ယခုနှစ် မတ်လကုန်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ယခုနှစ်အတွက် ထူးခြားမှု က ရုပ်ရှင်ထူးချွန်ဆု ၁၂ ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၃ဝ ကျော်ကို စိစစ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ ရွေးချယ်ထားသော အကယ်ဒမီ ရွေးချယ် ရေးအဖွဲ့မှ စတင်ရွေးချယ်နေကြောင်း သိရ သည်။
လတ်တလော ပရိသတ်တွေ ခန့်မှန်း ပေးထားကြသည့် အနုပညာရှင်များဖြစ်ကြ သည့် မြင့်မြတ်၊ အြိာကျော်ဇင်၊ စိုးပြည့် သဇင်တို့၏ အကယ်ဒမီအပေါ် ရင်ခုန် သက်ဝင် လှုပ်ရှားစကားသံများကို လည်း ယခုလို ကြားသိခဲ့ရပြန်သည်။
မြင့်မြတ်
အကယ်ဒမီကတော့ ရင်မခုန်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဇာတ်ကားတွေကများပေမယ့် ဒရာမာ ဇာတ် သိပ်မပါဘူး။ မနှစ်ကမှ ဒရာမာနည်းနည်းပါသေး တယ်။ ဒီနှစ်အတွက် မမှန်းဘူး။ မသေချာဘူး။ ပရိသတ်တွေက အကယ်ဒမီ မှန်းပေမယ့် မသေ ချာပါဘူး။ ကိုယ့်အတွက် ဇာတ်ကားကောင်းကောင်းပါတဲ့ နှစ်ကတော့ အကယ်ဒမီရမယ်ထင်တယ်။ ကျွန်တော့်ကိုတော့ ပရိသတ်က ကျူးဇာတ်ကားတွေက အမည်ပေါက်နဲ့ ကျူး၊ တောကျီးကန်း၊ ကျွန်တော့်ကားတွေ အကုန်လုံးကလည်း အက်ရှင်ကားတွေများနေတယ်၊ ဒရမ်မာကားက အလွန် နည်းတယ်။
အကယ်ဒမီ အြိာကျော်ဇင် (ရင်ဘတ်ထဲကဓား)
အကယ်ဒမီနီးလာရင်တော့ သရုပ်ဆောင်တိုင်း ရင်ခုန်ကြတာပါပဲ ၊ ကိုယ့်မောင်နှမတွေထဲက ဒီနှစ် ဘယ်သူများရမလဲဆိုပြီးပေါ့၊ အူဝဲခဏခဏ ပြောတော့ ပြောဖူးပါတယ် ရရင်တော့ အတိုင်းမသိ ဝမ်းသာရတာပေါ့၊ ကိုယ့်ထက်တော်တဲ့ အတတ်ပညာရှင်တွေ အသိပညာရှင်တွေက စနစ်တကျ ရွေးချယ်တာဆိုတော့ ဘာပြောပြော ထိုက်တန်တဲ့ ဆုတစ်ဆုဖြစ်တာမို့ ရချင်ပါတယ်၊ စိတ်ထဲတော့ နှစ်မထားပါဘူး၊ ဒီနှစ်အတွက် အူဝဲကို ပရိသတ်ကပေးကြတဲ့ ဆုတော့ ကြိုထားလို့ အားလုံးကျေးဇူး တင်ပါတယ်၊ ကိုယ့်ဘက်ကတော့ တတ်နိုင်သမျှအကောင်းဆုံး ကြိုးစားခဲ့တာပါပဲ ''ရင်ဘက်ထဲကဓား'' ကတော့ အူဝဲတကယ့်ကို ကျေနပ်ရလောက်တဲ့ သရုပ်ဆောင် လုပ်ကွက်တွေရခဲ့တယ်၊ ဒါပေမယ့် လိုအပ်ချက်လေးတွေ အနည်းငယ်တော့ ရှိနေပါသေးတယ်၊ ကြိုးစားရဦးမှာပါ၊ ပရိသတ်ကလည်း ရစေချင်တယ်၊ ကိုယ်တိုင်လည်း အများကြီးကြိုးစားထားတယ်ဆိုတော့ ပရိသတ်အတွက်ရော၊ ကိုယ့်ကြိုးစားမှုလေးအတွက်ပါ အရာထင်စေချင်တယ်၊ အကယ်ဒမီဆုပေးတဲ့ စည်းမျဉ်းစည်းကမ်း အရကတော့ ဘယ်လိုလာမလဲ အူဝဲမပြောတတ်ဘူးဆိုတော့ ကံကိုပဲပြောရတော့မှာပေါ့နော်။
အကယ်ဒမီ စိုးပြည့်သဇင် (ခေါက်ထီးလေး မလုံတစ်လုံ)
စိုးပြည့်အနေနဲ့ကတော့ ''ခေါက်ထီးလေးမလုံတစ်လုံ''မှာ အကောင်းဆုံးတော့ သရုပ်ဆောင် ထားတာပဲ၊ ကိုယ်ထက်တော်တဲ့သူတွေလည်းပါတော့ ဘာပြောပြော စိုးပြည့်မရလည်း ဇာတ်ကားထဲမှာ ပါတဲ့ မောင်နှမတွေရရင် ပျော်ပါတယ်၊ ပရိသတ်တွေကလည်း စိုးပြည့်ကို မျှော်မှန်းပေးကြလို့ ဝမ်းသာ မိပါတယ်၊ စိုးပြည့်လည်း အမြဲကြိုးစားနေပါတယ်၊ စိုးပြည့်တို့ရဲ့ ဇာတ်ကားလေးအကယ်ဒမီ ဆန်ခါတင်ထဲမှာ ခုပါဝင်ပြီး ရင်ခုန်ခွင့်ရတာကိုလည်း ကျေးဇူးတင်တယ်၊ တအားတော့ စိုးပြည့် မျှော်လင့်မထားဘူး၊ အကယ်ဒမီက နတ်ကြီးတယ်၊ နောက်အကယ်ဒမီဆိုတာကတော်တဲ့တတ်တဲ့သူတွေကို ပညာရှင်တွေက ပေးမယ့်ဆုတစ်ခုပါ၊ ပညာရှင်တွေက ရွေးချယ်ပြီး အမှတ်ပေးမယ်ဆိုတဲ့ အခါကျတော့ ကိုယ်တွေ ခေအသမ တွေအနေနဲ့ ကတော့ ကိုယ်လုပ်ရမယ့်ဇာတ်ရုပ်၊ ကိုယ်လုပ်ရမယ့်ကားမှာ အတတ်နိုင်ဆုံးပြင်ဆင်ဖို့ စိုးပြည့်က အဲ့ဒီလိုမျိုးပဲ စိတ်ထဲထားတယ်။ ကျန်တာကတော့ ပညာရှင်တွေရဲ့ သဘောပါ။ ရင်တော့ခုန်မိတယ်၊ ပရိသတ်တွေကလည်း အားပေးကြတယ်၊ စိုးပြည့်ပရိသတ်ကို ဒီနှစ်မှာ ပုံစံမတူတာတွေ အများကြီးချပြဖို့ရှိတယ်။
ဝတ်မှုန်ရွှေရည် (ကျွန်)
ကစ်ကတော့ ကိုယ့်မောင်နှမတွေထဲက ဘယ်သူရရ ဝမ်းသာပါတယ်၊ ကစ်ကားတွေပါလို့လည်းဝမ်းသာပါတယ်၊ အကယ်ဒမီက နတ်ကြီးတာဆို တော့ ကံနဲ့လည်း ဆိုင်ပါတယ်၊ အကယ်ဒမီကတော့ အနုပညာသမားတိုင်း လိုချင်တဲ့ ဆုလေ၊ ကစ်လည်းလိုချင်ပါတယ်၊ ဒါပေမယ့် ကိုယ့်ထက်တော်တဲ့ သူတွေအများကြီးရှိတယ်ဆိုတော့ ဘယ်သူရမယ်၊ ဘယ်သူပေးမယ်ဆိုတာ လူကြီးတွေ ပညာရှင်တွေရဲ့ အဆုံးအဖြတ်မို့ကစ်ကတော့ အားလုံးတော်ပြီး တကယ့်ကို တတ်တဲ့ပညာရှင်တွေ အကုန်ရစေချင်ပါတယ်။ ။ ကိုလင်း(မြန်မာ့အလင်း)
No comments:
Post a Comment