Latest News

Tuesday, December 19, 2017

ချောင်းသာကမ်းခြေသို့ အလွယ်တကူ သွားလာနိုင်သော ဧရာတိုင်းက ဥတိုတံတား

ချောင်းသာကမ်းခြေသို့ အလွယ်တကူ သွားလာနိုင်သော ဧရာတိုင်းက ဥတိုတံတား

ဥတိုတံတားရှိရာ ဥတိုကျေးရွာသို့ စာရေးသူရောက်ရှိခဲ့သည်။ ဥတိုကျေးရွာသည်   ရွှေသောင်ယံမြို့နယ်၌   တည်ရှိသည်။ အိမ်ခြေ  ၁၂၄  အိမ်၊ လူဦးရေ  ၅၄၉  ဦးရှိပြီး  မူလတန်းပညာ ကို  သင်ယူနေသည့် ကျောင်းသား ကျောင်းသူ  ၁ဝ၃  ဦးရှိ သည်။  ကျေးရွာသူ  ကျေးရွာသားများသည်  ရိုးသား၍ ရေလုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းပြုကြသည်။

ဥတိုတံတားကြောင့် ပုသိမ်-ချောင်းသာ ၃၆ မိုင်ခရီးကို အလွယ်တကူ သွားလာနိုင်ကြမည်ဖြစ်သည်။
အချိန်ကုန် လူပင်ပန်း ဖြစ်ခဲ့ရ
ပုသိမ်-ရှောပြာ-ချောင်းသာလမ်းသည်  ၁၉၆၅  ခုနှစ်မှ စ၍ အမှတ် (၉ဝ၄) တပ်မတော်အင်ဂျင်နီယာတပ် (ဂျီအီး) မှ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်းအဖြစ် လွှဲပြောင်းပေးခဲ့သည်။ ဥတိုတံတား မရှိခင်ချိန်က ပုသိမ်မှ ချောင်းသာသို့ စက်လှေ (သို့မဟုတ်)  သင်္ဘောဖြင့် သွားရပြီး ရှောပြာမှ တစ်ဆင့် ဆိပ်ကြီးကျေးရွာသို့  လမ်းကြမ်းအား   ကားဖြင့်လည်းကောင်း၊   စက်လှေဖြင့် လည်းကောင်း  ချောင်းသာသို့  သွားရောက်ခဲ့ရာ  တစ်နေကုန် သွားရသည့်အတွက် အချိန်ကုန် လူပင်ပန်းခြင်း ဖြစ်ခဲ့ရသည်။
၅၆ စင်းမြောက်တံတား
ဥတိုတံတားသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရှောပြာ-ချောင်းသာလမ်းပေါ်ရှိ ဥတိုချောင်းကို  ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားဖြစ်သည်။ အလျား ပေ ၉၆ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွား ဖြစ်ပြီး ငွေကျပ် ၂ ဒသမ ၇ ဘီလီယံ ကုန်ကျခဲ့သည့် နှစ်လွှာ တစ်ထပ် ဘေလီတံတားဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး အတွင်း ၅၆ စင်းမြောက် တံတားကြီးဖြစ်သည်။
၁၉၈၅ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဥတို တံတားသစ်သားPile  များဖြင့်  တည်ဆောက်ပေးခဲ့ပြီး ရှောပြာမှ    ချောင်းသာသို့ကားဖြင့်    သွားလာခဲ့ရသည်။ တံတားမှာ ပင်လယ်ရေငန်ထိတွေ့မှုကြောင့် သစ်သားတံတား တိုင်များ  ဒီပိုးစားလာခြင်းကြောင့်  ၁၉၉၇ ခုနှစ်တွင် မူလ သစ်သားတံတားကို ဖျက်သိမ်းပြီး အောက်ခြေတွင် သံကူ ကွန်ကရစ်တံတားတိုင်များကို နှစ်လမ်းသွား သံကူကွန်ကရစ် တိုင်များအဖြစ် ဆောင်ရွက်ပေးပြီး ယာဉ်သွားလမ်းကို နှစ်လွှာ တစ်ထပ်ဘေလီ  တစ်လမ်းသွားအဖြစ်  ဆောင်ရွက်ပေးနိုင် ခဲ့သည်။
အချိန်တိုအတွင်း သွားရောက်နိုင်ခဲ့
ပုသိမ်တံတားမရှိခင်  ရွှေမြင်တင်မှ   တစ်ဖက်ကမ်း သန်လျက်စွန်းကို ဇက်ရေယာဉ်ဖြင့် ကူးပြီး သန်လျက်စွန်းမှ တစ်ဆင့်  ချောင်းသာသို့  သွားခဲ့ရသည်။  နောက်ပိုင်းတွင် ပုသိမ်တံတား၊   ကျောက်ချောင်းတံတားနှင့်    ပုသိမ်တံတား အနောက်ဘက် ချဉ်းကပ်လမ်းများ တည်ဆောက်ပေးနိုင်သဖြင့်  ပုသိမ်မှ ချောင်းသာသို့ အချိန်တိုတိုအတွင်း သွားရောက်နိုင်ခဲ့သည်။
ယခင်က ၁၂ ပေအကျယ်သာရှိသည့်အတွက် မျက်နှာ ချင်းဆိုင် ယာဉ်များတွေ့ရှိပါက ကားတစ်စီးနှင့် တစ်စီး  ရပ်ပြီး ရှောင်သွားရသည့်အတွက်  အခက်အခဲများနှင့်  ရင်ဆိုင်ခဲ့ရ သည်။
ဥတိုတံတား နှစ်လမ်းသွားနှင့် ၁၈ ပေအကျယ် ကတ္တရာ လမ်း တည်ဆောက်နိုင်ခဲ့သည့်အတွက် ဒေသမှာရှိကြသည့် ကျေးရွာအုပ်စုများမှ ပြည်သူများ သွားရေးလာရေး လွယ်ကူပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို သိသိသာသာ တိုးတက်ခံစားကြရတော့မည်ဖြစ်သည်။
လမ်းကွန်ရက်များ သွယ်တန်းယှက်ဖြာလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီးသည် အနောက်ရိုးမတောင်တန်း ကြီးနှင့် ဧရာဝတီမြစ်ကြီးအကြားအလယ်တွင် ငဝန်မြစ် (ခ) ဒါးကမြစ်ဝှမ်းတို့ဖြင့်  တည်ရှိနေသည်။  ဧရာဝတီမြစ်ကြီးနှင့်  စခဲ့ရာမှ တောင်ဘက်စွန်းသို့ အရောက်တွင် မြစ်ပေါက် ၉၃ အထိ    ကျယ်ဝန်းလာပြီး   တောင်မြောက်လမ်းမကြီးများ အနေဖြင့်  မော်တင်စွန်း၊ ငရုတ်ကောင်း၊ ပုသိမ် (ငွေဆောင်- ချောင်းသာ)  ရေကြည်/ရေနံ့သာ  (ဂွ)၊  လေးမျက်နှာ (ပန်းတောကြီး)၊ အင်္ဂပူ (ကွင်းကောက်)၊ မြန်အောင်၊ ကြံမင်း၊ ဘက်ရဲ၊ ဥသျှစ်ပင်တို့ကို ဖြတ်သန်းသည့် ပုသိမ်၊ မုံရွာ၊ ရေဦး မြို့လမ်း၊ ထိပ်စွန်း-လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-  ကျုံပျော်- ဟင်္သာတ-အင်္ဂပူ- မြန်အောင်- ကြံခင်းလမ်း- ပြင်စလူ-  ကွင်းပေါက်- သစ်ပုတ်- မအူပင်-ညောင်တုန်း- ဓနုဖြူ  ဇလွန်- ဟင်္သာတလမ်းများ- ပုသိမ်- ချောင်းသာ- ငွေဆောင်လမ်း စသည်ဖြင့်  လမ်းကွန်ရက်များ  သွယ်တန်းယှက်ဖြာလျက် တည်ရှိကြောင်း တွေ့ရှိရမည်ဖြစ်သည်။
လိုအပ်ချက်များ ပြည့်စုံလာ
မြစ်ချောင်းပေါများ၍ လမ်းပန်းဆက်သွယ်မှု ခက်ခဲသဖြင့်  ဒေသဖွံ့ဖြိုးရေး နှောင့်နှေးခဲ့ကြသည်။ ဒေသတစ်ခု၏ ဖွံ့ဖြိုးရေး အတွက်  လမ်းပန်းဆက်သွယ်ရေးသည် အဓိကအကျဆုံးနှင့်  အလိုအပ်ဆုံးဖြစ်ပြီး   လမ်းပန်းဆက်သွယ်မှုကောင်းမွန်ခြင်း သည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအဖြစ် ခံယူပြီး ဆောင်ရွက် ပေးခဲ့သည်။ အခြေခံကောင်းများကို ဖြည့်ဆည်းပေးနိုင်မှုကြောင့်  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလိုအပ်ချက်များ ပြည့်စုံဖွံ့ဖြိုးလာသည်ကို တွေ့မြင်ခဲ့ရသည်။
ဥတိုတံတားနှင့် ကတ္တရာလမ်းသစ်ကြောင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူ ပြည်သားအပေါင်း ခရီးသွားလုပ်ငန်းနှင့် ကမ်းခြေဒေသ  အပန်းဖြေမှုကို အထူးအားပေးရာ ရောက်စေခဲ့သည်။
ငပလီအပန်းဖြေစခန်းအထိ အလွယ်တကူ သွားရောက်နိုင်
ချောင်းသာကမ်းခြေအပန်းဖြေစခန်းကို နိုင်ငံတစ်ဝန်း သာမက ပြည်ပခရီးသွားများပါ အထူးစိတ်ဝင်စားခဲ့ရာ ယခု ကဲ့သို့ လမ်းတံတားများ ဖွင့်လှစ်နိုင်ခြင်းအတွက် ရခိုင်ပြည်နယ် ကန်သာယာနှင့်  ငပလီအပန်းဖြေစခန်းအထိ  ဆက်နွှယ် ထိစပ်ခြင်းကို အလွယ်တကူ သွားရောက်နိုင်ပေသည်။ ဥတို တံတားကြီးကို နှစ်လမ်းသွား အဆင့်မြှင့်တင်တည်ဆောက် ထားပြီး လမ်းပိုင်းကိုလည်း ကတ္တရာလမ်း အဆင့်မြှင့်တင်ပေး ခဲ့နိုင်ခြင်းကြောင့်  ပြည်သူများ  ဝမ်းသာလျက်ရှိနေသည်ကို  တွေ့မြင်ခဲ့ရသည်။   ဆန်စပါး၊  ပဲ၊  ဆားနှင့်  ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြမည်ဖြစ်သည့် အတွက် စီးပွားရေးကောင်းမွန်လာစေသော ဆောင်ရွက်ချက်ပင် ဖြစ်သည်။
ဥတိုတံတား နှစ်လမ်းသွားနှင့် ၁၈ ပေအကျယ်  ကတ္တရာ လမ်းတည်ဆောက်ပေးနိုင်ခဲ့သည်။    ရေလယ်တိုင်များ၏ အုတ်မြစ်ခုံများကိုGrouting Cement  များဖြင့် အားဖြည့် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ပြီး တံတားအပေါ်ထည်အပိုင်းကို  သုံးလွှာတစ်ထပ် ဘေလီဖြင့် ကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကာ ရေလမ်းကင်းလွတ်အကျယ် ၈၄ ပေ၊ ရေလမ်းကင်းလွတ် အမြင့် ခုနစ်ပေ၊ ချဉ်းကပ်လမ်း အပါအဝင် တံတားအရှည်ပေ ၉၆ဝ ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွား တံတားဖြစ်သည်။ ယာဉ်နှင့် ကုန်တစ်စီးချင်းခံနိုင်ဝန်မှာ တန် ၃ဝ  ဖြစ်သည်။   ဒေသခံပြည်သူများအနေဖြင့်   လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်လုပ်ငန်းများ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ  ဒေသခံတိုင်းရင်းသားအချင်းချင်း   ချစ်ခင်စည်းရုံးမှုကိုလည်း  ပိုမိုတိုးတက်ရရှိစေသော တံတားဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။      

မောင်တင်လှိုင် (ဟိုတယ်/ခရီး)

No comments:

Post a Comment