိတ်မှောက်ကာ
ဈေးချိုအနောက်ဘက် အိမ်တော်ရာဘုရားဝင်းအတွင်း
ဈေးထွက်ကြသောအခါ ဈေးချိုတော်ရှိ ဘာသာခြား
များကပင် အားတက်သရောလိုက်ပါဈေးထွက်ကာ
'အိမ်တော်ရာဘုရားဈေး' အား ကြီးကြပ်ကွပ်ကဲသည့် ဘုန်းကြီး၊ ရဟန်းများ၏အစီအမံနှင့် ပူးပေါင်းပါဝင်ခဲ့
ကြ၏။
ဆိုလိုသည်မှာ မန္တလေးသည် ဥပုသ်နေ့ကို အား
လပ်ရက်အဖြစ်သတ်မှတ်ကာ ဘာသာသာသနာနှင့်
ဆက်စပ်ပတ်သက်သည့် ကုသိုလ်ရေးကိစ္စများကို ဆက်တိုက်ဆောင်ရွက်ခဲ့သည့် အစဉ်အလာသည်
သံမဏိသား၊ ကျောက်သားကျောက်စိုင်ကြီးအလား
ခိုင်ခံ့ဝင့်ထည်ခဲ့သည်။ ကဆုန်လပြည့်၊ သီတင်းကျွတ်
လပြည့်၊ တန်ဆောင်မုန်းလပြည့်၊ တပို့တွဲလပြည့်၊
တပေါင်းလပြည့်ကဲ့သို့သော အခါကြီး၊ ရက်ကြီးများ
ဆိုလျှင် တစ်မြို့လုံးရှိ ဆိုင်တံခါး၊ အလုပ်တံခါးအားလုံး ပိတ်ကာ မန္တလေးတောင်၊ မဟာမုနိဘုရားကြီး၊ ရန်ကင်းတောင်၊ ရွှေကျီးမြင်၊ သကျသီဟ၊ အိမ်တော်ရာ၊ ရှင်ပင်ပက်လက် ရေစက်လက် စသောဘုရားများ၌ စည်ကားခဲ့သည်။ ကဆုန်လပြည့်နေ့တွင် ရွှေကြက်ယက်၊ ရွှေကြက်ကျ၊ ဗောဓိကုန်းတို့ တိုးမပေါက်၊ စတုဒိသာများ၊ တီးဝိုင်းများ၊ ညောင်ရေသွန်း လှည့်လည်ပွဲများဖြင့်
ယဉ်ကျေးသိမ်မွေ့လှသည်။ ဝါဆိုလပြည့်နေ့မှာရော လူတိုင်းလက်မှာ ဝါဆိုပန်းစည်းလေးတွေကိုင်ကာ မန္တလေးတောင် ခြင်္သေ့ကြီးနှစ်ကောင်အတက်တွင် ပြည့်ကျပ်နေသည်။ မဟာမုနိဘုရားကြီးတွင်လည်း
အရုဏ်တက် မျက်နှာသစ်တော်ရေအမီ နရည်းဗုံ
တောင်တီးသံကြားသည်နှင့် ဂန္ဓကုဋီတိုက်တံခါးဝ၌ ကျိတ်ကျိတ်တိုးစည်ကားနေ၏။ လူရွယ်လူငယ်
အားလုံးမှာ သေသပ်သောဆံပင်၊ မြန်မာဆန်ယဉ်ကျေး သော အဝတ်အစားများဖြင့် တစ်ဦးနှင့်တစ်ဦး လေးစား
ချစ်ကြည်စွာ ဘုရားသွားကျောင်းတက်ကြသည်။
ပြည့်ဝန်းသောလပြည့်၏အေးမြမြလရောင်အောက်မှာ
သီတင်းကျွတ်လပြည့်နေ့ကား ကျောက်တော်ကြီး
ဘုရားပွဲဖြင့် ပျော်ပွဲရွှင်ပွဲပါဝင်သော်လည်း စန္ဒမုနိဘုရား
စိန်တောင်ဝန်းရံသည့် ရင်ပြင်တွင် နာနတ်ယို၊ စွံပလွန်
ယို၊ ဆီးဖြူသီးငါးပိကြော်၊ ရေနွေးကြမ်းတို့ဖြင့် လုံမပျို
များက ဧည့်ခံ၊ လုလင်လေးများက ယဉ်ကျေးစွာ စား
သောက်ရင်း လူငယ်ဘာသာဘာဝ ရင်ခုန်ကြည်နူးခဲ့
ကြ၏။ ပြည့်ဝန်းသောလပြည့်၏ အေးမြမြလရောင် သည် အမှတ်ရဖွယ်ညချမ်းအဖြစ် သိမ်မွေ့စွာ ကန့်လန့် ကာဖွင့်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့မှာရော မန္တလေး၏ပြတိုင်းစေ့ ကထိန်တွေမှာ
လှူကြတန်းကြ၊ တီးဝိုင်း၊ အငြိမ့်များ ကပြ
ကြ၊ ကြည်နူးကြ။ တန်ဆောင်မုန်းလဆန်း
