Latest News

Saturday, December 23, 2017

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဖွင့်လှစ်ခြင်း အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသောမိန့်ခွန်း

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ ဖွင့်လှစ်ခြင်း အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ြေေပြောကြားသောမိန့်ခွန်


ရန်ကုန် ဒီဇင်ဘာ ၂၃

မြန်မာ-တရုတ် ချစ်ကြည်ရေးဆေးရုံအဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးနှင့် China Foundation For Peace and Development တို့ကလှူဒါန်းသည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ လွှဲပြောင်း ပေးအပ်ပွဲနှင့် ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ၃နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ အဆိုပါဆေးရုံ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဆေးရုံဟာ ဆိုရင်ကျွန်မငယ်ငယ်ကတည်းကသိခဲ့တဲ့ဆေးရုံပါ။ အခုဆိုရင် ဒီဆေးရုံကြီးဟာ အများကြီးပြောင်းလဲသွားပါပြီ။ ကျွန်မအနေနဲ့ ဒီဆေးရုံကစပြီး ငယ်ငယ်တုန်း ကတည်းက ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်နဲ့ သူနာပြုဆိုတဲ့ အဓိပ္ပာယ်ကိုသိခဲ့ရပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် ဒီဆေးရုံမှာ အလုပ်လုပ်တဲ့ သူနာပြု ဆရာမ လေးတွေထဲက အားရက်တွေမှာဆိုရင်ကျွန်မတို့ အိမ်မှာလာရောက် နားကြပါတယ်။ ဆရာမလေးတွေ တော်တော်များများဟာနယ်ကလာတဲ့အခါကြတော့ နားရက်တွေမှာ ကျွန်မတို့အိမ်မှာလာနေကြပါတယ်။ အဲဒီလိုလာနားကြတဲ့ အထဲမှာ တိုင်းရင်းသူ သူနာပြုဆရာမလေးတွေပါပါတယ်။ တိုင်းရင်းသူဆရာမလေးများဟာ ကျွန်မတို့နဲ့ ရင်းရင်းနှီးနှီးချစ်ချစ်ခင်ခင်နေကြပါတယ်။

ပြည်ထောင်စုတစ်ဝန်းက သူနာပြုဆရာမလေးတွေရောက်လာပြီးတော့ အိမ်မှာ လာပြီးနေကြတဲ့အခါမှာ ညီအစ်မအရင်းတွေလိုချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး ညီညီ ညွတ်ညွတ်နဲ့ နေကြတာကို တွေ့ခဲ့ရပါတယ်။ သူနာပြုတွေဘယ်လိုရှိတယ်ဆိုတာကို ကျွန်မအနေနဲ့ ဒီဆရာမလေး တွေကိုကြည့်ပြီးတော့ သိခဲ့ရပါတယ်။ မေမေကိုယ်တိုင် ကလည်း သူနာပြုဖြစ်ခဲ့တယ် ဆိုတော့ မေမေ့ကိုကြည့်ပြီးတော့ သိရသလိုဆရာမ လေးတွေကြည့်ပြီးတော့ သူနာပြု စိတ်ဓာတ်ကိုသိရတာဟာကျွန်မတွေ့ဖူးသမျှ အိမ်မှာ လာတဲ့ သူနာပြုဆရာမ မြောက်မြားစွာ ထဲမှာတစ်ယောက်မှ ကရုဏာမဲ့တဲ့သူမတွေ့ဗူး ပါဘူး။ အားလုံးဟာ ချစ်ချစ်ခင်ခင်ရှိပြီးအင်မတန်မှ သိမ်မွေ့တယ်။ ကရုဏာပါတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်သူနာပြုဆရာမတွေဟာဒီလိုပဲဆိုပြီးတော့ နားလည်ခဲ့ရပါ တယ်။

သူနာပြု ဆရာမတွေကို အင်မတန်မှလေးစားတယ်။ တန်ဖိုးထားပါတယ်။ ဒီအတိုင်းပဲ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဟာဘယ်လိုလဲဆိုတာသိခဲ့ရပါတယ်။ ဘယ် တိုင်း ကလာပါတယ်။ ဘယ်ပြည်နယ်ကလာပါတယ်ဆိုတာမျိုး ခွဲခြားထားတာ မရှိပါဘူး။ အချင်းချင်းခွဲခြားပြီးတော့ ဆက်ဆံတာလုံးဝမရှိပါဘူး။ ဒီဆေးရုံဟာ ကျွန်မတို့ရဲ့ သာမာန် ကျန်းမာရေး အတွက်သာအရေးကြီးတဲ့ ဆေးရုံမဟုတ်ဘဲနဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးအတွက် အရေးကြီးတဲ့ ဆေးရုံ၊ ကျွန်မတို့ရဲ့ သူနာပြုများ အတွက် အရေးကြီးတဲ့ ဆေးရုံလို့ ဒီလိုပဲ ကျွန်မအမြဲစိတ်ထဲမှာ မှတ်ခဲ့ပါတယ်။

အဲဒါကြောင့် ဒီကနေ့မှာ မေမေ့နာမည်နဲ့ ဒေါ်ခင်ကြည်ဆေးရုံဆိုပြီးတော့ ပိုမိုပြီးတော့ဖြစ်မြောက်အောင်၊ ထွန်းကားအောင် ၊ ပိုပြီးတော့ ပြည်သူတွေရဲ့ အကျိုးကို ထမ်းဆောင်နိုင်အောင် ဖြစ်မြောက်အောင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကို အင်မတန်မှကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်းဒါတွေကိုတန်ဖိုးထားပါတယ်။ ကျွန်မတို့နိုင်ငံမှာ အခြေခံအားဖြင့် ဖွံ့ဖြိုးရေးအတွက်လိုတာဟာ ကျန်းမာရေးနဲ့ ပညာရေးပါပဲ။ မကျန်းမာတဲ့နိုင်ငံသူ နိုင်ငံသားတွေဟာတိုင်းပြည်ကိုတိုးတက်အောင်၊ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ ထိုနည်းတူပညာမတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားများ ဟာလည်း တိုင်းပြည်ကို တိုးတက်အောင် ၊ ကြီးပွားအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ပညာမတတ်ဘူးလို့ပြောတဲ့ အခါမှာဘွဲ့မရဘူးလို့ပြောလိုတာမဟုတ်ပါဘူး။ ဆင်ခြင်တုံ တရားမရှိတာကိုဆိုလိုတာပါ။ ဒါဟာ  အသိုင်းအ၀ိုင်းနဲ့ဆိုင်ပါတယ်။ ကျောင်းနေတာနဲ့ လည်းမဆိုင်ဘူး။ ကိုယ့်ရဲ့ လူ့အသိုင်းအ၀ိုင်းနဲ့ဆိုင်ပါတယ်။ ဆင်ခြင်တုံတရားဆိုတဲ့ အခါမှာ တစ်ဦးနဲ့တစ်ဦး မှန်မှန်ကန်ကန် ဆက်ဆံတာလည်းပါပါတယ်။ ဒါကြောင့် သူနာပြုဆရာမလေးတွေ ဟာတစ်တိုင်းပြည်လုံးကနေရောက်လာပြီး အားလုံး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ညီညီညွတ်ညွတ်နေတာဟာ ကျွန်မတို့နိုင်ငံ အတွက် ပညာပဲလို့ ကျွန်မဒီလိုပဲမှတ်ယူပါတယ်။ ကျန်းမာရေးကုသတတ်ရုံတင် မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ ပညာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံဟာအခုဆိုရင် တက္ကသိုလ်ပညာရေးစနစ်၊ ကျောင်းပညာရေးစနစ် တို့ဟာ နှစ်ပေါင်းများစွာအားနည်းခဲ့တာကြောင့် တချို့နိုင်ငံတော် တော်များများနဲ့ ယှဉ်လိုက်ရင် နည်းနည်းနောက်ရောက်နေတဲ့ သဘောရှိပါတယ်။ ဒါတွေ ဟာပြန်ပြီး ပြင်လို့ရပါတယ်။ အဓိကကစိတ်ဓာတ်ပါ။ ကျွန်မတို့ဟာကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ ၀ီရိယစိုက်ထုတ်ပြီးတော့မှ တိုးတက်အောင် လုပ်နိုင်တဲ့အင်အားရှိရပါမယ်။ ဒါကြောင့် ကျန်းမာရေးကုသမှုဟာအင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ သူနာပြု ဆရာမများကိုလည်း ကျွန်မအနေနဲ့ အားပေး စကားပြောသလိုမေတ္တာရပ်ခံချင်ပါတယ်။ သူနာပြုဆရာမရဲ့ ကဏ္ဍဟာအင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မငယ်ငယ်တုန်း က ဆရာဝန်တွေထက် ဆရာမတွေဟာ အရေကြီးတယ်လို့မြင်ခဲ့ပါတယ်။ အခုလည်းပဲ ဒီအတိုင်းပဲ ကျွန်မမြင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် သူနာပြုဆရာမတွေကသာ လူနာတွေကိုတကယ့်အနီးကပ် ပြုစုနိုင်တာ၊ လူနာတွေကိုအားပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

သူနာပြုဆရာမများဟာ လူနာတွေအပေါ်မှာ တကယ့်ကိုကရုဏာ၊ စေတနာ အပြင် ကျန်းမာရေးပညာ ပြည့်ပြည့်စုံစုံနဲ့ ပြုစုမယ်ဆိုရင် ကျေးဇူးတင်မယ့်သူတွေ ၊ ကျေးဇူးတင်ရုံသာမကဒီလိုကုသမှုတွေကြောင့် အင်အားတွေပြန်လည် ပြည့်ဝပြီးတော့ နိုင်ငံကိုအကျိုးပြုနိုင်မယ့်သူတွေ အများကြီး ထွက်ပေါ်လာမှာဖြစ်ပါတယ်။

ဒါကြောင့် အခုဒီဆေးရုံကိုအရင်တုန်းက အခြေအနေ ထက်ပိုပြီးတော့တိုးတက် အောင်၊ကောင်းမွန်အောင် ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးဟာ ဆေးရုံတစ်ရုံအတွက်သာလုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်၊ ကျွန်မတို့ရဲ့ပြည်သူတွေအတွက် ၊ ပြည်ထောင်စုအတွက် ၀ိုင်းဝန်း ပြီးတော့ ကူညီ ဆောင်မပေးကြတာလို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ အရင်တုန်း ကထက်လည်း ပိုပြီးတော့ကောင်းလာမယ်လို့ယူဆပါတယ်။ဒီလိုပိုပြီးတော့ ကောင်းလာ မယ့်အထဲမှာ လည်း ကျွန်မတို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေကလည်း ပိုပြီးတော့ ကောင်းလာမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး၏ ဇနီး Mrs.Wang Xue Hong က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံ သံအမတ်ကြီး၏ဇနီးက  မြန်မာ- တရုတ် ချစ်ကြည်ရေး ဆေးရုံအဖြစ် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ခံသည်။

ဆက်လက်၍ တရုတ်နိုင်ငံသံအမတ်ကြီး၏ ဇနီးက ဆေးရုံ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေမြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ကြိုးပမ်းကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာ-တရုတ် ပူးပေါင်းကူညီ ဆက်ဆံရေး ဗဟိုအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးချောင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒေါ်ခင်ကြည်အမျိုးသမီး ဆေးရုံအား အဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ပြီး ဆေးရုံသုံးပစ္စည်းကိရိယာများ လှူဒါန်းပေးခဲ့ကြသည့် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ကိုယ်စား သံရုံးယာယီ တာဝန်ခံ မစ္စစ်လီရှောင်ရန်နှင့် China Foundation For Peace and Developmentမှ ဥက္ကဋ္ဌ မစ္စတာချောင်ကျိုးရှင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆေးရုံ ပြန်လည် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေမြန်ဆန်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကြိုးပမ်းကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာ-တရုတ် ပူးပေါင်းကူညီ ဆက်ဆံရေးဗဟိုအသင်းစီနီယာဥက္ကဋ္ဌ ဦးသစ္စာ၊  တည်ဆောက် ပြုပြင်ရေးလုပ်ငန်း များအား အရည်အသွေးကောင်းမွန်စွာဆောင်ရွက်ပေးခဲ့သည့် Art Wave Group ကုမ္ပဏီလီမိတက် ဒါရိုက်တာ မစ္စတာဖုန်းဝေစွမ်းနှင့် ဆေးရုံသုံး ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆေးဘက်ဆိုင်ရာသင်တန်းများပို့ချပေးသည့် China Sinopharm International Corporation မှအင်ဂျင်နီယာချုပ် မစ္စဖုချောင်တို့အား ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဒေါ်ခင်ကြည်ဆေးရုံမှ ဆရာဝန် ကြီးများ၊ သူနာပြုများ၊ကျန်းမာရေးဝန်ထမ်းများနှင့်လည်းကောင်း၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်လည်းကောင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တရုတ်သံအမတ်ကြီး၏ ဇနီး Mrs.Wang Xue Hongတို့ က ဆေးရုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ သံအမတ်ကြီး၏ ဇနီး Mrs.Wang Xue Hongတို့က ဆေးရုံရှိ ဒေါ်ခင်ကြည်ရုပ်တုအား ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆေးရုံအတွင်းလှည့်လည် ကြည့်ရှုပြီး ဆေးရုံတက်လူနာများကို အားပေးစကားပြောကြားသည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသည် ယခင်က မီဝပ်ဂျီကိုဝါ(စ်)ဂျီခန်းမ အမည်ဖြင့်  ၁၉၃၃ သြဂုတ် ၂၂ရက်တွင် အုတ်မြစ်ချတည်ဆောက်ခဲ့ပြီး ၁၉၃၄ခုနှစ် စက်တင်ဘာ ၁ရက်တွင် အသုံးပြုခဲ့သည်။ ၁၉၄၇ခုနှစ် စက်တင်ဘာ၁၅ရက်တွင် အမျိုးသမီးနှင့် ကလေးများစောင့်ရှောက်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မီဝပ်ဂျီကိုဝါ(စ်)ဂျီခန်းမ အမည်ကို တာဝါလိန်းအမျိုးသမီးဆေးရုံဟု အမည်ပြောင်းလဲ၍ သားဖွားဆေးရုံအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုစဉ် ဒေါ်ခင်ကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အဖွဲ့ဝင်၁၃ဦးဖြင့် ဆေးရုံ၏ လိုအပ်ချက်များအား  တာဝန်ယူစောင့်ရှောက်နေခဲ့ရာမှ ၁၉၄၉ခုနှစ်တွင် လူမှုဝန်ထမ်း ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ၁၉၅၃ခုနှစ်တွင်  ကျန်းမာရေးဝန်ကြီးဌာန လက်အောက် သို့ထားရှိခဲ့ကာ နိုင်ငံတော်ဘဏ္ဍာဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဒေါ်ခင်ကြည်လက်ထက်တွင် လူထု၏အားထားမှုရရှိခဲ့သည့် သားဖွားဆေးရုံ ဖြစ်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဆေးရုံပြုပြင်မှုလုပ်ငန်းများပြီးစီးပြီဖြစ်သည့် အတွက် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအဖြစ်ပြန်လည်ဖွင့်လှစ်ကာ ကိုယ်ဝန်ဆောင်နှင့် သားဖွားလူနာများအား ကျန်းမာရေးပြုစုစောင့်ရှောက်ခြင်း၊ ရိုးရိုးမွေးဖွားခြင်း၊ လေစုပ်မွေးဖွားခြင်း၊  ခွဲစိတ်မွေးဖွားခြင်း၊ သားဆက်ခြားခြင်းနှင့် မွေးကင်းစကလေးပြုစု စောင့်ရှောက်ခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကို အဆင့်မီစွာပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများ၏ လုပ်ငန်းဆောင်ရွက် မှုများကိုလည်း လျော့ချပေးနိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအနှံ့အပြားတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သော  ကျွမ်းကျင်သားဖွားဆရာမများကို လက်တွေ့ သင်ကြားမွေး ထုတ်ပေးနိုင်ရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကို ယခုအဆင့်မြှင့်တင်ပြုပြင်တည်ဆောက်ခြင်း နှင့် ဆေးပစ္စည်းကိရိယာများဖြည့်ဆည်းခြင်းအတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၂သန်း ကုန်ကျကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာ ၀င်းမြတ်အေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊  တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံအမတ်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ပူးပေါင်း ကူညီဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ ဆရာဝန်ကြီး များ၊ဆရာဝန် ဆရာများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

Ref;  Myanmar State Counsellor Office

No comments:

Post a Comment