Latest News

Saturday, February 17, 2018

မြန်မာ− ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးအဆင့် အစည်းအဝေး ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ ဒါကာမြို့တွင် ကျင်းပ

မြန်မာ− ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးအဆင့် အစည်းအဝေး ဘင်္ဂလားဒေ့ရှ်ပြည်သူ့ သမ္မတနိုင်ငံ ဒါကာမြို့တွင် ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် တာဝန် ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင်  ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Hon. Mr. Md. Abdul Hamid အား သမ္မတ အိမ်တော်တွင် သွားရောက် တွေ့ဆုံ၍ လာရောက်ရသည့် ခရီးစဉ်၏ ရည်ရွယ်ချက်၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နယ်စပ်ဒေသ ကိစ္စရပ်များအား ချစ်ကြည် ရင်းနှီးစွာ ဖြေရှင်း ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာ− ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ  ပြည်ထဲရေးဝန်ကြီး အဆင့် အစည်းအဝေးကို ဒေသစံတော်ချိန် ညနေ ၃  နာရီမှ ၆ နာရီခွဲအထိ ဒါကာမြို့ရှိ ပြည်ထဲရေး ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလွင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦးနှင့် အဆင့်မြင့် အရာရှိကြီးများ ပေါင်း ၁၅ ဦး တက်ရောက်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. AsaduzzamanKhan MP ဦးဆောင်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေး ဌာနကြီး၊ အတွင်းဝန်၊ Mr. Mostafa Kamal Uddin၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လုံခြုံရေးဌာနကြီး၊ အတွင်းဝန် Mr. Farid UDDIN Ahmed Chowdhury ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အတွင်းဝန်၊ ရေတပ်ဗိုလ်ချုပ် (အငြိမ်းစား) Md. Khurshed Ala, BN နှင့် အခြားအဆင့်မြင့် အရာရှိကြီးများ ပေါင်း ၁၈ ဦး ပါဝင် တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် တိုးမြှင့် ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံဘက်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား ပြန်လည်ခေါ်ယူရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသတလျောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ် ဖြတ်ကျော် မှုခင်း၊ နှစ်နိုင်ငံ မြစ်ကြောင်း နယ်နိမိတ်တွင် ဖြစ်ပေါ်လျက် ရှိသော မှုခင်းများ တိုက်ဖျက်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အောက်ပါတို့ကို ဆက်လက် ဆွေးနွေး ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်သွားရန် သဘော တူညီခဲ့ကြပါသည်−

(က) လုံခြုံရေးကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအရ သက်ဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားသော အာဏာပိုင်များ အကြား စနစ်တကျ စီစဉ်ထားသော ပုံမှန် ပြုလုပ်နေကျ ဆွေးနွေးပွဲများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်၊

(ခ) တစ်နှစ်လျှင် တစ်ကြိမ် ဒုတိယဝန်ကြီးအဆင့်/ အတွင်းဝန်အဆင့် အစည်းအဝေး များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ဝန်ကြီးအဆင့် အစည်းအဝေးများ ပြုလုပ်ရန်၊

(ဂ) အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတို့ အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အကြား အမျိုးမျိုးသော အဆင့်ကဏ္ဍ အလိုက် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုအား ဆက်လက် ပြုလုပ်ရန်၊

(ဃ) အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်ရေး၊ ဆက်သွယ် ဆက်ဆံရေးနှင့် သတင်း အချက်အလက် အပြန်အလှန် ဖလှယ်ရေးတို့ အတွက် အောက်ခြေအဆင့်၊ အလယ်အလတ် အဆင့်၊ ဗဟိုအဆင့်/ အကြီးအကဲ အဆင့်တို့၌ ဆက်သွယ် ဆက်ဆံရေး အရာရှိများ သတ်မှတ်ထားရန်၊

(င) အပြန်အလှန် ယုံကြည်မှု တည်ဆောက်မှု အဖြစ် ယဉ်ကျေးမှုအဖွဲ့၊ အားကစား အဖွဲ့၊ စာတမ်းဖတ်ပွဲများ၊ သင်တန်းအစီအစဉ်များ၊ လေ့လာရေး ခရီးစဉ်များ အပြန်အလှန် စေလွှတ်နိုင်ရေး စီစဉ် ဆောင်ရွက်ရန်၊

(စ) နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် နယ်စပ် ဆက်ဆံရေး ရုံးများကို မြန်မာနိုင်ငံဘက်မှ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ကော့ဘဇားတို့တွင် ဖွင့်လှစ်ခြင်းကို အမြန် ဆောင်ရွက်သွားရန်။

အစည်းအဝေး အပြီးတွင် မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား နှစ်နိုင်ငံ သဘော တူညီချက်များနှင့် အညီ ပြန်လည် လက်ခံနိုင်ရေး အတွက် ကြိုတင် စိစစ်မှုများဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံမှ ပထမအသုတ် လွှဲပြောင်းပေးမည့် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ ဦး၏ အမည်စာရင်းများနှင့် ကိုယ်ရေး အချက်လက်များကို ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံက လွှဲပြောင်း ပေးအပ်ခဲ့ပါသည်၊ မြန်မာနိုင်ငံ ဘက်မှလည်း ARSA အကြမ်းဖက် အဖွဲ့အစည်းတွင် ပါဝင် ပတ်သက်သူ အကြမ်းဖက် သမားများ၊ တရားခံပြေးများ၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ၃ ကြိမ် ပေးပို့ထားပြီး ဖြစ်၍ အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ သတင်းဖလှယ် ပေးပို့ရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် တိုက်တွန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment