Latest News

Saturday, February 17, 2018

အသဲကွဲတယ်ဆိုတာ

အသဲကွဲတယ်ဆိုတာ

"ဘုန်းဘုန်း သားတို့ကွဲသွားပြီ။"

"ဘာရယ်...သား?"

"သားတို့အပြီးကွဲသွားပြီပြောတာ။" ကလေးက ကိုယ့်ကို ၀မ်းနည်းတဲ့မျက်လုံးတွေနဲ့ပြောလိုက်တယ်။

အသက်က ၂၂ နှစ်ပဲရှိသေးတဲ့ကလေး။ ကိုယ့်မျက်စိထဲမှာ ကလေးပဲ။ သူကချစ်တတ်နေပြီ။ အိမ်ထောင်တောင်ကျသွားပြီ။ လပိုင်းလေးပဲရှိသေးတယ် ကွဲသွားပြီတဲ့လား။ သူ့မိန်းမလေးကကော အသက်ဘယ်လောက်မှတ်နေလဲ။ ၁၈ နှစ်တောင်မပြည့်သေးဘူး။ ၁၀ တန်းတက်နေတုန်းတဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တော့မယ်လို့ ကြုံးဝါးခဲ့တဲ့ အာဂမိန်းခလေး။ အိမ်ကို စုံကန်ပြီး ချစ်သူဆီရောက်လာတဲ့မိန်းခလေး။

"သား လိုက်ရှာတာ ၃-ရက်ရှိပြီ ဘုန်းဘုန်း။ သားတာဝန်ကျေပြီလို့ထင်တယ်။ သူ့မိဘတွေက ၀ှက်ထားတယ်။ သားကပိုက်ဆံမရှိတော့ ခွဲတာထင်တယ်။"

မျက်ရည်အ၀ိုင်းသားနဲ့ ပြောနေတဲ့ ဒီကလေး။ စိတ်ထဲမကောင်းဖြစ်သွားတယ်။ သူတော်တော် ခံစားနေရတာ။ အစကတည်းက ထင်ပြီးသား။ သိပ်မကြာပါဘူးလို့ ထင်ပြီးသား။ သြော် အိမ်ထောင်ရေးဆိုတာ ၀င်စို့ထွက်စို့လုပ်လို့ရတဲ့ ကစားနည်းမဟုတ်ဘူး ကလေးတို့ရဲ့။ မိန်းခလေး ရက်စက်ပုံကလည်း အကျိုးအကြောင်းတောင် မပြောသွားပဲ တိတ်တိတ်အိတ်တွေယူပြီး ဆင်းသွားတာ။ ယောင်္ကျားလေးခမျာ အရူးတစ်ပိုင်းဖြစ်နေတာပေါ့။ အုတ်နံရံနဲ့ခေါင်းနဲ့ ဆောင့်ပစ်တယ်တဲ့။ ခေါင်းမှာ ဒဏ်ရာနဲ့။

"သြော် သားရယ်၊ အစကတည်းက ဘုန်းဘုန်းပြောပြီးသား။ ဖြစ်နိုင်ခြေတွေကို အကုန်ပြောပြီးသား။ သားမွှန်နေလို့ ဘုန်းဘုန်းဘာမှ ကန့်ကွက်စကားမပြောခဲ့တာ။ ဒီအချိန်မျိုး ဘယ်သူ့စကားမှ နားဝင်တာမဟုတ်ဘူး။ ဘုန်းဘုန်းတပည့်တွေဆို မွှန်လာပြီဆိုလွှတ်ထားလိုက်တော့တာ။ ခံပစေဆိုပြီးကို လွှတ်ထားလိုက်တာ။ ခံရတော့မှ သိတာကိုး။ အဲဒီတော့မှ ဟုတ်တယ်လို့ပြောကြတာ။ မမြဲဘူးဆိုတာ သိပြီးသား။ ဒီအရွယ်လေးနဲ့ ဘာကိုစဉ်းစားတတ်မှာလဲ။ သက်သက်စိတ်ကစားတာ။ သားလွတ်လပ်သွားတယ်လို့ မှတ်လိုက်။"

ကိုယ်ကသာပြောနေတာ သူကငိုမဲ့မဲ့။ ခိုးပြေးခဲ့တာလည်းမဟုတ်။ သူ့ဖာသာတက်လာပြီး သူ့ဖာသာထွက်သွားတာ ကောင်လေးခမျာ ခံစားရတာပေါ့။

"တစ်ခါတစ်ခါ သတိရတာပေါ့ ဘုန်းဘုန်းရဲ့။ ထမင်းစားချိန်ဆို သတိရတယ်။ အိပ်ချိန်ဆိုလည်း သတိရတယ်။ မေ့နိုင်အောင်တော့ သားကြိုးစားပါတယ်။ ဒါပေမဲ့ ဘုန်းဘုန်းရယ်..လူပဲ ခံစားချက်တော့ရှိတာပေါ့။ တစ်ခါတစ်ခါ သူပြန်လာရင်ကောင်းမှာပဲလို့ တွေးမိတယ်။"

သူကတော့ သတိတွေရလို့၊ ဟိုက အတွေ့တောင်မခံဘူး။ ဘယ်သူမှလာခေါ်တာလည်း မဟုတ်ဘူး။ ကိုယ့်ဖာသာ ပြန်ဆင်းသွားတာ။ သြော် အချစ်အချစ် ရယ်စရာကြီးပါ။ စိတ်ကစားရုံသက်သက်၊ တဒင်္ဂသာယာမှုသက်သက်ပါ။ ထမင်းမ၀တော့ အချစ်ဆိုတာ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားပါရောလား။

"သားရယ်..... အဲဒီအတွက်ကြောင့် ခံစားမနေပါနဲ့။ မတန်လို့ပါ သားရယ်။ သား လွတ်လပ်ပြီလို့သာ မှတ်ပါကွာ။ သားမှာ အချိန်တွေအများကြီးရှိသေးတယ်။ ဘ၀အတွက် လုပ်ရမှာတွေ အများကြီးရှိသေးတယ်။"

ပြောသာပြောရတာ သူက မျက်ရည်က၀ဲဝဲ။ ဒီအချိန်မှာ လက်တွေ့ကျကျတွေ ဘာတွေပြောနေလည်း နားမ၀င်တတ်ဘူးလေ။ ဒါဟာ အချစ်ဆိပ် ငယ်ထိပ်ရောက်နေချိန်ပဲ။

"သူ့ကို ပြန်များလာမလားလို့တော့ သား..မျှော်လင့်နေမိတယ်။ သူပြန်လာရင် ၀မ်းသာမှာ။"

"ဟ....သားရ၊ သူပြန်လာရင် သားပြန်ဒုက္ခရောက်ပြီပေါ့။ အခုမှ သားအတွက် အသက်ရှုချောင်သွားတာ။ သားလခက ဘယ်လောက်ရလို့လဲ။ သူကအလုပ်မလုပ်ပဲ ထိုင်စားရုံသက်သက်။ သူပြန်လာရင် သားတို့ ထမင်းပြန်ငတ်ရုံပေါ့။ စိတ်ကူးမယဉ်ပါနဲ့ သားရယ်။"

ဒီလိုဖြစ်လာမယ်ဆိုတာ သိနေပြီးသား ဇာတ်လမ်းတွေကို ကြားရတဲ့အခါ ကိုယ်ကတော့ မတုန်လှုပ်ပေမဲ့ ကာယကံရှင်တွေကတော့ အရူးအမူးခံစားနေတာလေ။ လောလောလတ်လတ်ကြီး ကလေးအတွေးနဲ့ ဘယ်လိုမေ့လို့ရနိုင်ပါ့မလဲ။

"သား.......၊ အခု သားကငယ်သေးတော့ ဒီကိစ္စကအကြီးကြီးဖြစ်နေတာ။ သား အသက် ၃၀ လောက်ရောက်သွားရင် အခုဖြစ်နေတာတွေဟာ ရယ်စရာကြီးဖြစ်သွားလိမ့်မယ်။ ၄၀ လောက်ရောက်သွားရင် ငယ်ငယ်ကခံစားတာတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေလို ဖြစ်သွားရော။ အချိန်က ကုစားလိမ့်မယ်သား။ အခုတော့ အဲဒါကို ခေါင်းထဲသိပ်မထည့်ပဲ လက်တွေ့ဆန်ဆန် နည်းနည်းတွေးကြည့်....သား။"

