Latest News

Saturday, February 17, 2018

ရန်ကုန်လိုင်စင် ပြန်လည်ချပေး ခြင်းကြောင့် ပြည်တွင်း၌ မော်တော်ယာဉ်ဈေး အတက်အကျ ပြောင်းလဲမှု မရှိနိုင်

ရန်ကုန်လိုင်စင် ပြန်လည်ချပေး ခြင်းကြောင့် ပြည်တွင်း၌ မော်တော်ယာဉ်ဈေး အတက်အကျ ပြောင်းလဲမှု မရှိနိုင်

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကာလကြာ ရပ်နားထားသော ရန်ကုန်လိုင်စင်ဖြင့်  မော်တော်ယာဉ် စီးနင်းခွင့်များကို ဧပြီ ၁ ရက်တွင် ပြန်လည်ချပေးမည်ဖြစ်ရာ ပြည်သူများ ကလည်း  အဆိုပါ လိုင်စင်ဖြင့် စီးနင်းနိုင်ရန်  ယခင်ကထက် မော်တော်ယာဉ်များ ပိုမိုတင်သွင်း ကြမည်ဖြစ်သည်။ ထိုကဲ့သို့ တင်သွင်းလာခြင်းကြောင့် ပြည်တွင်းသို့ မော်တော်ယာဉ် အစီးရေ အများအပြား ထပ်မံဝင်ရောက် လာမည်ဖြစ်၍ မော်တော်ယာဉ် ဈေးကွက်ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက် သုံးသပ်မှု ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်ကို ဖော်ပြပေးလိုက်ပါသည်။

မကြာမီ ရန်ကုန်လိုင်စင်နဲ့ ကားစီးနင်းခွင့် ချပေးမယ် ဆိုတဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။  မကြာခင်က ပြုလုပ်တဲ့ ကားနဲ့သက်ဆိုင်တဲ့ ပွဲတစ်ခုမှာ ဧပြီလဆန်းပိုင်းက စပြီး ရန်ကုန်လိုင်စင်နဲ့ ကားစီးနင်းခွင့်ကို ပြန်လည် ချပေးမယ်လို့ တာဝန်ရှိသူ တစ်ဦးက တရားဝင် ပြောပါတယ်။ ပြန်လည်ချပေးမယ့် ပုံစံက လက်ရှိ စင်ကာပူ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ကားနံပါတ်လိုင်စင်ကို လေလံဆွဲပြီး ချပေးတဲ့ ပုံစံကို မှီငြမ်းထားပါတယ်။

ပြည်တွင်းမှာ လေလံဆွဲတဲ့ ပုံစံမဟုတ်ပေမယ့် ရန်ကုန် လိုင်စင်လိုချင်တဲ့ သူတွေအနေနဲ့ ဒီလိုင်စင်အတွက် သတ်မှတ်ထားတဲ့အခွန် ပေးသွင်းစေပြီး လျှောက်ထားမှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကနေ ပြန်လည် ချထားပေးမယ့် ပုံစံနဲ့ ရန်ကုန်လိုင်စင်ကို ပြန်လည် ချထားပေးမှာပါ။ ရန်ကုန်လိုင်စင်နဲ့ စီးနင်းချင်သူတွေ အတွက် သတ်မှတ်ထားတဲ့ အခွန်ပေးသွင်းရမယ့် ပုံစံတွေကို ပြောပြပေးပါဦး။ လက်ရှိမှာ ရန်ကုန်လိုင်စင်နဲ့ မော်တော်ယာဉ် တင်သွင်းခွင့်စလစ် (ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ခွင့်စာရွက်) ရဲ့တန်ဖိုးက တစ်စောင်ကို ငွေကျပ် သိန်း ၁ဝဝ ကျော်ရှိတယ်။

