Latest News

Thursday, December 7, 2017

အဖေ့ မျက်ရည်


🌟အဖေ့ မျက်ရည်🌟
အဲဒီနေ့က၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်ပေါ့
အဘိုးအိုတစ်ယောက်ဟာ လူတွေမတွေ့အောင် အိမ်သာထဲဝင်ပြီး ခံပြင်းစွာနဲ့ထိုင်ငိုနေတယ်။ အဘိုးအိုငိုခဲ့ရတာ အခုဆို ၁၉ နှစ်ရှိပါပြီ..။
အဘိုးအိုဟာ အရင် တွေးနေကျအတိုင်း တွေးလိုက်တယ်။
" ငါ..ငိုနေလို့မဖြစ်ဘူး။ သမီးလေးစောင့်နေရှာတော့မယ်...။ သမီးလေးမှာ အားကိုးစရာဆိုလို့ငါပဲရှိတာ.."
အိမ်သာထဲကထွက်ပြီး သတင်းထောက်တွေအရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။
***********************************
ဓာတ်ပုံရိုက်သံတွေ အဆက်မပြတ်ကြားနေရတယ်။ မိုက်ခ်ပေါင်းများစွာ သူ့အရှေ့ကို တိုးဝှေ့လာတယ်..။ သတင်းထောက်တွေရဲ့မေးခွန်းထုတ်တဲ့ အသံတွေနဲ့ ဆူညံသွားတယ်..။
"ကျွန်တော့်ကို မကယ်နိုင်ကြတော့ဘူးလားဗျာ။ ငွေမရှိတဲ့ ဆင်းရဲသားတွေကို ပြီးရင်ပြီးရော ပစ်စလက်ခတ် လုပ်ခဲ့တဲ့ ရဲထောက်လှမ်းရေးတွေကို ကျွန်တော် တစ်သက်မကြေဘူး...။ ကျွန်တော့် သမီးလေး....."
အဘိုးအို စကားဆက်မပြောနိုင်တော့...။
တာဝန်ရှိသူက သတင်းထောက်တွေကို အော်ပြောလိုက်တယ်..။
"နားပါစေတော့ဗျာ ..သူ့ခင်မျာ ပင်ပန်းလှပါပြီ"
***********************************
လွန်ခဲ့တဲ့ ၁၉ နှစ်ကပေါ့..
၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၆ရက်
တောင်ကိုရီးယား-ဒဲဂုမြို့ ( Daegu- South Korea )
ဂင်မြောင်းတက္ကသိုလ်- Keimyung University
အဲဒီညဟာ လှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ညတစ်ခုဖြစ်ခဲ့တယ်။
ဒဲဂုမြို့ တက္ကသိုလ်မှာ ပျော်ပွဲရွှင်ပွဲ နောက်ဆုံးနေ့ဆိုတော့ အစည်ဆုံးပေါ့..။
ဂျုံး (Jong )ဆိုတဲ့ မိန်းမလှလေးတစ်ယောက်အတွက်တော့ အရာအားလုံး အသစ်တွေပါပဲ..။ အခုမှ အထက်တန်းအောင်ပြီး တက္ကသိုလ် စပြီးတက်ခါစ ..,။ အသက် ၂၀ ပင်မပြည့်သေးတဲ့ ရိုးသားဖြူစင်သူလေးတစ်ယောက်ပေါ့...။ သူမအသက် ၁၈ နှစ်ပဲရှိပါသေးတယ်...။
ဂျုံး၏ဖခင်ကြီး
Picture from NAVER - SBS

ဂျုံးဟာ တက္ကသိုလ်ရောက်ခါစဆိုတော့ စိတ်လှုပ်ရှားပြီး အတော့်ကိုပျော်နေပုံရတယ်။
ချစ်သူလဲရပြီ...။
အဲဒီညက ဂျုံးဟာ သူငယ်ချင်းအသစ်တွေလဲ ထပ်ရတယ်။ သူတို့က ဂျုံးနဲ့ ဂျုးချစ်သူကို...
"အရက်သောက်ရင်း စကားပြောကြရအောင်ဟေ့...ပျော်စရာကြီး"....,လို့ ဖိတ်ခေါ်တယ်။
"အင်း..ငါတက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပြီ...။ ဘီယာလောက်တော့ သောက်ကြည့်ဦးမှပါ .."
ဖခင်ဆီကခွင့်ပြုချက်ရလို့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အရက်သောက်မိတဲ့ ကလေးမ.....။
ဂျုံးရဲ့ ရည်းစားက ဘာ့ခ် ( Park )က ဘေးမှာရှိနေတော့ အားကိုးနဲ့ပေါ့။
ဘာ့ခ်ကလည်း ဂျုံးလိုပဲ...။အရက်မသောက်တတ်တော့ နည်းနည်းသောက်တာနဲ့ မူးသွားပါလေရော...။
ဂျုံးစိတ်ညစ်သွားတယ်။
ဪ.. သူ့ကို အားကိုးပါမှ...။
ဂျုံးအရက် ဆက်မသောက်ရဲတော့ဘူး။
ဘာ့ခ်ကတော့ ယောက်ျားလေးပီပီ မာနနဲ့ သူများတိုက်တဲ့အရက်ကို မငြင်းပဲ ဆက်သောက်နေလေရဲ့..။
***********************************
ည ၁၀ နာရီ ၄၀ မိနစ်
"ဘာ့ခ် အိမ်ပြန်ကြမယ်။ အရက်မူးနေပြီ။ ကြောက်တယ်.."
ဂျုံးက စာပဲကြိုးစားခဲ့တဲ့မိန်းကလေး..။ အရက်မူးတာ မကြုံဖူးတော့ စိုးရိမ်လာတယ်။
ပြန်တဲ့သူလဲ ပြန်ကုန်ကြပြီ..။
အမူးလွန်နေတဲ့ ချစ်သူ ဘာ့ခ်ကို တွဲပြီး ဂျုံးဟာ အိမ်ပြန်ဖို့ တက္ကစီဂိတ်ကို လျှောက်လာခဲ့တယ်။
" ဘာ့ခ်.. နင် အခြေအနေကောင်းရဲ့လား?!?...ထ, အိမ်ပြန်ကြရအောင်.."