ဒီအချိန်မျိုးမှာ သူ့ရဲ့ခံစားချက်ဟာ အထွတ်အထိပ်ပဲလေ။ သူ့ခံစားချက်ကိုလည်း နားလည်ပေးတာကို ပြရသေးတယ်။ ခံစားချက်ကို ပြက်ရယ်ပြုသလိုမျိုး မလုပ်ရက်ပါဘူး။ ဒီအချိန်က မေတ္တာနဲ့ နားလည်မှုလိုတယ်လေ။ ဒါပေမဲ့ အလိုလိုက်ပေးလို့လဲမရဘူး။

"သား.... ထမင်းစားပြီးပြီလား?" မသင်္ကာလို့ မေးလိုက်တာ။

"သား.... ထမင်းမစားတာ ၃-ရက်ရှိပြီ။ သူထွက်သွားကတည်းက။"

စိတ်ထဲမှာ သေဟဲ့နန္ဒိယ လို့ အော်မိတော့တယ်။ သြော် သူအသဲကွဲနေတာလေ။ ကလေးခမျာ ငယ်ငယ်ရွယ်ရွယ် ချစ်သူစွန့်ပစ်သွားတာ ခံလိုက်ရတာကိုး။ မေတ္တာတွေ အနစ်နာခံတာတွေကို စော်ကားခံလိုက်ရတာကိုး။ သိက္ခာတွေကို ကောင်မလေးအသိုင်းအ၀ိုင်းက ချနင်းတာလည်း ခံလိုက်ရတာကိုး။ သူ့ခမျာ နဂိုကတည်းကမှ ဂုဏ်သိက္ခာဆိုတာ ရှိရှာတာမဟုတ်တာကို တမင်ချနင်းတာ ခံရတော့လည်း ခံစားရပြီပေါ့။

"အေး အေး၊ သား...... ဘုန်းဘုန်း အားမှ သားကိုအချိန်ယူ စကားပြောမယ်သိလား။ တစ်ခုခု စားထားသား။ မုန့်လေးဘာလေးတော့ စားဦး။ နောက်ပြီး စကားပြောမယ်နော်။"

လောကမှာ ဒီလိုကလေးမျိုးတွေ အများကြီးပဲလား။ ဒီလို မစဉ်းမစား မှားကြတာတွေ အများကြီးပဲလား။ အများကြီးပဲရှိနေမယ်ဆိုတာ သိနေပါတယ်။ ဒါတွေဘာကြောင့်ဖြစ်တာလဲ။ အကြောင်းတွေကတော့ မရေမတွက်နိုင်အောင်ကို များလွန်းလှပါတယ်။ အဓိကက ပညာမတတ်တာပေါ့။ ပညာက တတ်အောင်ဘာလို့မသင်လဲလို့မေးရင်တော့၊ ဆက်သင်နိုင်လောက်အောင် ဘ၀အခြေခံ မကောင်းတော့လို့ပေါ့။

အခြေခံကောင်းအောင် အလုပ်လုပ်ပေါ့လို့ပြောရင်တော့၊ ရယ်တော့ရယ်ချင်သား မြန်မာပြည်က အလုပ်အများစုက ထမင်းတောင် မ၀ဘူးလို့ပဲပြောပါရစေတော့။ ဒီလို ဆိုးရွားတဲ့ ဘ၀တွေများစွာ အတိတ်ကံအကြောင်းတွေကြောင့်လို့သာ ကံကိုပဲပုံချလိုက်တာက ကောင်းပါမယ်လေ။

အသဲကွဲခြင်းဆိုတာကို လက်တွေ့ကြုံရသူကလေးတွေအတွက် ပြောချင်တာကတော့၊ အချစ်ဆိုတာ ထမင်းတစ်လုတ်ဖြစ်မလာတတ်လို့ ထမင်းစားရမဲ့အလုပ်လောက် အရေးမပါဘူးကွယ်လို့ပဲပြောပါရစေ။

အားလုံး လက်တွေ့ကျကျ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ကြပါစေ။

အရှင်သုစိတ္တ (မော်ကျွန်း)

No comments:

Post a Comment