Latest News

Saturday, February 10, 2018

ပါကစ္စတန် ၏ လျပ်စစ်ဓါတ်အား ထုတ်လုပ်မှု ကို လေ့လာခြင်း


ပါကစ္စတန် နိုင်ငံအလယ်ပိုင်းရှိ မီဂါဝတ် ၁၃၂၀ ရှိ ဆာဟီဝါး (Sahiwal) လျပ်စစ်ဓါတ်အားပေးစက်ရုံအား တရုတ် လျပ်စစ်ဓါတ်အားပေး ကုမ္ပဏီက ၂၂ လ နဲ့ စံချိန်တင် အပြီး ဆောက်လုပ်ခဲ့ပြီး တာဝန်ယူ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုလုံးကို နေ့ဆိုင်း ညဆိုင်း ဆိုပြီး ကရိန်းများမှာ ဆလိုက်မီးများ ထိန်အောင် ထွန်းညှိပေးထားပြီး ၂၄ နာရီ ပါတ်လုံး ဆက်တိုက် လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရ က လျပ်စစ်ဓါတ်အား ရရှိရေးအား အာသာငမ်းငမ်း နဲ့ တွန်းတွန်းတိုက်တိုက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထို့အတွက် လွန်ခဲ့သော သြဂုတ်လက လျပ်စစ်ဓါတ်အား ပေးနိုင်မှု နှင့် အမြင့်ဆုံး လိုအပ်ချက်အကြားမှာ ကွာဟမှုက ၁၂% အထိ ကျဆင်းလာခဲ့တယ်လို့ သုတေသန ပြုလုပ်တဲ့ ကုမ္ပဏီတခုက ထုတ်ပြန်ခဲ့ပါတယ်။

ပါကစ္စတန် အစိုးရ က နောက်နှစ်အတွင်း ရွေးကောက်ပွဲ ရှိတာ ကလည်း တကြောင်းမို့ လျပ်စစ်ဓါတ်အားကို လက်ရှိ ပေးနိုင်မှုထက် ၅၀% တိုးမြှင့်ပြီး ၉၀၀၀ မီဂါဝတ် အထိ ရရှိနိုင်ရေး အတွက် ဓါတ်အားပေးစက်ရုံများကို အပူတပြင်း တည်ဆောက်လာခဲ့ပါတယ်။

ထို့အတွက် ၂၀၁၂ မှာ လျပ်စစ်ဓါတ်အား ပြတ်တောက်မှု တနေ့ကို နာရီ ၂၀ လောက် ခံစားခဲ့ရပြီး ပူလွန်းအိုက်လွန်းတဲ့ အတွက် ညစ်ပါတ်နေတဲ့ မြောင်းတွေထဲမှာ ရေဆင်းစိမ်နေရတဲ့ လူအများ အသက်ရှု ချောင်လာစ ပြုလာနေပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အဆိုပါ လျပ်စစ်ဓါတ်အား ကို ကျောက်မီးသွေးကနေ ထုတ်လုပ်ယူခဲ့တာ တွေ့ရပါတယ်။ အထက်က ဖေါ်ပြခဲ့တဲ့ ဆာဟီးဝါး ဆိုလည်း ကျောက်မီးသွေးနဲ့ လည်ပါတ်တဲ့ စက်ရုံ ဖြစ်ပါတယ်။ အသစ် တည်ဆောက်ပြီးခဲ့တဲ့ လျပ်စစ်ဓါတ်အားပေး စက်ရုံများရဲ့ လေးပုံ သုံးပုံက ကျောက်မီးသွေး နဲ့ လည်ပါတ်နေပါတယ်။ အစိုးရကတော့ နောက်ဆုံး ပေါ် နည်းပညာ တွေ သုံးပြီး လေထုညစ်ညမ်းမှုကို လျော့ချသွားမယ်လို့ ဆိုနေပါတယ်။ တရုတ် နဲ့ အခြားနိုင်ငံတွေ အသုံးပြုနေတဲ့ “supercritical” နည်းပညာ ကို သုံးမယ့်အပြင် တမီဂါဝတ် ထုတ်လုပ်ရင် အသုံးပြုရမယ့် ကျောက်မီးသွေး ပမာဏ လျော့ချနိုင်မယ့် နည်းပညာကို သုံးမှာ ဖြစ်တဲ့ အတွက် သဘာဝ ဓါတ်ငွေ့နဲ့ အသုံးပြုသလောက်နီးပါး သန့်ရှင်းစေရမယ်လို့စီမံကိန်း နဲ့ ဖွံ့ဖြိုးမှု ၀န်ကြီး အာဆန် အစ်ဘားက ဆိုပါတယ်။

တရုတ် ကုမ္ပဏီများက လျပ်စစ်ကဏ္ဍ မှာ အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံပြီး အစိုးရနဲ့ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် လမ်းမကြီး တည်ဆောက်ရေး ခေါ်တဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေမှာ ပူးတွဲ လုပ်ကိုင်လာခဲ့ပါတယ်။

အိမ်နီးချင်း တရုတ် နဲ့ အိန္ဒိယမှာ ကျောက်မီးသွေးကနေ ထုတ်လုပ်တဲ့ လျပ်စစ်ဓါတ်အား ရရှိမှုသည် စုစုပေါင်း ထုတ်လုပ်တဲ့ လျပ်စစ်ပမာဏ ရဲ့ ၇၀% ရှိနေပြီး ပါကစ္စတန် အဖို့ အရင်အနေအထားမှာ ၁% ပဲ ရှိခဲ့ပါတယ်။

ပါကစ္စတန် က ရေအား လျပ်စစ်ဓါတ် ထုတ်လုပ်မှုကို အထူးဦးစားပေး ဆောင်ရွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ရေသိုလှောင်နိုင်ရေး မှာ အခက်အခဲ ဖြစ်လာရသလို နေပူချိန်ကို အမှီပြုရတဲ့ ဆိုလာ လျပ်စစ်ကလည်း အလားတူ ပြဿနာတွေ ကြုံလာခဲ့ရပါတယ်။ ထို့အတွက် ပြည်တွင်းမှာ အများအပြားရှိနေတဲ့ ကျောက်မီးသွေး ကို ထုတ်ယူ အသုံးပြုဖို့ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်အထိ များများစားစား ထုတ်လုပ်နိုင်တဲ့ အဆင့် မရောက်သေးပဲ ပြည်ပက တင့်ပို့နေရဆဲ ဖြစ်ပါတယ်။ ခန့်မှန်းချက်အရ မြေအောက်တွင် တူးဖေါ် အသုံးပြုနိုင်သော ကျောက်မီးသွေး တန်ချိန် ၁၇၀ ဘီလီယံ တန် ရှိနေတယ်လို့ သိရပါတယ်။

သို့သော်လည်း စက်ရုံ အသစ်များက ထုတ်လုပ်တဲ့ လျပ်စစ်ဓါတ်ရဲ့ ရောင်းချနိုင်မှု ဈေးနှုန်းက မြင့်တက်လာခဲ့ပြီး တစ် ကီလိုဝပ် ကို တနာရီနှုန်း အမေရိကန် ဒေါ်လာ ၀.၁၃ ဆင့် အထိ မြင့်တက်ခဲ့ပါတယ်။ ဒီနေရာမှာ အိမ်နီးချင်း အိန္ဒိယက ၀.၁၂ ဆင့်၊ ဘင်္ဂလားဒေ့ရှ် က ၀.၀၉ ဆင့်ပဲ ရှိနေပါသေးတယ်။

ထို့အတွက် ပါကစ္စတန် ပြည်ပပို့ကုန် လုပ်ငန်း ဖြစ်တဲ့ အထည်အလိပ် လုပ်ငန်းများ အထူးထိခိုက်လာခဲ့ရပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့နဲ့ မယှဉ်နိုင်အောင် ဖြစ်လာခဲ့ရပါတယ်။ ဆာဟီဝါး ဓါတ်အားပေး စက်ရုံက ဆိပ်ကမ်းနဲ့ ကီလိုမီတာ ၁၀၀၀ ခန့် ဝေးတာမို့ အင်ဒိုနီရှားက တင်သွင်းလာတဲ့ ကျောက်မီးသွေးကို ဆိပ်ကမ်းကနေ စက်ရုံ သယ်ဆောင်ရတဲ့ နှုန်းက အင်ဒိုနီရှား မှ ပါကစ္စတန် ဆိပ်ကမ်းကို အရောက်ပို့တဲ့ နှုန်းထက်များနေပါတယ်။ ထို့အတွက် လျပ်စစ်ဓါတ်အားခတွေ ဈေးနှုန်းကြီးမြင့်ခဲ့ရတာလည်း တကြောင်း အပါအ၀င် ဖြစ်လာခဲ့ပါတယ်။

