Latest News

Sunday, February 18, 2018

WCL လက်ရှိချန်ပီယံတူးတူး ဆိုရိုကင်ကို အနိုင်ရရှိပြီး ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့

WCL လက်ရှိချန်ပီယံတူးတူး ဆိုရိုကင်ကို အနိုင်ရရှိပြီး
ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ယနေ့ညပိုင်းက ကျင်းပရာ WCL လက်ရှိချန်ပီယံတူးတူးမှာ ယူကရိန်းလက်ဝှေ့သမားဆိုရိုကင်ကို အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ပွဲစဉ်ခုနစ်ပွဲပါဝင်ထိုးသတ်ခဲ့ကြပြီး ပွဲစဉ်(၁)တွင် လိုက်ဝယ်တာ(၆ဝ-၆၃ ဒသမ ၅ ကီလို)တန်း ငါးချီပြိုင်ပွဲအဖြစ် သွေးသစ်မောင် (အဖြူရောင်သွေးသစ်) နှင့် လက်သီးမိုး (T&T သထုံ)တို့ ထိုးသတ်ခဲ့ရာ လေးချီ အရောက်တွင် လက်သီးမိုး (T&T သထုံ)က အမှတ်ပေးဒိုင်၏ ဆုံးဖြတ်ချက်အရ အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲစဉ်(၂)တွင် လိုက်ဝိတ် (၅၇-၆ဝကီလို)တန်းပြိုင်ပွဲအဖြစ် ဘယ်ညာထိုးချက်မြန်ဆန်သည့် ချစ်မောင်မောင် (တောင်ကလေး)နှင့် ဘယ်ဒူးအားသန် စည်သူ (T&Tသထုံ)တို့ထိုးသတ်ခဲ့ရာတွင် ပွဲချီပြည့်ထိုးသတ်ခဲ့ပြီး ချစ်မောင်မောင် (တောင်ကလေး) အနိုင်ရရှိခဲ့သည်။

ပွဲစဉ်(၃)တွင် အမျိုးသမီး ဖယ်သာဝိတ်(၅၄-၅၇ ကီလို)တန်း သုံးချီပွဲအဖြစ် ရွှေစင်ဝင်း(မြန်မာ)နှင့် နိုဆရီပေါ (ကမ္ဘောဒီးယား)တို့ ထိုးသတ်ခဲ့ရာ နိုဆရီပေါက အနိုင်ရရှိခဲ့သည်။

ပွဲစဉ်(၄)နှင့် ပွဲစဉ်(၅)မှာ လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ်ပွဲစဉ်များဖြစ်ပြီး ပထမပွဲတွင် စောဒါးဝိတ် (တောင်ကလေး)က ပတ်ကျော်လင်းနိုင်(တိုက်ဂါး)ကို တစ်ချီတည်းဖြင့်အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင် ကျော်ဇင်လတ် (T&Tသထုံ)က ဗထူးမောင်(ရတနာပုံ)ကို သုံးချီဖြင့် အလဲထိုးအနိုင်ရရှိခဲ့သည်။

ထို့ကြောင့် စောဒါးဝိတ်နှင့် ကျော်ဇင်လတ်တို့မှာ လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံခါးပတ်လုပွဲအဖြစ် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ ယနေ့ပြိုင်ပွဲများ၏ ပြိုင်ဆိုင်မှုဒုတိယအကောင်းဆုံးပွဲစဉ်အဖြစ် ဝယ်တာဝိတ် (၆၃ ဒသမ ၅-၆၇ ကီလို)တန်းပြိုင်ပွဲကို စောဘဦး(တောင်ကလေး)နှင့် သပြေညို(ရွှေဘားလား)တို့ ထိုးသတ်ခဲ့ပြီး ငါးချီ အပြည့်ထိုးကာ အမှတ်ဖြင့် စောဘဦးက အနိုင်ရရှိခဲ့သည်။

အကောင်းဆုံးနှင့် လူကြိုက်အများဆုံးပွဲမှာ တူးတူး(မြန်မာ)နှင့် ဆိုရိုကင်(ယူကရိန်း)တို့ပွဲစဉ်ဖြစ်ပြီး ငါးချီအပြည့် ထိုးသတ်ကာ အမှတ်ဖြင့် တူးတူးက မစ်ဒယ်ဝိတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ ယနေ့ ကျင်းပခဲ့သည့် လက်ဝှေ့ပြိုင်ပွဲများကို နေပြည်တော်ရှိ ဝန်ထမ်းများအတွက် အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့ ကြောင်းလည်း သိရသည်။

နိုင်လင်းကြည်

MOI Webportal Myanmar

No comments:

Post a Comment