Latest News

Monday, November 20, 2017

သထုံမြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် ကျင်းပ

သထုံမြို့တွင် ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော် ကျင်းပ

နှစ်စဉ်နတ်တော်လဆန်း တစ်ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူး ပွဲတော်ကို မွန်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကာ နိုဝင်ဘာလ ၁၉ ရက်၊ နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ သူရိယစန္ဒလိုတရစေတီရှေ့၌ စည်ကားစွာ ကျင်းပ ခဲ့ကြောင်း သိရသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည် တို့အား မေ့ပျောက်သွားခြင်းမရှိစေရန်နှင့် ကောက်ဦးစပါးများကို ဆွမ်းဆန်စိမ်းလောင်းလှူသည့် ကောက်ဦးအလှူအဖြစ် ရည်ရွယ်ကာ နှစ်သစ်ကူးနေ့ကို ၂၀၁၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက ပြောသည်။

“ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသားတွေက မြန်မာနိုင်ငံမှာဆိုရင် သတ္တမမြောက် လူဦးရေ အများဆုံးလူမျိုးကြီးတစ်မျိုးဖြစ်တဲ့အတွက် အမျိုးသားနေ့အပြင်ကို ခုလိုနှစ်သစ်ကူးနေ့ ရှိဖို့လိုအပ်တယ် လို့ ၂၀၁၅ ခုနှစ်က ဒီသထုံမှာဘဲ ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားနှီးနှောဖလှယ်ပွဲက ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုဆုံးဖြတ်ပြီး ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသား ဆရာတော်တွေ သမိုင်းဆရာတွေနဲ့ တိုင်ပင်တဲ့ အခါမှာ ပအိုဝ်းတွေရဲ့ အစပထမလဖြစ်တဲ့ နတ်တော်လဆန်း ၁ ရက်နေ့ကိုနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 ပအိုဝ်းနှစ်သစ်ကူးနေ့တွင် ရွှေစာရံစေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ သံဃာတော်များအား အာရုံဆွမ်းဆပ်ကပ် လှူဒါန်းခြင်း၊ သူရိယစန္ဒ လိုတရစေတီအား အနေကဇာတင်ပူဇော်ခြင်း မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းကျောင်းတိုက် ပေါင်း ၁၀၀ ကျော်မှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့်အတူ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းကို ထူးချွန်စွာဖြင့်အောင်မြင် ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၇၀ ဦးအား ဂုဏ်ပြုချီးမြှင့် ခဲ့ကြပြီး သထုံမြို့နယ်အတွင်းရှိ ကျေးရွာများအသီးသီးမှ ကိုယ်စားပြု ယိမ်းအဖွဲ့များက ရိုးရာယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ပအိုဝ်းတိုင်းရင်းသားနှစ်သစ်ကူးနေ့ကို တစ်နိုင်ငံလုံးရှိ ပအိုဝ်းတိုင်းရင်းသားဒေသများအနက် လက်ရှိအချိန်တွင် သထုံဒေသ တစ်နေရာတည်းတွင်သာတွင်သာ ပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် ကျင်းပ သွားမည်ဖြစ်ကြောင်း အဆိုပါနှစ်သစ်ကူးနေ့ကို အခြားပအိုဝ်းဒေသများ၌ပါ ကျင်းပနိုင်ရန် ဆက်လက် စည်းရုံးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

ဟံသာနွန်

No comments:

Post a Comment