Latest News

Saturday, February 3, 2018

နေပြည်တော်၏ ပထမဆုံးသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲရိုးရာချစ်ပရိသတ်အား ဘယ်လောက်ထိညှို့ငင်ဖမ်းစားနိုင်မည်လဲ

နေပြည်တော်၏ ပထမဆုံးသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲရိုးရာချစ်ပရိသတ်အား ဘယ်လောက်ထိညှို့ငင်ဖမ်းစားနိုင်မည်လဲ

နှစ်သစ်အကူးအပြောင်းကာလနှင့်အတူ မြန်မာတို့၏ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊ စိန်ခေါ်ပွဲများသည် လတ်တလောအဆက်မပြတ်ကျင်းပဖြစ်နေသည်။ သုံးသပ်မိသည်က ကရင်နှစ်သစ်ကူးကာလများမှ အစပြုလာပြီး  ဇန်နဝါရီလကုန်ပိုင်းမှ  ဖေဖော်ဝါရီလဆန်းပိုင်း အထိ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ပြည်တွင်းနေရာအချို့ ဘုရားပွဲများတွင်လည်းကောင်း၊ ရိုးရာအစဉ်အလာအရလည်းကောင်းပြိုင်ပွဲများကျင်းပဖြစ်နေသည်မှာယခင်နှစ်များထက်ပင် ပိုမိုများပြားမည်ဖြစ်သည်။ ပြိုင်ပွဲများတွင် ပြည်ပပွဲစဉ်အချို့ကို အဓိက တွဲဆိုင်း အဖြစ် ထည့်သွင်းလာပြီး အထူးသဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံမှ မွေထိုင်းကစားသမားများကို ခေါ်ယူယှဉ်ပြိုင်နေမှုမှာ ပြိုင်ပွဲတိုင်းလိုလိုပင် ဖြစ်နေသည်။ ယင်းပြိုင်ပွဲများနှင့်အတူ  တစ်ဖက်မှ  ရိုးရာလက်ဝှေ့ပြန့်ပွားရေးနှင့် နိုင်ငံတကာထိုးဖောက်နိုင်ရေးကိုလည်း အဖွဲ့ချုပ်မှ မျိုးဆက်သစ်ရိုးရာလက်ဝှေ့ကလပ်များကို နယ်စပ်ဒေသများပါမကျန် လိုက်လံဖွင့်လှစ်ပေးနေမှုများရှိနေကြောင်း ကြားသိရသည်။
ယနေ့ ရိုးရာလက်ဝှေ့လောကသည် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ တိုးတက်ပြုပြင် ပြောင်းလဲမှုများနှင့်အတူ စိန်ခေါ်မှုဂယက်များ ရိုက်ခတ်ထွက်ပေါ်နေသည်။ပြောင်း လဲမှုတိုင်းမှာလောကဓံတရား၏ လှိုင်းပုတ်ခတ်သံများနှင့်အတူအဆိုး၊ အကောင်းဒွန်တွဲကာပြိုင်ဆိုင်မှုပြင်းထန်လာပြီးရေချိန်မြင့်တက်နေသည်ကယနေ့မြန်မာ့ရိုးရာ လက်ဝှေ့လောကလို့ပြောလျှင် မှားမည်မဟုတ်။  နှစ်အနည်းငယ်  ကာလအကူး အပြောင်းအတွင်း ရိုးရာလက်ဝှေ့လောကသို့ နယ်ပယ်အသီးသီး၊ ကဏ္ဍစုံမှ ပူးပေါင်း ပါဝင်လာမှုကလည်း အရှိန်အဟုန် ရနေဆဲဖြစ်သည်။ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ရိုးရာလက်ဝှေ့တည်တံ့ပြန့်ပွားစေရန်နှင့် နိုင်ငံတကာထိုးဖောက်နိုင်ရေးမှာ သဘော ဆန္ဒအရ ဆုံမှတ်တူကြသည်။  သို့သော်  လောက၏  မနုဿလူသားများဖြစ်ကြ၍ ပြုပြင်ပြောင်းလဲလာသည့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း လွတ်လပ်စွာသဘော ထားကွဲလွဲမှုများ၊ အငြင်းအခုံများကလည်း ပြင်းထန်ဆဲပင်ဖြစ်သည်။ စည်းလုံးချင်း ဟာ အရာရာကိုအောင်မြင်စေနိုင်သော အချက်ဖြစ်သည်ကို အားလုံးသိကြသော် လည်း ဖလံပိုးမျိုး၊ မီးကိုတိုး ဆိုသောစကားပုံနှင့်အညီ အတ္တ၊ မောဟစိတ်များဖြင့် ငြင်းခုံမှုက ကောင်းဆဲဖြစ်သည်။ သို့သော် ယင်းသို့ပြိုင်ဆိုင်မှုများနှင့် စိန်ခေါ်မှု ဂယက်များကြား   ရုန်းကန်လှုပ်ရှားရင်း   အဖြေထုတ်ရက်နီးလာသော  မြန်မာ လက်ခမောင်း၏ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ World Lethwei Championship (WLC)  ပြိုင်ပွဲ စတုတ္ထမြောက် ခြေလှမ်းစတင်တော့မည်ဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် ပြိုင်ဆိုင်မှုပြင်းထန်သော မြန်မာလက်ခမောင်း ၏ World Lethwei Championship (WLC) စတုတ္ထခြေလှမ်းသစ် ချန်ပီယံ ခါးပတ်လုပြိုင်ပွဲကြီးကို မြန်မာနိုင်ငံအလယ်ပိုင်းမင်းနေပြည်တော်မှ ရိုးရာလက်ဝှေ့ ချစ်ပြည်သူများ ရှုမြင်ခွင့်ရတော့မည်ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ကိုပုံစံသစ်၊ အသွင်သစ်များဖြင့် မှတ်တမ်းသစ်ရေးထိုးနေသော မြန်မာလက်ခမောင်း၏ ကမ္ဘာ့ လက်ဝှေ့ချန်ပီယံစတုတ္ထအကြိမ်မြောက်ပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီ ၁၇ ရက် (စနေနေ့)တွင် တစ်ကြိမ်တစ်ခါမှ  ရိုးရာလက်ဝှေ့သမားများခြေမချခဲ့ဖူး သေးသော နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပတော့ မည်ဖြစ်သည်။ ယခင် ရန်ကုန်မြို့ သုဝ္ဏမိုးလုံလေလုံအားကစားပြိုင် ပွဲရုံ၌ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံအလယ် ပိုင်းမှ ရိုးရာလက်ဝှေ့ချစ်ပရိသတ်များ အားပေးကြည့်ရှုနိုင်ရန် ရုံး အပေါင်းစိုက်ရာ မင်းနေပြည်တော်ကြီး၌ ကျင်းပခွင့်ရခဲ့ပြီဖြစ် သည်။
ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်၌ ကျင်းပမည့်မြန်မာ လက်ခမောင်း၏  စတုတ္ထမြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ(WLC) ပြိုင်ပွဲကြီးတွင် ပြည်တွင်း၊ ပြည်ပတွဲဆိုင်းခုနစ်ဆိုင်း ပါဝင်မည်ဖြစ်ပြီး   အဓိကတွဲဆိုင်းအနေဖြင့်   ပြီးခဲ့သော WLC-3 ပြိုင်ပွဲ ၇၅ကီလို မစ်ဒယ်ဝိတ်တန်းတွင် သြစတြေး လျနိုင်ငံသား  မိုက်ကယ်ဘာဒါတိုကို   အမှတ်ဖြင့်အနိုင် ရပြီး   လက်ရှိမစ်ဒယ် ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသော တူးတူး (မြန်မာ-နဂါးမာန်)နှင့် ဆိုရို ကင်(ယူကရိန်း)တို့ ငါးချီပြည့် ယှဉ်ပြိုင်ထိုးသတ်ကြ မည်ဖြစ်သည်။ ဒုတိယMain  ပွဲစဉ်အနေဖြင့် စော ဘဦး (တောင်ကလေး)နှင့် သပြေညို (ရွှေ ဘားလား)၊ လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံဆီမီးဖိုင်နယ် ပွဲတွင် ဗထူးမောင် (ရတနာပုံ)နှင့် ကျော်ဇင်လတ် ( T & T  သထုံ)၊ မြန်မာပြည်ချန်ပီယံဆီမီးဖိုင်နယ် လိုက်ဝယ်တာ    ဒုတိယပွဲစဉ်အဖြစ်    စောဒါဝိတ် (တောင်ကလေး)နှင့်  ပတ်ကျော်လင်းနိုင် (တိုက်ဂါး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ် သည်။ ယင်းတွဲဆိုင်းနှစ်ဆိုင်းမှ အောင်နိုင်သူ များက   မြန်မာပြည်ချန်ပီယံလိုက်ဝယ်တာ  ရွှေခါးပတ်ကို လုကြရမည်ဖြစ်သည်။ ထို့အပြင်  ဖယ်သာဝိတ်တန်းတွင် အမျိုးသမီးအထူးပွဲစဉ်အနေ ဖြင့် ရွှေစင်မင်း (မြန်မာ)နှင့် ကမ္ဘောဒီးယားနိုင်ငံသူ Nor  Srey Pov၊  လိုက်ဝိတ်တန်းတွင်   ချစ်မောင်မောင် (တောင်ကလေး)နှင့် စည်သူ (T & T  သထုံ)၊ လိုက်ဝယ်တာတန်းတွင် သွေးသစ်မောင် (အဖြူရောင်သွေးသစ်)နှင့် လက်သီးမိုး (T & T  သထုံ)တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
အဓိကMain Fight  ပွဲစဉ်အဖြစ် ရွှေခါးပတ်လုယှဉ်ပြိုင်ကစား မယ့် ဆိုရိုကင်(ယူကရိန်း) နှင့် ယှဉ်ပြိုင်ထိုးသတ်မယ့် တူးတူး (မြန်မာ- နဂါး မာန်)သည်  ရိုးရာလက်ဝှေ့သမားဘဝ ပထမတန်း လက်ဝှေ့ကျော်ဖြစ်ပြီး WLC-1တွင် သြစတြေးလျနိုင်ငံသား အယ်ဒီဖာဒီရယ်ကို အမှတ်ဖြင့်အနိုင်ရခဲ့ပြီး WLC-2 ပြိုင်ပွဲ တွင်လည်း ပြင်သစ်နိုင်ငံသား လက်ဝှေ့ကျော် ဂျိမ်းဘီလ်နယ် ကို အမှတ်နဲ့  အနိုင်ခဲ့ကာပြီးခဲ့သော  နိုဝင်ဘာ ၄ တွင်  ယှဉ်ပြိုင်ကစားခဲ့သော WLC-3  တွင်လည်း  ဘာဒါတို (သြစတြေးလျ) ကို  အမှတ်ဖြင့်နိုင်ပြီး  လက်ရှိ  မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ကို လက်ဝယ်ပိုင် ဆိုင်ထားသူတစ်ဦးဖြစ်သည်။ လက်ရှိချန်ပီယံတူးတူး မှာ  တစ်ဖက်အားကစားသမားနှင့် ယှဉ်ပြိုင်ရာတွင် ကောင်တာပိုင်းဆိုင်ရာကို အားပြုကစားသော လက်ဝှေ့ကျော်တစ်ဦးဖြစ်ပြီး ပြိုင် ဘက်တိုင်းကို ပါဝါထည့် ကစားသည့်ရှုံးပွဲမရှိ စံချိန်တင်ထားသော ပြည်တွင်း လက်ဝှေ့ကျော်တစ်ဦး ဖြစ်သည်။ ပြိုင်ဘက်အပေါ်  နိုင်လိုစိတ်ပြင်းထန်သော်လည်း   ပြိုင်ဘက်ယိုင်လဲရေးထက် မိမိပါဝါမကျရေး၊ ပြိုလဲမသွားရေးကိုသာ ဦးစားပေး ယှဉ်ပြိုင်ကစားမှုကြောင့် ရိုးရာလက်ဝှေ့ချစ် ပရိသတ်အချို့က ပြိုင်ပွဲရလဒ်များအပေါ် အားရကျေနပ်မှု  နည်းခဲ့သော်လည်း ကစားကွက်ပညာပိုင်းဆိုင်ရာအရ သတ်လုံး၊ သတ်ကွက်စုံလင်ကာ  ထုတ်သုံးကစားတတ်မှုကြောင့်  ပထမတန်းလက်ဝှေ့ကျော် တစ်ဦးအဖြစ်  ယနေ့တိုင်  ရိုးရာလက်ဝှေ့ ချစ်ပရိသတ်များ၏ အားပေးမှုကိုခံနေရ သော ပထမတန်းလက်ဝှေ့ကျော်တစ်ဦး ဖြစ်သည်။
တူးတူးမွေးဖွားရာဇာတိမြေမှာ အထက်မြန်မာပြည် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဗူးကျွန်းကျေးရွာ ဖြစ်သည်။ ရိုးရာလက်ဝှေ့သမားဘဝ ယှဉ်ပြိုင် ထိုးသတ်ခဲ့သောပွဲပေါင်း ၄၉ ပွဲတွင် ၃၆ ပွဲနိုင်၊ ၁၃ ပွဲသရေ  ရှုံးပွဲမရှိစံချိန်ဖြင့် ရပ်တည်နေပြီးဝိတ်တန်းအားဖြင့် ၇၅ ကီလို၊ အရပ် ၅ ပေ ၈ လက်မရှိကာလက်ရှိတွင် နည်းပြဆရာ ကိုကျော်စိုးဦးစီးသောနဂါးမာန် ရိုးရာလက်ဝှေ့ကလပ်တွင်လေ့ကျင့် သင်ကြားနေသော ကစားသမားတစ်ဦးဖြစ်သည်။ ရိုးရာလက်ဝှေ့လောက အောင်  မြင်မှုမှတ်တမ်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ အာရှမွေထိုင်းပြိုင်ပွဲတွင်ရွှေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဒဂုံရွှေအောင်လံတို့ကို လက်ဝယ်ပိုင် ဆိုင်ထားသော  ပထမတန်းလက်ဝှေ့ကျော်တစ်ဦး ဖြစ်ကာရည်မှန်းချက်ပန်းတိုင်မှာ မြန်မာပြည်အလွတ် တန်းချန်ပီယံဖြစ်ရေးဟုဆိုသော်လည်း ယနေ့တိုင် အောင်မြင်မှုမရရှိသေးပေ။
တူးတူးနှင့်  ယှဉ်ပြိုင်ထိုးသတ်မည့် ယူကရိန်း နိုင်ငံသား ဆိုရိုကင်မှာ  ဝိတ်တန်း  ၇၃ ကီလို၊ အရပ်အားဖြင့် တူးတူးထက်မြင့်ပြီးအသက် မှာ ၁၉ နှစ်သာ ရှိသေးသော်လည်းတိုက်ခိုက်မှုပိုင်းမှာပညာအားဖြင့်  စုံလင် သော    တက်သစ်စလက်ဝှေ့ ကျော်တစ်ဦး   ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ ကိုပထမဆုံးယှဉ်ပြိုင်ထိုး သတ်မှာဖြစ်ပြီး အထူးသဖြင့်  လက်သီးပါဝါထက်  ခြေ ကန်ချက်များနှင့်  တံတောင်ရိုက်ချက် များမှာတစ်ဖက် ပြိုင်ဘက်အပေါ် စိုးမိုး နိုင်သော  သူမတူလက်ဝှေ့ကျော်တစ်ဦး သည်။ အရပ်မြင့် အားကစားသမားများ နှင့် တွေ့လျှင်     ရုန်းကန်ရသောလက်ရှိ ချန်ပီယံတူးတူးအနေဖြင့်   ယခုရွှေခါး ပတ်လုပွဲသည် အမှတ်ဖြင့် ဆုံးဖြတ် မည်ဖြစ်၍    စတုတ္ထအကြိမ်မြောက် ကျင်းပမည့်  ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ပြိုင်ပွဲမှာ ရိုးရာလက်ဝှေ့ချစ် ပရိသတ် များအား  ဘယ်လောက်ထိ  ညှို့ငင် ဖမ်းစားနိုင်မည်ကို စောင့်မျှော်ကြည့်ရှု ရတော့မည် ဖြစ်ပါကြောင်း။        ။
သတင်းဆောင်းပါး - မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment