Latest News

Sunday, February 18, 2018

ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ


နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီးပတ်ဝန်းကျင် တစ်ဝိုက်၌ မူးယစ်ဆေး ၀ါးများ ထုတ်လုပ်နေမှုရှိကြောင်း ဆက်စပ်သတင်းများ ဖော်ထုတ်ချက်အရ တပ်မတော်စစ်ကြောင်းများနှင့် ကွတ်ခိုင်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ နယ်မြေဖြန့်ခွဲရှင်းလင်းခဲ့သည်။

ထိုသို့ဖြန့်ခွဲရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ လွယ်ခန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ရှိနေရာ ၄ နေရာမှ မူးယစ်ဆေးဝါး ချက်လုပ်သည့် ယာယီအဆောက် အဦ ၃၄  လုံး၊ မီးစက်ကြီး ၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်ဆစ်ပေပါ ၂၁၀ လုံး၊ ဒီဇယ်ပေပါ ၁၆၅ လုံး၊ ဓာတ်ဆီပေပါ ၆၀ လုံး၊ ပေါင်းအိုး ၃၂ လုံး၊ အက်ဆစ်ပုလင်း ၂၀၀ လုံး၊ ၂ လီတာဆံ့အက်ဆစ် ၆၀၀ ဘူး၊ ကော့စတစ်ဆိုဒါအိတ် ၇၅၀ အိတ်၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ၁၅၀ ပုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၁၀၀ ပြား၊ စိတ်ကြွ ရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁၀၀၃၀ ကီလိုဂရမ်၊ အဖက်ဒရင်း / ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ် ICE ၂၅၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်)တို့အား ရှာဖွေဖော်ထုတ် သိမ်းဆည်း ရမိခဲ့သည်။



ယခုဖြစ်စဉ်အပေါ် ဆက်စပ်သတင်းဖော်ထုတ်ခဲ့မှုများအနေဖြင့် နေ့စဉ်ထုတ်မြ၀တီ သတင်းစာများတွင် ဖော်ပြပါ ရှိပြီးဖြစ်သည့် ကွတ်ခိုင်မြို့နယ်အတွင်း   နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ် ကြောင်းများနှင့် ကွတ်ခိုင်မြို့နယ်မှဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ၂၀၁၇ ခုနှစ် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် လွယ်ခန်ကျေးရွာအတွင်းရှိ တစ်ထပ်နေအိမ်အတွင်းမှ ဒေါ်ရင်ရင်(ဘ) ဦးအိုက်လင်း နှင့်အတူ ဘိန်းဖြူ ၂၅၅၃၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၉၅၀ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၅၂၁၈ သိန်း)တို့အားလည်းကောင်း၊ နမ့်ပေါ်ကျေးရွာအနီး၌ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် ည ၈ နာရီခန့်တွင် မူဆယ်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီးယာဉ် ၃ စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးစဉ် အဆိုပါ ယာဉ်များပေါ်မှ ဟိုက်ဒရို ကလိုရစ်အက်စ်ဆစ်များထည့်ထားသည့် ၅၀ ဂါလံဆံ့ အပြာရောင်ပလပ် စတစ်ပေပါ ၁၆၂ လုံးနှင့် ၁ ဖာလျှင် ၂ လီတာဆံ့ ပလပ်စတစ်ဘူး ၆ ဘူးပါရှိသည့် ဂျပ်ဖာ ၂၀၀ ဖာ(ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၂၉၂ သိန်း)တို့အား လည်းကောင်း၊ ဇန်န၀ါရီ ၁၇ ရက် မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာ အတွင်းရှိ လူမနေသည့် တစ်ထပ်တိုက် နေအိမ်အတွင်းမှ ICE ၁၇၅၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၃၉ ဒသမ ၆ ကီလိုဂရမ်၊ ဘိန်းဖြူ  ၄၆၂ ဒသမ ၄ ကီလိုဂရမ်ခန့်ရှိ  ဘလောက်တုံး ၁၃၆၀ တုံး၊ ကဖင်း ၂၀၀ ကီလိုဂရမ်၊  စိတ်ကြွရူးသွပ်ဆေးပြား သိန်းပေါင်း ၃၀၀ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၇ သိန်း ၂ သောင်းကျော်)ကို လည်းကောင်း၊ ဇန်န၀ါရီ ၂၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နယ်၊ မန်လွယ် ကျေးရွာအနီး၌  မသင်္ကာဖွယ်ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ် ၁ စီးပေါ်မှ စက္ကူဂျပ်ဖာများဖြင့်ထုပ်ပိုးထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၇၀၀ ဖာ(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း၈၄၀) တို့အား လည်းကောင်း ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းစသည့်ဖြစ်စဉ်များမှ ဆက်စပ် တရားခံများအား စစ်ဆေးမေးမြန်းချက်များအပေါ် စုစည်းသုံးသပ်၍ ယခုကဲ့သို့ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန် ကျေးရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်မှ မူးယစ်ဆေးဝါးများချက်လုပ်ဖွယ်ရှိသည့် ဖြစ်နိုင်ချေနေရာများကို တပ်မ တော်စစ်ကြောင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က ရှာဖွေဖော်ထုတ်ရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။


အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား ပူးပေါင်းအဖွဲ့များက ဆက်လက် ရှာဖွေရှင်းလင်းလျက်ရှိပြီး သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ

No comments:

Post a Comment