Latest News

Sunday, December 3, 2017

ပြင်သစ်ယောင်ဆောင်ထားတဲ့ ဆိပ်ကမ်းသာလမ်း


ဆိပ်ကမ်းသာလမ်း
ကတ္တရာလမ်းခင်းထားတာ ဒီအတိုင်း တစ်ပတ်ကြာဦးမယ်တဲ့။
ရန်ကုန် မြို့ထဲက လမ်းတစ်လမ်းကို အခုမှပဲ ဒီလိုမြင်ဖူးရတာ
ခနနေရင် ကားတွေ ဆိုင်တွေ ပြန်ရောက်လာကြပြီး မျက်စေ့ရှုတ်
နားရှုတ် ပြန်ဖြစ်ဦးတော့မယ်။
အခုတော့ မနက်တစ်ခေါက် ညနေတစ်ခေါက် လမ်းပေါ်ဆင်းဆင်းပြီး
လမ်းဆင်းရှောက်ရတာ အရသာ။
အခုလို ဒီဇင်ဘာ မနက်ခင်းရာသီဥတုနဲ့ ဆိုတော့လည်း
ပြင်သစ်က လမ်းကလေးတွေနဲ့တူသားပဲပေါ့။
ပြီးခဲ့တဲ့ သင်္ကြန်ကာလက ပါရီ ရှောင်ဇီလီဇီရပ်ကွက်က မြန်မာသံရုံးနဲ့
မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟိုတယ်မှာ တစ်ပါတ်နေခဲ့တယ်၊ အဲဒီကလမ်း
ကလေးနဲ့ တော်တော်တူတယ်။
တစ်ခုတော့ရှိတာပေါ့လေ ပါရီက အဆောက်အဦတွေက ကျောက်တုံး
တွေနဲ့ ဆောက်ထားတာ၊ ပြီးတော့ လမ်းတွေကလည်း ကျောက်တုံး
တွေနဲ့ပဲ ခင်းထားတာ။
အဲဒီလမ်းက ဆင်းသွားလိုက်ရင် ပါရီရဲ့ နာမည်ကြီး ရှောင်ဇီလီဇီလမ်းမ
ပေါ်ကို ရောက်ပြီ၊ ဆိပ်ကမ်းသာလမ်းကမှ နည်းနည်း ကျယ်ဦးမယ်။
ဒါပေမယ် ပလက်ဖောင်းမှာတော့ ဆိုင်တွေမရှိဖူး၊ ကော်ဖီဆိုင်လေးတွေ
စာအုပ်ဆိုင်လေးတွေ၊ ပန်းဆိုင်ကလေးတွေ ဆိုတာလည်း လမ်း
ထောင့်လေးတွေမှာ အမိုးစွန်းလေးထုတ်ပြီး သပ်သပ်ရပ်ရပ်။
မြို့ပြတည်ဆောက်ခြင်း အတတ်ပညာဆိုတာ ရှိသလို မြို့ပြနဲ့ နေထိုင်
ခြင်း အတတ်ပညာလည်းရှိပုံရပါတယ်လို့ ထင်မိပါတယ်။
တကယ်တော့ ပါရီတို့ ဗင်းနစ်တို့ မီလန်တို့ ရောမတို့ဆိုတဲ့ မြို့တွေက
ဗိဿနိုးတို့၊ ဟန်လင်းတို့၊ သရေခေတ္တရာတို့၊ ပုဂံတို့ လို ရှေးဟောင်း
မြို့ကြီးတွေကို ခေတ်အဆက်ဆက် လူတွေ ဆက်နေခဲ့ကြတဲ့ သဘောပဲ။
ဒါ့ကြောင့် လမ်းတွေကလည်း ရှေးဟောင်းလမ်းတွေ ခပ်ကျဉ်းကျဉ်းပဲ၊
မီလန်ဆိုရင် လမ်းခင်းထားတဲ့ ကျောက်တုံးလေးတွေပေါ် ဒုန်းဒုန်း
ဒုန်းဒုန်းနဲ့ ကားမောင်းသွားရတာ၊ အဲဒါမကျေနပ်လည်း မမောင်းနဲ့ပဲ၊
လမ်းပြင်မယ်တို့ လမ်းချဲ့မယ်တို့တော့ စိတ်မကူးလေနဲ့ ရှေးဟောင်း
လမ်း ဖျက်ဆီးမှုနဲ့ အဖမ်းခံသွားရ နိုင်တယ်၊ ပြောပါပေါ့ လမ်းတွေ ချဲ့
ထားတာမဟုတ်ဖူး စိတ်တွေချဲ့ထားတာပါလို့။
မီလန်မှာ ညပိုင်း ကာသေဒေါ ဘုရားကျောင်းကြီးကို ဓါတ်ပုံရိုက်ပြီး
တော့ ငါတော့ပြီးပြီ နောက်တစ်နေရာရာက မင်းညွှန်းတဲ့နေရာပဲ
ပို့ပေးဆိုတော့ ကားသမားက ငါ မင်းကို ၂ နေရာပို့ ပေးမယ်၊
ရိုမန့်တစ် လမ်းတစ်လမ်းရယ်၊ ရဲတိုက်ကြီး တစ်ခုရယ်တဲ့၊ အိုကေ
သွားမယ်ဆိုတော့ လမ်းမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကြောင့်
လမ်းကျပ်နေတယ်၊ ဘာဖြစ်တာလည်းဆိုတော့ ဆေးရုံဆောက်တာတဲ့
အဆောက်အဦ ဖောင်ဒရေးရှင်း တူးတော့ ရှေးဟာင်း အုတ်ရိုးကို
တွေ့လို့ ဆေးရုံဆောက်လုပ်ရေး ရပ်လိုက်ပြီတဲ့၊ ကောင်းပါလေ့ပေါ့။
သူပို့တဲ့ ရဲတိုက်ကြီးက လှပါတယ်၊ လူငယ်တွေအများကြီးပဲ ည ၁၂
နာရီ လောက် ရဲတိုက်ကြီးရှေ့က ရေပန်းမှာ ထိုင်နေကြတာတွေ့လို့
မေးတော့ အနုပညာတက္ကသိုလ်က ဒီနားမှာတဲ့။
ငါတို့ချမ်းတယ် ဝီစကီဖြစ်ဖြစ် ဝိုင်ဖြစ်ဖြစ် သောက်မှ ရမယ်ဆိုတော့
ရဲတိုက်နဲ့ မျက်နှာချင်းဆိုင်မှာတဲ့၊ မင်းရောချလေဆိုတော့ မသောက်ဖူး၊
အတူကို လာ မထိုင်ဖူး အတင်းပြောတော့မှ ကိုကာကိုလာတဲ့၊ ချမ်းရတဲ့
အထဲ မင်းက ဝိုင်တို့ အရက်တို့ မသောက်တတ်ဖူး လားမေးတော့
သောက်ပါတယ်၊ အခုက ကားမောင်းနေတဲ့ ငါ့ဂျူတီချိန်လေ သောက်
လို့မရဖူးတဲ့၊ ပြီးတာပဲ။
သူလိုက်ပို့တဲ့ ရှေးဟောင်း လမ်းကလေးက ချစ်စရာလေး လွန်ခဲ့တဲ့
နှစ် နှစ်ထောင်နီးပါးကတည်းက လမ်းကလေးတဲ့၊ အဲဒါ ည ၁၂ နာရီ
ကျော်နေပြီ ဘုရားပွဲလို လူတွေ ကျိတ်ကျိတ်တိုးပဲ၊ တကမ္ဘာလုံးက
လူတွေက အဲဒီရှေးဟောင်းလမ်းပေါ်မှာ လမ်းလာရှောက်ကြတာတဲ့
ကော်ဖီဆိုင်ကလေးတွေ၊ ချောကလက်ဆိုင်လေးတွေတော့ရှိပါတယ်၊
ကျန်တာတော့ ဘာဆိုင်မှ မရှိပါဖူး၊ သဘောကတော့ ဈေးလာဝယ်တာ
မဟုတ်ဖူး လမ်းလာလျောက်တာ ဘာမှ ဈေးရောင်းဖို့ မစဉ်းစားနဲ့ ဆိုတဲ့
သဘောပဲ။
အဲဒီ ရိုမန်ခေတ်က လမ်းကလေးကနေ ထွက်လာပြီး သူ့ကားပေါ်
ရောက်တော့ လူအုပ်ကြီးက ဟိုဖက်လမ်းကနေ ကူးလာပြီး ခုနက
လမ်းကလေးထဲ ဝင်သွားကြပြန်တယ်၊ ကားသမားက ကားထွက်တော့
ချီတုံချတုံဖြစ်နေတယ်၊ သူ့လမ်းကြော မဟုတ်တဲ့ထဲ ကို ထိုးဝင်ပြီး
ကွေ့တယ်၊ လက်ပြပြီး ဂငယ်ကွေ့ပြီး နှစ်ခါလောက် ရှေ့တိုး နောက်
ဆုတ် လုပ်တယ်၊ လမ်းအားလုံးက ကားတွေက နီနီ စိမ်းစိမ်း ရပ်ပေး
ထားတယ်၊ သူလမ်းရတော့ နီးတဲ့ကားတွေကို အီတလီလို အော်ပြော
ခဲ့သေးတယ်၊ ဘာမှန်းတော့ မသိဖူး၊ သူ့ ကားကို ရပ်ပြီး ဟိုမှာတဲ့
ဟိုတယ်မပို့ခင် ငါ အဲဒီတံတားကို ပြချင်လို့ ကားလမ်းတောင်းလာ
တာတဲ့ မင်းသွားပြီး ဓါတ်ပုံရိုက်လေတဲ့ ရှေးဟောင်းတံတားပဲလေတဲ့
မစ်ရှင် အင်ပေါဇေးဘယ်လ် ရုပ်ရှင်ဇာတ်ကားထဲမှာ တွမ်ခရုစ်က
သူ့မိန်းမကို ရပ်စောင့်နေတဲ့ တံတားတဲ့။
ဟုတ်ပါပြီ ကြည့်ရတာ ခုနက လမ်းတောင်းတုန်းက အော်ပြောခဲ့တာ
တောက အမျိုးတွေကို ရုပ်ရှင်ထဲက တံတားကို ပြမလို့ဟေ့လို့
ဖြစ်လောက်တယ်ပေါ့။
ဒီလိုပဲ ပြင်သစ်က ကော်ဖီဆိုင်လေးတစ်ဆိုင်ကလည်း တွမ်ခရုစ်
ထိုင်သွားတဲ့ ဇာတ်ဝင်ခန်းထဲမှာ ပါတယ်ပြောကြသလို၊ ရိုတွန်ကဖေး
ဆိုရင် ပန်းချီဆရာ ပီကာဆိုတို့ ဗင့်ဆင့်ဗန်ဂိုးတို့ ထိုင်သွားတဲ့ ကော်ဖီ
ဆိုင်ပဲ၊ အခုထိလည်း ဒီအပြင်အဆင်နဲ့ ဒီအတိုင်းပဲ။
အစ်မတစ်ယောက်က သူ့အိမ်မှာ မြန်မာထမင်းချက်ကျွေးလို့ သွားစား
တာ ပန်းချီဆရာ ဂုစတပ်နေခဲ့တဲ့ အိမ်ဖြစ်နေလို့ ကိုယ့်မှာ တအံ့တသြ၊
တူးလုစ်လောက်ထရက်တို့၊ ဂုစတပ်တို့ ဆိုတဲ့ ပန်းချီဆရာတွေက
ကမ္ဘာကျော်တဲ့ အပြင် ကိုယ်ကလည်း ကြွေသည်ကိုး၊ ဟုတ်ရဲ့လား
အစ်မရယ် ပြောတော့ ဒါ လမ်းထောင့်အိမ်နော် ကြည့်တဲ့ လမ်းနာမည်
ဖတ်ကြည့်တဲ့ ဂုစတတ်လိမ်းတဲ့ ဟုတ်သဟပေါ့၊ နံရံတွေပေါ်မှာ
ဂုစတပ် ပုံကြမ်းတွေ ရေးထားခဲ့တာရှိတယ်၊ အဲဒီတိုက်တစ်လုံးမှာ
အခန်း ၁၀ ခန်းရှိတယ်၊ တိုက်ထဲထိ ကားမောင်းဝင်၊ တံခါးပိတ်လိုက်
၁၀ ခန်းစလုံးသုံးတဲ့ တိုက်ထဲက လမ်းကလေးနဲ့ ကားရပ်စရာရှိတယ်၊
ပြီးမှ လှေခါးအတိုင်း ကိုယ့်အခန်းကိုယ်သွားပေါ့၊ ပြီးတော့ ဆယ်ခန်း
စလုံးသုံးဖို့ မြေအောက်ခန်းပါရှိသေးတယ်ဆိုလို့ ဝင်ကြည့်ခဲ့သေးတယ်၊
အာလူးတွေ သိုလှောင်ထားကြတာတွေ့ ခဲ့တယ်။
ပါရီကတော့ ဆရာကျပါတယ် တစ်မြို့လုံးက အဆောက်အဦတွေက
Yellow Stone ခေါ်ကြတဲ့ သဲကျောက်တုံးနဲ့ ဆောက်ခဲ့တာဆိုတော့
စကတည်းက ရည်ရွယ်ချက် ရည်မှန်းချက်နဲ့ပေါ့၊
ကျောက်တုံးနဲ့ ဆောက်တဲ့အိမ်နဲ့ ကျောက်တုံးနဲ့ ခင်းခဲ့တဲ့ လမ်းနဲ့
ဆိုတော့ နောက် ဘာမှ ပြင်ဆင်စရာ မလိုတော့ဖူးပေါ့၊ တို့ဆီများ
ဘယ်တော့မှ မပြီးနိုင်တော့ပါလားပေါ့။
စီးပွားရှာကြပုံကလည်း အဲဒီကျောက်တုံးနဲ့ ဆောက်ထားတဲ့ကိုယ့်အခန်း
လေးမှာပဲ ကြေးပြားနဲ့ ဆိုင်းပုဒ်လေး ကပ်ထားပြီး လူးဝစ်ဗီတန်တို့၊
ပရာဒါတို့၊ ဟားမိစ်တို့၊ ဟူဂိုဘော့စ်တို့ ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းလေး
တွေ ဆိုင်ဖွင့်ထားတဲ့ သဘောပဲ၊ အဝင်ဝနဲ့ ဘေးက ကျောက်သားနံရံ
လေးမှာပဲ Louis Vuitton လို့ ကြေးပြားလေး ကပ်ထားလိုက်တာပဲ။
အားကြိုးမာန်တက် ရောင်းချင်နေတာလည်းမဟုတ်ဖူး၊ သူ့ ထုတ်ကုန်
ကို ကမ္ဘာက စွဲမက်အောင် လုပ်ထားပြီးသား ဖြစ်လို့ ဆိုင်းပုဒ်လည်း
ပြူးပြူးပြဲပြဲ လမ်းထဲ ထောင်လိမ့်မယ်မထင်နဲ့ ပါရီမှာ LV ဆိုင် ၂ ဆိုင်
ရှိတာ အွန်လိုင်းကနေ ဆိုင်ဖွင့်ချိန်ကြည့်တဲ့၊ ဒီဆိုင်က မနက် ၁၁ နာရီ
မှာဖွင့်မယ်၊ ညနေ ၃ နာရီမှာ ပြန်ပိတ်မယ်၊ ဒါမျိုး။
ဘဏ်ကဒ် စနစ်နဲ့ပဲ သွားထားတော့ ဝင်ငွေ ထွက်ငွေကို အစိုးရက
အကုန်သိတယ်၊ အခွန်ငွေက သူ့ဖာသာ အစိုးရဆီကို စနစ်တကျ
ဝင်သွားပြီးသား။
ချားဒီဂေါလေဆိပ်က ဆင်းပြီး ဟိုတယ်လာတဲ့လမ်းမှာ အဆောက်
အဦ ကြီးကြီးတစ်လုံး စတွေ့တာနဲ့ ဒါဘာလည်းလို့ မေးမိပါတယ်၊
မီးလင်းနေတဲ့ အခန်းကို ရေကြည့်လိုက်တဲ့၊ ၂၁ ခန်းလို့ပြောတော့၊
အေးတဲ့ ပါရီမှာရပ်ကွက်၂၁ ခုရှိတယ်၊ ဒါ အဲဒီ ၂၁ ရပ်ကွက်အတွက်
တရားရုံးတဲ့။
မြို့ပြတည်ဆောက်ခြင်းအတတ်ပညာနဲ့ မြို့ပြနဲ့ နေထိုင်တတ်ခြင်း
အတတ်ပညာဆိုတာ အကြောင်းမဲ့ ဟုတ်ဟန်မတူဖူး၊ တိုင်းပြည်
ကြီးပွားချမ်းသာရာ အကြောင်းတရားထဲ ဒါလည်းပါပုံရတယ်လို့
အဲဒီမှာမှ တွေးမိတာပဲ။
ဆိပ်ကမ်းသာလမ်းလေး ပြောပါတယ်
ပြင်သစ်ယောင် ဆောင်ထားတယ်၊ တစ်ပတ်ကြာမယ်တဲ့။
မျိုးဆွေသန်း

No comments:

Post a Comment