Latest News

Thursday, January 25, 2018

မန်ယူအသင်း ရီးယဲလ်ကို ကျော်ကာ ဝင်ငွေ အကောင်းဆုံး အသင်း ဖြစ်လာ

မန်ယူအသင်း ရီးယဲလ်ကို ကျော်ကာ ဝင်ငွေ အကောင်းဆုံး အသင်း ဖြစ်လာ

မန်ချက်စတာ ဇန်နဝါရီ ၂၄

ငွေကြေးဆိုင်ရာ အချက်အလက်များ စုဆောင်းပြုစုသည့် Deloitte မှ နောက်ဆုံး ထုတ်ပြန်လိုက်သော ၂ဝ၁၆-၂ဝ၁၇ ဘောလုံး ရာသီတွင် ဝင်ငွေ အကောင်းဆုံး ဘောလုံး အသင်းများ စာရင်း၌ မန်ယူအသင်းသည် ပြီးခဲ့သည့်နှစ်က ထိပ်ဆုံးမှ ရပ်တည်နိုင်သော ရီးယဲလ်အသင်းကို ကျော်ဖြတ်ကာ ဝင်ငွေ အကောင်းဆုံးအသင်း အဖြစ် ပြန်လည် ရပ်တည် နိုင်ခဲ့သည်။ မန်ယူအသင်းသည် အဆိုပါ နှစ်အတွင်း ဝင်ငွေ ပေါင် ၅၈၁ သန်း ရရှိပြီး ရီးယဲလ်ထက် ဝင်ငွေ ပေါင်တစ်သန်းခွဲသာ များပြီး ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပေါင် တစ်သန်းခွဲသာ ခြားနားချက် ရှိခြင်းမှာ အဆိုပါ စာရင်းတွင် နှစ်ပေါင်း ၂၁ နှစ်အတွင်း ဝင်ငွေကွာဟချက် အနည်းဆုံး ဖြစ်ခဲ့သည်။ အဆိုပါ စာရင်းကို နှစ်စဉ် ထုတ်ပြန် လာခဲ့သည်မှာ ၂၁ နှစ်ရှိပြီ ဖြစ်ပြီး မန်ယူ အသင်းမှာ ဝင်ငွေ အကောင်းဆုံး အသင်းအဖြစ် ထိပ်ဆုံးမှ ၁ဝ ကြိမ်မြောက် ရပ်တည် နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ရီးယဲလ်အသင်းသည် နှစ်နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး စပိန်လာလီဂါ တွင်လည်း ဘာစီလိုနာကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်ခဲ့သည့်ကြားမှ ယူရိုပါလိဂ်ဖလားသာ ရသော မန်ယူ၏ ဝင်ငွေကို မမီနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာမှာ ပြီးခဲ့သည့်နှစ်က အောင်မြင်မှု ဆို၍ စပိန်ဘုရင့်ဖလား တစ်လုံးသာ ရခဲ့ခြင်းကြောင့် တတိယ ဝင်ငွေ အကောင်းဆုံး အသင်းအဖြစ်သာ ရပ်တည်နိုင်ခဲ့သည်။ အဆင့်(၄) နေရာတွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်အသင်း ရပ်တည်ပြီး မန်စီးတီး အသင်းမှာ ဝင်ငွေ ပေါင် ၄၅၄ သန်းဖြင့် အဆင့်(၅) နေရာ၌ ရပ်တည်ခဲ့သည်။

အာဆင်နယ်သည် အဆင့်(၆) နေရာ တက်လှမ်း လာနိုင်ပြီး ၄င်းနောက်တွင် ပီအက်စ်ဂျီ၊ ချယ်လ်ဆီး၊ လီဗာပူးနှင့် ဂျူဗင်တပ်စ် အသင်းတို့က ထိပ်ဆုံး ၁ဝ သင်းအဖြစ် အသီးသီး ရပ်တည်ခဲ့သည်။ Deloitte စီးပွားရေး စာရင်း အချက်အလက်များ စုဆောင်းရေး အဖွဲ့ အကြီးအကဲ ဒန်ဂျုံးစ်က ''မန်ယူအသင်း ဒီစာရင်းမှာ ထိပ်ဆုံးနေရာ ပြန်တက်လာခြင်းက စတာလင်ပေါင် တန်ကြေးထက် ယူရိုတန်ကြေးမှာ ဈေးကျ သွားခြင်းအတွက် တစ်ဖက်မှာ ပြန်အား တက်စရာ ပါပဲ။ ဘာစီလိုနာနဲ့ ရီးယဲလ် နှစ်သင်း စလုံးက ပြီးခဲ့တဲ့ ရာသီမှာ ထူးခြားများပြားတဲ့ ဝင်ငွေရင်းမြစ်တွေ မရခဲ့လို့ မန်ယူထိပ်ဆုံး ရောက်လာတာပါ''ဟု ပြောသည။် Ref: Deloitte(MWD)

No comments:

Post a Comment