Latest News

Monday, January 29, 2018

စီးတီးတက္ကစီတွေကို ဘယ်လို ကွပ်ကဲ ထိန်းချုပ်မှာလဲ

စီးတီးတက္ကစီတွေကို  ဘယ်လို ကွပ်ကဲ   ထိန်းချုပ်မှာလဲ


ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်  ဖြစ်သည်နှင့်အညီ ၂၄ နာရီ နီးပါးခန့်  သွားလာစည်ကားနေသော  မြို့တစ်ခုလည်းဖြစ်သည်။ အစစအရာရာတွင် စည်ကားအချက်အချာကျနေပြီး အသွားအလာမပျက် သော မြို့ပြကြီးတစ်ခုဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှုကို ခြိမ်းခြောက်လာနေ သော ပြစ်မှု မှုခင်းများကိုလည်း မကြာခဏဆိုသလိုပင် ကြားသိနေရသည်။ ယင်းသို့သော တရားဥပဒေချိုးဖောက်နေကြသည့် အမှုအခင်းအမျိုးမျိုးတို့တွင် စီးတီးတက္ကစီအငှားယာဉ်မောင်းများ အသတ်ခံရသည့်သတင်း၊ စီးတီးတက္ကစီ အငှားယာဉ်မောင်းများက ခရီးသည်များအပေါ် ဥပဒေမဲ့ကျူးလွန်သည့် သတင်း များကလည်း ထိတ်လန့်တုန်လှုပ်ဖွယ် အနိဋ္ဌာရုံ သတင်းများပင်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂ဝ ရက် ညပိုင်းက နိုင်ငံ့ဝန်ထမ်းအမျိုးသမီးတစ်ဦး လှည်းတန်းလမ်းဆုံအနီးမှ ဒဂုံမြို့နယ် မင်းမနိုင်ရပ်ကွက်သို့ တက္ကစီငှားစီးရာတွင် အိမ်သို့ ပြန်မရောက်ခဲ့ဘဲ တက္ကစီယာဉ်မောင်း၏ မတရားပြုကျင့်မှုကို ခံရသည့် အပြင် အသတ်ခံခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ရန်ကုန်မြို့နေ အမျိုးသမီးထုမှာ တက္ကစီငှားစီးရန် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခံစားလာရပြီး လုံခြုံစိတ်ချရမှု မရှိတော့ဟု ခံစားလာကြရသည်။ အလားတူ ကောင်းမွန်စွာ လုပ်ကိုင်နေကြသည့် တက္ကစီယာဉ်မောင်းများအနေဖြင့်လည်း ခရီးသည်ဟန်ဆောင်ကာ လုယက် သတ်ဖြတ်တတ်သူများကို ကြောက်ရွံ့ထိတ်လန့်နေရသည့်အတွက် ခရီးသည်များ နှင့် ယာဉ်မောင်းများအကြားတွင် အပြန်အလှန် ယုံကြည်မှု လျော့နည်းလာကြ ကြောင်း၊ အဓိကအားဖြင့် တရားဥပဒေစိုးမိုးရေးအပြင် ကောင်းမွန်သော မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း ရန်ကုန်မြို့နေ ပြည်သူလူထုအများစုက တောင်းဆိုလာကြသည်။

''အရင်ကတော့ ကားငှားစီးရင် ကားသမားရဲ့ အနေအထားကို ကြည့်ပြီး ငှားရတယ်၊ ကားခဈေးဆစ်ရင်း စကားများပြီး မစီးဖြစ်တဲ့ ကားတွေလည်းရှိတယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားတာမျိုးတွေလည်း ခံခဲ့ရဖူးတယ်၊ အခုတော့Grab  လိုမျိုး တက္ကစီတွေစီးတယ်၊ ယာဉ်မောင်းရဲ့ပုံနဲ့ ကားနံပါတ်၊ သွားမယ့် ခရီးရဲ့ ဈေးနှုန်း တစ်ခါတည်းပါတဲ့အတွက် တစ်ခုခုဖြစ်ဖြစ်၊ ပစ္စည်းမေ့ကျန်ခဲ့လည်း လိုက်ရတာအဆင်ပြေတယ်၊ ရန်ကုန်တစ်မြို့လုံးက တက္ကစီတွေကို အဲလိုပုံစံမျိုးနဲ့ လုပ်ပေးစေချင်တယ်၊ မဟုတ်ရင် အမျိုးသမီးတွေရဲ့ဘဝက ညဥ့်နက်မိုးချုပ်တဲ့ အချိန်မဟုတ်တာတောင်မှပဲ မလုံခြုံဘူးလို့ ခံစားရတယ်၊ တက္ကစီကို တစ်ယောက် တည်း ငှားမစီးရဲသလောက်ပဲ''ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း မဖြိုးက ပြောသည်။

အမျိုးမျိုးအဖုံဖုံသော တက္ကစီတွေကို ဘယ်လိုထိန်းချုပ်ကွပ်ကဲမှာလဲ

ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ဆောင်ရွက်မှု နောက်တွင် မြို့တော်အတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီစနစ်ကို ပြုပြင် ပြောင်းလဲရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကYBS တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြား ခဲ့သည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် စီးတီးတက္ကစီများကို ကြပ်မတ်ကွပ်ကဲရန် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း မည်ကဲ့သို့သော နည်းလမ်းများဖြင့် ကွပ်ကဲ ထိန်းချုပ်သွားမည်ဆိုသည့် မူဝါဒ ပေါ်ထွက်လာခြင်းမရှိသေးကြောင်း ပြည်သူများဘက်ကလည်း ဝေဖန်လျက်ရှိသည်။ နိုင်ငံတကာ မြို့ပြများတွင် ကျင့်သုံးဆောင်ရွက်နေသည့် ခေတ်မီနည်းစနစ်များဖြင့် ထိန်းချုပ်ဆောင်ရွက် ရန် လိုလားလျက်ရှိပြီး Uber, Grab, Oway စသည့် မိုဘိုင်းအပလီကေးရှင်းသုံး ချိတ်ဆက်ဆောင်ရွက်သည့် တက္ကစီဝန်ဆောင်မှုများကဲ့သို့ ရန်ကုန်မြို့တွင် ပြေးဆွဲခွင့်ရရှိထားသော  စီးတီးတက္ကစီများအားလုံးကို ယာဉ်နှင့် ပတ်သက်သော  သတင်းအချက်အလက်၊  ယာဉ်မောင်းနှင့်ပတ်သက်သော သတင်းအချက်အလက် များ ပြည့်စုံစွာရယူထား၍ ကွပ်ကဲထိန်းချုပ်နိုင်သော စနစ်မျိုးကို ဆောင်ရွက် သင့်ကြောင်း အကြံပြုလာကြသည်။ ယင်းသို့ ဆောင်ရွက်နိုင်ပါက ယာဉ်ပေါ် တွင် မေ့ကျန်ခဲ့သော ပစ္စည်းများနှင့် ပစ္စည်းပျောက်ပြဿနာများ ဖြေရှင်းရန် ပိုမို လွယ်ကူလာမည့်အပြင် ဒုစရိုက်မှုကျူးလွန်သူများကိုလည်း အလွယ်တကူ ဖော်ထုတ်အရေးယူနိုင်မည်ဖြစ်သည်။

''ရန်ကုန်မြို့ အနေအထားနဲ့ဆိုရင် ရှိနေတဲ့ တက္ကစီအစီးရေကလည်း လိုအပ်တာထက်တောင်  များနေတယ်၊ ကားအမျိုးအစားတွေကလည်း စုံနေ တာပဲ၊  တက္ကစီလို အများပြည်သူကို ပို့ဆောင်ပေးနေတဲ့ ယာဉ်မျိုးတွေကို မောင်းတဲ့သူဟာ ကျွမ်းကျင်မှု၊ စိတ်ရှည်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေး၊ ရာဇဝတ်မှုကင်းရှင်းတာ ဒါမျိုးတွေစိစစ်ပြီးလို့ အရည်အချင်းပြည့်မှသာ တက္ကစီ မောင်းနှင်ခွင့်လိုင်စင် ထုတ်ပေးရမယ်၊ ဒါပေမယ့် အလုပ်အကိုင်အရ အဆင် ပြေတာ ဝင်လုပ်နေကြရတဲ့အနေအထားမှာ မကျွမ်းကျင်ဘဲ မောင်းနေတာတွေ လည်း တွေ့နေရတယ်၊ ကားလည်း စုံတယ်၊ လူလည်း အစုံပဲပေါ့၊ ဒါတွေကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ဖို့ အော်ပရေတာနဲ့ဖြစ်စေ၊ ကုမ္ပဏီကပဲဖြစ် စေ၊ နိုင်ငံတကာကသုံးနေတဲ့  အပလီကေးရှင်းစနစ်တွေနဲ့ဖြစ်စေ  လုပ်သင့် ပါတယ်၊ စီးပွားရေးမြို့တော်ဖြစ်တဲ့အပြင် နိုင်ငံတကာဝင်/ထွက်ပေါက်ဖြစ်နေ တဲ့အတွက် ကိုယ့်နိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေရဲ့အမြင်မှာလည်း လုံခြုံစိတ်ချရမှုရှိဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်ပါတယ်''ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ဆောင်ရွက်ခဲ့သူ အငြိမ်းစားအရာရှိတစ်ဦးက အကြံပြု သည်။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် တက္ကစီယာဉ်တို့၏ လားရာ

