Latest News

Tuesday, November 7, 2017

မန္တလေးတွင် တရားမ၀င်ကားဂိတ်ဖွင့်ကာ ခရီးသည်များထံမှ အုပ်စုဖွဲ့ ငွေတောင်းယူသူများအနက် တစ်ဦး ဖမ်းဆီးရမိ

မန္တလေးတွင် တရားမ၀င်ကားဂိတ်ဖွင့်ကာ ခရီးသည်များထံမှ အုပ်စုဖွဲ့ ငွေတောင်းယူသူများအနက် တစ်ဦး ဖမ်းဆီးရမိ

မန္တ္တလေးမြို့တွင် ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့်၍ ငွေတောင်းခံနေသူများထဲမှ တစ်ဦးကို နိုဝင်ဘာလ ၇ ရက်၊ နံနက် ၇နာရီက စည်ပင်သာယာရဲတပ်ဖွဲ့နှင့် သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ  ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မူဆယ်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး မန္တလေးမြို့သို့ ပြန်လာသည့် ခရီးသည် ၇ ဦးထံက ပါလာသော ငွေများကို လူ ၃၀ ခန့်က အုပ်စုဖွဲ့အနိုင်ကျင့်တောင်းယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသူများသည် ယာဉ်ငှားခ မတန်တဆတောင်းယူပြီး ပါလာသမျှငွေကို လူအုပ်စုဖွဲ့တောင်းယူကြောင်း လူအချို့က လူမှုကွန်ရက်တွင် မျှဝေခဲ့ကြသည်။

ဖမ်းဆီးရာတွင်ပါဝင်သည့် စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်မျိုးနိုင်က "ဒါပထမဆုံးဖမ်းမိတာပါ။ ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့ အပိုင်နယ်မြေရဲစခန်းက လုပ်နေပါတယ်။လက်ရှိတော့ ကျွန်တော်က တရားလိုလုပ်ပြီး အမှတ် ၈ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေပါတယ်။"ဟု မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မူဆယ်မြို့မှပြန်လာသည့် ခရီးသည် ၇ ဦးသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်၊ တွင်းငယ်ကျေးရွာသို့ ပြန်ရန်အတွက် သီရိမန္တလာကားကြီးကွင်းသို့ သွားရောက်ရန် နံနက် ၅ နာရီခန့် တွင် အငှားကားတစ်စီးကို မေးရာ၌ ဂိတ်ကိုလိုက်ပို့မည်ဟုဆိုကာ ၃၁ လမ်းနှင့် ၇၇ လမ်းထောင့်ရှိ လက်မှတ် အရောင်းဆိုင်အားခေါ်ယူပြီး အငှားကားခ တစ်ဦးလျှင် တစ်သောင်းတောင်းယူအပြီး ပါလာသည့်ငွေများကိုပါ လူ ၃၀ ခန့်ဖြင့် ခြိမ်းခြောက်တောင်းယူခဲ့ကြခြင်းဖြစ်သည်ဟု ခရီးသည် ၇ ဦးထဲမှ ၁ ဦးဖြစ်သည့် ကိုအောင်ကျော်မိုးက ဆိုသည်။

"ကျွန်တော်တို့က ဒီကားကြီးကွင်းကို မနက် ငါးနာရီလောက်ရောက်တယ်။တွင်းငယ် ထွက်မယ့် ကားဂိတ်ကို သူတို့မေးတော့ လိုက်ပို့မယ်ဆိုပြီး ခွေးဘီးလူးပေါ် ဇွတ်တင်တယ်။ ကျွန်တော် လိုက်သွားတယ်။ ၃၁ လမ်း နဲ့ ၇၇ လမ်းထောင့်အရောက်မှာ ဒီနေရာမှာ လက်မှတ် ဝယ်ရမယ်ဆိုပြီး တစ်ယောက်ကို ၅၅၀၀တောင်းတယ်။ပြီးတော့ သူ့ကားခက တစ်ယောက် တစ်သောင်း တောင်းပြန်တယ်။တောင်းပန်လည်း မရဘူး။သူတို့က လူ ၃၀ လောက် ဝိုင်းထားတယ်။ဒါနဲ့ပေးလိုက်ရတယ်။ အဲဒီလက်မှတ်ဝယ်ပြီး သီရိမန္တလာကားကြီးကွင်းကို ပြန်လိုက်ပို့တယ်။ အဲဒီပို့ခလည်း တစ်ယောက်တစ်သောင်းထပ်တောင်းတယ်။ အဲလိုတောင်းတဲ့အပြင် ကျွန်တော်တို့မှာ ပါလာတဲ့ငွေပါ ဝိုင်းယူတယ်။ အခုကတော့ ဒီဂိတ်ကသူတွေကို အကူအညီတောင်းလိုက်တော့ အခုလိုမိတာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ခရီးသည်တွေအပေါ် ဒီလိုမလုပ်သင့်ဘူး။"ဟု ကိုအောင်ကျော်မိုးက ပြောသည်။

သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်စိုးက "အဲဒီလက်မှတ်ရောင်းတဲ့ ဂိတ်က တရားဝင် မဟုတ်ဘူး။ပြီးတော့ လက်မှတ်ဖြတ်ပေးတယ်ဆိုတာကလည်း ရိုးရိုးဘောင်ချာ စာရွက်မှာ ရေးပေးထားတာပါ။ကျွန်တော်တို့ သိသိချင်းပဲဆောင်ရွက်တာ အခု တစ်ဦးမိပါတယ်။ဒါမျိုးတွေမဖြစ်အောင်လို့ လုပ်နေပါတယ်။အခုဟာကလည်း အပြင်တွေမှာ ဖြစ်ဖြစ်လာနေတယ်။ကျွန်တော်တို့ကတော့ ခရီးသည်တွေ လုံခြုံချောမွေ့ စိတ်ချမ်းသာဖို့ပဲ လိုလားပါတယ်။"ဟုပြောသည်။

ထိုသို့ခရီးသည်များထံမှ အုပ်စုဖွဲ့အနိုင်ကျင့်ငွေတောင်းယူမှုများကို တားဆီးအရေးယူနိုင်ရန်အတွက် စည်ပင်သာယာရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအင်အားကို အောက်တိုဘာလ ၂၈ ရက်မှစတင်၍ အင်အား နှစ်ဆတိုးမြှင့်ဆောင်ရွက်နေသလို သီရိမန္တလာကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီအနေဖြင့်လည်း လုံခြုံရေးကင်မရာ ၄ လုံး တပ်ဆင်၍ ဆောင်ရွက်နေကြောင်းသိရသည်။

ခရီးသည်များထံမှအုပ်စုဖွဲ့ အနိုင်ကျင့်ငွေတောင်းသူများကို အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် တရားမဝင် လက်မှတ် ရောင်းနေသည့် ဂိတ်ကိုလည်း ပိတ်သိမ်း၍ စည်ပင်သာယာဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်မျိုးနိုင်က ဆိုသည်။

မန္တလေးမြို့စည်ပင်သာယာရေးကော်မတီအနေဖြင့် ကားကြီးကွင်းပြင်ပတွင် တရားမဝင်လက်မှတ်များ ရောင်းချနေသည့်ဂိတ်များကို နိုဝင်ဘာလ ၄ ရက်မှစတင်၍ အရေးယူဆောင်ရွက်လျှက်ရှိရာ ဂိတ် ၆ ခုကို စည်ပင်သာယာဥပဒေပုဒ်မ ၁၁၆ ဖြင့် အရေးယူထားပြီး ထပ်မံဖမ်းဆီးရမိရေးအတွက်လည်း ဆောင်ရွက် နေကြောင်း စည်ပင်သာယာရဲတပ်ဖွဲ့မှ သိရသည်။

Mizzima

No comments:

Post a Comment