၁၄ ရက်နေ့ (အဖိတ်နေ့)တွင် နေ့လယ်
စာ စောစောစားသောက်ပြီး စစ်ကိုင်းသို့
ကူးကြသည်။ စစ်ကိုင်း-မန္တလေးကား လမ်းမ
ကြီးတွင် ကားတွေအားလုံး အနောက်
ဘက်ကမ်းဆီ ဦးတည်ကြသည်။ တံတား
အတက် ရွှေကြက်ယက်လမ်းခွဲကတည်း
က များပြားလှသည့် ကထိန်ကားတွေ
က အတောင့်လိုက်ဖြစ်နေသည်။ တံတား
ပေါ်မှာလည်း ကားတန်းကြီးမဆုံးသေးပေ။
ထိုကားတန်းကြီးသည် တောင်ရိုးသရက်
ပင်ဆိပ်ထိ အဆက်မပြတ်တော့၊ အဖိတ်
နေ့ညချမ်း စစ်ကိုင်းတောင်ပေါ် ကားသံ၊ လူသံ၊ တူရိယာ
သံ၊ အသံချဲ့စက်အသံတို့ဖြင့် စီစီညံလို့။ အလင်းပေါက်
တောင်ရိုးရှိ ချောင်တိုင်းကို လှည့်ပတ်သွားလာကြ
သည့် မိန်းမပျိုလေးတိုင်း မှဲ့တစ်ပေါက်မစွန်းခဲ့၊ စောင့်ရှောက်ကြ၊ ကူညီကြသည်။
ပုညရှင်ရင်ပြင်၊ ဥမင်သုံးဆယ်ရင်ပြင်များတွင် ဝိုင်းဖွဲ့
သီချင်းဆိုတီးမှုတ်ကခုန်ကြ၏။ လပြည့်နေ့ ကထိန်
သင်္ကန်းကပ်၊ ရေစက်ချပြီးမှ မန္တလေးပြန်ကြသည်။ ထိုညမန္တလေးမှာ ပြတိုင်းစေ့မုန့်လုံးရေပေါ်ကျွေးကြသည်။ ပံ့သကူပစ်ကြသည်။ တစ်ပြဝင်တစ်ပြထွက် ခြေ
ကျင်အုပ်လိုက် ပျော်ပျော်ပါးပါးမုန့်လုံးရေပေါ်စားကြ၊ ပံ့သကူရှာကြ၊ ကျီးမနိုးပွဲကို သိမ်မွေ့စွာကစားကြနှင့်လင်းသည်အထိ။
အခါကြီးရက်ကြီး
သည်ဘက်နှစ်ပိုင်းတွေမှာ မန္တလေး၌ ဥပုသ်နေ့
ပိတ်သော ဆိုင်တွေ၊ အလုပ်တွေ အလွန်နည်းပါးသွား သည်။ မြို့ခံတွေလောက်သာ သည်အစဉ်အလာကို
မပျက်မယွင်း စောင့်ထိန်းကြ၏။ မြို့ခံတွေကလည်း
ဆင်ခြေဖုံးမှာ မြို့သစ်တွေမှာဆိုတော့ လူမြင်ကွင်း မြို့
လယ်ကောင်တွင် ဥပုသ်ပိတ်သော ဆိုင်မရှိသလောက်ရှား
သွား၏။ ဝါတွင်း အရုဏ်တော်အသင်းများလည်း အနည်းငယ်သာကျန်တော့ရာ မနည်း အားခဲ အသက်
ဆက်နေကြရ၏။ ဝါတွင်းဥပုသ်နေ့တွင် မနက်စောစော ဓမ္မာရုံပြေးကာ သီလယူ၊ ထို့နောက် လုပ်ငန်းခွင်ဆီသို့ ကိုယ်စီ အရောက်ပြေးကြရသည်ချည်း။ ဝမ်းတစ်ထွာ
အရေးက နိစ္စဓူဝ ထက်ကြပ်မကွာ ရိုက်ပုတ်နေသည့်
သဘော။ သည်တော့လည်း ဝါတွင်းဝါပတ် မပြောပါ
နှင့် အခါကြီး၊ ရက်ကြီး လပြည့်လိုနေ့မျိုးပင်လျှင် ဆိုင်
ဖွင့်ဈေးရောင်း သွားလာရောင်းဝယ်ကြကာ မသိလိုက်
မသိဘာသာ ဖြတ်သန်းသွားကြသည်။ တစ်ခုတော့ရှိ သည်။ တရုတ်နှစ်သစ်ကူးဆိုလျှင်တော့ ဘာမှဝယ်မရ တော့၊ ရောင်းမရတော့၊ အားလုံးရပ်နား၊ တိတ်ဆိတ်၊ လမ်းပေါ်ရှင်းလင်း။
တကယ်တော့ မန္တလေး၊ မန္တလေးနှင့် တသသ
လုပ် လွန်းလှသော မိမိကိုယ်တိုင်ပင် 'အခါကြီး ရက်ကြီး'
ဟူသော သတ်မှတ်ချက်များ ပျောက်ကွယ်ခဲ့ သည့်ကာလ
အတော်ရှည်ကြာခဲ့ပေပြီ။
ဆူးငှက်