မြန်မာနိုင်ငံတွင် တက္ကစီစနစ် စတင်ခဲ့သည်မှာ ၁၉၅၄ ခုနှစ်ကဟု သိရပြီး ဂျပန်နိုင်ငံလုပ် မီတာချိုးသည့် သုံးဘီးယာဉ်များနှင့် စတင်ခဲ့သည်ဟု မြို့ပြ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စာတမ်းများအရ သိရသည်။ ၁၉၈ဝ ပြည့်နှစ် နောက်ပိုင်း လေးဘီးတက္ကစီများ စိုးမိုးလာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် သုံးဘီး ယာဉ်လေးများကို မန္တလေးနှင့် ပြည်မြို့တို့သို့ ရွှေ့ပစ်ခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် လေးဘီး၊ ဆလွန်း၊ ဗင် စသည့်ယာဉ်များမှသည် ကက၊ ခခ တက္ကစီခေတ်သို့ ရောက်ရှိလာခဲ့ပြီး ယခုအခါ AA ၊ BBစသည့် ရာသက်ပန် တက္ကစီအဖြစ် ပြေးဆွဲရမည့် ယာဉ်များ၊ မော်ဒယ် အနိမ့်အမြင့် အရောင်အသွေး အမျိုးစုံလင်ကာ စီးတီးတက္ကစီအဖုံဖုံ ဖြစ်လာခဲ့သည်။ ခရီးသည် တင်ဆောင် ပြေးဆွဲရန် မသင့်သည့် ယာဉ်အမျိုးအစားများကိုပါ တက္ကစီလုပ်ငန်းလိုင်စင် ခွင့်ပြုခဲ့သည့်အတွက်ကြောင့်လည်း တက္ကစီယာဉ် အမျိုးစုံလင်လှသည်။ ထိုသို့ သော အမျိုးမျိုးအဖုံဖုံ စီးတီးတက္ကစီတို့ကို ယခင်က မြို့တော်စည်ပင်က ခရိုင် အလိုက် မှတ်ပုံတင်စေကာ ကြီးကြပ်ကွပ်ကဲခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် မီတာ မတပ်မနေရ စနစ်ကျင့်သုံးကာ မီတာများ တပ်စေခဲ့သည်။ မီတာတစ်လုံးလျှင် ငွေကျပ် နှစ်သိန်းပေးရသည်သာရှိခဲ့ပြီး  ယင်းစနစ် အောင်မြင်မှုမရှိခဲ့ပေ။ ထို့အတူ ၂ဝ၁၃ ခုနှစ်တွင် မြို့တော်စည်ပင် စီမံအုပ်ချုပ်မှုမှသည် မထသ (ဗဟို)သို့ လွှဲပြောင်းခဲ့သော်လည်း ယခင်က မှတ်ပုံတင်ခဲ့သော ယာဉ်များအား ဆက်လက် မှတ်ပုံတင်စေခဲ့ပြီး အချို့ယာဉ်များသည် မှတ်ပုံတင်သက်တမ်း ပြတ်ကာ သက်တမ်းမရှိတော့သည့်အပြင် အသစ်ထပ်မံတိုးလာသည့် တက္ကစီ ယာဉ်များသည်လည်း မှတ်ပုံတင်ခြင်း မရှိတော့ချေ။ သို့သော် ယခုအစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ သယ်ယူပို့ဆောင်ရေးကဏ္ဍ ကြီးကြပ်ကွပ်ကဲခြင်း တွင် တက္ကစီယာဉ်များကို ထိန်းချုပ်ကွပ်ကဲခြင်းသည်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လိုင်စင် စီးတီးတက္ကစီများအားလုံး ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)တွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားကာ မှတ်ပုံတင်ရန်ညွှန်ကြားထားပြီးဖြစ်သလို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ မှတ်ပုံတင်ထားခြင်းမရှိသော ရန်ကုန်လိုင်စင် တက္ကစီများကို အရေးယူမည်ဟုလည်း သတိပေးထုတ်ပြန်ထား သည်။ အဆိုပါ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်ပုံတင်ထားသော စီးတီးတက္ကစီအစီးရေမှာ ၃၅ဝ၈၆ စီးဖြစ်ပြီး စာရင်းပေးသွင်းထားပြီးဖြစ်၍ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော ယာဉ်များ အပါအဝင် ဇန်နဝါရီ တတိယပတ်ခန့်အထိ စီးတီးတက္ကစီအစီးရေ ၄ဝဝဝဝ ကျော်၊ ၅ဝဝဝဝ နီးပါးခန့် ရှိလာပြီဖြစ်သည်။ ယင်းသို့ မှတ်ပုံတင်လုပ်ငန်းပြီးစီးပါက စီးတီးတက္ကစီများကို စနစ်တကျ ကွပ်ကဲကြပ်မတ်သွားမည်ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်တို့နှင့်ပတ်သက်သည့် အချက်အလက်များကို မှတ်တမ်းယူပြုစုထားရှိ မည်ဟုYRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းအပြင် ယာဉ် လမ်းကြောင်း ထိန်းချုပ်ရေးစင်တာ၊ စီစီတီဗွီကင်မရာများအပြင် အချက်အချာ ကျသောလမ်းများ၊ နေရာများတွင်လည်း လုံခြုံရေး စီစီတီဗွီကင်မရာများ ထပ်မံ တပ်ဆင်ကာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။

