Latest News

Saturday, June 9, 2018

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၀) အောင်ဝေး

‘မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ’

ကျနော်တို့ ဧရာဝတီစည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ အလင်္ကာစကား တခွန်းပါ။ ကျနော်တို့အမှတ်ရနေကြတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာလည်း နဝတရဲ့ မုန်တိုင်းမိုးတိမ်တွေက ရိုင်းရိုင်းစိုင်းစိုင်း ဆင်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီးဆက်ဖို့ ပုသိမ်ကနေ ထွက်ခွာသွားပြီလည်းဆိုရော အကျဉ်းထောင်အာဏာပိုင်တွေဘက်က ကျနော်တို့အပေါ် တင်းကျပ် ချုပ်ချယ်မှုတွေ စလုပ်လာတော့တာပါပဲ။
ပထမဆုံး လူတွေကို နေရာတွေ ခွဲပစ်လိုက်တယ်။ ကျနော်နဲ့ အင်န်အယ်လ်ဒီ လူငယ်တချို့ကို ကြိုးတိုက်ဘက် ပို့လိုက်တယ်။ သီးခြားတိုက်မှာတချို့ကျန်ခဲ့တယ်။

ကျနော်တို့အုပ်စုကို တနေ့ (၁၅) မိနစ် ရေချိုးဆင်းဖို့ တိုက်ခန်းသံတံခါးဖွင့်ပေးတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကျနော်တို့ချင်း မဆုံရအောင် ထောင်အာဏာပိုင်တွေက လုပ်ပစ်လိုက်ပါတယ်။

ဘယ်ရမလဲ။ ကြိုးတိုက်နဲ့သီးခြားတိုက် ကြားမှာ ကြိုးစင်တခုပဲခြားတာမို့ အင်န်အယ်လ်ဒီ လူငယ်တွေက ဟိုဘက်နဲ့ဒီဘက် ဆိုက်ဖား - စကားဝှက်နဲ့ သတင်းတွေ အပြန်အလှန်ပို့ကြတာပေါ့။

ကျနော်တို့ ရရှိတဲ့သတင်းတခုကတော့ ဟင်္သာတအဝင်မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းလာမယ့် လမ်းတပြည့် နှင်းဆီပန်းတွေ တပြန့်တပြူးခင်းပြီး ကြိုဆိုကြပါသတဲ့။ အဲဒီသတင်း ကြားလိုက်ရတဲ့အခိုက်အတန့် အကျဉ်းထောင်ထဲက ကြိုးစင်တဝိုက်မှာ နှင်းဆီနံ့ရဲရဲက ထောင်းကနဲ ပျံ့စွဲသွားသလို ခံစားလိုက်ကြရပါတယ်။

အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ်လုပ်ထားတော့ ကျနောာ်တို့ကို လျှို့ဝှက်ကူညီနေတဲ့ ဝန်ထမ်းတွေလည်း အရင်လို ပြည့်ပြည့်ဝဝ မကူညီနိုင်တော့ပါဘူး။

ကျနော်က ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းတုန်းကတုန်းကလည်း ဒီပုသိမ်ထောင်ကြီးထဲမှာ သုံးလေးနှစ် နေခဲ့ဖူးတာမို့ အပြင်နဲ့ အဆက်အသွယ်ရဖို့ အကြံအဖန် လုပ်ရပါတော့တယ်။

ကျနော်တို့ ကြိုးတိုက်နဲ့သီးခြားတိုက်ထဲကို ထမင်းလာလာပို့ရတဲ့ အကျဉ်းသားတွေထဲမှာ ဒီမိုကရေစီလိုလားတဲ့ ထောင်ကျရဲဝန်ထမ်းတချို့ ပါပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ အကောင်းဆုံးဆက်သားတွေ ဖြစ်လာပါတယ်။

အဲဒီထောင်ကျနေတဲ့ ရဲဝန်ထမ်းတွေ လျှို့ဝှက်ကူညီလို့ ကျနော်တို့ အဖမ်းခံနေရတဲ့အကြောင်း အင်န်အယ်လ်ဒီ ဌာနချုပ်က ထုတ်ပြန်တဲ့သတင်းလွှာကိုတောင် ကျနော်တို့ အာမခံနဲ့ ပြန်မလွတ်ခင် အကျဉ်းထောင်ထဲမှာတင် ဖတ်လိုက်ကြရပါသေးတယ်။

အခု ကျနော်နဲ့ အတူ အဖမ်းခံနေရတဲ့ အင်န်အယ်လ်ဒီ လူငယ်တွေဟာ အဲဒီ ပုသိမ် ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေပါပဲ။

အဲဒီအချိန်မှာ သူတို့အသက်ဟာ ၁၇နှစ် ၁၈နှစ်သာသာတွေပဲ ရှိကြပါသေးတယ်။ သူတို့ဟာ ငယ်ရွယ် နုနယ်ကြသေးပေမဲ့ ခိုင်မာတိုးတက်တဲ့ နိုင်ငံရေးခံယူချက်နဲ့ အကျဉ်းထောင်ထဲကို ရောက်လာကြတာပါ။ သမိုင်းသိစိတ်ရှိတဲ့ သူတို့ကို လူလတ်ပိုင်းတယောက်အနေနဲ့ ကျနော် အားပေးစကားပြောပါတယ်။

လူငယ်ရဲ့ဘဝ အဓိပ္ပာယ်ဟာ နှစ်ခုပဲရှိတယ်။ (၁) အမှန်တရားမြတ်နိုးခြင်းနဲ့ (၂) မတရားမှုကို ခုခံဆန့်ကျင်ခြင်း ဒါပဲဖြစ်တယ်။

ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း စည်းရုံးရေးခရီးစဉ်တလျှောက် ရောက်လေရာမှာ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေနဲ့ နွေးနွေးထွေးထွေး တွေ့ဆုံခဲ့ပါတယ်။

အခု ကျနော်တို့ ဧရာဝတီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လူ့ဘောင်သစ်ပါတီဌာနချုပ်က ကိုမိုးဟိန်း လိုက်ပါလာပါတယ်။ ကျနော်တို့ ခရီးစဉ်အရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ် ခရီးစဉ်တုန်းကဆိုရင် လူ့ဘောင်သစ်ပါတီက ကိုမိုးသီးဇွန်ကိုယ်တိုင် လိုက်ပါခဲ့တာပဲ မဟုတ်လား။

အဲဒီအချိန်တုန်းက ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးထုတ်လိုက်တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ တိုးတက်တော်လှန်တဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေဟာ အင်အားနှစ်မြွှာ နှစ်နေရာ ကွဲသွားခဲ့ရတယ်။ အင်အားတစုက မြေပေါ်မှာ ကျန်ရစ်တယ်။ အင်အားတစုက တောထဲကို ရောက်သွားကြတယ်။

ဘယ်နေရာကိုပဲရောက်ရောက် လူငယ်တွေဟာ ထူးအိမ်သင်ရေးခဲ့သလို ခွပ်ဒေါင်းသွေးနဲ့ ရဲရဲ ရှေ့ကိုချီတက်ကြတာပဲမဟုတ်လား။

‘ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်၊ ဘာလုပ်ဖို့လဲ၊ တိုက်ပွဲဝင်ဖို့’ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ လူငယ်တွေကတော့ အမြဲ ရွှင်လန်း တက်ကြွနေကြတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဘယ်မြို့ကို ရောက်သွားပြီ၊ နဝတစစ်တပ်က ဘယ်မြို့မှာ ဘယ်လိုညစ်ပတ်တယ် စသည်ဖြင့် သတင်းတွေလည်း ကျွန်တော်တို့ထောင်ထဲကို အဆက်မပြတ်ဝင်လာပါတယ်။

ယမန်ကြီးနှစ်ပတ်နဲ့ နောက်ထပ်နှစ်ရက် စုစုပေါင်း ရက်(၃ဝ) တင်းတင်းပြည့်တော့ ကျနော်တို့အားလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ တရားသူကြီးက နောက်ထပ်ရုံးချိန်းကို ယမန်လေးတပတ် ခုနစ်ရက်ပဲ ခွာပြီး ချိန်းပါတယ်။ ကျနော်တို့ကို ခြေချုပ်လုပ်လိုက်တဲ့သဘောပါပဲ။

ဘာဖြစ်သလဲ ဒီခုနစ်ရက်အတွင်းမှာ ကျနော်တို့ ရန်ကုန်ဌာနချုပ်ကိုလည်း သွားနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့နိုင်တာပဲ။ ဆရာဦးဝင်းတင်နဲ့လည်း တွေ့နိုင်တာပဲ။ မြစ်ဝကျွန်းပေါ် တမြို့နှစ်မြို့ တညအိပ် နှစ်ညအိပ် စည်းရုံးရေးခရီးလည်း ထွက်နိုင်တာပဲ။

‘လေဆန်မှာ မြားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ငှက်သာ မနက်ဖြန်အတွက်ဖြစ်တယ်’ ဒါပဲမဟုတ်ပါလား။ ။



(မူရင်း - လွတ်လပ်တဲ့အာရှအသံ မြန်မာဌာန)

No comments:

Post a Comment