အဆင့်မြင့်လက်ကား ဈေးသစ်ကြီးဖွင့်လှစ်
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွှေပြည်သာတံတားလမ်းနှင့် ပုလဲလမ်းထောင့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် မြန်မာအက်ဂရိုအိတ်ချိန်း ပတ်ဘလစ်လီမိတက် (MAEX)တို့ အကျိုးတူပူးပေါင်း အကောင်အထည် ဖော် တည်ဆောက်ခဲ့သည့် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်ပန်းမန် အဆင့်မြင့်လက်ကားဈေးသစ်ကြီးကို ယနေ့နံနက်စောစောပိုင်းက ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေး လိုက်ပြီဖြစ်သည်။
ရှေးဦးစွာ ဈေးကြီးအဝင် မုခ်ဦး မျက်နှာစာတွင် တညင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်အဆင့်မြင့် လက်ကားဈေးသစ်ကြီး ဆိုင်းဘုတ်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် MAEX ဥက္ကဋ္ဌ ဦးဝင်းအောင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင် ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အတွင်းရေးမှူး ဒေါ်လှိုင်မော် ဦးနှင့် ကော်မတီဝင်များ၊MAEXဒါရိုက် တာ အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ယင်းနောက် အဆိုပါဈေးကြီး၏ ကမ္ပည်းပြားမော်ကွန်းကို ဝန်ကြီးချုပ် နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့က ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ထို့နောက် ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် တညင်း ကုန်းလက်ကားဈေးသစ်ကြီးရှိ ဈေးရုံ အမှတ်-၂ တောင်သူလက်လီရောင်း ဈေးရုံ၊ ဈေးရုံအမှတ်-၂ သစ်သီးလက်ကား ဈေးရုံ၊ ဈေးရုံ အမှတ်-၃ ကုန်မျိုးစုံနှင့် စားသောက်ဆိုင်တို့ရှိ ဈေးရောင်းချနေမှုများကိုကြည့်ရှုကာ ဈေးသူ ဈေးသား များအား အားပေးစကားပြောကြား သည်။
တစ်ဖန် ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ဈေးရုံအမှတ်-၇ အအေးခန်း၊ အလတ်စားပွဲရုံ၊ အဆောက်အအုံစတင် ဆောက်လုပ်မည့်မြေနေရာတွင် စက် ခလုတ်နှိပ်၍ မင်္ဂလာပိုင်တိုင် ရိုက်နှိပ် ပေးသည်။
အဆိုပါဈေးကြီး ဖွင့်လှစ်ခြင်းအခမ်း အနားကို အမှတ်-၂ တောင်သူလက်လီ ရောင်းဈေးရုံကြီး၌ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ်က ''ဒီစီမံကိန်းဟာ ပြီးခဲ့ တဲ့အစိုးရလက်ထက်မှာ တင်ဒါခေါ်ယူ ခဲ့တဲ့ဈေးကြီးဖြစ်ပါတယ်၊ ဒါပေမယ့် ဒီ ဈေးကြီးကို တည်ဆောက်မယ့်အချိန် ကာလမှာ ကျွန်တော်တို့အစိုးရသစ် တာဝန်ယူတဲ့ ကာလဖြစ်ပါတယ်၊ ဒီ့ အတွက် ဒီဈေးကြီးနှင့်ပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံတကာခရီးစဉ်တွေ သွားတိုင်း ဈေးတွေကိုဝင်ရောက်ကြည့်ရှု လေ့ရှိပါတယ်၊ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရန်ကုန်မြို့မှာနေတဲ့ မြို့ တော်သူ မြို့တော်သားတွေရဲ့ လူနေမှု ဘဝကို မြှင့်တင်ပေးလို၍ ဖြစ်ပါတယ်၊ ဒီလိုလေ့လာတဲ့အခါမှာ ဈေးတွေရဲ့ အောင်မြင်မှုကို အပိုင်းနှစ်ပိုင်း တွေ့ရပါ တယ်၊ တစ်ပိုင်းကတော့ ဈေးကြီးတစ်ခု ကို သန့်ရှင်းလှပအောင် ရောင်းဝယ်သူ တွေ လာရောက်နိုင်အောင်၊ ယာဉ်တွေ ရပ်နားနိုင်အောင် တည်ဆောက်ပေး ကြရပါတယ်၊ နောက်တစ်ပိုင်းကတော့ ဈေးကြီးတစ်ဈေးကို အမြဲတမ်းရှင်သန် ဖွံ့ဖြိုးနေအောင် ဆောင်ရွက်တဲ့ operator တွေ လိုပါတယ်၊ ဒီကနေ့ တညင်းကုန်းဈေးကြီးကို operator တစ်ခုကနေ ဆောင်ရွက်တာဖြစ်လို့ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်၊ ရန်ကုန်မြို့ရဲ့ ဈေးပေါင်း ၁၇ဝ ကျော် ကိုလည်း သစနမအေသမတွေနဲ့ ဆောင်ရွက် နိုင်ဖို့ ကြိုးပမ်း သွားမှာဖြစ်ပါတယ်''ဟု ပြောကြားသည်။
ယင်းဈေးကြီးမှာ အကျယ်အဝန်း ၈၂ ဒသမ ၇၈ ဧကရှိပြီး ၂ဝ၁၅ ခုနှစ် ဒီဇင် ဘာလတွင် စတင်တည်ဆောက်ကာ ဆိုင်ခန်းပေါင်း ၅၆ဝဝ ပါဝင်သော ဈေးရုံ သုံးရုံကို ပထမဆင့် တည်ဆောက်ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း၊ လောလောဆယ် အစုရှယ်ယာရှင်၂ဝဝဝ ကျော်၏ ရင်းနှီး မြှုပ်နှံမှုအပါအဝင် ငွေ၂၅ ဘီလီယံ သုံးစွဲထားပြီး ၂ဝ၁၉ ခုနှစ်အကုန် လုပ်ငန်း အားလုံးပြီးစီးချိန် ဆိုင်ခန်းပေါင်း ၉ဝဝဝ ကျော်ရှိကာ ရင်းနှီးမြှုပ်နှံကုန်ကျမှု ငွေ ၉၉ ဒသမ ၈ ဘီလီယံရှိမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းများကို အငှားစနစ်ဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် အများပိုင်MAEXကုမ္ပဏီအနေဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် ဝင်ရောက်ကာ အစုရှယ်ယာများ ရောင်းချသွားနိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။
သတင်း-မြင့်မောင်စိုးဓာတ်ပုံ-မျိုးမင်းသိန်း (မရမ်းကုန်း)
No comments:
Post a Comment