Latest News

Thursday, January 25, 2018

ဝမ်တာပုံ စစ်ဆေးရေးဂိတ် အနီး၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဝမ်တာပုံ စစ်ဆေးရေးဂိတ် အနီး၌ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံစစ်ဆေးရေး ဂိတ်၌ တပ်မတော် သားများနှင့်  ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးစဉ် ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းတွင် ကျိုင်းတုံမှ မိုင်းခတ်ဘက်သို့ မောင်းနှင် လာသော  အာရာဖတ်အမျိုးအစား  ယာဉ်အမှတ်၊ SHN-7H/---  အား စစ်ဆေးစဉ် ရပ်တန့်မှုမရှိဘဲ  မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါဂိတ်၏ မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ  ၂၄ မိုင် ကျေးရွာအနီး၌  ရပ်တန့်ထားရှိခဲ့ပြီး  ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သည်။

၎င်းမော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အတွင်းမှ LA-22 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၂ဝဝ တောင့်နှင့် ၉ မမကျည် ၅ဝ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါထွက်ပြေးသွားသည့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေရာ ဇန်နဝါရီ ၂၃ ရက် ညနေ ပိုင်းတွင် ၂၄ မိုင်ကျေးရွာ၏ မြောက်ဘက် နန့်လွေချောင်းအနီးမှ မော်တော်ဆိုင်ကယ် နှစ်စီးဖြင့် မောင်းနှင်လာသော အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦးအား မသင်္ကာ၍ ခေါ်ယူစစ်ဆေးရာ အထက်ပါဖြစ်စဉ်တွင် ထွက်ပြေးသွားခဲ့သော စိုင်းထောင်းတစ်(ဘ) ဦးစိုင်းတစ်အား ဖမ်းဆီးရမိခဲ့ပြီး နန့်လွေ ချောင်းဘေး၌ စွန့်ပစ်ထားခဲ့သည့် ပစ္စတိုတစ်လက်၊ ၉ မမကျည် ၂ဝ တောင့်၊ ၎င်းကျည် အိမ်တစ်ခုတို့အား ထပ်မံရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ   ၎င်းသည် တာချီလိတ်မြို့၊  ဂိုးဒင်းချယ်ရီဟိုတယ်၌ ဧည့်ကြိုအဖြစ် လုပ်ကိုင်စဉ် အဆိုပါဟိုတယ်သို့ မကြာခဏ လာရောက်တည်းခိုသည့်  အိုက်ကောက်ဖြစ်သူနှင့် ရင်းနှီးရာမှ ၎င်းထံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မိုင်းကိုးအုပ်စု၊ ယမ်းကျောက်ကျေးရွာရှိ   ၎င်း၏နေအိမ်သို့ ရောက်ရှိခဲ့ကြောင်း၊  အိုက်ကောက်သည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ပစ္စတိုနှစ်လက်၊ ပွိုင့် ၂၂ တစ်လက် ဝယ်ယူထားကြောင်း၊ ၎င်းအား ပစ္စတို တစ်လက်နှင့် ပွိုင့် ၂၂ တစ်လက် ပေးထားကြောင်း၊ ကျိုင်းတုံမြို့ရှိ ရေတံခွန်အား လည်ပတ်ရန်လာရောက်ခဲ့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ပြီးမောင်းနှင်ထွက်ပြေးခဲ့ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ ယာဉ်နှင့် လက်နက်ခဲယမ်းများအား ကျိုင်းတုံမြို့မ ရဲစခန်းသို့ တရားဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေး စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး အိုက်ကောက် အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။(MWD)

No comments:

Post a Comment