မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဆောင်းပါး
မြန်မာ့လွတ်လပ်ရေးသမိုင်းကို လေ့လာရာတွင် မြန်မာတစ်မျိုးသားလုံး၏ အဖိုးထိုက်တန်ဆုံး ရတနာ၊ လွတ်လပ်ရေးဆုမွန်ကို ရွပ်ချွံစွာ ရှေ့ဆောင်ရှေ့ရွက် ဆောင်ကြဉ်းပေးခဲ့ကြ သော အာဇာနည်သူရဲကောင်းတို့၏ ရာဇဝင် အတ္ထုပ္ပတ်ကို ပုံဖော်ထုဆစ်ရာ၌ ခြွင်းချန်ထား ရန် မဖြစ်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးရှိသည်။ ၎င်းမှာ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ခွဲခွာ၍ မရနိုင်လောက်အောင် ဆက်စပ်လျက်ရှိသော သမိုင်းမှတ်တမ်းများ၊ ကမ္ပည်းမော်ကွန်းများ ရေးထိုးထားသည်။
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း ဦးစွန်းတွင် အဆိုပါပုဂ္ဂိုလ်၏ဘဝအစ စိတ်ဓာတ် နှင့် ကြိုးပမ်းအားထုတ်မှုများမှာ အခြားသော ပုဂ္ဂိုလ်များနှင့်မတူ တစ်မူထူးခြားသည်မှာ ပြောဖွယ်ရာမရှိချေ။ ထိုပုဂ္ဂိုလ်မှာ မြန်မာ့ လွတ်လပ်ရေးဗိမာန်ကြီးကို မွမ်းမံတည်ဆောက် ရာ၌ ဦးစီးခေါင်းဆောင်ပြုသည့် လွတ်လပ်ရေး ဗိသုကာကြီးဖြစ်လာမည့် မောင်အောင်ဆန်းပင် ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုအစ၊ တက္ကသိုလ်သမဂ္ဂ၊ (ဗမာ)မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့၏လှုပ်ရှားမှုများနှင့် ကျောင်းသားခေါင်းဆောင် မောင်အောင်ဆန်း ၏ စိတ်ဓာတ်၊ စွမ်းရည်၊ အရည်အချင်းနှင့် စွမ်းဆောင်မှုများကို သိရှိကြပြီးဖြစ်မည်။
၁၉၃ဝ ပြည့်နှစ်လွန်ကာလက ရေနံချောင်း မြို့ အမျိုးသားကျောင်း၏ ကျောင်းအစည်း အဝေးတစ်ခုတွင်-
''ကျွန်တော်တို့ အမျိုးသားကျောင်းသား တွေ ကျောင်းစာကို ကုန်းဖတ်နေရုံနဲ့ တာဝန် ကျေပြီလို့ မဆိုနိုင်ဘူး၊ မြန်မာပြည်ကြီး သူများ လက်အောက်ခံ ကျွန်ဖြစ်နေတာကို ကျွန်ဘဝ က လွတ်မြောက်အောင် ဘယ်လိုဖန်တီး ကယ်တင်ရမယ်ဆိုတာ ခုနေက စဉ်းစားဖို့တော် ပြီ၊ ဒါတင်မကသေးဘူး၊ ခု ခင်ဗျားတို့ ကျွန်တော်တို့ ရာဇဝင်ဘာသာ သင်နေရတယ်၊ ရာဇဝင်ကို တတ်သိနားလည်ရုံနဲ့ မပြီးဘူး၊ ရာဇဝင်ကို ဖန်တီးပေးနိုင်တဲ့ လူတွေဖြစ်လာ အောင် ကိုယ်တိုင်ကြိုးစားကြမှ တကယ့် လူတော်လူကောင်းတွေလို့ ဆိုနိုင်မယ်''ဟု အထက်တန်းကျောင်းသား မောင်အောင်ဆန်း က ရဲရဲတောက်နိုင်ငံရေးစကားကို ပထမဆုံး ပြောကြားခဲ့သည်။
၁၉၃၂ ခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ရောက် သောအခါ၌ နိုင်ငံခြားမှ အထွေထွေဗဟုသုတ စာအုပ်စာတမ်းများကို ဖတ်ရှုလာရသောအခါ တွင်မူကား ကိုအောင်ဆန်း၏ နိုင်ငံရေးစိတ်ဓာတ် နှင့် အတွေးအခေါ်များမှာ ပို၍ပင် ရင့်သန် ခိုင်မာတက်ကြွလာသည်။ တစ်နှစ်ထက်တစ်နှစ် လေ့လာဖတ်ရှုစဉ်းစားဆင်ခြင်ခဲ့သော နိုင်ငံရေး အတွေးအခေါ် အယူအဆများမှာ အတော် ရင့်ကျက်လာခဲ့သည်။ ကိုအောင်ဆန်း တက္ကသိုလ် မရောက်မီတစ်နှစ်၊ ၁၉၃၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သမဂ္ဂ စတင်တည်ထောင်သည်။ တည်ထောင်စက သာမန်စာကြည့်အသင်း ယောင်ယောင်။ သဟာယအသင်း ယောင်ယောင်။ ကိုလိုနီပညာရေးစနစ်ကို တော်လှန်ပြောင်းလဲ ရေးတို့၌ ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်ပေးရန် စိတ်ဝင်စားဟန်မရှိချေ။ ၁၉၃၆ ခုနှစ် ရောက် သောအခါ အယူအဆအတွေးအခေါ်သစ်၊ အမြင်သစ်များရှိသည့် ကိုနု၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုလှဖေ၊ မစ္စတာရာရှစ် စသည့် မျိုးချစ်လူငယ်များ ခေါင်းဆောင်ပိုင်းသို့ ရောက်ရှိလာပြီး ထိုအဖွဲ့တွင် ကိုအောင်ဆန်း ပါဝင်ကာ တက္ကသိုလ်သမဂ္ဂအသင်း၏ အိုးဝေ မဂ္ဂဇင်း၌ တာဝန်ခံအယ်ဒီတာအဖြစ် ရွေးချယ် ခြင်း ခံရသည်။
အိုးဝေမဂ္ဂဇင်း ထွက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကုန်တက္ကသိုလ်နယ်မြေတစ်ခု လုံးကို သွက်သွက်ခါအောင် တုန်လှုပ်သွားစေ သည့် အကြောင်းတစ်ခုဖြစ်ခဲ့သည်။ စာရေးသူ အမည်မှန်ဖော်မထားသော ''ငရဲခွေးကြီး လွတ်နေသည် (The Hell-Hound at Large)'' ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ထိုဆောင်းပါးမှာ တက္ကသိုလ်အာဏာပိုင်၊ အရာရှိပိုင်းမှ ကိုယ်ကျင့်တရားဖောက်ပြား နေသော ပုဂ္ဂိုလ်တစ်ဦးအား လက်သံပြောင် ပြောင် စောင်းချိတ်သရော်ထားသည့် အင်္ဂလိပ် ဘာသာ ဆောင်းပါးတစ်ပုဒ်ဖြစ်ရာ တက္ကသိုလ် အုပ်ချုပ်ရေးအာဏာပိုင်တို့က ဆတ်ဆတ်ခါ နာကြလေသည်။ ထို့နောက် အမျက် ဒေါသထွက်ပြီး အသင်းဥက္ကဋ္ဌ ကိုနုကို အရေး ယူ၍ ကိုအောင်ဆန်းကို ကျောင်းထုတ်သည်။
အိုးဝေ ဆောင်းပါးကြောင့် သမဂ္ဂ ခေါင်းဆောင်တို့နှင့် တက္ကသိုလ်အာဏာပိုင် တို့ ပဋိပက္ခသည် ပြာဖုံးနေသော မီးခဲပေါ်မှ ကောက်ရိုးပုံမှာ လေအတိုက်၌ ဟုန်းခနဲ လောင်မြိုက်သကဲ့သို့ ဖြစ်စေသည်။ တက္ကသိုလ် ကျောင်းသားအများ အလိုလိုစုရုံးညီညွတ်သလို ဖြစ်စေသည်။ နောက်ဆက်တွဲ အကျိုးသက် ရောက်မှုမှာကား မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်တမ်းတင်ရမည့် ၁၉၃၆ ခုနှစ် ရန်ကုန် တက္ကသိုလ် သပိတ်မှောက်အရေးတော်ပုံကြီး ဖြစ်သွားသည်။ ကျောင်းသားသပိတ်ကြီးသည် တိုင်းရင်းသားလူထုအား စည်းလုံးညီညွတ်မှု အင်အားနှင့် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေး အသိပညာများကို လက်တွေ့သင်ခန်းစာပေးခဲ့ သည်ဟု ဆိုနိုင်သည်။ ကိုအောင်ဆန်းကို ပြည်သူလူထုအကျိုးအတွက် ရဲရဲတောက် မြန်မာ့ခေါင်းဆောင် မွေးထုတ်ပေးခဲ့ခြင်းပင် ဖြစ်ပေသည်။ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် သည် ရာဇဝင်တွင်မည့် အမျိုးသားခေါင်းဆောင် တစ်ဦး၊ လွတ်လပ်ရေးဗိသုကာတစ်ဦး မွေးဖွား ခြင်းဟု မှတ်ယူထိုက်သည်။
