Latest News

Saturday, February 10, 2018

သာကေတ တံတားကို ဇူလိုင်လတွင် ဖွင့်လှစ်နိုင်မည်

သာကေတ တံတားကို ဇူလိုင်လတွင် ဖွင့်လှစ်နိုင်မည်

ရန်ကုန်   ဖေဖော်ဝါရီ   ၉

ဂျပန်နိုင်ငံ၏    အကူအညီအထောက်အပံ့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင် မြို့နယ်နှင့်  ဒေါပုံမြို့နယ်အကြား    ဆက်သွယ်တည်ဆောက်လျက်ရှိသည့်    ဂျပန် ဆောက်လုပ်ရေးနည်းပညာသုံး သာကေတတံတားသစ်ကြီးကို လာမည့် ဇူလိုင်လ တွင်  တည်ဆောက်ပြီးစီး၍   ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း    တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည် ။

''ကျွန်တော်တို့ ဒီတံတားကြီးကို ဂျပန်နိုင်ငံတွင် စတင်အသုံးပြုဆောက်လုပ် ခဲ့တဲ့ နည်းပညာနဲ့  ဆောက်လုပ်နေတာပါ၊ ဒီနည်းပညာကို ဂျပန်နိုင်ငံက တံတားတွေနဲ့ နိုင်ငံအချို့မှာ တွေ့ရပါတယ်၊   မြန်မာနိုင်ငံမှာတော့  ပထမဆုံး   ဆောက်လုပ်တာပါ၊ လာမယ့် ဇူလိုင်လမှာ ပြီးစီးဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်၊ တံတားကြီးပြီးစီးသွားတဲ့အခါ ရန်ကုန်  သီလဝါဆိပ်ကမ်းက  ကုန်သေတ္တာကားတွေပါ ဖြတ်သန်းမောင်းနှင်နိုင်မှာ ဖြစ်လို့  ခရီးသည်တင်ယာဉ်တွေ  အဆင်ပြေချောမွေ့စွာ  သွားလာနိုင်မှာ ဖြစ်သလို ကုန်စည်တွေ  သယ်ယူပို့ဆောင်ရာမှာလည်း  များစွာအထောက်အကူပြုနိုင်မှာဖြစ် ပါတယ် ''ဟု အဆိုပါတံတား၏ တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ Mr. Kei  Kasahara    က ပြောသည်။

အဆိုပါတံတားကြီးကို ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းက  စီမံကိန်းစတင် တည်ဆောက် ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုတင်အားဖြည့်  သံကူကွန်ကရစ်  ကြိုးဆိုင်း တံတား (Extra-Dosed Bridge)ဖြစ်ပြီး           တံတားအရှည်မှာ  ပေ  ၈၃ဝ ၂၅၃ မီတာရှိကြောင်း၊ တံတားအကျယ်မှာ ၂ဝ ဒသမ ၅ မီတာရှိကာ  လေးလမ်းသွားဖြစ်ကြောင်း၊ ဘေးတစ်ဖက်တစ်ချက်စီတွင်  လူသွား လမ်းစင်္ကြံများလည်း ပါရှိမည်ဖြစ်ကြောင်း၊ အသွား နှစ်လမ်းသွား၊ အပြန် နှစ်လမ်း သွားအဖြစ်  အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ ခန့်မှန်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၃၂ သန်းဖြစ်ကြောင်း သိရသည်။

ယင်းတံတားကြီးတည်ဆောက်ရာတွင်   Consultant  ကုမ္ပဏီအဖြစ်Nippon Koei  ကုမ္ပဏီလီမိတက်က    တာဝန်ယူဆောင်ရွက်ပြီး      ဂျပန်ဆောက်လုပ်ရေး   ကန်ထရိုက်တာများဖြစ်ကြသည့် The  Consortium of  Tokyu -Toyollk ၊ Tokyu Construction Co.,Ltd ၊ Toyo  Construction Co.,Ltdနှင့် IHI  Construction Service Co.,Ltd.တို့က ဂျပန်အင်ဂျင်နီယာများ၊ မြန်မာကျွမ်းကျင် လုပ်သား ၁ဝဝ  ကျော်၊ ဗီယက်နမ်နှင့်  ထိုင်းနိုင်ငံမှ  လုပ်သားအချို့တို့ဖြင့်  တံတား တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအသုံးပြုနေသော သာကေတတံတား မှာ ၁၉၆၆ ခုနှစ်က ကိုလံဘိုစီမံကိန်း အရ ကနေဒါအစိုးရ၏ အကူအညီဖြင့်  ဆောက်လုပ်ထားခြင်းဖြစ်ပြီး ယာဉ်သွားလာ အသုံးပြုမှု   အလွန်များပြားလျက်ရှိသည့်အတွက်  ယင်းတံတားဟောင်းမှာ ကြံ့ခိုင်မှု လိုအပ်လာကြောင်း၊  တံတားသစ်ကြီးပြီးစီးသွားပါက တံတားဟောင်းကို  အသုံးပြုတော့ မည်မဟုတ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင်  သာကေတတံတားသစ်  ချဉ်းကပ်လမ်းပေါ်တွင် ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ -၃   တံတားအထူး အဖွဲ့-၁၁ က မီးရထားခုံးကျော်တံတားနှင့်   ကားလမ်းခုံးကျော်တံတား နှစ်စင်းကို လည်း တည်ဆောက်လျက်ရှိသည်။ ယခုအခါ သာကေတတံတားသစ်နှင့် ဆက်စပ်နေ သည့် ဒေါပုံဘက်ခြမ်းတွင် ချဉ်းကပ်လမ်းကိုလည်း  လေးလမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့လျက်ရှိသည်။ စီမံကိန်းအားလုံးပြီးစီးသွားပါက လက်ရှိတွင် ကြုံတွေ့နေရသော ယာဉ်ကြောကျပ်တည်းမှုများကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင်  ရန်ကုန်မြို့၏ လှပ သော မြင်ကွင်းပုံရိပ်တစ်ခုအဖြစ်လည်း  တွေ့မြင်ရမည်ဖြစ်သည်။            
သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment