Latest News

Friday, June 29, 2018

ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် အကောင်းဆုံး ကစားသမားနှင့် ယှဉ်ပြိုင်ချင်သည့် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်

ချန်ပီယံခါးပတ် ကာကွယ်ပွဲအတွက် အကောင်းဆုံး ကစားသမားနှင့် ယှဉ်ပြိုင်ချင်သည့် မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်

မကြာမီ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ စင်ကာပူနိုင်ငံရှိ ONE Championship မှ ကျင်းပမည့် ONE:SPIRIT OF A WARRIOR MMA ပြိုင်ပွဲတွင် အဓိက စိန်ခေါ်ပွဲအဖြစ် ဂျပန်နိုင်ငံသား Ken Hasegawa နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်မည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနေဖြင့် အနိုင်ရရှိရန် ပြင်ဆင်ထားပုံနှင့် အနာဂတ်တွင် MMA ကစားသမား တစ်ဦးအနေဖြင့် ဖြတ်သန်းရမည့် အစီအစဉ်များကို သိရှိစေရန် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

အောင်လအန်ဆန်အနေနဲ့ Ken ပြိုင်ဖို့ အချိန်ဘယ်လောက်ယူပြီး ပြင်ဆင်ထားလဲ။ အလဲထိုး အနိုင်ယူဖို့ ပြင်ဆင်ထားတာကို ပြောပြပေးပါဦး။

Ken နဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက် အချိန်ကိုးပတ်ယူပြီး လေ့ကျင့်ပြင်ဆင် ထားပါတယ်။ အဲဒီကာလအတွင်း လေ့ကျင့် ပြင်ဆင်တဲ့အခါ နေ့စဉ် နေ့ညမရွေး လေ့ကျင့်ပြင်ဆင် ထားပါတယ်။ Ken က ဂျပန်ဂျူဂျစ်ဆုနဲ့ ဂျူဒိုကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့ တိုက်ခိုက်ရေး သမားကောင်း ဖြစ်တာကြောင့် သူ့ကို အလဲထိုး အနိုင်ယူဖို့ အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့သူ့ကို အလဲထိုး အနိုင်ယူဖို့ ကျွန်တော့်မှာ Plan ရှိပါတယ်။ အဲဒီ Plan ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေ ပျော်ရွှင်ဖို့ အလဲထိုး အနိုင်ယူမှာပါ။

အောင်လအန်ဆန် အနေနဲ့ အခုယှဉ်ပြိုင်မယ့် Ken နဲ့ပွဲမှာလည်း အရင်က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေလိုပဲ ပွဲသိမ်းမြန်စွာနဲ့ အနိုင်ယူဦးမှာလား။

Ken က ဂျပန်နိုင်ငံရဲ့ အကောင်းဆုံး တိုက်ခိုက်ရေး သမားတွေ စာရင်းထဲမှာ တစ်ဦး ပါဝင်တာကြောင့် သူ့ကို အရင်ပွဲတွေက ပြိုင်ဘက်တွေလို ပွဲစပြီးမိနစ် အနည်းငယ် အတွင်းမှာ အနိုင်ယူနိုင်မယ်လို့ မထင်ထားပါဘူး။ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ့် အနေအထားရှိပါတယ်။ ဂျပန်နိုင်ငံသား တိုက်ခိုက်ရေး သမားတွေကလည်း တိုက်ခိုက်ရေး ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်တဲ့အခါ တော်ရုံလောက်နဲ့ အရှုံးမပေးဘူး။ အနိုင်ရလဒ်ကို လိုချင်နေတဲ့ သူတွေပါ။ မြန်မာနိုင်ငံသား တိုက်ခိုက်ရေး သမားတွေက အသည်းမာပြီး အနိုင်ရလဒ်ရရှိဖို့ ပညာစုံ ထုတ်သုံးပြီး ယှဉ်ပြိုင်တတ်တဲ့ သူတွေပါ။ အခုပွဲက ဒီလိုနှစ်နိုင်ငံ တိုက်ခိုက်ရေး သမားချင်းတွေ့တဲ့ ပွဲဖြစ်တာကြောင့် Ken ကိုလွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီးမှ အနိုင်ရမယ်လို့ မှန်းထားပါတယ်။ Ken ကိုအနိုင်ရဖို့ သုံးချီလောက်အထိ ယှဉ်ပြိုင်ရမယ်လို့ မှန်းထားတယ်။ ပွဲကြည့်မယ့် သူတွေအနေနဲ့ ဒီပွဲကို ကြာကြာကြည့်နိုင်ဖို့ အချိန်သတ်မှတ်ချက်နဲ့ အနိုင်ရရှိမှုကို အဓိကမထားဘဲ ပရိသတ်အကြိုက် ပုံစံယှဉ်ပြိုင်ပြီး Ken ကိုအနိုင်ယူမှာပါ။

Ken ကိုအနိုင်ယူဖို့ အောင်လအန်ဆန် အနေနဲ့ ယုံကြည်မှု ရာခိုင်နှုန်း ဘယ်လောက် ရှိနေလဲ။

တိုက်ခိုက်ရေး ကစားသမား တစ်ဦးအနေနဲ့ ပွဲတစ်ပွဲကို ယှဉ်ပြိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်နိုင်ဖို့ ရာနှုန်းပြည့် ယုံကြည်မှုရှိမှ ဝင်ရောက်ယှဉ်ပြိုင် သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ Ken ကိုအနိုင်ရဖို့ ရာနှုန်းပြည့် ယုံကြည်မှုရှိလို့ အခုပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ယှဉ်ပြိုင်တဲ့ ပွဲတိုင်းကို အနိုင်ယူဖို့ ယုံကြည်မှု ရရှိအောင် လေ့ကျင့်ပြင်ဆင်ပြီးမှ ဝင်ရောက်ယှဉ်ပြိုင်တာပါ။

အောင်လအန်ဆန်အနေနဲ့ ချန်ပီယံ ခါးပတ်ကာကွယ်ဖို့ အနာဂတ်မှာ ယှဉ်ပြိုင်မယ့် ပွဲတွေရောရှိပါသလား။

အခုယှဉ်ပြိုင်နေတဲ့ ပွဲတွေက ချန်ပီယံ ခါးပတ်ကာကွယ်ဖို့ အစအနေနဲ့ ယှဉ်ပြိုင်နေတာပါ။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တိုက်ခိုက်ရေး သမားတွေနဲ့ ချန်ပီယံခါးပတ် ကာကွယ်ပွဲတွေ အများကြီး ယှဉ်ပြိုင်မှာပါ။ ကျွန်တော့်အနေနဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ မစ်ဒယ်ဝိတ် ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ စိန်ခေါ်ပွဲများစွာ ယှဉ်ပြိုင်မှာပါ။ အဲဒီပွဲတွေ ယှဉ်ပြိုင်တဲ့အခါ ခက်ခဲမှုတွေ အများကြီး ရှိမှာဖြစ်သလို မြန်မာနိုင်ငံ အတွက်နဲ့ ပရိသတ်တွေအတွက် နိုင်ပွဲတွေ ရရှိအောင် ယှဉ်ပြိုင်မှာပါ။

အောင်လအန်ဆန် အနေနဲ့ မြန်မာနိုင်ငံမှာ MMA သင်တန်းဘယ်တော့လောက် စဖွင့်ဖြစ်မလဲ။

ဒီနှစ်ကုန်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ MMA သင်တန်းကို ဖွင့်လှစ်မှာပါ။ အဲဒီသင်တန်းကနေ မြန်မာနိုင်ငံ ကိုယ်စားပြု MMA ကစားသမားကောင်းများစွာ ထွက်ပေါ်လာအောင် မွေးထုတ်ပေးမှာပါ။

အောင်လအန်ဆန် အနေနဲ့ နောက်ပိုင်း MMA ပွဲတွေ ယှဉ်ပြိုင်တဲ့အခါ ကစားပုံတွေကို ပြောင်းဖို့ အစီအစဉ်ရှိလား။

ကျွန်တော့်အနေနဲ့ ပြိုင်ပွဲတွေယှဉ်ပြိုင်တဲ့အခါ တကယ်တော်ပြီး ထူးချွန်တဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ကိုယ်ခံပညာ အစုံကို ကစားနိုင်အောင် လေ့လာသင်ယူ ထားပါတယ်။ လက်ရှိမှာ ကျွန်တော့်ရဲ့ မိတ်ဆွေတွေဖြစ်တဲ့ UFC ပြိုင်ပွဲဝင် ကစားသမားကောင်း တွေနဲ့လည်း လေ့ကျင့်ပြင်ဆင် ထားပါတယ်။ ပရိသတ်တွေ အနေနဲ့ ကျွန်တော် နောက်ပိုင်းယှဉ်ပြိုင်တဲ့အခါ အရင်ကနဲ့ မတူညီတဲ့ ပုံစံတွေနဲ့ ယှဉ်ပြိုင်တာကို မြင်ရမှာပါ။

အောင်လအန်ဆန် အနေနဲ့ နောက်ထပ် ချန်ပီယံခါးပတ်တွေ ရယူဖို့ အစီအစဉ် ရှိသေးလား။

ကျွန်တော် နောက်ထပ်ချန်ပီယံ ခါးပတ်တွေ ထပ်ယူမှာ မဟုတ်တော့ပါဘူး။ ရထားတဲ့ ချန်ပီယံ ခါးပတ်နှစ်ခုကိုပဲ ကာကွယ်မှာပါ။ နောက်ထပ် ကိုယ်ခန္ဓာ အလေးချိန် အတက်အကျအပြင် တခြားကဏ္ဍ များစွာကို ထပ်လုပ်ရမှာ ဖြစ်တာကြောင့် ရထားတဲ့ ချန်ပီယံခါးပတ် နှစ်ခုအပေါ် အာရုံမထားနိုင်မှာ စိုးလို့ ဝိတ်တန်းအသစ်တွေ ထပ်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ရှိတဲ့ အောင်လအန်ဆန်ရဲ့ပရိသတ်တွေ အတွက် စကားလက်ဆောင် ရှိရင်ပြောပေးပါဦး။

ကျွန်တော့်အနေနဲ့ အခုရယူထားတဲ့ ချန်ပီယံဘွဲ့တွေက မြန်မာနိုင်ငံနဲ့ ပရိသတ်တွေ အတွက်ယူထားတဲ့ ဆုတွေဖြစ်တာကြောင့် လွယ်လွယ်နဲ့တော့ သူများလက်ထဲကို ထည့်ပေးမှာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ ကာလကြာရှည်စွာ နိုင်ငံနဲ့ပရိသတ်တွေ အတွက်ကာကွယ်မှာပါ။ ပရိသတ်တွေ အနေနဲ့လည်း ကျွန်တော့်ကို အားဖြစ်အောင်လို့ အရင်ကထက်ပိုပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။

MWD

No comments:

Post a Comment