Latest News

Saturday, December 9, 2017

မြန်မာ့သံခင်းတမန်ခင်းကစားကွက် စပြီ

မြန်မာ့သံခင်းတမန်ခင်းကစားကွက် စပြီ

လယ်ရီဂျေဂင်/ဘန်ကောက်ပို့စ်

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ မြင့်တက်လာတဲ့အချိန်မှာပဲ မြန်မာအစိုးရဟာ သံခင်းတမန်ခင်း ခုခံမှုတစ်ခုကို စတင်လိုက်ပါပြီ။ ပြန်လည်ပြဌာန်းမယ့် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်တိုက်ဖျက်ဖို့အတွက် ကုလသမဂ္ဂကို ဦးတည်တဲ့ ဒီခုခံမှုဟာ ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ စေ့စပ်ဖို့အားထုတ်တဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီသံခင်းတမန်ခင်း ခုခံမှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ တွန်းအားပေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာရှက မွတ်ဆလင်နိုင်ငံတွေကို ဦးတည်ထားပုံရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကပဲ အစ္စလာမ်နိုင်ငံများအဖွဲ့ - OIC အဖွဲ့ဝင်နိုင်ငံတွေကို ရှင်းပြဖို့အတွက် သံတမန်တွေဟာ ညွှန်ကြားချက်တွေ အသီးသီးရခဲ့ပါတယ်။ မြန်မာအစိုးရဟာ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေအားလုံးကို ပြန်လည်လက်ခံဖို့လုပ်နေတဲ့ အစီအမံတွေကို ရှင်းပြခဲ့ပါတယ်လို့ ရန်ကုန်က သံတမန်တွေက ဆိုပါတယ်။

မြန်မာလူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကစ် ဆန်သီရာထိုင်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး သမ္မတ ဦးထင်ကျော်က လက်မှတ်ထိုးကြေညာလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၅ရက်နေ့ကစလို့ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီး မွတ်ဆလင်ဒုက္ခသည် ၆သိန်းကျော်ဟာ သီတင်း ၆ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးက မွတ်ဆလင်လူဦးရေ ၄ပုံ ၃ပုံလောက် အစုလိုက်အပြုံလိုက် ထွက်ပြေးသွားတဲ့ ဒီဖြစ်ရပ်ဟာ လူမျိုးဖြတ်ရှင်းလင်းရေးလို့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက ခေါ်ဝေါ်ခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးကလည်း လူမျိုးဖြုတ်သုတ်သင်မှုကြီးလို့ စွပ်စွဲလိုက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်တွေကို သည်ဟိတ်က နိုင်ငံတကာရာဇဝတ်ခုံရုံးကိုတင်ပြီး တရားစွဲဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ ဂျနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အထူးအစည်းအဝေးတစ်ခုကနေ မြန်မာပြည်က မွတ်ဆလင်လူနည်းစုတွေနဲ့ အခြားသော လူနည်းစုတိုင်းရင်းသားတွေရဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ (အထူးသဖြင့် ရခိုင်ပြည်နယ်မှာ)ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်ကျကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ ကြေညာခဲ့ရာက နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေ တကျော့ပြန် မြင့်တက်လာခဲ့ပါတယ်။

ဂျနီဗာမှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးထင်လင်းကတော့ ဒီအစည်းအဝေးမှာ ပြောဆိုချက်တွေကို ကန့်ကွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ရှုပ်ထွေးလှတဲ့ အခြေအနေတွေကို အသိအမှတ်ပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက မလုပ်နိုင်ခဲ့ဘူးလို့ သူက ဆိုခဲ့သလို နားလည်မှုရှိဖို့လည်း ပြောခဲ့ပါတယ်။
အဓမ္မရွှေ့ပြောင်းမှု၊ နေအိမ်တွေကို မီးရှို့မှု၊ မုဒိမ်းမှုနဲ့ သတ်ဖြတ်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက စနစ်တကျ ကျုးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့စွပ်စွဲမှုတွေကို မြန်မာအစိုးရက ခါးစည်းခံနေရတာပါ။ ဒီလိုစွပ်စွဲမှုတွေက မွတ်ဆလင်နိုင်ငံတွေကတင် မကဘဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေကပါ မြန်မာအစိုးရအနေနဲ့ ဒီလို လူမဆန်တဲ့ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့သူတွေကို အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အရပ်သားအစိုးရကတော့ မြန်မာစစ်တပ်ကို ရှုတ်ချမယ့်လုပ်ရပ်မှန်သမျှ ခေါင်းမာမာနဲ့ ငြင်းဆန်နေဆဲဖြစ်ပါတယ်။

အခု စတင်လိုက်တဲ့ မဟာဗျူဟာသစ်ရဲ့ ဗဟိုချက်မကတော့ ရခိုင်ပြည်နယ်ကို လူ့အခွင့်အရေးစုံစမ်းလေ့လာသူတွေကို ခွင့်ပြုပြီး ပွင့်လင်းမြင်သာရှိဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ဖိအားတွေမြင့်တက်လာတာကို တုန့်ပြန်ဖို့ဆိုတာ ရှင်းပါတယ်။ မြန်မာအစိုးရက ပြသနာအားလုံးရဲ့ထိပ်ဆုံးမှာရှိနေတဲ့ကိစ္စတွေက - ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုမှန်သမျှ ရပ်ဆိုင်းဖို့နဲ့ ဒုက္ခသည်တွေအားလုံးကို ပြန်ခေါ်ယူဖို့၊ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့နဲ့ သူတို့အိမ်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အခြားလိုအပ်တဲ့ကိစ္စမှန်သမျှကို လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒါဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ UEHRD အဖွဲ့ရဲ့တာဝန်တွေလည်းဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ကိုဖီအာနန်ရဲ့အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကပါ လက်ခံထားတဲ့ကိစ္စဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါက်တာကိုဖီအာနန်ဟာ သူ့ကော်မရှင်ရဲ့အစီရင်ခံစာကို တင်ပြချိန်မှာ အကောင်အထည်ဖော်ဆောင်ရေးအတွက် ဝန်ကြီးဌာနအဆင့် အဖွဲ့တစ်ခုဖွဲ့ဖို့နဲ့ လုပ်ငန်းစဉ်တွေ တိုးတက်မှုရှိမရှိ နိုင်ငံတကာအကြံပေးတွေပါတဲ့ အဖွဲ့ကိုဖွဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာ ဆူရာကစ် ဆန်သီယာထိုင်းဟာ နေပြည်တော်မှာ လွန်ခဲ့တဲ့ သီတင်း ၂ပတ်လောက်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့တွေဟာ အကြံပေးမစ်ရှင်ရဲ့လုပ်ငန်းဆောင်တာနဲ့ နယ်ပယ်အကျယ်အဝန်းတွေကို အသေးစိတ်ဆွေးနွေးခဲ့တယ်လို့ သံတမန်သတင်းရပ်ကွက်တွေက ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အာရှ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးကောင်စီရဲ့ အကြံပေးဟောင်း ထိုင်းသံတမန် ကော့ဆတ် ချုတီကူးအဆိုအရတော့ သုတေသနလုပ်ငန်းကနေ လေ့လာသုံးသပ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်တဲ့အထိ သိပ်ကိုကျယ်ပြန့်တယ်လို့ ဆိုပါတယ်။ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖော်မယ့်ကော်မတီကို အကြံပေးရမယ့်အဖွဲ့မှာတော့ နိုင်ငံတကာက ပညာရှင် ၅ယောက်နဲ့ မြန်မာက ၅ယောက် ပါဝင်ပါတယ်။

နိုင်ငံတကာက ကျွမ်းကျင်သူတွေထဲမှာတော့ အမေရိကန်ပြည်ထောင်စု ဒီမိုကရက်ပါတီက ဘီလ်ရစ်ချတ်ဆန်ဟာ အထက်လွှတ်တော်အမတ်လည်းဖြစ်သလို နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူး၊ စွမ်းအင်ဝန်ကြီးနဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဆိုတဲ့ တာဝန်တွေ ယူခဲ့ဖူးသူပါ။ ၁၉၉၄ခုနှစ် ဖေဖော်ဝါရီတုန်းက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ လာတွေ့ခွင့်ရသူတွေထဲက တစ်ယောက်ပါ။ ဘီလ် ရစ်ချတ်ဆန်ဟာ မြောက်ကိုရီးယား၊ အီရတ်နဲ့ ကျုးဘားက နိုင်ငံရေးအကျဉ်းသားတွေ၊ ပြန်ပေးဆွဲဓားစာခံတွေတွေလွတ်မြောက်ရေး ကြိုးပမ်းခဲ့ရသူ အမေရိကန်ထိပ်တန်းအရာရှိကြီးတစ်ယောက်လည်းဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ အာဘန်အာလင်းဆိုသူဟာ ဆွီဒင်လွှတ်တော်ရဲ့ ဥက္ကဌဖြစ်ပါတယ်။

သူဟာ ဆိုရှယ်ဒီမိုကရက်ပါတီက နိုင်ငံရေးသမားဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာတွေမှာ အင်မတန် အတွေ့အကြုံကြွယ်ဝတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ နိုင်ငံတကာစေ့စပ်ညှိနှိုင်ေးရးနဲ့ ကြားဝင်ဖြန်ဖြေရေးတွေတော်တော်များများမှာ ပါဝင်ခဲ့ပြီး ဘီလာရပ်က သမ္မတထောင်း အလက်ဇန္ဒားကိုဇူလင်းဖမ်းဆီးခံထားရတာ လွတ်မြောက်ဖို့နဲ့ အီရန်က ဆွီဒင်အလုပ်သမားတွေ လွတ်မြောက်လာရေးတွေမှာ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
နောက်တစ်ယောက်ဖြစ်တဲ့ ရိုဖဲလ် မီယာကတော့ တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားရေးအဆုံးသတ်မှုအတွက် စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ တောင်အာဖရိက နိုင်ငံရေးသမားကြီးလည်းဖြစ်၊ စီးပွားရေးသမားကြီးတစ်ယောက်လည်းဖြစ်ပါတယ်။

 လော့ဒ် အာရာဒါဇီကတော့ ဗြိတိန်နိုင်ငံသား လောဘာပါတီဝင် ဆရာဝန်တစ်ဦးပါ။ သူဟာ ကမ္ဘာပေါ်က နာမည်ကျော် ခွဲစိတ်ပါရဂူတစ်ဦးလည်းဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာမှာ အထင်ကရ အတိုင်ပင်ခံပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။
သူတို့တွေရဲ့အဓိကတာဝန်တွေကတော့ ဒေါက်တာကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ မြန်မာအစိုးရရဲ့ ကော်မတီလုပ်ဆောင်မှုတွေကို ကြီးကြပ်စစ်ဆေးဖို့ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်တာပါလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် အကြံပေးတွေထဲကတစ်ယောက်က ဆိုပါတယ်။ "အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီကျတဲ့ မူဘောင်တစ်ခုကို တည်ဆောက်တာပါ။ နိုင်ငံတကာက တာဝန်ရှိသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် စေ့စပ်ညှိနှိုင်းမှုရှိဖို့ပါ"လို့ ဆိုပါတယ်။

ပါဝင်သူအသီးသီးရဲ့ နိုင်ငံတကာဆိုင်ရာ အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီး အမုန်းစကားအပါအဝင် အစွန်းရောက်တဲ့ တိုက်ခိုက်စွပ်စွဲမှုတွေ၊ အစွန်းရောက်တဲ့ အတွေးအခေါ်တွေကိုပါ တိုက်ဖျက်ဖို့ ဒီအကြံပေးအဖွဲ့မှာ တာဝန်ရှိနေပါတယ်။ "လူ့အသိုင်းအဝိုင်းအားလုံးအတွက် အခြေခံအဆောက်အအုံတွေက သော့ချက်ပါပဲ"
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီအကြံပေးအဖွဲ့ကို ညွှန်ကြားထားတာကတော့ လူ့အသိုင်းအဝိုင်းအားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု၊ မလုံခြုံမှု၊ အကြောက်တရား စတာတွေကို ဖယ်ရှားပြီး ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်လောကဖြစ်ရေး ရခိုင်ပြည်နယ်မှာ ထူထောင်ဖို့ဖြစ်တယ်လို့ ဒီအဖွဲ့မှာ အတွင်းအရေးမှူးအဖြစ် တာဝန်ယူမယ့် မစ္စတာ ချုတီကူးလ်က ဆိုပါတယ်။

နေပြည်တော် သတင်းရပ်ကွက်တွေအဆိုအရတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကစ် ဆန်သီယာထိုင်းက သံတမန်ဆိုင်ရာ ခုခံမှုကို လှလှပပလေး ကစားဖို့ တင်ပြခဲ့တဲ့အချက်တွေထဲမှာ အဖွဲ့ဝင် ၅၈နိုင်ငံပါတဲ့ OIC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘာရိန်း၊ ဂျော်ဒန်နဲ့ ဘရူနိုင်းလို အလယ်အလတ်ကျတဲ့နိုင်ငံတွေကို ပိုပြီးပစ်မှတ်ထားဆွဲဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်မလာခင် ဒီသံခင်းတမန်ခင်းကစားကွက်ကို ကစားရတာဟာ OIC အဖွဲ့ဝင်တွေဟာ အဖွဲ့ဝင်အားလုံးရဲ့သဘောတူညီချက်ကို မရယူခင်လုပ်ဖို့ဖြစ်ပါတယ်။ ဒါဟာလည်း ထိုင်းတောင်ပိုင်းက ဖြစ်ရပ်တွေကို ကိုင်တွယ်ရာမှာ ကျင့်သုံးခဲ့တဲ့ ထိုင်းရဲ့နည်းနာတွေပဲဖြစ်ပါတယ်။

Credit - Kamayut Media

No comments:

Post a Comment