ကျောင်းအပ်နှံကြပါစို့
‘ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအား လုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေး’ဟူသော ဆောင်ပုဒ်များဖြင့် ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ထုတ်ပြန်ကြေညာ ထားပါသည်။
ဖွံ့ ဖြိုးတိုးတက်နိုင်မည်
ယနေ့ ကမ္ဘာပေါ်တွင် ပညာတတ်လူတန်းစားပေါများ သော နိုင်ငံများသည် အင်အားကြီးကြသည်။ ဩဇာရှိကြသည်။ ကြွယ်ဝချမ်းသာကြသည်။ ပညာတတ်နည်းလျှင် နိုင်ငံလည်း ဆင်းရဲသည်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပညာတတ် လူတန်းစား များများလိုအပ်ပါသည်။ ကျောင်းအပ်နှံရေး သီတင်း ပတ်သည် နိုင်ငံအနာဂတ်အတွက် ပညာတတ်သားကောင်း သမီးကောင်း ရတနာများ၊ ပညာတတ် လူတန်းစားများ မွေးထုတ်ရေး အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ပညာဖြင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် ပညာရေးအခြေခံ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နိုင်ရေး အလွန်အရေး ကြီးပါသည်။ ပညာရေးအခြေခံ အုတ်မြစ်ခိုင်မာအောင် တည် ဆောက်နိုင်မှသာ ပညာတတ်များ ပေါများလာပြီး နိုင်ငံလည်း ဖွံ့ ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။
သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်
ယခုအခါ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံ ရေးသီတင်းပတ်အတွင်း သူငယ်တန်း (KG) အပါအဝင်အခြေခံ ပညာအတန်းအားလုံးသို့ တက်ရောက်ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းအပ် လက်ခံခြင်းလုပ်ငန်းများကို အောင်မြင်အောင် ကြိုတင်စီမံစီစဉ် ဆောင်ရွက်နေကြပြီဖြစ် သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အသက်ငါးနှစ်အရွယ် ကလေး များကို သူငယ်တန်း (KG) ၊ အသက်ခြောက်နှစ် အရွယ်ကလေးများကို Grade-1 (ပထမတန်း)တွင် အပ်နှံကြရမည်ဖြစ်သည်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (ဒုတိယတန်း) Grade-2 ကလေးများကို သင်ရိုးသစ်ဖြင့် သင်ကြားပေး မည်ဖြစ်သည်။
အခမဲ့ပညာရေးစနစ်
ကျောင်းနေအရွယ်ကလေးများအတွက် ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားလာစေရန်နှင့် ကျောင်း အပ်နှံနှုန်း၊ ကျောင်းနေမြဲနှုန်း၊ အတန်းလိုက် သင်ယူပြီးမြောက်မှုနှုန်း မြင့်မားလာစေရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယခုပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံစဉ်တွင် သူငယ်တန်း (KG) မှ စတုတ္ထတန်း (Grade-၄) အထိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံတစ်စုံစီ အခမဲ့ ဖြန့်ဝေပေး မည်ဖြစ်သည်။ သို့ရာတွင် ကျောင်း ဝတ်စုံများကို မယူမနေရ မဟုတ်ဘဲ လက်ခံရယူလိုသော ကျောင်းသား ကျောင်းသူများကိုသာ ဖြန့်ဝေပေးမည်ဖြစ်သည်။
အခမဲ့ဖြန့်ဝေပေးမည်
ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းဝတ်စုံအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံနှင့် ဗလာစာ အုပ်ခြောက် အုပ်စီကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်။ ပဉ္စမတန်းမှ ဒသမ တန်းအထိ ကျောင်းသား ကျောင်းသူအားလုံးအတွက် ကျောင်း သုံးပြဋ္ဌာန်း စာအုပ်တစ်စုံစီကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်သည်။ ထို့အပြင် ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အတွက် ကျောင်းအပ် နှံရာတွင် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်ခေါင်းစဉ်နှင့်မျှ ငွေကြေးမပေးရပါ။ ငွေကြေးကောက်ခံခြင်းမပြုပါ။ ထိုသို့ မိသားစုများ၏ ကုန်ကျ စရိတ်ကို သိသာစွာ လျှော့ချပေးနိုင်ခဲ့မှုကြောင့် တစ်နှစ်ထက် တစ်နှစ် ကျောင်းသားဦးရေ တိုးမြှင့်အပ်နှံလာကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့ မြင်နေရသည်။
လုံလောက်စွာ ဖြန့်ဝေပေး
မိဘပြည်သူများအနေဖြင့်လည်း ကျောင်းအုပ်ကြီး အပါအဝင် ဆရာ ဆရာမများ၊ ပညာရေးဝန် ထမ်းများကို ငွေကြေး၊ လက်ဆောင်ပစ္စည်းပေးခြင်းများ၊ ရှောင်ကြဉ် ကြရမည်ဖြစ်သည်။ မိမိတို့သားသမီး များကလည်း ကျောင်းဝတ်စုံများအတွက် သက်ဆိုင်ရာနယ်မြေများတွင်သာ ကျောင်းအပ်နှံကြ ရပါမည်။ သက်ဆိုင်ရာကျောင်းများကလည်း ကျောင်းဝတ်စုံများအတွက် အတန်းတံ ဆိပ်နှင့် ကျောင်း တံဆိပ်များအပါအဝင် မည်သည့်ပစ္စည်းကိုမှ ရောင်းချခြင်း မပြုရန် တားမြစ်ချက်ကို လေးလေးနက်နက် လိုက်နာဆောင် ရွက်ကြရမည်ဖြစ်သည်။ မိဘပြည်သူများ ကျောင်းအပ်နှံရာ တွင် ထပ်ကျော့ ကျောင်းအပ်နှံခြင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားခြင်းတို့ကြောင့် လိုအပ်သော ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကိုလည်း မျှဝေခြင်းအစီအစဉ် နှင့် ပူးပေါင်းပြီး လုံလောက်စွာ ဖြန့်ဝေပေးမည်ဖြစ်ပါသည်။
ဆရာ ဆရာမများအနေဖြင့် မိမိ၏ တပည့်များကို ကျောင်း စာသင်ခန်းအတွင်း တကယ်တတ် မြောက်အောင် သင်ကြား သင်ယူလေ့ကျင့်ပေးကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ရေး ကျောင်းတွင်းဖွံ့ ဖြိုး ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ ကျောင်းနေမြဲပြီး အကျင့်စာရိတ္တကောင်းမွန်ရေးတို့ကို မိဘနှင့် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်သည်။ ကျောင်းဖွံ့ ဖြိုးရေး ရန်ပုံငွေများကိုလည်း ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်ရေး အတွက် အမှန်တကယ် အထောက်အကူဖြစ်စေရန် စနစ်တကျ စီမံခန့်ခွဲ အသုံးပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
ထိရောက်စွာ အကောင်အထည်ဖော်
ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကအလှူရှင်များ ပူးပေါင်းစီစဉ် ဆောင်ရွက်နေကြသည်ကိုလည်း ကြားသိနေရပါသည်။ သို့ရာတွင် အမိအဖ မပြည့်စုံသောကလေးများ၊ ဆင်းရဲ နွမ်းပါး၍ ဘ၀အတွက် ရုန်းကန်နေရသောကလေးများ၊ စစ်ဘေးရှောင် ကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့ မရောက်နိုင်သေးသော ကလေးများ ရှိနေဆဲပင် ဖြစ်သည်။ ထိုသို့သောကလေးများနှင့် ကျေးလက်မြို့ ပြ၊ လမ်း အသီးသီး၊ အိမ်အသီးသီးရှိ ကျောင်းနေအရွယ်ကလေးတိုင်းကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ တာဝန်ရှိသူများက ရှာဖွေဖော်ထုတ်ပြီး လိုအပ်သောအခက်အခဲများကို ဝိုင်းဝန်း ဖြည့်ဆည်းကာ ကျောင်းအပ်နှံနိုင်ရေးအတွက် ထိရောက်
စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
စိုးအောင်(ပညာရေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment