Latest News

Wednesday, December 13, 2017

ဈေးလျှော့လာသည့် ကားများသာ အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ရန်ကုန်ကားဈေးကွက်

ဈေးလျှော့လာသည့်  ကားများသာ
အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ရန်ကုန်ကားဈေးကွက်

ဒီဇင်ဘာလဆန်းမှစတင်၍ ဈေးလျှော့လာသည့် မော်တော်ကားအများစု အရောင်းအဝယ်ဖြစ်လျက် ရှိသည်ကို    မြင်တွေ့ရသည်။   မော်တော်ယာဉ် လက်ဝယ်ထားရှိသူ အများစုသည် ဈေးနှုန်းမြင့်မား ခြင်းကြောင့်   ပုံမှန်ပေါက်ဈေးထက်   လျှော့ချ ရောင်းဝယ်ရန်  တင်းခံနေကြသော်လည်း  ယခု လဆန်းပိုင်းမှစတင်ပြီး  ဝယ်သူစိတ်ကြိုက် လျှော့ ဈေးများဖြင့် စတင်ရောင်းဝယ်နေကြသဖြင့် ရန်ကုန်  မော်တော်ကားအရောင်းအဝယ် ဈေးကွက်မှာ ပြန်လည်အားကောင်းစပြုနေကြောင်း သိရသည်။

အများစုသည် ငွေလုံးငွေရင်းများသည့် ကား ဝယ်ယူရောင်းချသည့် လုပ်ငန်းလုပ်ကိုင်သူများဖြစ် ကြပြီး  လက်ထဲတွင်  တက်ဈေးဖြင့်  ဝယ်ယူထား သည့် မော်တော်ကားများအား  အမြတ်အစွန်းမရှိ သလောက်  အခြေအနေကြောင့် အရောင်းအဝယ် မှာ အောက်တိုဘာလနှင့်  နိုဝင်ဘာလနှစ်လလုံး တွင်   အားအတော် နည်းလာခဲ့သည်။    ယခုနှစ်ကုန် လာမည့်နှစ်ဆန်းမှ  စတင်ကာ  မူဝါဒအသစ်ဖြင့် ဘယ်မောင်း မော်တော်ကားများကိုသာ တင်သွင်း ကြရတော့မည်ဖြစ်ရာ   ယင်းအခြေအနေတွင် သုံးစွဲသူအကြိုက်ကို မှန်းဆရန် ခက်ခဲခြင်းကြောင့် မော်တော်ကားများ လက်ဝယ်ကိုင်ဆောင်ကာ ဈေးအမြင့်ဖြင့် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
''ကားတွေကို   ဆက်ပြီး   ကိုင်ထားဖို့က တော်တော်ကို အရင်းအနှီးများလာတယ်။ အဝယ် က မရှိသလောက်  ဖြစ်နေတယ်။ ဈေးကလည်း မကျဘူးဆိုတော့ ကျွန်တော်တို့မှာ လုပ်ရကိုင်ရတာ အခက်အခဲတွေ   များလာတယ်။   ဒါကြောင့် နောက်ပိုင်းမှာ ငွေမအိပ်နိုင်တဲ့ ကုန်သည်အများ စုက လက်ထဲမှာကိုင်ထားတဲ့ မော်တော်ကားတွေ ကို  အမြတ်အစွန်းနည်းနည်းနဲ့ ထုတ်ကြတော့  တယ်။  ဒီလို ထုတ်ကြတော့မှပဲ ကားဝိုင်းတွေထဲမှာ အရောင်းအဝယ်   ပိုဖြစ်လာတယ်။  ပေါက်ဈေး အတိုင်းတော့ ရောင်းချရတာ ရှားပါတယ်။ အများစု က ပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေတာမို့ ဒီရက်ပိုင်းဝန်းကျင်မှာ သင့်တော်တဲ့ ဈေးနဲ့ ကားဝယ်မယ့်သူတွေ အဆင်ပြေပြေရရှိနိုင် တယ်''ဟု ကားလုပ်ငန်းလုပ်ကိုင်သူ ကိုကျော် ဇေယျာထွန်းက   ပြောပြသည်။

ယခုရက်ပိုင်းအတွင်း ငွေကျပ် သိန်း ၂ဝဝမှ သိန်း ၄ဝဝအကြား မော်တော်ကားများ အရောင်း အဝယ်   များလာပြီး      ပွင့်လင်းရာသီဖြစ်၍ ခရီးလမ်းသာသည့်အပြင်    ဈေးနှုန်းများလည်း လျှော့ချရောင်းချနေသည့်  မော်တော်ကားများ ဈေးကွက်တွင်   များလာသောကြောင့်     နယ်   ဝယ်လက်များလည်း ပိုမိုမြင်တွေ့ရကြောင်း သိရ သည်။ ထို့အပြင် နယ်ကြိုက်ကားများဖြစ်သည့် နံပါတ်ဟောင်းများနှင့် အကြမ်းခံကိုယ်ထည်များ လည်း အဝယ်များလာကြောင်း ဈေးကွက်အတွင်း မှ  သိရှိရသည်။ နယ်ဝယ်လက် အများစုမှာလည်း ယခင်ကကဲ့သို့ ရန်ကုန်လိုင်စင် အမေးများခြင်းထက် နယ်လိုင်စင်များက ဈေးပိုသက်သာခြင်းကြောင့် နယ်လိုင်စင်များသီးသန့်     ရွေးချယ်ဝယ်ယူလာ သည်ကိုလည်း   မြင်တွေ့ရသည်။

စလစ်ဈေးနှုန်းများတွင်လည်း  အရောင်း အဝယ်   ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၆ဝ ရာခိုင် နှုန်းဝန်းကျင် ကျဆင်းနေသည်ဟု ကားလောက ကျွမ်းကျင်သူများထံမှ သိရသည်။ လက်ရှိစလစ် ဈေးကွက်တွင် စတိနံပါတ်များ  အရောင်းအဝယ်  မရှိသလောက်ဖြစ်ပြီး ဈေးနှုန်းမှာလည်း  စွာသော ကြောင့်  အောက်နံပါတ်များနှင့် အကြမ်းခံကား များကို ရွေးချယ်ကြကြောင်းသိရသည်။ စလစ် ဈေးနှုန်းများသည်  ပြီးခဲ့သည့်  သီတင်းပတ်က သက်တမ်း၂ဝ လူစီးစလစ်သည် ငွေကျပ်  သိန်း  ၁၃ဝ ဝန်းကျင်ရှိရာမှ ယခုအပတ်တွင် ငွေကျပ် ၁၂၃ သိန်းဝန်းကျင်အထိ ကျဆင်းလာသည်ကို မြင်တွေ့ရသည်။  ထို့ကြောင့်  စလစ်ဝယ်ယူလိုသူ  များအတွက် ယခုသီတင်းပတ်သည် သင့်တော် သည့်  ဈေးဖြင့် ဝယ်ယူနိုင်ကြပြီး လာမည့် သီတင်း ပတ်အတွင်း ငွေကျပ် သိန်း ၁၂ဝ အောက်ရောက် လိမ့်မည်ဟု  ကျွမ်းကျင်သူအချို့က  ခန့်မှန်းကြ သည်။
ဘယ်မောင်းမူဝါဒသစ်ကို  လာမည့် ၂ဝ၁၈ ခုနှစ် မော်တော်ယာဉ်တင်းသွင်းခွင့်မူဝါဒအဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ  ဂျပန်  ညာမောင်း မော်တော်ကားဈေးကွက်မှာ ခန့်မှန်းရခက်နေဆဲ အနေအထားဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ဂျပန်ညာမောင်းကားများ ဝယ်ယူချင် သည့် စားသုံးသူများအတွက် ဈေးနှုန်းများ အဆ မတန်ပေးကာ ဝယ်ယူကြလိမ့်မည်ဟု ခန့်မှန်းကြ သော်လည်း အချို့ကမူ ဘယ်မောင်းကားများကိုသာ ပိုမိုဝယ်ယူနိုင်ရန် ပြင်ဆင်ကြမည်ဟု  သုံးသပ်ကြ သည်။ သို့သော် ဘယ်မောင်း မော်တော်ကားများ တင်သွင်းကြသည့်အခါ မော်တော်ယာဉ်  သတ် မှတ်ခုနှစ်ကြောင့်  ကားဈေးနှုန်းများ  ကျဆင်းရိပ် မရှိနိုင်ဘဲ ဘယ်မောင်းကားများ   ဈေးနှုန်းမြင့်မားသည့် အလျောက်  လက်ကျန်   ညာမောင်းများလည်း ၂ဝ၁၈ခုနှစ် တစ်နှစ်တာလုံးအထိုက်အလျောက် ဈေးကွက်ရရှိနေဦးမည်ဖြစ်သည်။ မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများအရလည်း အခွန်အခနှုန်းထား       ပြင်ဆင်သတ်မှတ်ခြင်း မပြုသေးသည့်အတွက်   သာမန်လူတန်းစားတို့ မော်တော်ကားပိုင်ဆိုင်နိုင်မည့်  အရေးမှာ  ပို၍ ဝေးသွားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်း ထားကြသည်။
လက်ရှိအချိန်တွင်  ငွေကျပ်  သိန်း  ၄ဝဝ ဝန်းကျင်ဖြင့် မော်တော်ကားဝယ်ယူလိုသည့်သူ အများစုမှာ ညာမောင်းကားများထက်  အသစ် တင်သွင်းမည့်   ဘယ်မောင်း   ကားများကိုသာ စိတ်ဝင်စားလာကြပြီး ဖရီးပါမစ်ဖြင့် တင်သွင်းရန် အတွက် အားခဲနေကြသည်ကိုလည်း မြင်တွေ့ရ သည်။ သို့သော် ငွေကျပ် သိန်း ၁၅ဝမှ ၃ဝဝ အကြား အသုံးပြုလိုသူအများစုအတွက်မူ ညာမောင်း ကားများကိုသာ အားထားနေရဆဲ အခြေအနေပင်  ဖြစ်သည်။    ရန်ကုန်လိုင်စင် မော်တော်ကားများ  ပိုမိုအရောင်းအဝယ်ဖြစ်သော်လည်း အများစုမှာ စိတ်ကြိုက်ဝယ်စီးသူထက် အရောင်းအဝယ်သမား များ အချင်းချင်း လက်ပြောင်းယူခြင်းသာ များပြား ကြောင်း  သိရသည်။

တစ်ဦးချင်း   ပါမစ်လျှောက်ထားခြင်းဖြင့် မော်တော် ကားတင်သွင်းမှုကို   ဒီဇင်ဘာ  ၁၅  ရက်အထိ သတ်မှတ်ထားသော်လည်း   စလစ်ဈေး များမှာ   ယခုအချိန်အထိ    ပြန်လည်တိုးတက် မလာဘဲ ငြိမ်သက်သွားခြင်းကြောင့် ပါမစ် လျှောက်ခွင့် ပိတ်ပြီးသည့်  ဒီဇင်ဘာ  ၁၅ ရက် ကျော်လွန်ပါက ပိုမိုကျဆင်းသွားဖွယ်ရှိသည်ဟု လည်း ဈေးကွက်အတွင်းမှ   သိရှိရသည်။
မင်းသော်(မြန်မာ့အလင်း)

No comments:

Post a Comment