Latest News

Sunday, May 13, 2018

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လာသူများကို စစ်ကိုင်းတိုင်းစည်ပင်သာယာရေးဝန်ကြီးမှ တွေ့ဆုံအားပေး

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လာသူများကို
စစ်ကိုင်းတိုင်းစည်ပင်သာယာရေးဝန်ကြီးမှ တွေ့ဆုံအားပေး


   ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းများမှ မြန်မာပြည်တွင်း စစ်ကိုင်းတိုင်းတိုင်းဒေသကြီး သို့ ပြန်လာသူများကို တိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှ မေလ ၁၀ ရက်နေ့က  မွန်းလွဲ ၁နာရီတွင် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဌာနရုးံခန်းမ ၌ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
 
    နေရပ်ပြန်လာသူများသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့မှ မိသားစု ၇ ဦးနှင့် ဟုမ္မလင်းမြို့နယ် နောင်တောရွာမှ အမျိုးသား တစ်ဦးတို့ဖြစ်သည်။

   " ၈၈ အရေးအခင်းမှာ ဘုန်းကြီးဝတ်နဲ့ ABSDFကျောင်းသားတပ်ထဲရောက်သွားတယ်၊တပ်သားအဆင့်ပါ၊ အဲဒီကနေ ဆန်ပူလီမြို့ ဘုရားသုးံဆူနားက ဒုက္ခသည်စခန်းမှာ ၁၃နှစ်နေခဲ့ပါတယ်၊စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်၊ဟုမ္မလင်းမှာဆွေမျိုးတွေရှိတယ်၊ဒါပေမယ့် ၈၈ ကတည်းက အဆက်အသွယ်ပြတ်သွားတာ၊သူတို့က ကျွန်တော့်ကို သေသလား ရှင်သလား မသိကြဘူး၊အခု ပြန်လာတာလည်း ဘယ်သူမှ မသိဘူး၊အဆက်အသွယ်လည်း မရှိဘူး၊ကျွန်တော်တို့ စခန်းမှာ မြန်မာ နှစ်ထောင်ကျော်လောက် ရှိတယ်" ဟု အသက် ၄၉ နှစ်အရွယ် ကိုဥာဏ်လွင် ကပြောသည်။
     
 ထိုင်းနယ်စပ် မြ၀တီမြို့မှတဆင့် မုံရွာမြို့ သို့ရောက်ရှိလာသော  နေရပ်ပြန်လာသူများကို စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှသွားရောက်ကြိုဆိုပြီး တိုင်းလ၀က ရုးံတွင် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ရေး ၀န်ကြီးနှင့်တွေ့ဆုံပေးခဲ့ခြင်းဖြစ်သည်။

  "  ၂၀၀၄ မှာ ထိုင်းနိုင်ငံ ဘန်ကောက်ရောက်တယ်၊ ၂၀၀၇ မှာ ဒုက္ခသည်ရောက်သွားတယ် ၊မြန်မာပြည်ကို ပြန်ချင်နေတာကြာလှပြီ၊ မြန်မာပြည်က ညီမအရင်းနဲ့အများကြီးတိုင်ပင်ပြီး မှ ပြန်လာ၊ကိုယ့်နိုင်ငံကလည်းအေးချမ်းနေပြီလေ၊ဒုက္ခသည်စခန်းမှာပဲ ကျွန်တော်တို့ကလေးမြို့သူနဲ့အိမ်ထောင်ကျပြီး သားနှစ်ယောက်၊သမီးနှစ်ယောက်ထွန်ကားပါတယ်၊ကျွန်တော့်အမေရောအကုန်ပြန်လာတာ၊ကျွန်တော်နေတဲ့ ဒုက္ခသည်စခန်း က ရပ်ကွက်မှ ဥက္ကဌ လုပ်ခဲ့တာ၊အဲဒီရပ်ကွက်မှာ မြန်မာပြည်ပြန်တာ ကျွန်တော်ပထမဆုးံပဲ၊တစ်ချို့မယုံကြလို့မပြန်ကြသေးဘူး၊ကျွန်တော့်ကိုလည်း စောင့်ကြည့်ချင်ကြတာလည်း ပါမယ်ပေါ့ "ဟု ကလေးမြို့မှ ချင်းတိုင်းရင်းသား ကိုနန်လန်တုန် ကပြောသည်။

  ထိုင်းနိုင်ငံဒုက္ခသည်စခန်းနေထိုင်သူများကို ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူချက်အရ  UNHCR၏ လက်အောက်ခံ VRCအဖွဲ့မှ မိမိတို့ သဘောဆန္ဒအတိုင်း မြန်မာပြည်သို့ ပြန်နိုင်သည်ဟု ကြေညာသည့်အတွက် ပြန်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment