Latest News

Tuesday, June 19, 2018

မျှစ်အကြောင်း သိကောင်းစရာ

မျှစ်အကြောင်း သိကောင်းစရာ

မရှိမဖြစ် ဝါးပင်

ဝါးမျိုးနွယ်ပင် မျှစ်ကို အင်္ဂလိပ်လို Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa vulgaris,Phyllostachys edulis ဟုခေါ်ပါတယ်။ ရက်သတ္တနှစ်ပတ်သားမတိုင်ခင် ဝါးပင်ပေါက် အရွယ်မှချိုးယူ၍ မျှစ်အဖြစ် စားသောက်နိုင်ပါတယ်။ မျှစ်ကို ချက်ချင်းလက်ငင်းချိုးပြီး စားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း စားသုံးနိုင်ပါတယ်။ ဝါးပင်ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်ရုံမျှမက ဝါးပင်နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာနှင့် တိုင်စသဖြင့် လူ့အသုံးအဆောင်ပစ္စည်းများအတွက် အသုံးဝင်လှပါတယ်။

ဝါးပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို စုပ်ယူခြင်း၊ အောက်ဆီဂျင်ဓာတ်ကို ပြန်လည်ထုတ်ပေး ခြင်း၊အစိုဓာတ်ရှိနေချိန်တွင် စုပ်ယူထားရှိပြီး လုံးဝခြောက်သွေ့ချိန်တွင် အစိုဓာတ်များ ပြန်လည်ထုတ်ပေးခြင်း ကြောင့် ဝါးပင်များအနီးရှိ လူ၊ တိရစ္ဆာန်၊ သစ်ပင်များနှင့် သဘာဝတောတောင်များအတွက် အလွန်အရေးပါ သောအပင်ဖြစ်ပါတယ်။

မျှစ်နှင့် မြန်မာ့ဆေးကျမ်း

၁။ ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင် မျှစ်နုသည် ဖန်သောအရသာ၊ ချိုသောအရသာ ရှိ၏။ ပူ၏။ သလိပ်ကို နိုင်၏ဟုဆိုထားပါတယ်။

၂။ ဘာဝပ္ပကာသကျမ်းတွင် မျှစ်သည်ချို၏။ ပူ၏။ ဖန်၏။ လေသလိပ်ကိုပျက်စေတတ်၏ဟု ဆိုထားပါတယ်။

၃။ သုဿုတကျမ်းတွင် မျှစ်သည်ချို၏။ ဖန်၏။ ဝမ်းမီးချက်ပြီးနောက် ပျက်စေတတ်၏ ဟုဆိုထားပါတယ်။

မျှစ်နှင့် ကျန်းမာရေး

လတ်လတ်ဆတ်ဆတ် ၁ဝဝ ဂရမ်အလေးချိန်ရှိသောမျှစ်တွင် ၁၂ ကယ်လိုရီပါရှိပြီး ပရိုတင်း၊ ရေဓာတ်၊ ကျေညက်လွယ်သောအမျှင်ဓာတ်၊အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့အပြင် ဗီတာမင် ဓာတ်များဖြစ်ကြသော သီအာမင်၊ ရီဘိုဖလာဗင်၊ နီအာစင်၊ ဗီတာမင်ဘီ ၆၊ ဖောလိပ်၊ ပန်တိုသင်းနစ် အက်စစ်တို့ ပါရှိကြပါတယ်။ ဒါ့အပြင် သတ္တုဓာတ်များဖြစ်ကြသော ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မီးစုန်း၊ ပိုတက်စီယမ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီးစ်၊ စီလီနီယမ်တို့လည်း အသီးသီးပါရှိကြပါတယ်။

၁။ ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ အမျှင်ဓာတ်ကြွယ်ဝသော မျှစ်ကို ပုံမှန်စားသုံး ပေးခြင်းအားဖြင့် သွေးထဲရှိ မကောင်းသော LDL ကိုလက်စထရောအဆီကို သိသိသာသာလျော့ကျစေ နိုင် ကြောင်း သိရှိရပါတယ်။

၂။ Phytonutrients ကြွယ်ဝသောမျှစ်က နှလုံး၏စွမ်းဆောင်ချက်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးခြင်း၊ LDLကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ မျှစ်တွင်ပါရှိသော ပိုတက်စီယမ်ဓာတ်က နှလုံးကို ပုံမှန်အ လုပ် လုပ်စေခြင်း စသည့်အကျိုးဆက်များကြောင့် မျှစ်ကိုစားသုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းမှ ကြိုတင် ကာကွယ်ပေးနိုင်ပါတယ်။

၃။ မျှစ်ဟာ ကယ်လိုရီနှင့်အဆီပါဝင်မှု နည်းပြီး အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ကိုယ်အလေး ချိန်ကျလိုသူများအနေဖြင့် မျှစ်ကိုစားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များသော မျှစ်ကိုစားခြင်းဖြင့် အစာ အိမ်ကိုပြည့်တင်းစေကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတာကြောင့် ကိုယ်အလေးချိန်မ တက်စေဖို့ တစ်ဖက်တစ်လမ်းမှ ကာကွယ်ရာရောက်ပါတယ်။

၎။ မျှစ်ထဲမှာပါရှိသော သဘာဝ Phytonutrients များက အစွမ်းထက်မြက်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် စွမ်းဆောင်ပေးသလို DNA ကိုပျက်စီးသော ခန္ဓာကိုယ်ကိုဆိုးကျိုးပေးသည့် ဖရီးရယ်ဒီကယ်လ် များကိုလည်း တိုက်ထုတ်ပေးနိုင်တာကြောင့် ကင်ဆာရောဂါတွေ မဖြစ်စေဖို့အတွက် မျှစ်ကိုစားပေးသင့်ပါတယ်။

ဒါ့အပြင် မျှစ်ထဲတွင်ပါရှိသော chlorophyll ကကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။

၁။ မျှစ်ထဲတွင် anti-infl amatory ဂုဏ်သတ္တိများ ပါရှိနေကြပါတယ်။ ၎င်းဂုဏ်သတ္တိများက ဗက်တီးရီးယား နှင့်ကူးစက်ရောဂါပိုး အန္တရာယ်ကြောင့် ဖြစ်တတ်သော ခန္ဓာကိုယ်၏ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများ ကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

၂။ အမျှင်ဓာတ် ပေါကြွယ်ဝသော မျှစ်ကိုစားပေးခြင်းဖြင့် အစာကြေညက်စေကာ အူထဲရှိ ကောင်းကျိုးပြုသော ဗက်တီးရီးယား တို့ကို ကြီးထွားစေပါတယ်။ ဒါ့အပြင် အူသိမ်အူမတို့၏ လုပ်ငန်းဆောင်တာကို ချောေ မွ့စေကာ ဝမ်း(မစင်)ကို သက်သက်သာသာ ထွက်စေတာကြောင့် ဝမ်းချုပ်တတ်သူများအနေဖြင့် မျှစ်ကိုမကြာခဏ စားပေးသင့်ပါတယ်။

၃။ မျှစ်ဟာ ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေပါတယ်။

၎။ ရင်ကျပ်ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် မျှစ်ကိုပြုတ်၍ရလာသော အရည်ကို ပျားရည်စစ်စစ်ဖြင့် သောက်ပေးနိုင်ပါတယ်။

၅။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အတွက်ကိုလည်း မျှစ်စားပေးပါ။ မျှစ်ပြုတ်ရည်ကို သောက်ပါ။

၆။ မျှစ်က သွေးတိုးကျစေပါတယ်။ ဒါ့အပြင် မျှစ်ထဲမှာ ပိုတက်စီယမ်မြင့်မားစွာ ပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်များကို ထိန်းညှိပေးတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

၇။ မျှစ်က ခန္ဓာကိုယ်အရေပြား၏ ဆဲလ်အသစ်များ ထုတ်လုပ်ခြင်းကို အားပေးတာကြောင့် အသားအရေ ကောင်းလိုသူများ မျှစ်စားပေးပါ။

၈။ တရုတ်နိုင်ငံတွင် ရိုးရာကုထုံးဓာတ်စာအဖြစ် ကိုယ်ဝန်ဆောင်များ ချောချောမွေ့မွေ့ မီးဖွားစေနိုင်ရန် အတွက် ကိုယ်ဝန်ဆောင်၏ နောက်ဆုံးလတွင် မျှစ်ကိုစားသုံးစေပါတယ်။ ကလေးမွေးရန် ရက်လွန်နေသူများ လည်း မျှစ်စားပေးသင့်ပါတယ်။

၉။ မျှစ်က သွေးကြောနံရံများထဲရှိ ကိုလက်စထရောဖြစ်တည်မှုကို ကာကွယ်ပေးပါတယ်။ မကောင်းသော LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်တာကြောင့်လည်း နှလုံးကိုကျန်းမာစေပါတယ်။

၁၀။ မျှစ်ထဲတွင် မြင့်မားစွာပါရှိသော အမျှင်ဓာတ်များက အစာစားပြီးနောက် သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသည်များအတွက်မျှစ်က လွန်စွာ ကောင်းကျိုးပြုပါတယ်။

၁၁။ မျှစ်ဟာ Ayurvedic ဆေးစွမ်းသတ္တိရှိပါတယ်။ ၎င်းစွမ်းသတ္တိက တိရစ္ဆာန်များ၏ အဆိပ်အတောက်ကို ပြေစေပါတယ်။ အိန္ဒိယနိုင်ငံတွင် အဆိပ်ရှိမြွေနှင့် ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက် မျှစ်ကို ရိုးရာ ကုထုံးအဖြစ် အသုံးပြုကြပါတယ်။

၁၂။ မျှစ်ထဲတွင်ပါရှိသော မဂ္ဂနီးစ်ဓာတ်က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှုအတွက် အင်ဇိုင်းအဖြစ် အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။

၁၃။ မျှစ်ထဲတွင် ကယ်စီယမ်ဓာတ် အများအပြား မပါရှိသော်လည်း မျှစ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သောကယ်လ်စီယမ်ဓာတ်ကို လုံလုံလောက်လောက် အထောက်အပံ့ ဖြစ်စေတာကြောင့် အရိုးများ ကို သန်မာစေပါတယ်။

၁၄။ သံဓာတ်ပါရှိသောမျှစ်ကို စားပေးခြင်းဖြင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

မှတ်ချက်

၁၅။ ဟင်းအရသာကောင်းစေရန်နှင့် အရသာပူစပ်ခြင်းမဖြစ်စေဖို့အတွက် ဈေးကဝယ်လာသောမျှစ်ကို မချက် ပြုတ်ခင် ဦးစွာပထမ ရေဖြင့်တစ်ကြိမ် ပြုတ်ပါ။

၁၆။ လတ်ဆတ်သောမျှစ်ကို ရေခဲသေတ္တာထဲမှာ ရက်သတ္တနှစ်ပတ်အထိ သိမ်းထားနိုင်ပါတယ်။

၁၇။ အရသာခါးသက်သက်ဖြစ်သွားသော သို့မဟုတ် ရေခဲသေတ္တာထဲတွင် နှစ်ပတ်ထက်ပို၍ကြာသော မျှစ်များကို မစားသင့်ပေ။

သတိပြုရန်

၁၈။ ကိုယ်ဝန်နုစဉ် မျှစ်ကိုအလွန်အကျွံ မစားသင့်ပေ။

၁၉။ အကြောတက်သူများမျှစ်ကို လျှော့စားပါ။

ပေါက်ပေါက်
MWD

No comments:

Post a Comment