ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော် ဖေဖော်ဝါရီ ၉
ညောင်ချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီခွဲက ဘူးသီးတောင်မြို့နယ် ဦးကျော်(ရခိုင်)ကျေးရွာအနီး စိမ်းညှင်းပြားချောင်းဝ ၌ သန်းထွန်း၊ တင်ညွန့်၊ မင်းလွင်နှင့် ဦးခင်တို့အား စက်လှေတစ်စင်းနှင့်အတူ တွေ့ရှိရှာဖွေရာ စက်လှေပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ၇၂၅ဝ ကို လည်း ကောင်း၊ အလားတူ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု- ၄၆ မောင်တောမှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မောင်တော မြို့နယ် ကညင်တန်းကျေးရွာ မောင်တော-အလယ်သံကျော်ကားလမ်း၊ မီးသတ်ရုံး အနီး၌ မာမက်အီလီယက် မောင်းနှင် လာသည့် သုံးဘီးဆိုင်ကယ်ကို ရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅ဝဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၁ နာရီ ခွဲက မူးယစ်တပ်ဖွဲ့စု-၁၈ မန္တလေး (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန် မြို့နယ် (ဆ)ရပ်ကွက် ၅၁ လမ်းနှင့် အေးသုခလမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်၌ မြောင်မြို့နယ် မြစ်ဆုံကျေးရွာနေ မင်းဆွေ(ခ)အရှည်ကြီးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်း ကောင်း၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ ကျော်မင်းနိုင်(ခ)ကျော်သူ မောင်းနှင်ပြီး အောင်မြင့်ဇော် (ခ)ကုလား လိုက်ပါ လာသည့် ခြောက်ဘီးကုန်တင်မော်တော် ယာဉ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၈၉၂ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီက မူးယစ်တပ်ဖွဲ့စု-၂၆ ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့ မြို့ကုန်း ရပ်ကွက်နေ စိုင်းတင်ငွေ၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅ဝ ကို လည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁ဝ နာရီခွဲက အောင်ပန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် အောင်ပန်းမြို့ အမှတ်-၃ရပ်ကွက်၊ အမှတ်-၃နယ်မြေ ကျောက်တစ်လုံးသွားလမ်းနေ ရဲထွန်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၉ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ အောင်ပန်းမြို့ လှည်းရိုးရပ်ကွက် အမှတ်-၃ နယ်မြေနေ ဒေါ်ထွန်း၏နေအိမ် ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၃ဝ၈ ပြားကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့ အား ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ ကိုရဲ(မြန်မာ့အလင်း)
No comments:
Post a Comment