မကြာခင် သတ်မှတ်မယ့် အခွန်ပေးသွင်းရမယ့် ပုံစံက ပြည်သူတွေ အနေနဲ့ ရန်ကုန်လိုင်စင်ကို ရယူတဲ့အခါ အခုထက် ပိုအဆင်ပြေအောင် လက်ရှိပေါက်နေတဲ့ ရန်ကုန်စလစ်တန်ဖိုး ပေါက်ဈေးထက် လျော့နည်းတဲ့ ငွေပမာဏကို အခွန်သတ်မှတ်မှာ ဖြစ်ပါတယ်။ ရန်ကုန် လိုင်စင်နဲ့ တင်သွင်းမယ့် သူတွေအနေနဲ့ တစ်စီးချင်းစီ အတွက် သတ်မှတ်ထားတဲ့ အခွန်ကို ပေးသွင်းပြီး ရန်ကုန်လိုင်စင်နဲ့ ကားစီးရုံပါပဲ။ ရန်ကုန်လိုင်စင်နဲ့ ကားစီးရာမှာ အဲဒီလိုင်စင်ကို ယူတဲ့ကိုယ့်ကားရဲ့ အမျိုးအစားပေါ် မူတည်ပြီး ပေးသွင်းရတဲ့ အခွန်နှုန်းထား ငွေပမာဏက ပြောင်းလဲမှာပါ။ ဘတ်စ်ကားအတွက် ရန်ကုန်လိုင်စင်ကို ရယူတဲ့အခါ အခွန်ပေးသွင်းရတဲ့ ဈေးနှုန်းကတစ်မျိုး၊ အိမ်စီးကားအတွက် ပေးသွင်းရတဲ့ အခွန်က တစ်မျိုးနဲ့ လုပ်ငန်းသုံး ကားအတွက် ပေးသွင်းရမယ့် အခွန်က တစ်မျိုးဖြစ်မှာပါ။

ရန်ကုန်မြို့မှာ လက်ရှိအချိန်ထိ ရန်ကုန်လိုင်စင်ကို အဓိက အနေနဲ့ အသုံးပြုရမယ့် ကားအစီးရေ များပြားတဲ့အတွက် ယာဉ်ကြော ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရန်ကုန် လိုင်စင်နဲ့စီးဖို့  ပြည်သူတွေက ကားအသစ်တွေ တင်သွင်းတဲ့အခါ ရန်ကုန်မြို့ထဲမှာ အခုထက်ပိုပြီး  ယာဉ်ကြော ကျပ်တည်းမှုတွေ ဖြစ်ပေါ်နိုင်လားဆိုတာ သုံးသပ်ပေးပါဦး။ အဲဒီလို အခြေအနေတွေ မဖြစ်ပေါ်စေဖို့ အခုတစ်ကြိမ် ရန်ကုန်လိုင်စင် ပြန်ချပေးတဲ့အခါ လိုင်စင် ချပေးလိုက်တာနဲ့ လိုင်စင်မှာ တွဲစီးမယ့် ကားအမျိုးအစားပေါ် မူတည်ပြီး ကားနဲ့  လိုင်စင်နဲ့တွဲပြီး အသုံးပြုရမယ့် အချိန်ကို သတ်မှတ်ပေးမှာပါ။ ပြီးရင် လက်ရှိ အသုံးပြုနေတဲ့ ရန်ကုန်လိုင်စင်နဲ့ ကားတွေကို ဘယ်အချိန်ထိသာ အသုံးပြုရမယ်ဆိုပြီး သတ်မှတ်ပေးမယ်။

အဲဒီလို သတ်မှတ်တဲ့အခါ ဝင်လာမယ့် ကားအစီးရေနဲ့ ထွက်သွားမယ့် ကားအစီးရေက    ဝင်လိုက်ထွက်လိုက်နဲ့ လည်နေမှာဖြစ်လို့ ယာဉ်ကြောကျပ်တည်းမှု ပြဿနာတွေ နည်းသွားမှာပါ။ ရန်ကုန်လိုင်စင်နဲ့ အသစ်ထပ်ဝင်လာမယ့် ကားတွေ ရန်ကုန်မြို့မှာ နေရာရဖို့ အတွက် ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်ကားတွေ ရန်ကုန်မှာမောင်းရင်  ဒဏ်ကြေးဆောင်ရမယ် ဆိုတဲ့ အခြေအနေ အပေါ် ပြောပြပေးပါဦး။ ဟုတ်ပါတယ်။ နယ်လိုင်စင်နဲ့ကားတွေ ရန်ကုန်မြို့မှာမောင်းရင် ဒဏ်ကြေးဆောင်ရမယ့် အစီအစဉ်ကို ရန်ကုန်လိုင်စင် ပြန်လည် ချထားပေးတဲ့အခါ စတင် အသုံးပြုမှာပါ။ နယ်လိုင်စင် ကားတွေအနေနဲ့ ရန်ကုန်မြို့မှာ အသုံးပြုတဲ့အခါ လအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ  သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ ပမာဏကို ကောက်ခံမှာပါ။

အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ရန်ကုန်မြို့မှာ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်တဲ့သူက သတ်မှတ်ထားတဲ့ ဒဏ်ကြေးကိုဆောင်ပြီး အသုံးပြုမှာ ဖြစ်သလို မလိုအပ်ဘဲ ရန်ကုန်မှာ နယ်လိုင်စင်နဲ့ လာမောင်းနေတဲ့ သူတွေကတော့ လိုင်စင်ထုတ်ထားတဲ့ နယ်တွေမှာပဲ ပြန်ပြီး မောင်းကြတော့မှာပါ။ မကြာခင် ရန်ကုန်လိုင်စင်နဲ့  ပြည်ပက ကားအများအပြား ပြည်တွင်းကို ဝင်လာဖို့ ရှိပါတယ်။ အဲဒီ အချိန်ကျရင် မော်တော်ယာဉ် ဝယ်ရောင်းဈေးကွက် တွေမှာလည်း ဈေးတွေ အပြောင်းအလဲ ရှိနိုင်တဲ့ အခြေအနေကို သုံးသပ်ပေးပါဦး။ ပြန်လည်ချပေးမယ့် ရန်ကုန်လိုင်စင်ကြောင့် ပြည်တွင်းမှာရှိတဲ့ မော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်တွေမှာ ဈေးအပြောင်းအလဲ အများအပြားတော့ ဖြစ်ပေါ်မှာ မဟုတ်ပါဘူး။ ပြည်ပကနေ ကားတွေ အများအပြား ဝင်လာမှာ ဖြစ်ပေမယ့် ပြည်တွင်းမှာ ကားလိုအပ်ချက် ကလည်း အများအပြား ရှိနေတာကြောင့် ဝယ်လိုအား၊ ရောင်းလိုအား မျှနေတဲ့  အနေအထားပဲ ဖြစ်ပေါ်နေမှာ ဖြစ်လို့ ဈေးအတက်အကျ အများကြီး ရှိမှာမဟုတ်ပါဘူး။ ရန်ကုန်လိုင်စင် ပြန်လည်ချပေးတဲ့ အချိန်ကစပြီး နောက်ပိုင်းမှာ ရန်ကုန်လိုင်စင် ကားတွေက အခုထက်   ပိုဈေးတက်တော့မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ရန်ကုန်လိုင်စင်နဲ့ ကားစီးနိုင်ဖို့  ရန်ကုန်လိုင်စင် စလစ်အတွက် တစ်စောင်ကို ငွေကျပ်သိန်း ၁၃ဝ လောက်ပေးဝယ်ပြီးမှ သွင်းလို့ရတယ်။

မကြာခင် ရန်ကုန်လိုင်စင်နဲ့ စီးချင်သူတွေ အတွက် အဲဒီစလစ် ဈေးနှုန်းထက် သက်သာတဲ့ ငွေပမာဏ တစ်ခုကို ပေးသွင်းပြီး စီးနိုင်မှာဖြစ်လို့ ရန်ကုန်လိုင်စင် ကားတွေက ဈေးတက်မှာ မဟုတ်ပါဘူး။ ရန်ကုန်လိုင်စင်နဲ့ မော်တော်ယာဉ် တင်သွင်းခွင့် တစ်နှစ်ကို အစီးရေ ဘယ်လောက် ပေးသွင်းမယ်လို့ သတ်မှတ်ထားပါသလဲ။ လက်ရှိအချိန်မှာ ရန်ကုန်လိုင်စင်နဲ့ မော်တော်ယာဉ် တင်သွင်းခွင့် တစ်နှစ်ကို ဘယ်လောက် ပမာဏ ပေးသွင်းခွင့်ပြုမလဲ ဆိုတာ အတိအကျ မသတ်မှတ်ရ သေးပါဘူး။ ဒီကိစ္စကို  ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အပါအဝင် ကျန်မော်တော်ယာဉ် တင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်း အားလုံးက တာဝန်ရှိသူတွေ ပူးပေါင်းဆွေးနွေးပြီးမှ တစ်နှစ်ကို  ရန်ကုန်လိုင်စင်နဲ့ ကားအစီးရေ ဘယ်လောက်တင်သွင်းခွင့် ပေးမလဲဆိုတာ အတည်ပြု သတ်မှတ်မှာပါ။

နောက်နှစ်တွေမှာလည်း စလစ်နဲ့ မော်တော်ယာဉ် တင်သွင်းမှု ပုံစံက ဆက်ရှိနေဦးမှာလား ဆိုတာ ပြောပြပေးပါဦး။ နောက်ပိုင်းကာလတွေမှာ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်တင်သွင်းခွင့် စာရွက်(စလစ်)နဲ့ ကားတင်သွင်းမှု လုပ်ငန်းစဉ်က ဆက်ရှိနေဦးမှာပါ။ ပြည်တွင်းကို ရန်ကုန်လိုင်စင် မဟုတ်တဲ့ တခြားနယ်လိုင်စင် အနေနဲ့ အသုံးပြုမယ့် ကားတွေအတွက် စလစ်နဲ့ တင်သွင်းခွင့် ပြုတဲ့ပုံစံကို   ဆက်လက်လုပ်ဆောင်စေ လိုပါတယ်။ အဲဒီလို စလစ်စနစ်ကို ဆက်လက် အသုံးပြုတာကြောင့် ပြည်တွင်းမှာရှိတဲ့ ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်တွေ အနေနဲ့လည်း အချိန်မရွေး အပ်ပြီး စလစ်ထုတ်လို့ရနေမှာ ဖြစ်တဲ့အတွက် အကျိုးအများကြီး ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ရန်ကုန်လိုင်စင် အတွက် ကောက်ခံမယ့် အခွန်ငွေတွေကို ဘယ်လို အသုံးပြုမှာလဲ ပြောပြပေးပါဦး။

မကြာခင် အသုံးပြုမယ့် ရန်ကုန်လိုင်စင် ချထားမှု ပုံစံသစ်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့အနေနဲ့ ရန်ကုန်လိုင်စင် ရယူလိုသူတွေ ဆီကကောက်ခံမယ့် အခွန်ငွေတွေကို   ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ကားနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဖြစ်တဲ့ ကားရပ်နားရာ နေရာတွေ တည်ဆောက်ခြင်းနဲ့ ကားတွေ အသုံးပြုပြီးလုပ်မယ့် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့ ပြန်လည် အသုံးပြုမယ်လို့ သိရပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူအများစုက ကားဝယ်ဖို့ ရန်ကုန်လိုင်စင်ကို စောင့်နေကြလို့    ရန်ကုန်လိုင်စင် ချထားပေးတဲ့အခါ မြန်မာနိုင်ငံအတွင်း ကားဝယ်လိုအားတွေ  အများအပြား ရှိလာမှာဖြစ်လို့ ပြည်ပက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပြည်တွင်းမှာ ထပ်မံရင်းနှီး မြှုပ်နှံဖို့  အခြေအနေတွေ ဖြစ်လာနိုင်လားဆိုတာ ပြောပြပေးပါ။

ရန်ကုန်လိုင်စင် ပြန်လည်ချပေး လိုက်ပြီဆိုတာနဲ့ ပြည်တွင်းမှာ ကားဝယ်လိုအားက သိသိသာသာ တက်လာမှာဖြစ်လို့ ပြည်သူတွေ လိုအပ်တဲ့ ကားလိုအပ်ချက်တွေကို ဖြည့်ဖို့ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတချို့က ထပ်မံရင်းနှီး မြှုပ်နှံမှု ပြုလုပ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေနဲ့ ကိုက်ညီမယ့် ကားတွေကို ထုတ်လုပ်ပြီး ကားလိုအပ်ချက်တွေကို ဖြည့်ဆည်းမှာပါ။ ဒီအခြေအနေက ဝင်ရောက်ရင်းနှီး မြှုပ်နှံတဲ့ သူအတွက်ရော လိုအပ်ချက် ရှိတဲ့သူအတွက်ပါ အပြန်အလှန် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။(မြ၀တီ)

No comments:

Post a Comment