Latest News

Wednesday, March 28, 2018

မြန်မာ့ယဉ်ကျေးမှုနှင့်အညီအတာရေသဘင်ကို ဆင်နွှဲကြပါစို့

မြန်မာ့ယဉ်ကျေးမှုနှင့်အညီအတာရေသဘင်ကို ဆင်နွှဲကြပါစို့


မကြာမီ   မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော် ကျရောက်တော့ မည်ဖြစ်သည်။ ရှေးမင်းများ လက်ထက်ကစ၍ယနေ့တိုင်မြန်မာ့ ရိုးရာ အတာရေသဘင်ပွဲတော်ကို ကျင်းပဆင်နွှဲခဲ့ကြပြီး မြန်မာ့ နှစ်သစ်ကူးအချိန်ကာလလည်းဖြစ်၍   ကောင်းမှုကုသိုလ်နှင့် အတူ အလှူအတန်းများဖြင့် နှစ်သစ်ကိုမင်္ဂလာရှိစွာဖြတ်သန်း ကြလေ့ရှိသည်။  မြန်မာပြည်၏  လူဦးရေအများဆုံးနေထိုင်ရာ မဟာရန်ကုန်မြို့တွင်   ယခုနှစ်သင်္ကြန်ပွဲတော်ကို  စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထို့နည်းတူ မြို့နယ်များ တွင်လည်း ယမန်နှစ်ထက်ပိုမိုစည်ကားစွာ ကျင်းပမည်ဖြစ်ရာ ရိုးရာယဉ်ကျေးမှုကို  ထိန်းသိမ်း၍ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ သော နှစ်သစ်အဖြစ် ကြိုဆိုရန်သတိပြုစေချင်ပါသည်။
သင်္ကြန်ဆိုလျှင် သပြေခက်နှင့် ရေပက်ဖျန်းခြင်းထက် ရေပုံး ဖြင့်  လောင်းလိုကြသည်။   သင်္ကြန်ဆိုလျှင်   မူးယစ်ပျော်ပါးခြင်း ဖြင့် ပျော်ရွှင်လိုတတ်ကြသည်။ သင်္ကြန်ဆိုလျှင် အပျော်အပါးကို ပို၍ဦးစားပေးတတ်ကြသည်။     ရပ်ကွက်၊     ကျေးရွာ၊   လမ်းစုံ၊ လမ်းမတို့တွင် အသံချဲ့စက်ကြီးများ တပ်ဆင်ကာ အပူရှိန်ပြင်း သော  ရာသီဥတုအောက်တွင်  တရားစခန်းနားမခံသာအောင် သီချင်းသံကျယ်လောင်စွာဖွင့်တတ်ကြသည်။ ရပ်ကွက်၊ လမ်း အတွင်းနေထိုင်သူများ နားမခံသာအောင် ဆူညံသံမျိုးစုံဖြင့် ဘာသာပြန်၍မရသော သီချင်းများဖြင့် ပတ်ဝန်းကျင်ကို အတိ ဒုက္ခပေးတတ်ကြသည်။ ထို့ကြောင့် သင်္ကြန်ကာလတွင်ဆေးရုံနှင့် ရဲစခန်း၌ လူစည်နေတတ်ခြင်းဖြစ်သည်။
ယဉ်ကျေးမှုကို ထိခိုက်စေသော အရက်နှင့် မူးယစ်ဆေး
ယဉ်ကျေးမှု   အနှစ်သာရပြည့်ဝစွာဖြင့်   ကျင်းပခဲ့သော အတာရေသဘင်ပွဲတော်ကာလတွင် ယဉ်ကျေးမှုကို ထိခိုက် စေသောအရာမှာ အရက်နှင့် မူးယစ်ဆေးပင်ဖြစ်သည်။ အဆိုပါ နှစ်ခုကို ထိရောက်စွာတားဆီးနိုင်ပါက ယခုနှစ်သင်္ကြန်ပွဲတော် သည်  ယမန်နှစ်ထက်   ထိခိုက်မှုသိသာစွာ  လျော့နည်းစေမည် ဖြစ်သည်။  ၂ဝ၁၆ ခုနှစ်သင်္ကြန်တွင် အရက်ဆိုင်များနှင့် ဘီယာ ဆိုင်များကို တားဆီးသတိပေးခဲ့သည့်အကျိုးအဖြစ် ထိခိုက်မှုများ သိသာစွာကျဆင်းခဲ့၍  သင်္ကြန်အပြီး  ပြည်သူတို့နှုတ်ဖျားတွင် ကောင်းချီးသြဘာအသံများ   ပျံ့လွင့်ခဲ့သည်ကို  သတိပြုမိ ကြမည်ဖြစ်သည်။ ၂ဝ၁၇ ခုနှစ်သင်္ကြန်ကာလတွင် အရက်သေစာ သောက်စားမှုကြောင့်    ခိုက်ရန်ဖြစ်ပွားခြင်း၊    ယာဉ်အ္တရာယ် ဖြစ်ပေါ်ခြင်းနှင့် အပူရှိန်ကြောင့် ထိခိုက်မှုများရှိခဲ့ပြီး အမျိုးသားများသာမက အမျိုးသမီးငယ်များပါ ဖြစ်ပွား ခဲ့သည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ နှစ်ကူးသင်္ကြန် ကာလတွင်   ကောင်းမှုကုသိုလ်တို့ဖြင့်   တစ်ဦးနှင့်  တစ်ဦးမေတ္တာ၊ စေတနာပွားများလျက် ဖြတ်သန်း မည်ဆိုပါက နှစ်သစ်မင်္ဂလာကောင်းကျိုးအဖြာဖြာ ကို    ခံစားရရှိစေမည်သာဖြစ်သည်။      မူးယစ်ပျော်ပါး ၍   နှစ်ဟောင်းကုန်နှစ်ကို    ဖြတ်သန်းခြင်းထက် ဘာသာတရားကို  လက်ကိုင်ထားကာ  နူးညံ့သော