တက္ကသိုလ်ကျောင်းသားသပိတ်မှ အတွေ့ အကြုံနှင့် ကျောင်းသားသမဂ္ဂအသင်း၏ ခေါင်းဆောင်မှုမှရအပ်သော အယူအဆ၊ အတွေးအခေါ်တို့ကြောင့် ကိုအောင်ဆန်းစိတ် တွင် မြန်မာ့လွတ်လပ်ရေးကို မရ ရအောင် တိုက်ယူရန်နှင့် နိုင်ငံရေးတွင် ကိုယ်ထိလက်ရောက် ဝင်ရောက်ပြီး ဆောင်ရွက်လိုသောဆန္ဒများ တဖွားဖွားဖြစ်ပေါ်လာရာ တို့ဗမာအစည်းအရုံး သို့ ခြေစုံပစ်ဝင်ပြီး သခင်အောင်ဆန်းဘဝ ရောက်ခဲ့သည်။ ထို့နောက် မြန်မာ့လွတ်လပ် ရေးအတွက် အသက်ကိုပင်စွန့်ကာ ကြိုးပမ်း ဆောင်ရွက်တော့မည်ဟု သန္နိဋ္ဌာန်ချလိုက်ပုံကို သခင်အောင်ဆန်း ကိုယ်တိုင်ရေးသားသော အောက်ပါ ''မြန်မာ့လွတ်လပ်ရေး အရေးတော် ပုံ'' စာတမ်းကို ဖတ်ရှုခြင်းဖြင့် ထင်ရှားစွာ သိမြင်နိုင်မည်ဖြစ်ပါသည်။
မြန်မာ့လွတ်လပ်ရေး အရေးတော်ပုံ
''၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဒို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် စာရင်းသွင်း ခဲ့၏။ ဥပဒေတန်း၌ စခန်းကုန်သင်ရန် ကိစ္စကို လည်းကောင်း၊ ကျွန်ုပ်၏ ရှေ့အလားအလာ များကိုလည်းကောင်း တစ်ပါတည်း အပြီးသတ် စွန့်လွှတ်လိုက်ကာ ကျွန်ုပ်သည် သြဂုတ်လ အတွင်း နှစ်ဝက် ကျောင်းပိတ်ရက်ရသည့်အခါမှ စ၍ တက္ကသိုလ်ကျောင်းတော်ကြီးမှ ထွက်ခဲ့၏။
ဥရောပတိုက်တွင် မြူးနစ်အရေး ပေါ်ပေါက် လာရခြင်းသည်ပင် ဒုတိယကမ္ဘာစစ်ကြီး မလွဲမသွေဖြစ်ရမည့်အရေးကို ကျွန်ုပ်အသိ ဥာဏ်အတွင်း ထင်းခနဲပေါ်စေတော့၏။ ထို့ထက်စောစွာကပင် ၁၉၃၉-၁၉၄ဝ ခုနှစ် လောက်၌ ကမ္ဘာစစ်ဖြစ်မည့်အရေးကို ကျွန်ုပ်တို့ တစ်စု တွက်ဆပြီးဖြစ်၏။ ထိုအချိန်လောက်တွင် လက်နက်ဖြည့်တင်းရေးကိစ္စများသည် နိုင်ငံ ကြီးများ၌ လုံးဝပြီးစီးမည်ဖြစ်သောကြောင့်လည်း ကမ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ခြေလှမ်းကြမည်ကို ကျွန်ုပ် တို့လူစု မတွေးဘဲ၊ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏။
သို့သော် ထိုအခါက ကမ္ဘာစစ်ကြီး မလွဲ ဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန် အတိအကျကား ပြောဆိုနိုင်ခဲ့သည် မဟုတ်သော်လည်း မြူးနစ်မြို့၌ အင်္ဂလိပ် နန်းရင်းဝန်ကြီး ချိန်ဘာလိန်သည် မိမိနိုင်ငံတော် ကြီး၏ ဂုဏ်သိက္ခာကိုမျှ မငဲ့မထောက်ညှာနိုင် ရှာတော့ဘဲ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့် ရေးအတွက် ဦးနှိမ်လိုက်သည့်အခါတွင်ကား ကမ္ဘာစစ်ကြီး တံခါးဝ၌ ဆိုက်ရောက်နေပြီဖြစ် ကြောင်းကို သည်းထိတ်ရင်ဖို သိရှိရလေတော့ သည်။
ကမ္ဘာစစ်ကြီး အမှန်ဖြစ်ချေတော့မည်။ ဗမာ့အခြေကား အသို့နည်း၊ ဗမာတွေ ဘာလုပ် ကြမည်နည်း။ ဤပြဿနာများကား ကျွန်ုပ်ရှေ့ တွင် အလျှိုလျှို တသီကြီးပေါ်လာလေတော့၏။ တစ်ခုတည်းသောအဓိဋ္ဌာန်ကို ရုတ်ခြည်း ကျွန်ုပ်ပြုလိုက်၏။
ငါ့အတွက် ဖြစ်လိုရာဖြစ်စေတော့၊ နိုင်ငံရေးဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ် ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနား စွန့်စားလုံးပန်းတော့အံ့။
ဤအဓိဋ္ဌာန်ကို သန်သန်ကြီး ပြုလိုက်မိ တော့၏။ မည်သူသည် ဤသို့ အခါအခွင့် ကောင်း အခွင့်ထူး ရွှေလမ်းကြီးဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့််စားရေး ကို လက်လွတ်ခံနိုင်ချိမ့်မည်နည်း။ ဟိသစ္စံ၊ ထိုစကားမှန်၏။ ကျွန်ုပ်အတွက် မှန်လှ၏။ ကျွန်ုပ် လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုးကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါ နုတ်၍ချေတော့အံ့။ သခင်အစည်းအရုံးမှ တစ်ဆင့် နိုင်ငံလွတ်လပ်ရေးတိုက်ပွဲအတွင်းသို့ ကျွန်ုပ် စတင်သက်ဆင်းမိခဲ့လေသည်။
ကျွန်ုပ် သခင်ဘဝတွင်း ဆင်းမိသည်နှင့် တစ်ပြိုင်နက် သပိတ်မှောက်မှု၊ စီတန်း လမ်းလျှောက် ဆန္ဒပြမှု တော်လှန်ရေး ဒီလှိုင်း တံပိုးတို့သည် တစ်နိုင်ငံလုံး ဖုံးလွှမ်းသွားခဲ့လေ သည်။ ဗြိတိသျှအစိုးရကလည်း ထကြွမှုများကို ငဲ့ညှာမှုမရှိ၊ ပြင်းထန်စွာ တန်ပြန်တိုက်လေ တော့၏။ ကျွန်ုပ်နှင့်တကွ ကြံရာပါဖော်တစ်သင်း သည် (ကျွန်ုပ်တို့ကို ဖမ်းချုပ်လိုက်သည့် အင်္ဂလိပ်ပုလိပ်မင်းကြီး စကားအတိုင်းသုံးရက) အစိုးရအဖွဲ့ကို အင်နှင့် အားနှင့် တော်လှန် လုပ်ကြံမှုဖြင့် အစစ်အဆေးမရှိ ရန်ကုန်ထောင် တွင်း အတန်ကြာမျှ အကျဉ်းချထားခြင်းခံလိုက် ကြရ၏။
အမှန်မှာလည်း ထိုတော်လှန်မှုများတွင် ကျွန်ုပ်၏ အနည်းငယ်မျှသော လက်ရာသည် ပါသည် မှန်၏။ ပြောပြလောက်သော လက်ရာ ကား မဟုတ်လှပါ။ ဤအရေးများသည် အရှိန် ယူနေပြီဖြစ်သော ကမ္ဘာစစ်ကြီးကို အကြောင်း ပြု၍ ပေါ်လာရမည့် မဝေးလှတော့သော ဗမာ့ လွတ်လပ်ရေး အရေးတော်ပုံကြီး၊ မဟာအခါ တော်ကြီးများအတွက် နိဒါန်းကလေးမျှသာ ဖြစ်ကြောင်းကို ကောင်းကောင်းကြီး ထင်မြင်မိ တော့၏။''
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ရဲစွမ်းသတ္တိရှိမှု၊ နိုင်ငံရေးတွင် တွေးခေါ်မြော်မြင်နိုင်စွမ်း ကြီးမား မှုတို့ ရှိသည်သာမက ထူးခြားပြောင်မြောက် သော စကားအရာ တန်ဆာဆင်မှုများနှင့် လည်း ကြွယ်ဝလှသဖြင့် စတုတ္ထမြန်မာနိုင်ငံတော် ကြီးကို ထုဆစ်ပုံဖော်တည်ဆောက်နိုင်သူ နိုင်ငံရေးသုခမိန်၊ မြန်မာ့ဗိသုကာကြီးဟု ဂုဏ်ပြု မော်ကွန်းထိုးအပ်ပါသည်။ ။ မောင်ငြိမ်းအေး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment