မန္တလေး မေ ၇
မြန်မာ့သရက်သီး ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရားဝင်း အတွင်း၌ မေ ၂ဝ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။ အဆိုပါပွဲတော်တွင် ဒေသအသီးသီးမှ ထွက်ရှိသည့် သရက်သီးမျိုးစုံ သရက်ပျိုးပင်များ၊ သရက်ထွက်ကုန်များနှင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ပစ္စည်းများကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
''အရင်နှစ်တွေကတော့ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းက လုပ်ပါတယ်။ ကျွန်တော်တို့ အသင်းကတော့ ဒီနှစ်မှ စလုပ်တာပါ။ ပွဲမှာက သရက်ပျိုးပင်ကအစ သရက်သီး၊ သရက်ခြောက်၊ သရက်အနှစ် စတဲ့ သရက်နဲ့ပတ်သက်တဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို ပြသရောင်းချသွားမှာပါ'' ဟု မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ဥက္ကဋ္ဌဦးကိုကိုကပြောသည်။
ပွဲတော်တွင် အရောင်းဆိုင်ခန်း ၃ဝ ပါဝင်ပြသနိုင်ရန် စီစဉ်ထားပြီး ဆိုင်ခန်း တစ်ခန်းလျှင် ပွဲရက်သုံးရက်စာအတွက် ငွေကျပ် ၃ဝဝဝဝ နှုန်း ဆိုင်ခန်းခ ပေးသွင်း၍ မည်သူမဆို လာရောက်ရောင်း ချနိုင်ကြောင်း သိရသည်။ သရက်ကို နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့၌ အများဆုံး စိုက်ပျိုးကြပြီး ပြည်တွင်းမှ ထွက်ရှိသည့် သရက် ၉၅ ရာခိုင်နှုန်းအား တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း သိရသည်။
MWD
No comments:
Post a Comment