''တက္ကစီတွေနဲ့ပတ်သက်လို့YBSစနစ်ပြီးတာနဲ့ ထိန်းချုပ်ကြပ်မတ်     မယ်လို့ ပြောထားတာလည်း ရှိပါတယ်၊  အခုရက်ပိုင်းကဖြစ်သွားတဲ့  ဝန်ထမ်း အမျိုးသမီးငှားစီးသွားတဲ့ယာဉ်ဆိုရင် စီးတီးတက္ကစီ မှတ်ပုံတင်သက်တမ်း မရှိ တော့တဲ့ သက်တမ်းပျက်ယာဉ် ဖြစ်နေတယ်၊ အခုဆိုရင် တက္ကစီတွေ  မှတ်ပုံတင် တာတွေ ဆောင်ရွက်နေတဲ့အတွက် စနစ်တကျ ဆောင်ရွက်သွားဖို့  ရှိပါတယ်၊ သေချာတာကတော့ တက္ကစီတွေကို စတေကာမှန်အမည်း ကပ်ခွင့်မပြုပါဘူး၊ ကားသမား၊ ကားနံပါတ်နဲ့ပတ်သက်တဲ့ အချက်အလက် ကားမှာဖော်ပြပေးဖို့ လည်း လုပ်နေတယ်၊ သတ်မှတ်ထားတဲ့ရက် ကျော်လွန်တာနဲ့ မှတ်ပုံတင်ထားခြင်း မရှိတဲ့ယာဉ်တွေကိုလည်း အရေးယူမှာဖြစ်သလို၊ နယ်လိုင်စင်တက္ကစီတွေကို လည်း ညအိပ်ခွန်တွေ၊ မြို့ဝင်ကြေးတွေ ကောက်ခံသွားမှာဖြစ်ပါတယ်''ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

လတ်တလောတွင်မူ ရန်ကုန်မြို့နေ ခရီးသွားပြည်သူများအနေဖြင့် ယာဉ်စီးခညှိနှိုင်းစီးနင်းရသည့် တက္ကစီယာဉ်များထက် မိုဘိုင်းအပလီကေးရှင်းသုံး ဝန်ဆောင်မှုပေးနေသည့် တက္ကစီများကို ပိုမိုအားထား စီးနင်းလာကြသည်။ ယင်းအတွက် ဝန်ဆောင်မှုပိုမိုကောင်းမွန်သော၊ ဈေးနှုန်း သင့်တင့်မျှတသော၊ လုံခြုံစိတ်ချရသောယာဉ်များကို ရွေးချယ်စီးနင်းကြမည်သာဖြစ်သည်။ မြို့နေ လူထု အားထားစီးနေရသည့် ဘတ်စ်ကားအစီးရေသည် တစ်မြို့လုံးတွင် အစီး ရေ ၅ဝဝဝ ခန့်သာရှိပြီး စီးတီးတက္ကစီအစီးရေသည် ၅ဝဝဝဝ ခန့်အထိ ရှိနေ သည်။ ညနေ ၆ နာရီနောက်ပိုင်းတွင် ပြေးဆွဲမှု နည်းပါးလာသော ခရီးသည်တင် ယာဉ်များကြောင့် ခရီးသွားပြည်သူများမှာ ကြားကား၊ အောက်ဆိုက်ကားများကို အားထားနေရသည်။ ယင်းတွင် စီးတီးတက္ကစီများသည်လည်း အရေးပါသော သယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်နေသည့်အတွက် လိုရာခရီးကို သင့်တင့်မျှတ သော ဈေးနှုန်းဖြင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးသည် ပြည်သူ့ ဝန်ဆောင်မှုတစ်ခုပင်ဖြစ်ပါသည်။ ထို့ကြောင့် လုံခြုံစိတ်ချစွာဖြင့် သွားလာနိုင် သည့် ယာဉ်များ၊ လမ်းများဖြင့် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်များ အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်သည်။ ဆုနှင်းလဲ့(​ကြေးမှုံ)

No comments:

Post a Comment