Latest News

Friday, November 10, 2017

ကျုံပျော်ရှိ ဘာသာရေးအဖွဲ့ကို သာသနာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း အရေးယူရန် စီစဉ်

ကျုံပျော်ရှိ ဘာသာရေးအဖွဲ့ကို သာသနာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း အရေးယူရန် စီစဉ်


ဘာသာရေးအဖွဲ့မဟုတ်ကြောင်းနှင့် အစိုးရကို အာဏာဖီဆန်နေခြင်းမဟုတ်ဟု အဆိုပါအဖွဲ့က ပြော

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာရှိ ခရစ်ယာန်ဘာသာရေးအ စွန်းရောက်အဖွဲ့ဟု စွပ်စွဲခံထားရသူများကို သာ သနာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ကြောင်း စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
နိုဝင်ဘာ  ၁၀  ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးအစိုး ရအဖွဲ့အစည်းအဝေး၌ ယင်းကဲ့ သို့ ဆုံးဖြတ်ခဲ့သည်။ အဆိုပါအဖွဲ့ သည် ခွင့်ပြုချက်မရှိဘဲ ဘာသာရေးကိစ္စများဆွေးနွေးခြင်း၊ တရားမဝင် စုပေါင်းနေထိုင်ခြင်း၊ ခရစ်ယာန်ဘာသာရေးဂိုဏ်းသုံးဂိုဏ်း မှ သာသနာပိုင်ဆရာတော်သုံးဦး ၏တင်ပြချက်အရ ထိုအဖွဲ့၏သွန် သင်မှုသည် ခရစ်ယာန်ဘာသာ၏ ဓမ္မနှင့်ကိုက်ညီမှုမရှိခြင်း၊ ယင်းအဖွဲ့နှင့်ပတ်သက်၍ တိုင်ကြားချက် များ၊ တရားစွဲဆိုထားမှုများကို ဥပဒေချုပ်ထံ တင်ပြ၍ ဥပဒေကြောင်းအရ အရေးယူခြင်းတို့ ဆက်လက်ဆောင်ရွက်မည်ဟု ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

‘‘လက်ရှိမှာ သာသနာပိုင် သုံးဦးက တင်ပြတဲ့အဆင့်ပဲ ရှိ သေးတယ်။ သာသနာရေးဆိုင်ရာ အရေးယူမှုတွေကို ပြည်ထောင်စု သာသနာရေးဝန်ကြီးဌာနက ညွှန် ကြားချက်နဲ့အညီ အရေးယူသွား မယ်။ လူစုလူဝေးနဲ့ စုနေတာ တရားမဝင်တဲ့အတွက် မိမိရပ်ထံ ပြန်ကြဖို့ အုပ်ချုပ်ရေးဌာနက ဆက်ပြီး ဆောင်ရွက်မယ်’’ဟု ဝန် ကြီးက ပြောသည်။

        မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ(MCC)တွင် ကက်သလစ်၊ နှစ်ခြင်း၊ မက်သဒစ်စသည့်  ဂိုဏ်းဂဏပေါင်း ၁၃ ခုရှိသည်။ ခရစ်ယာန်ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှုများ၊ ဆွေးနွေးမှုများကို သက်ဆိုင်ရာ ဂိုဏ်းဂဏများ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်ရသည်။ သို့သော်လည်း ခရစ်တော်၏ တပည့်တော်များ မိတ်သဟာရ မိသားစု(DCF)သည် မည်သည့်ဂိုဏ်းဂဏ၊ အသင်းအဖွဲ့များ၌ ပါဝင်ခြင်းမရှိကြောင်း၊ ခရစ်ယာန်တို့ ၏ဝတ်ပြုကိုးကွယ်ခြင်းနှင့်လည်း ကိုက်ညီမှုမရှိကြောင်း မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ၊ မြို့ပြနှင့် ကျေးလက်ခရစ်ယာန်သာသနာ ဌာနတာဝန်ခံ ဆရာ သောမတ် ကြိုင်က ပြောသည်။

‘‘သူတို့မှာက အသင်းအဖွဲ့ အစည်းမှတ်ပုံတင်ထားတာမရှိပါ ဘူး။ သူတို့နာမည်တပ်ချင်သလို တပ်တယ်။ သူတို့ရဲ့ပို့ချမှုတွေက လည်း ခရစ်ယာန်တို့ရဲ့သွန်သင်မှု တွေနဲ့ ကွဲလွဲနေတယ်။ အဆိုးဆုံး က သင်ကြားပို့ချနေသူတွေက ဓမ္မပညာနဲ့ ပတ်သက်ပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့သူ တွေမဟုတ်ဘူး။ ကျမ်းစာကျောင်း မတက်ဘဲ အခုလို ပို့ချနေတာဟာ လွဲမှားတဲ့ သင်ကြားမှုနဲ့ အတွေးအ ခေါ်တွေ ဖြစ်နေတယ်’’ဟု မြန်မာ နိုင်ငံခရစ်ယာန်ကောင်စီ၊ မြို့ပြ နှင့် ကျေးလက်ခရစ်ယာန်သာသ နာဌာနမှ မန်းထောင်းစိန်က ပြော ကြားသည်။

ယခုရက်ပိုင်းအတွင်း လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပျံ့နှံ့နေသော မိဘများက သားသမီးများကိုလည်းကောင်း၊ညီအစ်ကို မောင်နှမများက ၎င်း တို့၏ ဆွေမျိုးသားချင်းများကိုလည်းကောင်း ပြန်လည်ခေါ် ဆောင်ရန် ခက်ခဲနေကြောင်း သတင်းပျံ့နှံ့ပြီး ယင်းနေရာသည် ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေး ရွာရှိ မန်းဖိုးကျူး၏နေအိမ်ခြံဝင်း ဖြစ်သည်။

အဆိုပါနေရာတွင် ၂၀၁၁ နှစ်ကုန်က စ၍ ခရစ်ယာန် ဘာသာနှင့် ပတ်သက်သော သင် ကြားမှုများကို ရက်လေးဆယ် တစ်ဖြတ်စီ သင်ကြားပေးနေသည်။ ထိုနေရာသို့ သင်တန်းတက်ရန် သွားသူများသည် ငွေကြေးမပေး ရသော်လည်း မိသားစုအပါအဝင် ပြင်ပနှင့် အဆက်အသွယ်ဖြတ်ရ ခြင်း၊ ပါလာသည့်ငွေနှင့် ဖုန်းများကို သိမ်းဆည်းခြင်း၊ ပြင်ပအစား အစာများစားသောက်ခွင့်မရခြင်း၊ ထိုခြံအတွင်း သံပရာသီးယူဆောင် ၍ မဝင်ရခြင်း စသည့် အချက်များ ထူးခြားနေသဖြင့် လူအများ စိတ် ဝင်စားနေသည်။

‘‘ကျမ်းစာကတော့ ဒီကျမ်း စာပါပဲ။ အဲဒီမှာ ဒီကျမ်းစာကို ဖတ်ပြီးတော့ အဓိပ္ပာယ် အမျိုးမျိုးထွက်ဆိုကြတယ်။ ဘုရားနဲ့ တိုက်ရိုက် ပြောလို့မရပါဘူး။ သူတို့ကိုယ်သူတို့တော့ ဒီလိုပဲ ပြောနေကြတယ်။ ကျွန်မတို့က ပုံမှန်ပဲ တွေ့နေရတယ်။ ဘာမှ အထွေအထူးလည်းမရှိဘူး။ ဘုရားကျွေးတယ်ဆိုပြီးတော့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ကလေးတွေဆီက တောင်းတယ်။ ဟိုက ပေးလိုက်တယ်၊ သင်တန်းသားတွေ ဓာတ်ပုံကို တင်လိုက်တယ်။ ဒါဝိညာဉ်ညီအစ်ကို မောင်နှမတွေဆိုပြီး တင်တယ်။ ဟိုက ဓာတ်ပုံကြည့်ပြီး သင်တန်းသားတွေ အများကြီးဆိုပြီး ပိုက်ဆံတွေ များများပေးလိုက်တယ်။ CB ဘဏ်မှာ တစ်လကို တစ်ကြိမ်သွားထုတ်တယ်။ သိန်းရာနဲ့ချီပြီး ထုတ်တယ်’’ ဟု အဆိုပါ ရက်လေးဆယ်သင်တန်းမှ ပြန်လာသူ မရမ်းရိုး ကျေးရွာမှ နော်သင်းလှက ပြောသည်။

အဆိုပါအဖွဲ့သည် ဘုရား အား ခုတုံးလုပ်၍ တစ်ဖက်မှ အ မြတ်ထုတ်နေသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ကလေးများကို အတင်းအဓမ္မစည်းရုံး၍ ခေါ်ဆောင်သည့်အဖွဲ့ဖြစ်ကြောင်း၊ ကလေးများ၏ လုပ်အားခကို မိဘများအား ပြန်မပေးကြောင်း၊ သူတို့ ၏လုပ်အားခများကို အဆိုပါအဖွဲ့ က လက်ဝါးကြီးအုပ်ထားကြောင်း၊ ထိုအခြေအနေများကို ရဲတပ်ဖွဲ့ သို့ တိုင်ကြားထားကြောင်း အဆိုပါအဖွဲ့ထံ သမီးတစ်ဦးဝင်ရောက်၍ အဆက်အသွယ်မရဖြစ်နေသည့် မရမ်းရိုးကျေးရွာနေ မန်းနေဝင်း က ပြောသည်။

‘‘သူငယ်ငယ်ကတည်းက ပြု စုစောင့်ရှောက်လာခဲ့တာ အရွယ် ရောက်တဲ့အထိ။ အခုတော့ မိဘ ကိုလည်း မိဘမှန်း သဘောမထား တော့ဘူး။ ညီအစ်ကိုမောင်နှမ အသင်းတော်ကိုလည်း အဓိက မထားတော့ဘူး။ သူ့လမ်းသူ လျှောက်ပြီးတော့ အစွန်းရောက် အဖွဲ့ထဲ ရောက်သွားတယ်။ သူ့ကိုသေသွားတဲ့လူလို့ပဲ သတ်မှတ်ရ တော့မှာပေါ့။ အဆက်အသွယ် လုံးဝလုပ်လို့မရဘူး။ ဆက်လည်း မဆက်သွယ်ဘူး။ စိတ်ကတော့ မကောင်းဘူးပေါ့ဗျာ’’ဟု မန်းနေ ဝင်းက ပြောသည်။

အဆိုပါအဖွဲ့  (မိသားစု) သည် ဘာသာရေးအဖွဲ့အစည်း မဟုတ်ကြောင်း၊ ၎င်းတို့သာခံစား သိရှိ၍ ၎င်းတို့သာ နားလည် ကြောင်း၊ သာမန်အနေဖြင့် မသိ နိုင်ကြောင်း၊ ဘုရား၏အသက်ဖြင့် ဖြစ်တည်နေသော မိသားစုသာ ဖြစ်ကြောင်း၊ လူတွေနားမလည် နိုင်ကြောင်း၊ ဘုရား၏ထိတွေ့မှု ကို ကိုယ်တိုင်ခံစားရ၍ ကိုယ်နှင့်သိသောသူ မိဘညီအစ်ကိုများ အား ပြောကြားခဲ့ကြောင်း၊ ဘုရား အချစ်၊ ဘုရားအသက်ကို ခံစားရ သောမိသားစုများ စုပေါင်းနေထိုင်ကြောင်း၊ ခရစ်တော်၏ ဝိညာဉ်ကို ရသော သူသည် ဝိညာဉ်လူဖြစ်ပြီး အပြင်လူများ မသိနိုင်ကြောင်း၊ အဆိုပါအဖွဲ့ဦးဆောင်သူ ဒေါ်နီ လာထွန်းက ပြောသည်။

ထို့ပြင် ၎င်းတို့တွင် စီးပွား ရေးလုပ်ငန်းများရှိကြောင်း၊ ထိုစီး ပွားရေးလုပ်ငန်းမှ ရရှိသောငွေ များသည် လက်ရှိမိသားစုဝင်များ အတွက် အမှန်တကယ်လောက်ငမှု မရှိကြောင်း၊ ဘုရားကျွေးသောရပ်တည်မှုဖြင့် ရပ်တည်နေ ကြောင်း၊ မည်သူ့ထံမှ အလှူငွေ ကောက်ခံခြင်းမရှိကြောင်း၊ မည် သည့်စွပ်စွဲတိုက်ခိုက်မှုများကိုမဆို ဘုရားအားဖြင့်သာ ခံနိုင်ရည်ရှိ ကြောင်း၊ လူများကို ပြန်မလွှတ် ခြင်းဆိုသည်မှာ ဝိညာဉ်ရေးရာ ခိုင်မာမှုမရှိသေး၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ဒီလူတွေကို ဘုရားက ဒေသအသီးသီးကနေ ရွေးကောက်ထား တာ။ ဘုရားကပဲ ဖွဲ့စည်းပေးတာ။ ကမ္ဘာမှာတော့ မပြောတတ်ဘူး။ မြန်မာပြည်မှာတော့ ဒီအဖွဲ့မျိုး မရှိပါဘူး။ ကျွန်မတို့က မိသားစု သာဖြစ်ပါတယ်။ အထောင်ကျေး ရွာမှာ စခဲ့တာ။ ကျွန်မတို့က ဘုရားအသံနဲ့ပဲ သွားနေတာ။ ဘုရား ထက် ဘယ်သူ့ကိုမှ ပိုမကြောက် နိုင်ပါဘူး။ နိုင်ငံတော် အစိုးရလည်း အာဏာဖီဆန်နေတာမဟုတ်ဘူး။  ဆရာမန်းကျော်စိုးကနေ ကျွန်မ တို့ကို စပြောပြခဲ့တာပါ။ သူ့ကို ဘုရားက ဦးဆုံး ရွေးကောက်ခဲ့ တာ’’ဟု ဒေါ်နီလာထွန်းက ပြော သည်။

DCF ကို တည်ထောင်နေသူဟုဆိုသော မန်းကျော်စိုးသည်လတ်တလောတွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီအပါအဝင် ခရစ် ယာန်ဘာသာရေးအဖွဲ့ သုံးခုက အဆိုပါ DCF အဖွဲ့ကို တရား မဝင် အစွန်းရောက်ဂိုဏ်းတည် ထောင်သူများအဖြစ် ကြေညာ ထားပြီး ထိုအဖွဲ့အတွင်းရောက်ရှိ နေသည့် ကလေးအား ပြန်လည် ခေါ်ဆောင်မရသဖြင့် ကျုံပျော်မြို့ နယ်တရားရုံးတွင် လူခိုးမှုပုဒ်မ ၃၆၃ ဖြင့် လည်းကောင်း၊ သာသ နာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က) ဖြင့် လည်းကောင်း တရားစွဲဆို ထားသည်။

7Day News

No comments:

Post a Comment