Latest News

Wednesday, February 14, 2018

တောင်ကိုရီးယားသမ္မတဟောင်း၏ လူယုံတော်ကို တရားရုံးက ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

တောင်ကိုရီးယားသမ္မတဟောင်း၏ လူယုံတော်ကို
တရားရုံးက ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်

ဆိုးလ်  ဖေဖော်ဝါရီ  ၁၄

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေး၏ ကာလရှည်ကြာခင်မင်ရင်းနှီးလာခဲ့  သည့် မိတ်ဆွေဖြစ်သူချွိုင်ဆွန်ဆီကို အာဏာအလွဲသုံးမှုနှင့် ခြောက်လှန့်ငွေညှစ်မှု များအပါအဝင်များစွာသော ပြစ်မှုများဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ကျခံစေရန် တောင်ကိုရီးယားတရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

သမ္မတဟောင်းပတ်ကို ရာထူးမှ ဖြုတ်ချစေခဲ့သည့်  လုပ်ပိုင်ခွင့်အာဏာဝင်ရောက် စွက်ဖက်မှု၏  အဓိကပုဂ္ဂိုလ်ဖြစ်သည့်  ချွိုင်ဆွန်ဆီကို  ဆိုးလ်ဗဟိုခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၂ဝကျခံစေရန်နှင့် ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆ သန်း)  ကို  ပြစ်ဒဏ်ကြေးအဖြစ်ပေးဆောင်စေရန်  အမိန့်ချမှတ်လိုက် ခြင်းဖြစ်သည်။

သမ္မတဟောင်း၏ ဆယ်စုနှစ်များစွာလူယုံတော်ဖြစ်ခဲ့သည့် ချွိုင်ကို ၂ဝ၁၆ ခုနှစ်     နိုဝင်ဘာလတွင်   ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး   အဆိုပါလအတွင်းမှာပင် အကျင့်ပျက်ခြစားမှု ၁၈ ခုတို့ဖြင့် တရားစွဲဆိုဆောင်ရွက်ခဲ့သည်။

ချွိုင်သည် သမ္မတရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ခဲ့ပြီး ¤င်းထိန်းချုပ် ထားသည့် အကျိုးအမြတ်မကြည့်သော ဖောင်ဒေးရှင်းများသို့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို အလှူငွေထည့်ဝင်စေရန် အတင်းအကျပ်လုပ်ဆောင်ခဲ့သည် ဟု ဖော်ပြထားသည်။

ချွိုင်သည် ဆမ်ဆောင်းအီလက်ထရွန်နစ်ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ လီဂျယ်ယောင်း ထံမှ ဝမ်ငွေ ၇ ဒသမ ၂၉ ဘီလီယံကို လာဘ်ငွေအဖြစ်ရယူခဲ့ကြောင်း သိရသည်။အထူးအစိုးရရှေ့နေ  ပတ်ယောင်ဆိုနှင့်   နိုင်ငံတော်ရှေ့နေများက   ချွိုင်သည် ဆမ်ဆောင်းအကြီးအကဲထံမှ ဝမ် ၄၃ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉ သန်း) လက်ခံရယူခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ထို့အပြင် လော့တီအုပ်စု ဥက္ကဋ္ဌ ရှင်ဒေါင်ဘင်ကိုလည်း လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုဖြင့် ထောင်ဒဏ်နှစ်နှစ်ခွဲ ချမှတ်ခဲ့သည်။
တရားရုံးက  လော့တီအုပ်စုသည်  လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ  အခွင့်အရေး ပေးအပ်ခဲ့သည့်အတွက်     အပေးအယူအနေဖြင့်   ချွိုင်ထိန်းချုပ်ထားသည့် ဖောင်ဒေးရှင်း များအနက် တစ်ခုသို့ လာဘ်ငွေအဖြစ် ဝမ် ၇ သန်း (အမေရိကန် ဒေါ်လာ ၆ ဒသမ ၅ သန်း) ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်​မာ့အလင်း
                                                 

No comments:

Post a Comment