နှလုံးသားဖြင့် နှစ်ကူးအတာသင်္ကြန်ကို ကြိုဆိုခြင်းက မိမိနှင့် အတူ   မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို  တန်ဖိုးထား ဂုဏ်ပြုရာ ရောက်စေမည် ဖြစ်သည်။  သင်္ကြန်ပွဲတော်တွင်  ပြည်ပနိုင်ငံမှ  နိုင်ငံခြားသားများလည်း    ပါဝင်ဆင်နွှဲလေ့ရှိသောကြောင့် ဘိုးဘွားအမွေ   လက်ဆင့်ကမ်းလာသော  မွန်မြတ်နူးညံ့လှ        သည့် အတာရေသဘင်ပွဲကို  မိမိတစ်ဦးတစ်ယောက်ကြောင့်   အရောင်ဆိုးခံရခြင်း   မဖြစ်စေရန်  အထူးသတိပြုရမည်သာ ဖြစ်သည်။
 မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာ
ရန်ကုန်မြို့ပြနှင့် မြို့နယ်တို့တွင် သင်္ကြန်ကာလ ယာဉ်မတော် တဆမှု ဖြစ်ပွားခြင်းနှင့် ခိုက်ရန်ဖြစ်ပွားကြခြင်းသည် အဓိက အားဖြင့် မူးယစ်သောက်စားထားမှုကြောင့် ဖြစ်ပွားခြင်းက ပို၍ များသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မူးယစ်သူတစ်ဦး၊ တစ်ဖွဲ့ ကြောင့် ယာဉ်အ္တရာယ်နှင့် ခိုက်ရန်ဖြစ်ပွားမှု အများဆုံးဖြစ်ပွား ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အရွယ်သုံးပါးနှင့် မလွတ် ကင်းသောအရက်သေစာရောင်းချမှုကို သင်္ကြန်ပွဲတော်ကာလ အတွင်း  ထိရောက်စွာထိန်းချုပ်ခြင်းဖြင့်   မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော  မြန်မာတို့၏   နှစ်သစ်မင်္ဂလာကို  မင်္ဂလာရှိစွာဖြင့် ဖြတ်သန်းနိုင်ကြမည်ဖြစ်သည်။   နိုင်ငံတိုင်းတွင်  ကျင်းပသော နှစ်သစ်ကူးပွဲတော်သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို အခြေခံ၍ ကျန်းမာချမ်းသာ၊ စီးပွားလာဘ်လာဘပေါများစေရန် အတိတ် တဘောင် နိမိတ်ဆောင်စေသောပွဲတော်အဖြစ် ကျင်းပကြခြင်း ဖြစ်သောကြောင့် ဧပြီ ၁၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာ့ သင်္ကြန်အကြိုနေ့မှသည် နှစ်ဆန်း ၁ ရက်ဖြစ်သော ဧပြီ ၁၇ ရက်နေ့ထိ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ် မင်္ဂလာအဖြစ် သင်္ကြန်ကာလရက်ထူး၊ ရက်မြတ်တွင် ပါဝင် ဆင်နွှဲစေလိုပါသည်။
မြန်မာ့ရိုးရာအတာရေသဘင်ပွဲ
မိမိတို့ဖြတ်သန်းခဲ့သော တစ်နှစ်တာကာလတွင် မွန်းကျပ်မှု များရှိပါက နှစ်ဟောင်းတွင် ထားရှိ၍ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊  အတွေးသစ်များဖြင့်  မိမိအတွက်  ပတ်ဝန်းကျင်နှင့် တိုင်းပြည်အတွက် အကျိုးရှိစေမည့် လုပ်ဆောင်မှုတို့ဖြင့် အတာ ရေဆေးကြောဖျန်းပက်ခြင်းဖြင့်   နှစ်သစ်ကို   ကြိုဆိုကြစေလို ပါသည်။   မင်္ဂလာရှိစွာကျင်းပသောပွဲတော်တွင်   မင်္ဂလာရှိစွာ ပါဝင်ဆင်နွှဲခြင်းဖြင့် မင်္ဂလာရှိသောအကျိုးတရားများကို ရရှိစေ မည်သာဖြစ်သည်။ မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်တွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကိုထိန်းသိမ်း၍ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ညီရင်း အစ်ကို  မောင်ရင်းနှမသဖွယ်   ဖေးမကူညီလျက်  ၁၃၇၉   ခုနှစ် မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်ကို မြန်မာ့ ရိုးရာယဉ်ကျေးမှု နှင့်အညီ    ပျော်ရွှင်စွာဆင်နွှဲနိုင်ကြပါစေကြောင်း  ရေးသား လိုက်ရပါသည်။      

သန်းထိုက်(လှိုင်သာယာ)

No comments:

Post a Comment