Latest News

Friday, November 3, 2017

လေယာဉ်တီထွင်သူ လူငယ်ကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ ဖိတ်ခေါ်

မုံရွာမြို့နယ် ကျွန်းကြီးရွာမှ လေယာဉ်တီထွင်သူ လူငယ်ကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနမှ လေယာဉ်မောင်းနှင် ပျံသန်းမှု လေ့လာရန် ဖိတ်ခေါ်သဖြင့် လာမည့် တနင်္လာနေ့ ရန်ကုန်သို့ အရောက်သွားမည်
မုံရွာ နိုဝင်ဘာ ၃

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင် ကိုယ်တိုင်လုပ်လေယာဉ်ကို စမ်းသပ်မောင်းနှင်ရန် စိတ်အားထက် သန်နေ သူ အသက် ၁၉ နှစ်အရွယ် မောင်ကျော်ဇင်ဝင်းကို ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေယာဉ်မောင်းနှင် ပျံသန်းမှုများကို လာရောက်လေ့လာရန် ဖိတ်ခေါ်သဖြင့် လာမည့် နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) အရောက် ရန်ကုန်သို့ သွားရောက် တွေ့ဆုံ လေ့လာမည်ဖြစ် ကြောင်း ကျွန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်ထံမှ သိရသည်။
“ကျွန်တော်တိှု့ ရန်ကုန် လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ကျော်ဇင်ဝင်းနဲ့ သွားရမှာ ပါ၊ အဲဒီက ပြန်လာမှ ပျံသန်းခွင့်တွေ ဘာတွေက ရ မရဆိုတာ သိရမှာပါ၊ အဲဒီဌာနက ခွင့်ပြုမှသာ လေယာဉ်က ပျံလို့ရမှာပါ၊ တနင်္လာနေ့ နံနက် ရန်ကုန်ရုံးကို အရောက်လာဖို့ မှာတော့ တနင်္ဂနွေညနေမှာ သွားဖို့ စီစဉ်ထား ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က ပြောကြားသည်။

အကြံပြုပြောကြား

လေယာဉ်ပျံတီထွင်သည့် ကျွန်းကြီး ရွာမှ လူငယ်လေးအား သူ၏ လုပ်ဆောင်ချက်အပေါ် အားပေးပါ ကြောင်း၊ သို့သော် လေယာဉ်အတက် အဆင်း အန္တရာယ်မရှိအောင် လေ့လာ သင့်သည်များကို လေ့လာရန် ကိုကျော် ဇင်ဝင်းနှင့် နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီကျော်က တွေ့ဆုံ အကြံပြု ပြောကြားထားကြောင်း မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်နိုင် ထံမှ သိရသည်။

“လေယာဉ် ပျံသန်းခွင့်တွေဆိုတာ က လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနကမှ ပျံသန်းခွင့် ပေးရ တာပါ၊ လေယာဉ်နဲ့ ပတ်သက်ရင် အဲဒီ ဌာနကပဲ ခွင့်ပြုတယ်၊ လေယာဉ်ပျံသန်း ခွင့်လျှောက်မယ် ဆိုရင်လည်း အဲဒီမှာ သွားလျှောက်ရတယ်ဆိုတာ ဒီနေ့ပဲ တွေ့ ပြီး အဲဒီလူငယ်လေးကို ရှင်းပြခဲ့ ပါတယ်၊ အဲဒီဌာနက ရန်ကုန်မှာပဲ ရှိတာပါ၊ တိုင်းတွေ၊ ခရိုင်တွေ၊ မြို့နယ် တွေမှာမရှိဘူး၊ ရန်ကုန်ရုံးချုပ်အနေနဲ့ လည်း အဲဒီကလေးကို ဖုန်းချိတ်ပေးလိုက် ပါတယ်။ လာလေ့လာဖို့ ရန်ကုန်ကို ခေါ် နေတယ်၊ ကလေးရဲ့ လုပ်ဆောင်ချက်ကို အားပေးပါတယ်၊ ဒါပေမယ့် ပျံတက်ဖို့၊ ပြန်ဆင်းဖို့တွေကျတော့ အန္တရာယ်များတဲ့ အတွက် နားလည်အောင် ကလေးကို ပြောပြရပါတယ်” ဟု ဦးကြည်နိုင်ကပြောပြသည်။

ဖိတ်ခေါ်ထား

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာတွင်ကိုယ်တိုင်လုပ် လေယာဉ်ကို စမ်းသပ် မောင်းနှင်ရန် စိတ်အား ထက်သန်နေသူ အသက် ၁၉ နှစ်အရွယ် မောင်ကျော် ဇင်ဝင်းကို ဝါရင့် အငြိမ်းစားလေယာဉ် မှူးကြီးတစ်ဦးကလည်း နည်းပညာပိုင်း များကို အဆိုပါ လူငယ် လာရောက် ပါက ရှင်းလင်းပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထို့အပြင် တီထွင်ထားသော လေယာဉ်ငယ်ကို မုံရွာတက္ကသိုလ် ရူပဗေဒဌာန အနေဖြင့် နည်းပညာပိုင်းများကို သွားရောက်အကူ အညီပေးမည်ဖြစ်ပြီး သွားရောက်မည့် မုံရွာတက္ကသိုလ်မှ အဖွဲ့သည် မုံရွာ တက္ကသိုလ်တွင် မောင်းသူမဲ့ (ဒရုန်း) လေယာဉ်ကို တည်ဆောက် အောင်မြင်ခဲ့သော သုတေသနအဖွဲ့ ဖြစ်ကြောင်းသိရသည်။

သံတိုင်ထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment