Latest News

Friday, May 18, 2018

ဟိုင်းကြီးကျွန်းတွင် ငါးဖမ်းရေယာဉ် ၁၇ စင်း ဖမ်းယူခွင့်ရရှိမည်

ဟိုင်းကြီးကျွန်းတွင်  ငါးဖမ်းရေယာဉ်  ၁၇ စင်း  ဖမ်းယူခွင့်ရရှိမည်

ဟိုင်းကြီးကျွန်း    မေ   ၁၈

မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတ လျော့နည်းလာသည့်အတွက် ငါးလုပ်ငန်းဦးစီး ဌာနက  Close Season, Close Area များ သတ်မှတ်ပြီး သယံဇာတထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ   ယခုနှစ်  မိုးရာသီ၌    ကမ်းဝေးငါးဖမ်းခွင့်ကို  ၂ဝ ရာခိုင်နှုန်းခွင့်ပြုခဲ့၍  ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်   ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ် ၈၆ စင်းရှိသည့်အနက် ၁၇ စင်း ငါးဖမ်းထွက်ခွင့်    ရရှိမည် ဖြစ်ကြောင်း မြို့ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ယခင်နှစ်က ကမ်းဝေးငါးဖမ်းခွင့်ကို ၃ဝ ရာခိုင်နှုန်းခွင့်ပြုခဲ့သော်လည်း ယခုနှစ် တွင် ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချပြီး ငါးဖမ်းဆီးခွင့်ပြုထားကြောင်း၊    ယခင်နှစ်က ငါးဖမ်းထွက်ခွင့်ရရှိသူများအနေဖြင့်    သုံးလအပြည့်ထွက်ခွင့်ရရှိခဲ့ပြီး    ယခုနှစ်တွင် ရေလုပ်ငန်းရှင်များအချင်းချင်း ညှိနှိုင်း၍ တစ်လလျှင် ၁၇ စင်းထွက်ပြီး တစ်လပြည့်သည် နှင့် ကမ်းသို့ပြန်ဝင်ကာ နောက်ထပ် ၁၇ စင်း ထပ်မံ၍ ငါးဖမ်းထွက်ကာ သုံးလအတွင်း တစ်ကြိမ်လျှင် ၁၇ စင်း နှုန်းဖြင့် အဝင်အထွက် ပြုလုပ်ကာ စုစုပေါင်း ၅၁ စင်း ငါးဖမ်း လုပ်ငန်းများ   ဆောင်ရွက်ကြမည်ဖြစ်ကြောင်း    ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ယခုကဲ့သို့ သုံးလအတွင်း ငါးဖမ်းရေယာဉ် ၁၇ စင်းစီကို အဝင်အထွက်ပြုလုပ်၍ အလှည့်ကျ ငါးဖမ်းထွက်ခြင်းသည် ငါးလုပ်ငန်းဦးစီးဌာနက   သတ်မှတ်ထားသည့် ၂ဝ ရာခိုင်နှုန်း ထွက်ခွင့်ပြုလိုက်သည့် စည်းကမ်းချက်အား  ဖောက်ဖျက်ခြင်းမျိုး  မဖြစ် တော့ဘဲ ငါးဖမ်းရေယာဉ်တစ်စင်းလျှင် အနည်းဆုံးရေလုပ်သား ၂ဝ ခန့်  လိုက်ပါ စီးနင်းကြပြီး   ရေလုပ်သား ၃၅ဝ ခန့် တစ်လခြားစီ     အလုပ်လုပ်ကိုင်ခွင့်ရကြမည် ဖြစ်ကြောင်း ဒေသခံရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်းရေယာဉ်အစင်းရေမှာ ပုံမှန်အားဖြင့် ၈၆ စင်းရှိပြီး လုပ်ငန်းရှင်အရေ အတွက်မှာ ၄ဝ ကျော်ရှိရာ လုပ်ငန်းရှင်အားလုံး    ယခုနှစ်မိုးရာသီတွင်   အလှည့်ကျ ငါးဖမ်းလုပ်ငန်းဆောင်ရွက်နိုင်သည့်အခြေအနေမျိုးလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ငါးဖမ်းခွင့်ပိတ်ထားသည့် သုံးလအတွင်း အလှည့်ကျငါးဖမ်းခွင့်  မရရှိကြသည့် ငါးဖမ်းရေယာဉ်များအနေဖြင့် ခွင့်ပြုချက်မဲ့ ပင်လယ်ပြင်သို့  ငါးဖမ်း ထွက်ခွာကြမည့်  သတင်းများ ထွက်ပေါ်လျက်ရှိရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခွင့်ပြုချက်မဲ့ ငါးဖမ်းဆီးရန် ပင်လယ်ပြင်သို့ ထွက်ခွာသွားသည့် ငါးဖမ်းရေယာဉ်များကို စိစစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၁၅ ရက် နောက်ဆုံးထား၍ ငါးဖမ်း ရေယာဉ်အားလုံး ကမ်းသို့ ပြန်ဝင်ကြရန်နှင့် အလှည့်ကျထွက်ခွင့်ရရှိထားသော ရေယာဉ် များသာ ပြန်လည်ထွက်ခွာရန် အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment