မြစ်တွေး ငှက်မျိုးစိတ် သားပေါက်ရာသီတွင် အသိုက်များ မပျက်စီး
စေရန် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိ
ရန်ကုန် ဖေဖော်ဝါရီ ၎
ပြည်တွင်း၌သာမက ကမ္ဘာတွင်လည်း ရှားပါးလာသည့် မြစ်တွေး (River Tern) ငှက်မျိုးစိတ်များကို ချင်းတွင်းမြစ် အထက်ပိုင်း၌ သစ်တောဦးစီးဌာန သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့်ဒေသခံများ ပူးပေါင်း၍ သားပေါက်ရာသီတွင် အသိုက်များ မပျက်စီးစေရန် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မြစ်တွေးငှက်မျိုးစိတ်များ ကျက်စားရာ ဒေသဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် နှစ်ခုပေါင်းတွင် အနည်းဆုံး အကောင်ရေ ၁ဝဝ ကျော်သာ ကျန်ရှိတော့ပြီး မြစ်တွေးငှက် ဒေသအခေါ် စင်ရော်ငှက်သည် ချင်းတွင်းမြစ်၌ အဓိကနေထိုင် ကျက်စားလျက်ရှိပြီး အထူးသဖြင့် ခန္တီးနှင့် ဟုမ္မလင်းကြား၌ အကောင်ရေအများဆုံး နေထိုင်ကျက်စားလျက် ရှိကြောင်း၊ ၂ဝ၁၇ ခုနှစ် သုတေသနပြုလုပ်ချက်အရ ငှက်သိုက် ၄၁ သိုက်ကို ထိန်းသိမ်း စောင့်ရှောက်ထားနိုင်ခဲ့ပြီး သားပေါက်ရာသီအပြီးတွင် မျိုးပွားမှု ၄ဝ ရာခိုင်နှုန်းခန့် အောင်မြင်ခဲ့ကာ ခန္တီးနှင့် ဟုမ္မလင်းကြားသည် မိတ်လိုက်မျိုးပွားရာ ဒေသနှင့် သားပေါက်၊ အသိုက်ဆောက်ရာ အကောင်းဆုံး နေရင်းဒေသများလည်း ဖြစ်သည်။
ယခုနှစ်တွင် မြစ်တွေးငှက်များ သားပေါက်ရာသီမှစ၍ အသိုက် ၁၁ သိုက်ကို တွေ့ရှိပြီး ထိန်းသိမ်းစောင့်ရှောက်ထားကာ ထပ်မံစာရင်း ကောက်ယူနေဆဲဖြစ်ကြောင်း၊ ယင်းဒေသ၌ ၂ဝ၁၇ ခုနှစ်မှစ၍ အသိုက်ဆောက်လုပ်သော ရာသီတွင် အသိုက်နှင့် ဥများမပျက်စီးစေရန်၊ အကောင်ပေါက်များ မသေစေရန်၊ လူနှင့်တိရစ္ဆာန်များ၏ အနှောင့်အယှက် ဘေးအန္တရာယ် မခံရစေရန်နှင့် အကောင် အရေအတွက် တိုးပွားလာစေရန် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။ ယခုအခါ မြစ်တွေးငှက်များ၏ သားပေါက်ချိန် ရာသီရောက်လာပြီဖြစ်၍ အရေးပါသော သဲသောင်ခုံများ၊ ကျွန်းများ၌ သတိပေး တားမြစ်ချက်များ၊ မေတ္တာရပ်ခံချက် ဆိုင်းဘုတ်များ စိုက်ထူထားပြီးဖြစ်ကြောင်း သိရသည်။(MWD)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment