Latest News

Saturday, March 17, 2018

စွန့်ပစ်မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးပျောက်ဆုံး

စွန့်ပစ်မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးပျောက်ဆုံး

ဖားကန့် မတ် ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါကျေးရွာအနီး ကျောက်စိမ်းတောင်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွင် မတ်၁၆ရက် ၁၀နာရီ ၄၅မိနစ်ကစွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် မြေစာပုံပိ၍ ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးပျောက်ဆုံး နေကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၏ အနောက်ဖက် ၁၅ မိုင်ခန့်အကွာရှိ ကန်ခါကျေးရွာအနီး ကျောက်စိမ်းတောင်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံပြိုကျခဲ့မှုကြောင့် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ရှမ်းစုရပ်ကွက်နေ လှရင်ပု(၂၁)နှစ်နှင့် မင်းဇော်တူး (၂၁)နှစ်၊ ကန်ခါကျေးရွာနေ မျိုးဦး(၂၅)နှစ်၊ကရင်ချောင်ကျေးရွာနေ ဇင်မင်းဦး(ခ)ဖိုးစီ(၂၅)နှစ်တို့ လေးဦးမှာ ပျောက်ဆုံးနေပြီး ကုမ္ပဏီပိုင် မြေသယ်ယာဉ်နှစ်စီး စွန့်ပစ်မြေစာများ ဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါ မြေစာပုံပြိုကျရာနေရာသို့ နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသိန်းနွယ်လှိုင် ဦးစီးရဲတပ်ဖွဲ့ဝင်များ၊နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊မီးသတ်နှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“ပုံမှန်ကတော့ ည၁၁နာရီဆိုရင် မြေစာစွန့်ပစ်တာ ရေမဆေးကျောက် ရှာဖွေတာ နားပါတယ် အခုက ၁၀နာရီ ၄၅မိနစ်မှာ မြေစာပုံပြိုကျ ခဲ့တာဖြစ်လို့ လူဦးရေနည်းသွားတာ ကံကောင်းတယ်ပဲ ပြောရမလား မြေစာပုံထဲပါသွားတဲ့ လေးဦးကတော့ ကံဆိုးသွားတာပါ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့သူ တစ်ယောက်ကိုတော့ ဖားကန့်ဆေးရုံကို ဆေးကုသဘို့ ပို့ထားပေးပါတယ် ကျနော်တို့လည်း မြေစာပုံပိသွားတဲ့သူတွေကို တတ်နိုင်သလောက်တော့ ကျိုးစားပြီးရှာဖွေနေပါတယ်” ဟု ဆိပ်မူကျေးရွာ သင်္ခါလူမှူကူညီရေးအသင်းဥက္ကဌ ဦးခင်မောင်မှ ရှင်းလင်းပြောကြား ခဲ့သည်။

ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment