Latest News

Tuesday, November 21, 2017

ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ

ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်၊ ဧပြီလ ၃ဝရက်နေ့(မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် မဉ္ဇိမဒေသ၌ ဗုဒ္ဓ ဘုရားရှင် ပွင့်ထွန်းတော်မူခဲ့ပြီးနောက် ဗုဒ္ဓသာသနာတော် သည် ယုံကြည်ကိုးကွယ်ကြ သူများစွာဖြင့် ယနေ့တိုင် ထွန်း လင်းလျက်ရှိနေပေသည်။ ဗုဒ္ဓသာသနာကို ကိုးကွယ်ကြရာ တွင် ဗုဒ္ဓမရှိတော့သည့်နောက်ပိုင်း တတိယသင်္ဂါယနာတင် ချိန်(ဘီစီ ၂ဝဝ ခုနှစ်)အထိ ရုပ်တုထုလုပ်ကိုးကွယ်ခဲ့သည့် အထောက်အထားများကို မတွေ့ရှိရသေးသဖြင့် ပညာရှင်များ က ဗုဒ္ဓဆင်းတုများကို ခရစ်တော်ပေါ်ပြီး ၇၅ ခုနှစ်(အေဒီ ၁ ရာစု)ရောက်မှ ထုလုပ်ကိုးကွယ်ခဲ့ကြသည်ဟု ယူဆကြသည်။

အိန္ဒိယနိုင်ငံ၏ အစောဆုံးစေတီများဖြစ်ကြသည့် ဘာ ဟွတ်၊ ဆန်ချီနှင့် အမရဝတီ စေတီများတွင် ဗုဒ္ဓရုပ်ပွားတော် များမရှိဘဲ ဗုဒ္ဓသင်္ကေတ အမှတ်အသားများကိုသာ တွေ့ရှိ ရပေသည်။ ဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းများတွင် ဘုရားရှင် လက်ထက်ကပင် ဆင်းတုတော်များရှိခဲ့ကြောင်း ရေးသားခဲ့ကြ သော်လည်း ရှေးဟောင်းသုတေသန အထောက်အထားများ အရ ခရစ်တော်ပေါ်ပြီး တစ်ရာစုတွင်မှ ဗုဒ္ဓဆင်းတုတော်များကို စတင်ထုလုပ်ခဲ့ကြကြောင်း တွေ့ရှိရသည်။ အေဒီ တစ်ရာစုတွင် ဂရိဘုရင် အလက်ဇန္ဒားသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂန္ဓာရ တိုင်းကို သိမ်းပိုက် ခဲ့ပြီးနောက် ဂရိဗုဒ္ဓဘာသာ အနုပညာ တစ်ရပ် ထွန်းကား လာခဲ့သည်။ ထိုအချိန်တွင် ဂန္ဓာရကျောက် ဆစ်ပညာရှင်များသည် ဗုဒ္ဓရုပ်ပွားတော်များကို ဂရိနှင့် ရောမ ဟန်များကိုမှီး၍ ထုလုပ်ခဲ့ကြသည်။

အိန္ဒိယ ဗုဒ္ဓရုပ်ပွားတော်များ

ဗုဒ္ဓပွင့်ထွန်းခဲ့သည့် အိန္ဒိယနိုင်ငံသည် ဗုဒ္ဓယဉ်ကျေးမှု အခြေတည် ခဲ့သည့်နေရာလည်းဖြစ်ပေသည်။ အိန္ဒိယတိုက်ကို အန္ဓရမင်းဆက် စိုးစံခဲ့သည့် အန္ဓရခေတ်(ခရစ်တော်မပေါ်မီ ၇၂ ခုနှစ်မှ ၂၅ ခုနှစ်)တွင် ရုပ်ပွားဆင်းတု ထုလုပ်ကိုးကွယ်မှု မရှိခဲ့ချေ။ သို့သော် မထုရခေတ်(ခရစ်နှစ် ၄ဝ ခုနှစ်မှ ၃၂ဝ ခုနှစ်)တွင် အိန္ဒိယနိုင်ငံ ယမုံနာမြစ်ကမ်းပါးရှိ မထုရာဒေသတွင် ဗုဒ္ဓရုပ်ပွားတော်များကို ထုလုပ်ကိုးကွယ်ခဲ့ကြသည်။ ယင်း ရုပ်တုများသည် ဗုဒ္ဓသက်တော် ၄ဝ နှစ်အရွယ် ပုံဟန်များကို ဦးစားပေးထုလုပ်သည့် ဆင်းတုများ ဖြစ်ကြသည်။

ယင်းအချိန်မှစ၍ အိန္ဒိယနိုင်ငံတွင် ခေတ်အလိုက် ဗုဒ္ဓ ဆင်းတုများကို ထုလုပ်ခဲ့ကြသည်။ အေဒီ ၂ ရာစု အမရဝတီ ခေတ်တွင် ထုလုပ်ခဲ့သည့် ဗုဒ္ဓဆင်းတုများသည် မြန်မာနိုင်ငံ ပျူခေတ် ဗုဒ္ဓဆင်းတုလက်ရာများနှင့် တူညီနေသဖြင့် ဗုဒ္ဓ ယဉ်ကျေးမှုသည် အမရဝတီမြို့မှတစ်ဆင့် သရေခေတ္တရာသို့ ရေလမ်းခရီးမှ ရောက်ရှိလာသည်ဆိုသည့် ယူဆချက်များ ရှိခဲ့သည်။ ယင်းအချိန်တွင် ပျူခေတ်ယဉ်ကျေးမှုသည် အမရ ဝတီခေတ် ယဉ်ကျေးမှုနှင့် ဆက်နွှယ်နေခဲ့သည်။

ခရစ်တော်ပေါ်ပြီး ၂ ရာစုမှ ၅ ရာစုအတွင်း ဂန္ဓာရခေတ်တွင် ဂန္ဓာရတိုင်း၌ ဗုဒ္ဓကျောက်ဆင်းတု ထုလုပ်မှုများ ထွန်းကားခဲ့ ကြောင်း ယူဆကြသည်။ ဂန္ဓာရခေတ် ဆင်းတုတော်များသည် ဂရိလူမျိုးများ၏ ယဉ်ကျေးမှုလက်ရာများ ပါဝင်နေကြကာ လက်ရာအမြောက်ဆုံးရုပ်တုများဖြစ်ကြပြီး ဆင်းတုတော် များတွင် လှိုင်းတွန့်နေသည့် ဆံတော်များနှင့် တွန့်ခေါက်နေ သည့် သင်္ကန်းတော်များကို မြင်တွေ့ကြရသည်။

ဂုပ္ပတခေတ် (ခရစ်နှစ် ၃၁၉ ခုနှစ်မှ ၅၅၁ ခုနှစ်)တွင် ဗုဒ္ဓ ဆင်းတုတော်များကို သဲကျောက်များ၊ ကြေးဝါများဖြင့် ထုလုပ် ခဲ့ကြပြီး ဆံတော်ကို လက်ယာရစ်၍ အခွေတန်းများအဖြစ် ပုံဖော်ခဲ့ကြသည်။ ဂုပ္ပတခေတ်တွင် ထိုင်တော်မူဆင်းတုတော် များသာမက ရပ်တော်မူဆင်းတုများကိုလည်း ထုလုပ်ခဲ့ကြပြီး လက်ရာများသည် အမရဝတီခေတ် ရုပ်တုများထက် ပိုမိုပီပြင် လာခဲ့သည်။
ပါလခေတ်(ခရစ်နှစ် ၇၅ဝ ခုနှစ်မှ ၁၁၇၄ ခုနှစ်)တွင် ဗုဒ္ဓ ရုပ်ပွားများအပြင် ဗုဒ္ဓဝင်ရှစ်ခန်း၊ ကိုးခန်းတို့ကိုပါ ထုလုပ်ခဲ့ ကြရာ ပုဂံခေတ်လက်ရာ ဆင်းတုအချို့သည် ပါလခေတ် လက်ရာများနှင့် တူညီနေသည်။ ယင်းဆင်းတုများကို အနက် ရောင် မီးသင့်ကျောက်များအား ချောမွတ်စေရန် အရောင်တင် ထုလုပ်ခဲ့ကြသည်။ ပါလခေတ်တွင် ကျောက်ဆစ်လက်ရာ၊ ကြေးသွန်းလက်ရာနှင့် မြေမီးဖုတ် အုတ်ခွက်လက်ရာများကို အနုစိတ်ထုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဗုဒ္ဓဆင်းတုတော်ဟန်များ

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ရှေးနှစ်ပေါင်းများစွာ ကပင် ကူးလူးဆက်ဆံမှုများ ရှိခဲ့သဖြင့် ဗုဒ္ဓဘာသာကို ကိုး ကွယ်ယုံကြည်မှုသည် ပျူခေတ်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့သည်။ ပျူမြို့ဟောင်း ဗိဿနိုးမှ Óဏ်တော် ငါးစင်တီမီတာ ရှိသည့် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ၁၉၉၆ ခုနှစ်တွင်လည်း ကောင်း၊ Óဏ်တော် ၁၄ စင်တီမီတာရှိသည့် ဆင်းတုတော်ကို ၂ဝဝ၃ ခုနှစ်ကလည်းကောင်း တူးဖော်ရရှိခဲ့သည်။
ထို့အတူ ၁၉၂၈ ခုနှစ်တွင် ပျူမြို့ဟောင်း သရေခေတ္တရာမှ မဏိတော်ကျိုးနေသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ပလ္လင်နှင့် တကွ တူးဖော်ရရှိခဲ့သည်။ ယင်းနှစ်မှာပင် သရေခေတ္တရာ ပျိုးခင်းကြီးကုန်းမှ အုတ်ခွက်ဆင်းတုများကို ရရှိခဲ့သည်။ ဟန်လင်းမြို့ဟောင်း ကျောက်ဘီလူးထန်းတောမှလည်း ဗောဓိသတ္တဘုရားလောင်းဟု ယူဆရသည့်ရုပ်တု ပါရှိသည့် ကျောက်ရုပ်ြ<ွကတစ်ချပ်ကို ၁၉၂၉-၁၉၃ဝ ခုနှစ်တွင် ရရှိခဲ့ သည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုထွန်းကားမှု ဖြစ်စဉ်အရ ဗုဒ္ဓ ဆင်းတုတော်များကို ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝ ခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံ ခေတ် လက်ရာများဟု ပိုင်းခြားနိုင်ကြသည်။ ထို့အတူ ရခိုင် ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ် လက်ရာ ဗုဒ္ဓဆင်းတုတော်များကိုလည်း လေ့လာနိုင်ကြပေသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓရုပ်ပွားတော် များကို ကျောက်၊ ကြေး၊ သံ၊ ပဉ္စလောဟာ၊ သစ်၊ ယွန်း၊ မံဘုရား များအဖြစ် ခေတ်အဆက်ဆက် ထုလုပ်ခဲ့ကြသည်။

ဗုဒ္ဓဆင်းတုတော်များတွင် ဦးခေါင်း၊ မျက်နှာ၊ ကိုယ်လုံး၊ လက်၊ ခြေ၊ ပလ္လင်တို့သည် ခေတ်အလိုက်ပြောင်းလဲသွား သဖြင့် ဆင်းတုတော်များကို ထုလုပ်ခဲ့သည့် ကာလအလိုက် ခေတ်ပိုင်းခြားနိုင်ခဲ့ကြသည်။ ဗုဒ္ဓဆင်းတုတော်များ၏ ဦးခေါင်း ပိုင်းကိုလေ့လာရာတွင် ဦးခေါင်းတော် ထိပ်ရှိ ဥဏှိသ (သို့ မဟုတ်) မှန်ကင်းနှင့် ဆံပင်ပုံစံဖြစ်သည့် မဏိတော်ကိုကြည့်၍ ခေတ်ကိုခွဲခြားနိုင်ကြသည်။ မျက်နှာတော်တွင် မျက်နှာဟန်၊ မျက်လုံးတော်၊ နှုတ်ခမ်းတော်နှင့် နားရွက်တော်တို့သည် တစ် ခေတ်နှင့်တစ်ခေတ် လက်ရာကွဲပြားကြသည်။ ကိုယ်လုံးတော် တွင်လည်း ခန္ဓာကိုယ်အနေအထားနှင့် သင်္ကန်းတော်တို့သည် ရုပ်ပွားတော်တစ်ဆူနှင့်တစ်ဆူ မတူညီကြချေ။

ဗုဒ္ဓဘုရားရှင်၏ ထင်ရှားသော လက်ဟန်(မုဒြာ) ၄၅ မျိုးရှိ သည့်အနက် ဗုဒ္ဓဆင်းတုတော်များတွင် ဘူမိဖဿမုဒြာ (လက် တော်မြေထိဟန်)၊ ဓမ္မစက္ကမုဒြာ(လက်နှစ်ဖက် စက်လှည့် ဟန်)၊ အဘယမုဒြာ(လက်ချောင်းကို အပေါ်ထောင်၍ လက် ဖဝါးကိုအပြင်သို့ဖြန့်ထားဟန်)၊ ဝိတက္ကမုဒြာ (လက်ညှိုးလက်မ ထိထားဟန်)၊ ဝရဒမုဒြာ(လက်ချောင်းကိုအောက်သို့ စိုက်၍ လက်ဖဝါးကို အပြင်သို့ဖြန့်ထားဟန်) စသည်တို့ကို အများဆုံး မြင်တွေ့ကြရသော်လည်း ဟန်အနည်းစီ ကွာခြားကြပေသည်။

ခြေတော်ဟန်တွင် ထိုင်တော်မူဟန်၊ ရပ်တော်မူဟန်နှင့် လှမ်းတော်မူဟန်များရှိရာ ပလ္လင်ကာသန(ခြေနှစ်ဖက်ကို အထက်အောက် ထပ်ထားဟန်)၊ ဘဒြာသန(ခြေနှစ်ဖက် ချိတ်ထားဟန်)၊လာလိတာသန (ခြေတစ်ချောင်းတွဲလဲ ချထား ဟန်)နှင့် ပလမ္မပါဒါသန(ခြေနှစ်ချောင်းတွဲလဲ ချဟန်)တို့ကို မြင်တွေ့နိုင်ကြသည်။ ရပ်တော်မူ ဆင်းတုများတွင် ခြေစုံ ရပ်သည့်ဟန်(ဗျာဒိတ်ပုံ)နှင့် ခြေတစ်ဖက်လှမ်းနေသည့်ဟန်(ဒေသစာရီပုံ) တို့ကို ထုလုပ်ခဲ့ကြသည်။

ဆင်းတုတော်များသီတင်းသုံးသည့် ပလ္လင်တော်လက်ရာ များကိုလည်း ကြာပလ္လင်၊ ခြင်္သေ့ပလ္လင်၊ မိုးကြိုးသွားပလ္လင် စသည်ဖြင့် ပိုင်းခြားနိုင်ကြသည်။

ပျူခေတ်နှင့် ပုဂံခေတ်လက်ရာ ဆင်းတုများ
ခရစ်တော်ပေါ်ပြီး တစ်ရာစုမှ ကိုးရာစုအထိ ထွန်းကားခဲ့ သည်ဟု လက်ခံထားကြသည့် ပျူခေတ်တွင် ဗုဒ္ဓဆင်းတုတော် များကို သဲကျောက်ဖြင့် အများဆုံးထုလုပ်ပြီး ဘူမိဖဿ၊ ဈာန၊ အဘယ၊ ဝရဒနှင့် ဓမ္မစက္က မုဒြာများကို အများဆုံးတွေ့ကြရ သည်။ ခြေတော်များမှာ ဘယ်ဘက်ခြေပေါ်သို့ ယာဘက်ခြေ ကို တင်ထားသည့်ဟန်ကို ထုလုပ်ကြကာ ဘယ်ခြေက အပြင် သို့ အနည်းငယ် ထွက်နေပြီး ခြေမျက်စိကို ထည့်သွင်းထုလုပ်ကြ သည်။

ပျူဆင်းတုတော်များတွင် မှန်ကင်းမပါရှိဘဲ ဦးခေါင်းတော် အလယ်တွင် သေးငယ်သော မဏိတော် အနိမ့်ပါရှိသည်။ ဆံတော်များသည် ခရုပတ်ပုံသ္ဌာန်ရှိကာ သင်းကျစ်တော် နှင့် ဥ္ဏလုံမွေးရှင်တော် မပါရှိချေ။ ဥ္ဏလုံသည် ဘုရားရှင်၏ မျက်မှောင်နှစ်ဖက်ကြားတွင်ရှိပြီး လက်ယာရစ်ခွေကာ အဖျား သို့ကော့တက်နေသည့် အမွေးဖြစ်သည်။
နားပေါက်ကျယ်သော နားရွက်တော်သည် အထက်ပိုင်း တွင် အနည်းငယ်ကားနေပြီး ပခုံးသို့ ထိနေခြင်းမရှိချေ။ မျက်နှာတော်သည် လုံးဝန်းလျက် ဝိုင်းသောမေးရှိသည်။ အချို့ ရုပ်ပွားများတွင် မေးစေ့အနည်းငယ်ချွန်ကာ အောက်နှုတ် ခမ်းက အနည်းငယ်ထူသည်။

မျက်လုံးသည် ရှေ့သို့ကြည့်နေ ဟန်ရှိသကဲ့သို့ မျက်လွှာချထားဟန်လည်း ရှိသည်။ ကိုယ်လုံး တော်က ရင်ဘတ်မှ ခါးအထိ တစ်ဖြောင့်တည်းဖြစ်ကာ ရင် ဘတ်တော် ဖြိုးမောက်ခြင်းမရှိပါချေ။ သင်္ကန်းတော်က ပါးလွှာ ၍ သင်္ကန်းအနားများသည် ပါသည်ဆိုရုံမျှသာဖြစ်သော်လည်း သင်းပိုင်ကို ထင်ရှားစွာ ထုလုပ်ထားသည်။ ပလ္လင်များသည် သာမန်သာဖြစ်ပြီး အချို့ပလ္လင်များတွင် ကြာမှောက်ကြာလန် အနည်းငယ်ပါရှိသည်။
ပုဂံခေတ်(ခရစ်နှစ် ၁ဝ၄၄-၁၃၆၈)လက်ရာ ဆင်းတုတော် များတွင် ကြာရွက်ပုံ၊ ညောင်ရွက်ပုံ မှန်ကင်းပါရှိကာ အချို့ ဆင်းတုတော်များတွင် မှန်ကင်း၏အလယ်၌ ကျောက်မျက် ရတနာများ ထည့်သွင်းထားသည်။ ရွဲလုံးများတန်းထားသည့် အနည်းငယ်မြင့်သောမဏိတော်သည် သေးသွယ်၍ နဖူးထိပ် မှ ဆံတော်တန်းသည် သင်းကျစ်တော် ပုံဏ္ဍာန်ဖြစ်နေသည်။

ပုဂံဆင်းတုများတွင် ဥ္ဏလုံမွေးရှင်တော်ကို ထည့်သွင်း ထုလုပ်ခဲ့ကြပြီး နားရွက်တော်သည် မျက်ခုံးထိပ်မှ မေးစေ့ အထိသာရှိပြီး ပခုံးသို့ ထိမနေချေ။နားရွက်သည် ရှေ့သို့ အနည်းငယ်ငိုက်၍ နားပေါက်သည် ပျူခေတ်ဆင်းတုများထက် ကျဉ်းသည်။ မျက်လုံးတော်သည် အပေါ်သို့ ခုံးတက်နေပြီး မျက်လွှာချထားသည့် ပုံဖြစ်သည်။

ဆင်းတုတော်များတွင် အပေါ်နှုတ်ခမ်းသည် ပါး၍ အလျား ရှည်ကာ လည်ပင်းရစ်သုံးရစ်ကိုလည်း ထည့်သွင်းထုလုပ်ခဲ့ကြ သည်။ ကိုယ်လုံးတော်သည် ရင်အုပ်ကား၍ ခါးအနည်းငယ် သိမ်ကာ အချိုးအစားကျသည်။လက်ချောင်း ခြေချောင်းတော် များသည် သဘာဝအတိုင်းရှိနေပြီး အတိုအရှည် မတူညီကြချေ။ သင်္ကန်းကို ပါးလွှာသည့်ပုံ ထုလုပ်ထားပြီး ချက်တော်ကို ထည့်သွင်း ထုလုပ် ထားသည်။

ပုဂံခေတ် ဆင်းတုတော်များတွင် မုဒြာ ၁၄ မျိုး တွေ့ရှိရသည့်အနက် ဘူမိဖဿ၊ဓမ္မစက္ကနှင့်ဈာန မုဒြာတို့ကို အများဆုံး ထုလုပ်သည်။ ခြေတော်ဟန်သည် တင် ပလ္လင် ခွေပုံဖြစ်ပြီး ခြေဖဝါးနှစ်ဖက်လုံးကို လှန်ထားပြီး ပုဂံ ခေတ်အစောပိုင်း ဆင်းတုများ၏ ခြေဖဝါးတွင်စက်လက္ခဏာများပါရှိသည်။ ပလ္လင်များကို ကြာမှောက်ကြာလန် နှစ်ထပ် ပြုလုပ်ထားပေသည်။

ပင်းယ၊ ညောင်ရမ်းအင်းဝ၊ ကုန်းဘောင်၊ ရတနာပုံ
ပင်းယခေတ် (ခရစ်နှစ် ၁၃၁၉-၁၃၆၅)ဗုဒ္ဓဆင်းတုလက်ရာ များသည် ပုဂံခေတ်နှောင်းပိုင်း ၁၃ ရာစုလက်ရာများအတိုင်းဖြစ် သည်။ ပင်းယခေတ်တွင် ဆင်းတုတော်များကို အုတ်၊ အင်္ဂတေ များဖြင့်ပြုလုပ်ပြီး မျက်နှာတော်များသည် ရှမ်း၊ ယွန်းတို့နှင့် တူညီကာ ပြား၍ ဝိုင်းလာသည်။ မျက်လုံးတော် အနည်းငယ် မှေးပြီး မေးရိုးသွယ်လျသည်။ အင်းဝခေတ် လက်ရာများသည် ပုဂံခေတ်နှောင်းပိုင်းလက် ရာများနှင့် ခြားနားမှု နည်းပါးသဖြင့် ဆင်းတုတော်များထုလုပ် သည့် ခေတ်ခွဲခြားရာတွင် ရောထွေးသွားနိုင်သည်။သို့သော် အင်းဝခေတ် ဆင်းတုများတွင်မှန်ကင်းသည် အနည်းငယ် မြင့်ကာ ထောင့်များပါရှိသည်။

မဏိတော်သည် ပုဂံခေတ် လက်ရာများထက်ပိုမိုကြီးမား၍ ဆံပင်ရွဲတန်းသေးငယ်သည်။ ငယ်သော သင်းကျစ်တော် အတန်းတစ်တန်းပါရှိကာ ဥ္ဏ လုံမွေးရှင်တော်ကို ဆေးဖြင့် ရေးခြယ်သည်။ကိုယ်လုံးတော် အချိုးကျနမှုတွင် ပုဂံခေတ်လက်ရာကို မမီချေ။ အင်းဝခေတ် (ခရစ်နှစ် ၁၃၆၄-၁၇၅၁) ဗုဒ္ဓဆင်းတုတော်များ၏လက်ရာ ထူးခြားချက်မှာ လက်မမှလွဲ၍ ကျန်လက်ချောင်းများသည် အတို အရှည်ညီနေကာ လက်ဖမိုးနှင့် လက်ချောင်းများသည် အရှည်တူညီနေကြခြင်းဖြစ်သည်။
ညောင်ရမ်းခေတ်(ခရစ်နှစ် ၁၆ဝဝ-၁၇၅၂)တွင် ဗုဒ္ဓဆင်းတု လက်ရာများသည် ပုဂံခေတ်နှင့် အင်းဝခေတ်လက်ရာများမှ ကွဲလွဲလာခဲ့သည်။ မျက်နှာတော် ဝိုင်း၍ မျက်ခုံးနှင့်မျက်လုံး ဝေးကွာခြင်းသည် ညောင်ရမ်းခေတ် ဆင်းတုတော်များ၏ ဟန်ဖြစ်သည်။ မှန်ကင်းသည်ကြာဖူးပုံရှိပြီး မှန်ကင်းနှင့် မဏိ တော်သည် အမြင့်တူညီကာ နဖူးကျယ်လာသည်။ သင်းကျစ် တော်နှင့် ဥ္ဏလုံသည် အင်းဝခေတ်လက်ရာနှင့် တူညီသော် လည်း နားရွက်သည် ပခုံးသို့ ထိနေသည်။

အင်းဝခေတ်တွင် ဗုဒ္ဓဆင်းတုတော်များကို စကျင်ကျောက် ဖြင့် စတင်ထုလုပ်ခဲ့ကြပြီး ကြေးဝါ၊ သစ်၊ အင်္ဂတေရုပ်ထုများ ကိုလည်း ထုလုပ်ခဲ့သည်။ ရွှေချ မံရုပ်ပွားများကိုလည်း အင်းဝ ခေတ်ရောက်မှ ထုလုပ်ခဲ့သည်။အင်းဝနှင့် ညောင်ရမ်းခေတ် လက်ရာကို မှန်ကင်း၏ ထူးခြားချက်ဖြင့် ခွဲခြားနိုင်သည်။

ကုန်းဘောင်ခေတ်ဦးသည် ညောင်ရမ်းခေတ် ယဉ်ကျေးမှု နှင့်ဆက်နွှယ်နေခဲ့သဖြင့် ဆင်းတုတော်ဟန်များတူညီနေကြ သည်။ အမရပူရခေတ် (ခရစ်နှစ၁၇၈၃-၁၈၅၃)သို့ ရောက်ရှိ လာသောအခါတွင် ဗုဒ္ဓဆင်းတုတော်များတွင် ရှည်လျားသော မှန်ကင်းကို ပွတ်လုံးထိုးထားသည့် သစ်သားအခုံးအခွက်များ ဖြင့် အလှဆင်လာကာ မဏိတော်တွင် ပိန္နဲဆူးများပါရှိလာ သည်။ နဖူးသင်းကျစ်တော်ကို ထင်ရှားစွာ ထုလုပ်လာကြပြီး ကြာဖတ်များ၊ ပန်းပွင့်များဖြင့် တန်ဆာဆင်ခဲ့ကြသည်။
ရတနာပုံခေတ်(ခရစ်နှစ် ၁၈၅၃-၁၈၈၅) ဆင်းတုတော် များတွင် မှန်ကင်းကို ထည့်သွင်း ထုလုပ်ခြင်းမရှိဘဲ မဏိတော် နှင့် သင်းကျစ်တော် ပိုမိုကြီးမားလာသည်။သင်းကျစ်တော်တွင် ပန်းနွယ်ပန်းခက်များ ထည့်သွင်းထုလုပ်ပြီး ဥ္ဏလုံမွေးရှင် တော်ကို ဆေးဖြင့် ထည့်သွင်းသည်။ နားရွက်တော်သည် ပခုံး သို့ ထိနေကာ ကိုယ်လုံးက တစ်ဖြောင့်တည်း ဖြစ်သည်။

ဤသို့ဖြင့် ခေတ်အဆက်ဆက် လက်ရာများပြောင်းလဲလာ သည့် ဗုဒ္ဓဆင်းတုတော်များကို မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင် ကြပေသည်။ သို့သော်က္ဘာ့နိုင်ငံအသီးသီးတွင် ရှေးဟောင်း လက်ရာပစ္စည်းများကို တန်ဖိုးထား စုဆောင်းသူများ များ ပြားလာချိန်မှစ၍ မြန်မာနိုင်ငံမှ ရှေးဟောင်းပစ္စည်းများသည် ပြည်ပနိုင်ငံများသို့ နည်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ကြရာ မြန်မာနိုင်ငံ နေရာဒေသ အသီးသီးရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော် များလည်း ပါဝင်ခဲ့ပေသည်။သို့တိုင်အောင် အလွန်များပြား သည့် ရုပ်ပွားဆင်းတုတော်များသည် နိုင်ငံအတွင်း ကျန်ရှိ နေပေရာ ယင်းတို့ကို ဗုဒ္ဓယဉ်ကျေးမှု အနုပညာဆိုင်ရာ ရှေး ဟောင်းပစ္စည်းများအဖြစ် ထိန်းသိမ်းကြရန် လိုအပ်လျက် ရှိနေပေသည်။
မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက် ထုလုပ်ခဲ့သည့် ရုပ်ပွားတော်များ သည် လက်ရာများ ကွဲပြားကြသဖြင့် ရုပ်ပွား တော်များ၏ ဟန်ကိုကြည့်ကာ ထုလုပ်ခဲ့သည့် ခေတ်ကာလကို ခန့်မှန်းကြရသည်။ ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား ဗုဒ္ဓဆင်းတု ရုပ်တုများ ခေတ်ပိုင်းခြားခြင်း သင်တန်းကိုဖွင့်လှစ်ပို့ချခဲ့ရာ ရှေးဟောင်းဆင်းဆုတော်များ ပြည်ပသို့ မရောက်ရှိ စေရေးအတွက် အထောက်အကူဖြစ်စေ ခဲ့သည်။

ခေတ်အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ၏ဟန်ကို သိရှိ ခြင်းကြောင့် မြန်မာတို့၏ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဗုဒ္ဓဆင်းတုတော်များအပေါ် မြတ်နိုး တန်ဖိုးထား ထိန်းသိမ်းကြကာ ဗုဒ္ဓသာသာနာကို ပိုကြည်ညို နိုင်ကြမည်ဟု ယူဆမိပါသည်။ ။

ကိုးကား

(၁) ခေတ်သမိုင်းအခြေပြ ဗုဒ္ဓဆင်းတုတော်များ
(သန်းထွန်း၊မော်လမြိုင်)
(၂) ဆင်းတုရုပ်တု ခေတ်ပိုင်းခြားခြင်းစာတမ်း
(စိန်ဝင်း၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း)
(၃) မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ မုဒြာများ(စဝ်ထွန်းမှတ်ဝင်း)
(၄) အုတ်ခွက် ရုပ်ပွားဆင်းတုတော်များအကြောင်း(ဦးမြ)

မောင်သာ(ရှေးဟောင်းသုတေသန)မြန်မာ့အလင်း

No comments:

Post a Comment