ထို့အတွက် ပါကစ္စတန် တွင် လျပ်စစ်ဓါတ်အား ထုတ်လုပ်မှု မြင့်တက်လာခဲ့ရသော်လည်း ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်တွင်းစက်မှု လုပ်ငန်းတွေ ကြီးထွားလာမှုနဲ့ တိုင်းပြည်ရဲ့ဂျီဒီပီ ကို တိုးမြှင့်ရေးမှာ အထောက်အကူ မပြုနိုင်သေးတာ တွေ့ရပါတယ်။

နောက်တချက် က ဖြန့်ဖြူးရေး အပိုင်း ဖြစ်ပါတယ်။

ဓါတ်ကြိုးမျာူ အရည်အချင်း မပြည့်မီမှု နဲ့ ခိုးယူသုံးစွဲမှုကြောင့် ထုတ်လုပ်နိုင်မှု ရဲ့ ၁၈% က အလေအလွင့် ဖြစ်နေခဲ့ရပါတယ်။ ထိုအလေအလွင့်တွေအတွက် သုံးစွဲသူတွေက ပိုပြီး ပေးဆောင်ခဲ့ရပါတယ်။ လက်ရှိ ရှိပြီးသား လျပ်စစ်ဆိုင်ရာ အခြေခံ အဆောက်အအုံများက အသစ်တိုးမြှင့်လာတဲ့ ထုတ်လုပ်မှု ကို အမှီလိုက်နိုင်စွမ်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒီအတွက် လျပ်စစ်ဓါတ်အား မည်မျှပင် ပိုလျံနေပါစေ၊ မီးပြတ်လတ်မှု များ က ဆက်လက်ရှိနေအုန်းမှာ ဖြစ်ပါတယ်။ လူဦးရေ ရဲ့ ၆၇ % သာ လျပ်စစ်ဓါတ်အား ရရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရ ကတော့ အရင်က တ၀က်ဈေးနဲ့ ဖြန့်ဖြူးရောင်းချနေမှုကို ရပ်စဲခဲ့ရပါတယ်။ ထို့အတွက် ဒေါ်လာ ၈ ဘီလီယံ လောက် အရှုံးပေါ်နေတဲ့ အစိုးရ ဓါတ်အားပေး စက်ရုံများ အသက်ရှု ချောင်စရာ ဖြစ်လာခဲ့ပါတယ်။ အစိုးရအနေနဲ့ကလည်း တိုးတက်များပြားလာတဲ့ ဓါတ်အားပေး စက်ရုံများအတွက် ကျောက်မီးသွေး နဲ့ LNG ကို ပြည်ပက တင်သွင်းနေရတာကြောင့်လည်း နိုင်ငံခြား အရံငွေတွေ ကုန်ခမ်းလာခဲ့ရတဲံအတွက် လုပ်ရတာလည်း ဖြစ်နိုင်ပါတယ်။

စီးပွားရေး အနေအထားကြောင့် ရူပီးတန်ဖိုးကို ချလာရရင် တင်သွင်းရတဲ့ လောင်စာဆီ တန်ဖိုးကို ပိုမိုပေးချေရမှာ ဖြစ်ပြန်တဲ့ အတွက် လျပ်စစ် ဓါတ်အားခတွေ တိုးမြှင့်လာအုန်းမှာ ဖြစ်ပါတယ်။

ထို့အတွက် ပြည်ပကလောင်စာကို အားကိုးပြီး ဓါတ်အားပေး စက်ရုံတွေ နင်းကန် မဆောက်ဖို့ သတိပေးတဲ့ စွမ်းအင်ဝန်ကြီးကို ဌာနပြောင်းရွှေ့ပေးလိုက်ပါတယ်။ လောလောဆယ် မီဂါဝတ် ၄၅၀၀ ထုတ်လပ်နိုင်မယ့် ရေအား လျပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး က အတော်ကို နှေးကွေး လေးလံနေဆဲ ဖြစ်ပါတယ်။

ထို့အတွက် လျပ်စစ်ဓါတ်အား တိုးမြှင့်ထုတ်လုပ်လာခြင်းသည် ပါကစ္စတန် စီးပွားရေး အတွက် အဖြေတရပ် ဖြစ်မလာသေးပဲ မီးတွေ ပြန်လင်းလာတာနဲ့ အတူ အရင် အမှောင်ထဲက ပြဿနာတွေက တဖြေးဖြေး နဲ့ ပေါ်ပေါက်လာတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
လှစိုးဝေ

ကိုးကား၊ ၊ The Economist November 9th 2017 / Thomson Reuters

No comments:

Post a Comment