***********************************
ည ၁၁ နာရီ
မိနစ် ၂၀ အကြာ...ဘာ့ခ် အိပ်ရာက နိုးလာတယ်။ သူတစ်ယောက်ထဲ.. ဂျုံးက မရှိတော့...။
"ဟင်.. ဆေးရုံပါလား"
"ခင်ဗျားဒီကို ဘယ်လိုရောက်လာတာလဲ" ဆရာဝန်ကမေးသည်။
“ကျွန်တော်ကမေးရမှာ...တစ်ခုမှ မမှတ်မိဘူးဗျာ..ဒါနဲ့ ...ဂျုံးဘယ်ရောက်သွားလဲဗျာ!?!
ဘာ့ခ်ဟာ တစ်ခုမှ မမှတ်မိဘူးပြောနေတယ်။
တကယ်ပဲ မမှတ်မိတာပဲလား ဘယ်သူမှ မသိနိုင်ပါ..။
နောက်ပိုင်း ဂျုံးမိဘတွေက တွေ့ချင်တယ်ပြောတော့လည်း ငြင်းဆန်ခဲ့တယ်။ တစ်ခါမှကို အတွေ့မခံခဲ့ဘူး..။
ဘာ့ခ်ဆိုတာ..အသက်ငယ်ငယ်ရွယ်ရွယ် ဘာမှ စိတ်ရှုပ်မခံချင်...တာဝန်မယူ ခေါင်းရှောင်တတ်တဲ့ ချစ်သူရည်းစားတစ်ယောက်..။
***********************************
ဂျုံးမိသားစုမှာတော့ ရင်တွေပူလှပြီ.. သမီးလေးကို စိတ်ပူလွန်းလို့ ငိုယိုပြီး တက္ကသိုလ်နယ်မြေတဝိုက် လိုက်ရှာနေကြတယ်...။
ဘာ့ခ်ကတော့ သူ့အိမ်ပြန်ပြီး အိပ်ပျော်သွားတယ်..။ ဖုန်းလဲမကိုင်တော့ဘူး။
***********************************
မနက် ၅ နာရီ ၁၀ မိနစ်
ရဲစခန်းကို ဖုန်းတစ်ခု ဝင်လာတယ်။
"မိန်းကလေး တစ်ယောက်ဗျာ ... ဝေလီဝေလင်း လမ်းဖြတ်ကူးတာ... ကျွန်တော့်ကားနဲ့တိုက်မိတယ်..။ လာကြပါဦး..။ ကျွန်တော့် နာမည် ချွဲ (Choi) ပါ..။"
ကားတိုက်မိသူဟာ ပွဲချင်းပြီးသေဆုံးသွားတယ်။ သေဆုံးသူရဲ့ မှတ်ပုံတင်ကဒ်ကို ကြည့်ပြီး ရဲစခန်းက ဖုန်းဆက်တော့တယ်..။
" ရဲစခန်းကပါ..။ -- ဂျုံး ရဲ့မိဘတွေလားခင်ဗျာ"
မိသားစုဟာ ရူးမတတ်ဖြစ်သွားတယ်။အဲဒီ မိန်းကလေးဟာ သမီးလေးဂျုံးဖြစ်နေလို့ပါပဲ...။
အံ့သြစရာ... ဂျုံးသေဆုံးတဲ့နေရာကတော့ ဂျုံးတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့ နောက်ဆုံး အရက်သောက်ခဲ့တဲ့ နေရာနဲ့ ၄ ကီလိုမီတာဝေးနေတဲ့ အဝေးပြေးလမ်းမဖြစ်နေတယ်။
***********************************
ရဲတွေက အမှုခေါင်းစဉ်ကို ကားတိုက်မှုလို့ ရေးချလိုက်တယ်။
"မဟုတ်ဘူး.. မဟုတ်ဘူး...။ သမီးဟာ အန္တရယ်တစုံတစ်ခုရှိခဲ့တယ်။ ကျွန်တော့်သမီးဟာ အိမ်ပြန်တဲ့လမ်းမဟုတ်ပဲ အဝေးပြေးလမ်းမဘက်ကို သွားစရာကို အကြောင်းမရှိတာ.."
"အဲဒိဘက်မှာ ကားတွေကလွဲပြီး ဘာမှရှိတာမဟုတ်ဘူး။ ဘာအတွက်ကြောင့် အဲဒီဘက်ကို သွားတာဖြစ်မလဲ? ပြီးတော့ လူပြတ်တဲ့နေရာ ...ဒါဟာ မရိုးသားဘူး"
" ဒါဆို ခင်ဗျားက ကားတိုက်မှုမဟုတ်ကြောင်းသက်သေပြဗျာ.. အလုပ်များရတဲ့အထဲ.."
.. ရဲအမှုထမ်းက ရိုင်းစိုင်းစွာတုန့်ပြန်တယ်။
***********************************
အဲဒီတုန်းက တောင်ကိုရီးယားသမ္မတက ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိခဲ့တဲ့ ကင်မ် ဒဲဂျုံး သမ္မတ (Kim Dae-jung)လက်ထက်ဖြစ်တယ် ။
သူဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီအစိုးရစစ်စစ်တစ်ယောက်ပေါ့။ ပြဿနာက သမ္မတကသာ ဒီမိုကရေစီ... ဝန်ထမ်းတွေကတော့ ရှေးက စစ်အုပ်ချုပ်ရေး အကျင့်ဆိုးတွေ လွှမ်းမိုးနေတုန်း...။
အဓမ္မမှုတွေကို သမ္မတသိတာကနည်းနည်း... မသိတာကအများသား...။အရာအားလုံးဟာ စစ်အစိုးရလက်အောက်မှာနေသားကျခဲ့တဲ့အတိုင်း အဓမ္မဆန်ဆန် လည်ပတ်နေတုန်း...။
မူသာပြောင်းပေမယ့် လူတွေကမပြောင်းလဲ .. ...။ အကျင့်တွေကို မစွန့်လွှတ်နိုင်...။
စိတ်ဓာတ်တွေ ပြောင်းလဲဘို့ အများကြီးလိုနေသေးတဲ့အချိန်....။
တို့မြန်မာပြည်က အချို့နေရာတွေမှာ ဖြစ်နေတဲ့ အခြေအနေအတိုင်းပေါ့...။
ငွေပေးမှ... လာဘ်ထိုးနိုင်မှ...ရာထူးကြီးကြီး အမြှီးတုတ်တုတ် တစ်ကောင်လောက်ကိုယ့်အနောက်မှာရှိမှ....ရဲတွေက သေအောင် အလုပ်လုပ်တဲ့ခောတ်ပေါ့..။
***********************************
ဒီလိုနဲ့ ငွေမချမ်းသာတဲ့ ဖခင်ကြီးဟာ ရဲတွေကို အားမကိုးပဲ ကိုယ့်ခြေထောက်ကိုယ်အားကိုးပြီး လိုက်စုံစမ်းရှာတယ်။
မိခင်ကတော့ ရူးမတတ် ပေါ့... ဘာဆို ဘာမှ အားကိုးမရ..။
"မနက်စောစော ၅ နာရီလောက်ရှိမယ်ဗျ... ကုန်ကား ဒရိုင်ဘာက ရာသီဥတုကလဲ မကောင်းတော့ သိပ်မမြင်ရဘူး ဖြစ်မှာပေါ့..မြူတွေဆိုင်းနေတယ်ဗျ" ...လို့ မျက်မြင်သက်သေကပြောတယ်။
"ကုန်ကားကြီးကတိုက်ပြီး မိန်းကလေးကို အနောက်ကကားတွေက အရှိန်မထိန်းနိုင်ပဲ ဆက်ပြီး တိုက်မိတယ်။ မိန်းကလေးဟာ အဲဒီနေရာမှာပဲ အသက်ပျောက်သွားတယ်"
"မိန်းကလေး မသေဆုံးခင်ကရော ခင်ဗျားတွေ့ခဲ့ပါသေးလား ခင်ဗျာ..?" ဖခင်ကြီးကမေးသည်။
" မသေဆုံးခင်ကတော့ မတွေ့မိဘူးခင်ဗျ ... ကားဟွန်းသံတွေ ဆူညံသွားလို့ ထွက်ကြည့်တော့ မိန်းကလေးဟာ သေဆုံးနေပါပြီ"
"ဒီကောင်မလေး လမ်းဖြတ်ကူးခွင့်မရှိတဲ့ အဝေးပြေးလမ်းမကြီးမှာ ဘာလို့ လမ်းဖြတ်ကူးပါလိမ့်..?!?"
***********************************
နေ့လည် ၁ နာရီ
မနက် ၅ နာရီထဲက အိမ်မပြန်နိုင်ပဲ ကြိုးစားတဲ့ရလဒ်..။
"ဟင် !?! ဒါမမရဲ့ အတွင်းခံဘောင်းဘီ။ ကျွန်မနဲ့ဆင်တူဝယ်ထားတာ!! "
ဂျုံးမှာ အမွှာပူးညီမလေး တစ်ယောက်ရှိတယ်။ သူမနဲ့ဖခင်ဟာ ရဲတွေကို အကူအညီတောင်းလို့မရလို့ ဂျုံးသေဆုံးတဲ့ ပတ်ဝန်းကျင်ကို ကိုယ်ဟာကိုယ် လိုက်စုံစမ်းနေရတဲ့ အဖြစ်...။
ဖခင်နဲ့ ညီမလေးဟာ ရဲစခန်းကိုပြေးတော့တယ်။
"ဒီမှာ မမရဲ့ အတွင်းခံဘောင်းဘီ.. မမ အလောင်းကိုကြည့်ပါရစေ အတွင်းခံဘောင်းဘီ ပါ..မပါ...သိချင်တယ်"
အလုပ်ရှုပ်မခံချင်တဲ့ ရဲတွေဟာ အလောင်းကို မပြဘူး။
မရ ရအောင် ပြောတော့
အလောင်းကိုဖွင့်ပြီး အဝေးကပြတယ် ။ ဂျင်းဘောင်းဘီအိတ် အတွင်းဖက်ကအဖြူရောင်ပိတ်စကို ထုတ်ပြပြီး...
"အတွင်းခံဘောင်းဘီရှိတယ်.. "
အဖေကြီးက "ခင်ဗျားမယုတ်မာနဲ့ အတွင်းခံဘောင်းဘီမရှိဘူး။ သေသေချာချာပြပါ.."
... သမီးဇောနဲ့ ဖခင်ဖြစ်သူမှာ မရှက်နိုင် မကြောက်နိုင် သမီးဘောင်းဘီကိုချွတ်ပြဖို့ အော်ဟစ်နေလေရဲ့...။
ဟုတ်ပါတယ်..။ဂျုံးဟာ ဂျင်းဘောင်းဘီဝတ်ထားပေမယ့် အထဲမှာ အတွင်းခံဘောင်းဘီ မပါဘူး..။
***********************************
ဖခင်ဖြစ်သူဟာ ဒရိုင်ဘာ ချွဲနဲ့တွေ့ဖို့ကြိုးစားတယ်။ ဒါပေမယ့် ဒရိုင်ဘာချွဲက ဘာ့ခ်လိုပဲ သူကို အပြင်မှာ လုံးဝအတွေ့မခံပဲရှောင်နေတယ်။
ရဲတွေ အမှုရှည်မှာစိုးလို့ သူတို့နဲ့ ဂျုံးဖေကို အပြင်မှာမတွေ့အောင်လုပ်ထားကြတာ..။
***********************************
၁၉၉၈ ဒီဇင်ဘာ ၂၁ ရက်နေ့
ဂျုံးရဲ့ ကျန်ရစ်သူမိသားစုဟာ ချွဲကို တရားခွင်မှာပဲ တွေ့ခွင့်ရပြီး တရားသူကြီးက ငွေဒါဏ် ထောင်ဒါဏ် အနည်းငယ်နဲ့ အမှုကို ပိတ်ပစ်လိုက်ကြတယ်။ သူတို့တွေ ဒရိုင်ဘာဆီကလည်း လာဘ်စားထားပုံရတယ်။
အဝေးပြေးကားလမ်းမကြီးမှာ လူဖြတ်ကူးခွင့်မရှိလို့ဆိုပြီး ကုန်တင်ကား ဒရိုင်ဘာချွဲရဲ့ အပြစ်က မကြီးခဲ့ဘူး...။
ဂျုံးရဲ့ အတွင်းခံဘောင်းဘီလေးကို တရားခွင်မှာထုတ်ပြဖို့အမြဲယူလာတဲ့ဖခင်ကြီး... အခွင့်မသာခဲ့ပါဘူး...။ စကားတောင် စ ခွင့်မရှိခဲ့ပါဘူး..။
အမှုပိတ်ပစ်လိုက်ကြတယ်။
ကျန်ရစ်သူမိသားစုဟာ အံကြိတ်မျက်ရည်ကျရုံကလွဲပြီး..,။
**********************************
ဂျုံးရဲ့ ကျန်ရစ်သူမိသားစုဟာ ဒီလို မတရားမှုတွေ ခံခဲ့ရပေမယ့် ဇွဲမလျှော့..။
ဂျုံးအဖေက ဒီလိုပြောတယ်....။
"ငါ့သမီးလေးကို သတ်တဲ့ လူသတ်ကောင်ကို မမိရင် ငါ့သမီးလေး စိတ်ဖြောင့်ဖြောင့်နဲ့ နောင်ဘဝကို ကူးနိုင်မှာမဟုတ်ဘူး ... ရအောင်ရှာမယ်.."
ဂျုံးအဖေက ဘာ့ခ်ကိုလည်း မသင်္ကာဘူး။ ဒရိုင်ဘာချွဲကိုလည်းမသင်္ကာဘူး။
***********************************
ဒဲဂုမြို့မှာ စက်ရုံတွေများတယ်။
ထုံးစံအတိုင်း ကိုရီးယားမှာအလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေ စနေနေ့ညမှာ စုပြီး ထမင်းချက်စားကြ..အရက်သောက်ကြပေါ့ ..။
စက်ရုံအလုပ်သမားတွေစုမိတော့ မိန်းမ အကြောင်းပြောကြတာ ထုံးစံ...
အဲဒီတုန်းက တယောက်ယောက်က ကိုရီးယားမနဲ့ရည်းစားဖြစ်ရရင် ဆရာကြီးဖြစ်ပြီ..။
"မင်းသိပြီးပြီလား ဟိုကောင်*** ကိုသိလား? စွံတာကွာ.. အားကျစရာပဲ...ကိုရီးယားမတွေနဲ့ တယောက်ပြီးတစ်ယောက်နဲ့ အိပ်တာတဲ့ကွ...!"
"လိမ်တာဖြစ်မှာပေါ့..သူ့လို ပုံမလာတဲ့ကောင်က.. ? ဖြစ်နိုင်ပါ့မလားကွ.."
"သူ့ဖုန်းထဲမှာ ကိုရီးယားမနဲ့ အိပ်တဲ့ပုံ ငါကိုယ်တိုင်ကြည့်ခဲ့ရတာ.. ဒီကောင် မကြောက်တတ်ဘူး မုဒိမ်းတောင်ကျင့်တယ်ဆိုပဲ..."
"တနေ့...မိန်းကလေးတစ်ယောက်က အရက်တော်တော်မူးနေတာ တဲ့..။ အဲဒီကောင်နဲ့ သူငယ်ချင်းတွေ တံတားအောက်ခေါ်သွားပြီး မုဒိမ်းကျင့်တာတဲ့...။"
အခုတလော ကိုရီးယားကိုအလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေကြားမှာ ဒီလို ကောလဟာလတွေ ထွက်နေတယ်။
ဒဲဂုမြို့မှာနေတဲ့ နိုင်ငံခြားသား၃ ယောက်က ကိုရီးယားအမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့် စော်ကားတယ်ဆိုပဲ...။ ကောင်မလေးက သေသွားတယ်တဲ့...။
ဒါဟာ ၁၉၉၈ ခုနှစ် တောင်ကိုးရီးယား ဒဲဂုမြို့မှာနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေပဲသိတဲ့ လှို့ဝှက်ချက်ပေါ့။
လှို့ဝှက်ချက်ဟာ ပေါက်ကြားသွားတယ်။
ကောလဟာလဟာ ကိုရီးယားလူမျိုးတွေရဲ့ နားထဲရောက်သွားတယ်။ တဆင့်ပြီးတဆင့် ဂျုံးဖခင်အထိ...။
***********************************
ဂျုံးဖခင်ဟာ နိုင်ငံခြားသားတွေကို လိုက်မေးပြီး ဒီသတင်းဘယ်ကလာတာလဲဆိုတာ သိအောင်ကြိုးစားတော့တယ်။
ထောက်လှမ်းရေးတွေကို သွားတိုင်ပြန်တယ်။
ဂျုံး ဖခင်နဲ့ ထောက်လှမ်းရေးတို့က အဲဒိနိုင်င်ငံခြားသားတို့ကိုတွေ့ပြီး မေးမြန်းခဲ့တယ်။
"အဲဒီတံတားက ဘယ်မှာလဲ ..?"
အတင်းပြောတဲ့ နိုင်ငံခြားသား အမှုပတ်ပြီ..။ အဲဒီတုန်းက အလုပ်သမားအများစုက တရားဝင်နေကြတာမဟုတ်ဘူး။ ဗီဇာမရှိ ခိုးနေကြရတာ...အကုန်ပုန်းကုန်ကြတယ်။ သူတို့ကိုတွေ့မေးမြန်းဘို့မလွယ်...။
" မင်းကို မဖမ်းပါဘူးကွာ... ကူညီပါ"
"ဒီတံတားအောက်လို့ ပြောကြတယ်ခင်ဗျ.."
အဲဒီတံတားရဲ့အပေါ်တည့်တည့် အဝေးပြေးလမ်းက ဂျုံး ကားတိုက်သေတဲ့ နေရာဖြစ်နေရော...။
ဘုရား ဘုရား... နိုင်ငံခြားသားအလုပ်သမားတွေ ငါ့သမီးလေးကို ...?
***********************************
ဒါပေမယ့် ရဲတပ်ဖွဲ့က....
"ဪ .. ဒါဆို ကောလဟာလပဲဖြစ်မှာပါ..,။
အဲဒီနေ့ မှာ မိန်းကလေးတစ်ယောက်သေတာမှန်တယ်..။ ဒါပေမယ့် မိန်းကလေးက စည်းကမ်းမဲ့ လမ်းဖြတ်ကူးလို့ ကုန်တင်ကားနဲ့တိုက်မိပြီး သေသွားတာ..။
“ကဲ..ကဲ... မင်းတို့သွားနိုင်ပြီ...။ နောက်ဆို မဟုတ်တာတွေမပြောကြနဲ့ ...အဖမ်းခံရမယ် "
ဆိုပြီး နိုင်ငံခြားသားတွေကို ခြိမ်းခြောက် ပါးစပ်ပိတ်ပြီး ပြန်လွှတ်လိုက်တယ်။
***********************************
ဒါပေမယ့် ကောလဟလနဲ့ဆက်စပ်ကြည့်တော့ မိန်းကလေးဟာ သေဆုံးတဲ့နေ့က အတွင်းခံဘောင်းဘီ မပါဘူး..။
သူမအဖေဟာ အိပ်မရတော့ဘူး။ ငါထင်တဲ့အတိုင်း ဟုတ်ပါပြီ..အခုဆို မသင်္ကာစရာတွေပိုများလာပြီ..။
ဘာ့ခ်လား?
ဒရိုင်ဘာချွဲလား?
အလုပ်သမား နိုင်ငံခြားသားတွေလား?
သူတို့အထဲက တစ်ယောက်ယောက်ဟာ သမီးကို မုဒိမ်းကျင့်ခဲ့ပုံရတယ်။
သမီးကရှက်လို့ ကားအတိုက်ခံလိုက်တာလား?
တယောက်ယောက်က သမီးကိုချုပ်ပြီး ကုန်တင်ကားအလာမှာ အနောက်က ဆောင့်တွန်းလိုက်တာလား?
ဂျုံးသေဆုံးတဲ့တံတား တောက်လျှောက်က စက်ရုံတွေချည်း...။ နိုင်ငံခြားသားတွေနေတဲ့ ရပ်ကွက်လိုဖြစ်နေတာ...။
***********************************
၁၉၉၈ မှာ DNA Test (Deoxyribo Nucleic Acid)ဆိုတဲ့ မော်လီကျူးကိုစစ်တဲ့ ပညာ တောင်ကိုရီးယားမှာ သိပ်မလွယ်သေးဘူး။ အလွယ်ပြောရရင် လူတွေရဲ့ ဗီဇလက္ခဏာတွေစစ်ပြီး ဘယ်သူ့ ဆံပင် ဘယ်သူ့ သွေးဆိုတာ လိုက်ရှာနိုင်တဲ့ပညာပေါ့...
တရားသူကြီးတွေ.. ရှေ့နေတွေ.. ရဲတွေ စတဲ့ အာဏာရှိတဲ့သူတွေ ထင်တိုင်းကြဲနေကြချိန်မို့ ဖခင်ကြီးဟာ အရင်တုန်းက စောဒက မတက်ရဲပဲ ကြိတ်မှတ်ခံရတဲ ဖခင်ကြီး...။
တောင်ကိုရီးယားနိုင်ငံဟာ တဖြည်းဖြည်းနဲ့ ရိုးသားကြိုးစားတဲ့ဝန်ထမ်းတွေ ပြန်လည်ပေါ်ပေါက်လာတယ်။ လာဒ်စားသူတွေ.. ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ပေးထားတဲ့ လစာကို ယူထားပြီး အချောင်ခိုနေတဲ့ အစိုးရဝန်ထမ်းတွေကိုအရေးယူလာတယ်။ သူတို့မြို့က ရဲဝန်ထမ်းတွေလည်း အသစ်တွေ ပြောင်းသွားကြတယ်။
အမည်ခံ ဒီမိုကရေစီနိုင်ငံက တကယ့်ဒီမိုကရေစီဖြစ်လာတာနဲ့ အမျှ ဖခင်ကြီးရဲ့ မျော်လင့်ချက်တွေ အရောင်သန်းလာတယ်။
အစိုးရရုံးအထိ ဖခင်ကြီးဟာ စာတင်ပြီး သမီးလေးရဲ့အတွင်းခံဘောင်းဘီကို စစ်ပေးဖို့ မေတ္တာရပ်ခံတယ်။ သမ္မတသိအောင်လုပ်ရမယ်လေ..။
နောက်ဆုံး အောင်မြင်ခဲ့ပြီ...။သမ္မတ ရုံးက ခွင့်ပြုခဲ့တယ်။
***********************************
၁၉၉၉ - မတ်လ
နောက်ဆုံး ဂျုံးရဲ့အတွင်းခံဘောင်းဘီကို DNA စစ်ခွင့်ရခဲ့ကြတယ်။
ဂျုံးဟာ မုဒိမ်းကျင့်ခံထားခဲ့ရတယ်ဆိုတဲ့အဖြေကိုရခဲ့တယ်။
မုဒိမ်းသမားဟာ ဘယ်သူလဲလို ဖခင်ဖြစ်သူဟာ ထပ်ပြီးအမှုဖွင့်ခဲ့ပြန်တယ်။
ဒီလိုပါပဲ.. လူတွေက "ဪ..သေသွားတယ် သနားပါတယ်" ဆိုပြီးမေ့သွားကြပေမယ့် ခံစားရတဲ့သူတွေကတော့ ဘဝနဲ့ရင်းရတာပါ..။
ဖခင်ဟာ အချိန်ပြည့်လုပ်ရတဲ့ အလုပ်ကိုထွက်လိုက်တယ်..။ သမီးရဲ့မုဒိမ်းကောင်ကိုပဲ လိုက်ရှာနေတော့တယ်။ နေ့စားအလုပ်တွေလုပ်ပြီး အစစ အရာရာ ခြွေတာသုံးစွဲတယ်...။ အပင်ပန်းခံတယ်..။ဒါဟာ သူမသေခင် သမီးအတွက် မဖြစ်မနေလုပ်ရမယ့်တာဝန်လို့ ခံယူထားတယ်။
***********************************
၂၀၀၀ ခုနှစ်
ဂျုံး အတွင်းခံဘောင်းဘီမှာရှိတဲ့ DNA ဟာ ရည်းစားဖြစ်သူဘာ့ခ် နဲ့ကုန်ကားဒရိုင်ဘာ ချွဲ တို့နဲ့ မကိုက်ညီပါဘူး။
ဒါကြောင့်မုဒိမ်းသမားဟာ ရည်းစား ဘာ့ခ်လည်းမဟုတ်..ကုန်ကားဒရိုင်ဘာ ချွဲလည်းမဟုတ်..,၊
ဒီလိုနဲ့ မသင်္ကာသူတွေကို ဆက်တိုက်စစ်ဆေးကြတယ်... နှစ်တွေကြာသွားတယ်။
***********************************
၂၀၀၃ ခုနှစ်...။
ရဲတွေကလည်း ဖခင်ကြီးကို အမြင်ကပ်လှပြီ... ဖခင်ကြီးက ဘယ်တော့မှ လက်မလျှော့..။
ဖခင်ကြီးဟာ အသက်ကြီးမှ ဥပဒေပညာကို သူကိုယ်တိုင် သင်ယူတော့တယ်...။
"ငါ ဥပဒေကို နားမလည်လို့ ဒီရဲတွေ အနိုင်ကျင့်တာခံရတာ... ဒီတခါ အနိုင်ကျင့်ကြည့် ..ပြန်တရားစွဲမှာ..တွေ့ကြသေးတာပေါ့.."
***********************************
ဖခင်ကြီးဟာ အကြိမ် ၇၀ အမှုဖွင့်ဘို့တောင်းဆိုပေမယ့် သက်သေမခိုင်လုံမှုကြောင့် တရားရုံးက ပယ်ခဲ့တယ်။
ပြဿနာက
ဘယ်သူ့ကို တရားစွဲမှာလဲ..?
ဘာသက်သေနဲ့လဲ...?
DNA ရှိတာဟုတ်ပါပြီ..
မုဒိမ်းကျင့်တာလဲသေချာပါပြီ..။
မုဒိမ်းကောင်ကို ရှာမတွေ့တာ ဘယ်လိုလုပ်တရားစွဲမှာလဲ"
***********************************
ဒီလိုနဲ့ ၁၅ နှစ်ကြာသွားတယ်။
ဖခင်မေတ္တာကြီးမားပုံ...အရှုံးမပေးသေးဘူး..။
၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်
ဖခင်ကြီးရဲ့ အားထုတ်မှုဟာ အောင်မြင်ခဲ့တယ်။
ကောလာဟလထဲက နိုင်ငံခြားသား ၃ ယောက်ထဲက တစ်ယောက်ကိုရှာတွေ့ခဲ့တယ်။ ဒီအကြောင်းကိုသိနေတဲ့ သီရိလင်္ကာနိုင်ငံသား အလုပ်သမားခေါင်းဆောင် တစ်ယောက်က ဖခင်ကြီးကိုကူညီခဲ့တယ်။
***********************************
" သူ့တို့နာမည်က H,K, D တဲ့။ သီရိလင်္ကာနိုင်ငံသား ၃ ယောက်ပါ..။ သူတို့ ၃ ယောက်အရက်သောက်နေရင်း လမ်းပေါ်က အရက်မူးနေတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့တယ်။ သူတို့က အတူအရက်သောက်ရအောင်လို့ ဖိတ်ခေါ်လိုက်တယ်တဲ့..”
"မိန်းကလေးဟာ ငြင်းပေမယ့် သူတို့ဟာ မိန်းကလေးကို အရက်အတင်းတိုက်ပြီး စက်ဘီးပေါ်တင်..အဝေးပြေးလမ်းမကြီးနဘေးက တောထဲကိုခေါ်ပြီး မုဒိမ်းကျင့်ခဲ့တယ်"
"သူတို့ ၃ ယောက်ထဲက K ကအရက်မူးပြီး ကျွန်တော်နဲ့ အခြားသူတွေကိုပြောတယ်ဗျ..."
***********************************
ကံကောင်းချင်တော့ အသက် ၄၉ နှစ်အရွယ် K ဟာ ရာဇဝတ်မှုကျူးလွန်ဖူးတော့ K ရဲ့ DNA မှတ်တမ်းဟာ ရဲစခန်းမှာ မှတ်တမ်းရှိနေတယ်။
ဂျုံးရဲ့ အတွင်းခံဘောင်းဘီက DNA ဟာ လူယုတ်မာ သီရိလင်္ကာနိုင်ငံသား K ရဲ့ DNA နဲ့တိုက်ကြည့်တော့ အတူတူဖြစ်နေကြောင်း သိခဲ့ရတော့တယ်..။
ဒီလူ့နာမည်ကို K လို့ပဲ သတင်းထဲမှာကြေငြာကြတယ်။ ဒီမှာ ..အသက် ၂၀ မပြည့်သေးတဲ့ မိန်းကလေးကို မုဒိမ်းကျင့်ရင် မျက်နှာရော နာမည်ပါ ကြေငြာလေ့ရှိပေမယ့် နိုင်ငံခြားသားမို့လားမသိဘူး K လို့ပဲပြောကြတယ်။
အတွင်းခံဘောင်းဘီမှာ ကျန်နှစ်ယောက် H နဲ့ D ရဲ့ DNA ကိုတော့မတွေ့ရဘူး။
***********************************
"အရက်မူးနေတဲ့ မိန်းကလေးကို ကျွန်တော် မုဒိမ်းအရင်ကျင့်ပြီး ပိုက်ဆံနဲ့ ကျောင်းသားကဒ်တွေယူပြီးထွက်ပြေးခဲ့ပါတယ်"
K က ငြင်းမရတဲ့အဆုံး ထွက်ဆိုခဲ့တယ်..။
K ကအရင်ဆုံးမုဒိမ်းကျင့်တော့ ဘောင်းဘီမှာပေသွားခြင်းဖြစ်တယ်။ K က သက်သေဖြစ်မှာစိုးလို့ ဘောင်းဘီကိုလွှင့်ပစ်လိုက်တယ်။
ကျန်နှစ်ယောက်က မုဒိမ်းထပ်ကျင့်တဲ့အချိန် အတွင်းခံဘောင်းဘီမရှိတော့တဲ့အတွက် သူတို့ရဲ့ DNA ကိုမတွေ့ရခြင်းဖြစ်တယ်။
အလောင်းကို စစ်ခွင့်မပေး ၁၉၉၈-ရဲတွေကမီးသဂြိုလ်ခဲ့တော့ ကျန် ၂ ယောက်ကို ဖမ်းဘို့ သက်သေအထောက်အထားမရှိတော့...။
၁၉၉၈ ရဲတွေဟာ အလောင်းစစ်ဆေးတဲ့အခါမုဒိမ်းကျင့်ခံရတာကို သိသိကြီးနဲ့ ငွေမပေးနိုင်လို့ အလုပ်မလုပ်ခဲ့ကြခြင်းဖြစ်တယ်..။
"မုဒိမ်းကျင့်ခြင်းလက္ခဏာ မရှိ..စီစစ်ပြီး"... လို့မှတ်တမ်းတင်ထားတယ်လေ..။
" မိန်းကလေးက အရက်မူးနေတဲ့အပြင် ထပ်ပြီးမုဒိမ်းအကျင့်ခံရမှာကိုစိုးပြီးကြောက်ကြောက်နဲ့ တံတားပေါ်ပြေးတက်ပြီး ကားလမ်းမှာ အကူအညီတောင်းဖို့ ပြေးထွက်ခဲ့ပုံရပါတယ်။ အဲဒီမှာ ကုန်တင်ကားကြီးနဲ့ တိုက်မိတော့တာပါပဲ... အဲဒီအသံကို ကျွန်တော်တို့ ၃ ဦးကြားခဲ့တယ်။"
ဒါက K ထွက်ဆိုချက်ပါ.. မုဒိမ်းကျင့်ပြီး အဖမ်းခံရမှာစိုးလို့ ဂျုံးကို ကားလမ်းမကြီးဆီ ကန်ချ ..တွန်းထုတ်လိုက်တာလဲဖြစ်နိုင်တာပဲ... CCTV မရှိတော့ သူပြောသမျှပဲ ယုံရတာပေါ့..။
***********************************
တရားခံ ၂ ယောက်မှာ သီရိလင်္ကာနိုင်ငံကို ပြန်သွားပြီး K ကတော့ ကိုရီးယားအမျိုးသမီးနဲ့ အိမ်ထောင်ကျ...သီရိလင်္ကာအစားအစာရောင်းတဲ့ဆိုင်ဖွင့်ထားပြီး စီးပွားဖြစ်နေလေရဲ့...။
K ဟာသူတို့နိုင်ငံမှာ လူမိုက်တဲ့။ သူ့ကိုထိရင် သီရိလင်္ကာနိုင်ငံမှာကျန်ခဲ့တဲ့မိသားစုကို သတ်ပစ်တဲ့အထိ တတ်နိုင်တယ်ဆိုပဲ..။ ဒါကြောင့် K ဟာ "ငါလူမိုက်.. ငါမုဒိမ်းကျင့်တယ်" ..လို့ကြွားပြီး မကြောက်မရွံ့ပြောနေတာ..။
***********************************
သူ့မိန်းမ ကိုရီးယားမကတော့မသိရှာတာလား.. မသိချင်ယောင်ဆောင်နေတာလား မသိ...။
"ကျွန်မယောင်္ကျားဟာ ၂၄ နာရီအလုပ်ကြိုးစားပြီး ကျွန်မကို သိပ်ချစ်တဲ့သူပါ..။ရှင်တို့မတရားမလုပ်နဲ့နော်..ကျွန်မ ရှေ့နေကောင်းကောင်းငှားပြီး တရားရင်ဆိုင်မယ်.."..,
ဒီလို ကိုယ့်နိုင်ငံ ကိုယ်မချစ်တဲ့မိန်းမ...။ပိုက်ဆံမက်လို့ ဒီလို လူယုတ်မာကိုယူထားတာနေမှာပေါ့..။
သီရိလင်္ကာနိုင်ငံသားတွေ အချင်းချင်းကတော့ သူ့အကြောင်းသိမှသိ...။ "သူ့ဖုန်းထဲမှာ ကိုရီးယားမတွေနဲ့အိပ်တဲ့ပုံတွေ အများကြီးဗျ.. အမြဲကြွားနေတာ..."
ထောက်လှမ်းရေးတွေက K ဖုန်းကို စစ်ဆေးကြတယ်။ ဟုတ်ပ.. ဓာတ်ပုံတွေမှ အများကြီး...။ ဒါပေမယ့် K ကလည်ပြီးသား ... အဲ့ဒီမိန်းမတွေ မကောင်းတဲ့မိန်းမတွေပါတဲ့...။
ဆက်စုံစမ်းတော့ K ဟာမိန်းကလေးတွေအများကြီးစော်ကားခဲ့ဖူးတာသိရတယ်။ ဒါပေမယ့် မိန်းကလေးတွေက ရှက်ရှက်နဲ့ အမည်မဖေါ်လိုခဲ့ကြဘူး။
ဒါတင်မကသေး သူ့ စတိုးဆိုင်မှာ အထက်တန်းကျောင်းသူကို နေ့စား ခိုင်းပြီးကိုမဖွယ်မရာ ကိုင်တွယ်လို့ ရဲစခန်းရောက်ဖူးတယ်။
ဒါကြောင့် သူ့ DNA ကို ရဲစခန်းက မှတ်တမ်း ယူထားခဲ့တယ်။
သူများနိုင်ငံလာပြီး သူများသမီးပျိုလေးတွေဖျက်ဆီးတဲ့ မုဒိမ်းကောင် လူယုတ်မာ...။
နောက်ဆုံးတော့မိပြီ..။
K ကိုထောင်ထဲထည့်ပြီး အမှုစစစ်ပြီ..။
အမှုစစ်တာ နှစ်တွေထပ်ကြာသွားတယ်။
***********************************
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့....... မကြာသေးမီကပေါ့...။
ဖခင်ကြီးမျော်လင့်တဲ့နေ့ကိုရောက်လာတယ်..။ တရားသူကြီးက K ကိုအမိန့်ချတဲ့နေ့ပါ။
ဖခင်ကြီးဟာ အသံထွက် ခြုံးပွဲချငိုချ လိုက်တော့တယ်...။ဒီတစ်ခါ အငိုရဆုံးပေါ့...။
ကမ္ဘာကြီးက ချာချာလည်သွားသလို ဖခင်ကြီးဟာ မူးမိုက်သွားတယ်။
သီရိလင်္ကာနိုင်ငံသား K ဟာ အမှုကွင်းလုံးကျွတ်လွတ်သွားလို့ပါပဲ...။
ဘာကြောင့် အမှုက ကွင်းလုံးကျွတ်သွားရသလဲ...?
၁၉၉၈ ခုနှစ်ဥပဒေအရ မုဒိမ်းမှု -၁၀ နှစ် (အခုတော့ အနှစ် ၂၀ နဲ့အထက်ဖြစ်နေပါပြီ..)
အခု ဂျုံးသေဆုံးတာ ၁၉ နှစ်ကြာပြီလေ...။
ဒီလို နှစ်ကြာသွားတဲ့အမှုတစ်ခုရဲ့ သက်သေအထောက်အထားတွေဟာလည်း မခိုင်မာဘူးတဲ့...။
ဒါကြောင့် နှစ်ကျော်သွားလို့ သူ့ကို ထောင်ချလို့မရတော့ပါဘူး...။
***********************************
လူ့တိရိစ္ဆာန် K ကို ...လူတွေအားလုံးက စိတ်နာလွန်းလို့ တရားသူကြီးကိုယ်တိုင်က အပြစ်ထပ်ရှာတယ်။
ဂျုံးဟာ အဲဒီနေ့က သူ့မုန့်ဘိုး ၃ထောင်ကို ပိုက်ဆံအိတ်ထဲထည့်ထားတယ်။ အဲဒီပိုက်ဆံ ၃ ထောင် နဲ့ စာအုပ် ၁၀ အုပ်ကို K က ခိုးယူမှုနဲ့ထောင်ချဖို့ကြိုးစားကြတော့တယ်။
အဲဒါလည်း သက်သေမလုံလောက်လို့ မတတ်သာခဲ့ဘူး။ K ရဲ့ရှေ့နေက ချေပခဲ့တယ်။
နောက်ဆုံး လမ်းစည်းကမ်းမလိုက်နာလို့ ... အခွန်မဆောင်လို့... ရသမျှ အမှုနာမည်တပ်ပြီး ထောင်ဒါဏ် ၁ နှစ်နဲ့ ၆ လ...။ဒါလဲ အမှုစစ်တုန်းက ထောင်ထဲနေရတဲ့နှစ်တွေနဲ့ ချေလိုက်တော့ ဘာမှကျန်...။
အခုမှ အမှုက ဘာမှဆက်လုပ်စရာမရှိအောင် တကယ်ပြီးသွားပါပြီ..။
***********************************
K ကတော့ အိမ်ပြန်ပြီး မိန်းမနဲ့ အတူစီးပွားရေးဆက်လုပ်နေတယ်။ တောင်ကိုးရီးယားတနိုင်ငံလုံးက သူ့လက်ထဲမှာလိုလို မျက်နှာပေးနဲ့...။ မကောင်းမှုလုပ်တဲ့သူတွေ ကျမ်းမာချမ်းသာနေတဲ့လောက...။
အေးလေ ....ဒီဘဝတော့ ကောင်းစားမှာပေါ့ လူယုတ်မာ...။
ဂျုံးရဲ့ကျန်ရစ်သူမိသားစု ကတော့ ဘဝတွေပျက်...။
တောင်ကိုရီးယားလူမျိုးတွေဟာ နိုင်ငံခြားသားအလုပ်သမားတွေကို သိမ်းကြုံးပြီး မုန်းသွားကြတော့တယ်။
ထုံးစံအတိုင်း မဆီမဆိုင်တဲ့သူတွေ အမဲခံရတာပေါ့..။
***********************************
ဘဝဟာ တစ်ခါတရံ ဒီလိုရက်စက်တတ်ပါတယ်။
ဂျုံးရဲ့ဖခင် အဘိုးအိုဟာ နာကျင်စွာငိုကြွေးနေတယ်။
***********************************
🌟အဖေ့ မျက်ရည်🌟
အဲဒီနေ့က၂၀၁၇ ခုနှစ် ဇူလိုင် ၉ ရက်ပေါ့
အဘိုးအိုတစ်ယောက်ဟာ လူတွေမတွေ့အောင် အိမ်သာထဲဝင်ပြီး ခံပြင်းစွာနဲ့ထိုင်ငိုနေတယ်။ အဘိုးအိုငိုခဲ့ရတာ အခုဆို ၁၉ နှစ်ရှိပါပြီ..။
အဘိုးအိုဟာ အရင် တွေးနေကျအတိုင်း တွေးလိုက်တယ်။
" ငါ..ငိုနေလို့မဖြစ်ဘူး။ သမီးလေးစောင့်နေရှာတော့မယ်...။သမီးလေးမှာ အားကိုးစရာဆိုလို့ငါပဲရှိတာ.."
အိမ်သာထဲကထွက်ပြီး သတင်းထောက်တွေအရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။
***********************************
မေတ္တာရှင် ဖခင်တို့အား အစဉ် လေးစားလျှက်....
မရွှေမိုး (ကိုရီးယား)
December 6th, 2017
https://www.facebook.com/mashwemoe.2017/posts/214176359125291?pnref=story
References
그것이 알고 싶다 999회
연합뉴스
대구 여대생 성폭행 사망사건 스리랑카인 결국 강제추방 본문듣기 설정
기사입력2017.07.28 오후 1:06
최종수정2017.07.28 오후 1:08
Korea Joongang Daily
Appeals court acquits Sri Lankan of rape, robbery
Aug 13,2015

သီရိလင်္ကာနိုင်ငံသား K
Picture from NAVER - YONHAPNEWS

သီရိလင်္ကာနိုင်ငံသား K
Picture from NAVER - SBS
 


No comments:

Post a Comment