Latest News

Tuesday, October 24, 2017

ဂရေ့ရောဂါ Grave’s Disease - ရေး-သုခ(သား)


ဂရေ့ရောဂါ Grave’s Disease

“ဟဲ့သား ဘယ်တုံးက ဓါတ်ပုံကြီး ယူလာပြန်တာလဲ”
“မနေ့က အိမ်ရှင်းရာက ထွက်လာတာပါ။
ဖေဖေ့ပုံလေ။
မေမေက သားသားမမွေးခင်က ပုံလို့ပြောတယ်။
သားကအဲ့တာထက် စိတ်ဝင်စားတာက ဖေဖေလည်ပင်းကြီးက ကြီးနေတာကိုပါ။
ဘာဖြစ်တာလဲ ဖေဖေ”
“ဖေဖေလည်း သေသေချာချာတော့ မသိဘူး။
လည်ပင်းကြီးရောဂါလို့တော့ ပြောတာပဲ”
“ဟားဟားဟား ဖေဖေကတော့ လုပ်ပြီ။
တိုက်ဆိုင်ချင်တော့ ဒီတစ်ခေါက် ဂျပန်ပြန်တော့ ဂျပန်အဆိုတော်တစ်ယောက်လည်း
ဒီရောဂါဖြစ်တာကြောင့် အနုပညာ လုပ်ငန်းတွေ အားလုံး ခဏရပ်ပြီး
ရောဂါကို အရင်ကုမယ်လို့ ကြေငြာတယ်။
အဲ့သလောက်တောင်မှ ကုဖို့လိုသလားရယ်လို့ဆိုပြီး လေ့လာကြည့်ချင်တာနဲ့
ဖေဖေတုံးက ဒီရောဂါဖြစ်တော့ ဘယ်လိုလည်းလို့ သိချင်လာလို့ပါ”
“အော် ဒီလိုလားသားက လက်တွေ့ ကွင်းဆင်းလေ့လာတယ် သဘောပေါ့။
မင်းတို့ဆေးလောကကတော့ ဘယ်လိုခေါ်သလဲ”
“သူတို့ကတော့ ဂရေ့ရောဂါ Grave’s Disease လို့ခေါ်တယ်။
ဆရာကြီး ဦးကောင်းညွှန့်ရဲ့
အင်္ဂလိပ်မြန်မာ အနောက်တိုင်းဆေးပညာ အဘိဓာန် ထဲမှာတော့ …..
ဂရေ့ရောဂါ Grave’s Disease။
မျက်လုံးများ ပြူးထွက်လာအောင်  သိုင်းရွက်ဂလင်း ကြီးထွားလွန်းခြင်း။
Exophthalmic goiter မျက်လုံးပြူးထွက်ရောဂါ ဟူ၍လည်းခေါ်သည်။
လို့ရေးထားပါတယ်။
ဖေဖေ့ဓါတ်ပုံကို ကြည့်တော့ မျက်လုံးပြူးထွက် မနေလို့
သားက သေချာအောင်လို့ ဖေဖေကို မေးကြည့်မလို့ပါ”
“ဖေဖေကတော့ ကိုယ်ဘာသာတော့ သိပ်မသိလို့
မင်းမေမေ့ကို မေးကြည့်ပေါ့ကွ”
“ဟုတ်ကဲ့ဖေဖေ။
ပြီးတော့ အသက် ၃၀ပါတ်ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့လည်း ပြောပါတယ်”
“အေးဒါဆိုလည်း ပိုပြီး ပြည့်ပြည့်စုံစုံ သိရအောင်လို့ ထုံးစံအတိုင်း အစကနေ တစ်ခုခြင်း ပြောကြစို့လား”
“ကောင်းတယ်ဖေဖေ။
သားလည်း ပါတ်သက်မယ်ထင်တဲ့ စာအုပ်ကလေးတွေပါ ဆွဲလာလို့
တစ်ခုခြင်း ဖတ်ကြည့်ရင်းနဲ့ ပြောပါ့မယ်။
ဂျပန်ပြည်က ကျမ်းမာရေး စာဆောင်တစ်ခုမှာတော့ လွယ်လွယ်ပြောရရင်၊
မေးရိုးနဲ့ ပုခုံးအကြား လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းကနေ
ဟိုမုန်းတွေကို လိုသည်ထက် ပိုလုပ်လုပ်ပြီး၊
မိမိကိုယ်ကို  အမျိုးမျိုးသော ရောဂါတွေကို ထွက်ပေါ်စေတဲ့
ကိုယ်ပြန်ရောဂါပြီးစေခြင်း ဝေဒနာလို့ပြောပါတယ်။
လူဆိုတာ ခန္တာကိုယ်ပြပကနေ ပိုးမွှားများ ၀င်ရောက် မဖျက်စီးနိုင်ရလေအောင်
ကိုယ်ခံကုခံမှု စွမ်းအားဆိုတာရှိပြီး၊
ပြင်ပက အန္တရာယ်တွေကို ကာကွယ်ဖို့ ပဋိပစ္စည်းကို ထုပ်လုပ်ပါတယ်။
တစ်ခါတစ်ခါကျတော့ ဘာကြောင့်မှန်းမသိ ကိုယ်ကိုယ့်ကို ပြန်ပြီးတော့
ဒုက္ခပေးစေတဲ့ ဇီဝပစ္စည်းတွေကိုလည်း ထုပ်တတ်ပါတယ်။
အခုသားတို့ပြောတဲ့ ဂရေ့ရောဂါဆိုတာ ဆိုတာက
အဲ့သည့် အမျိုးအစားထဲက တစ်ခုလို့ ပြောကြပါတယ်။
အသေးစိတ်ရှင်းရရင်တော့ သိုင်းရွိုက်ကို လှုပ်လျှားစေတဲ့ ဇီဝပစ္စည်းကို
ကိုယ်ခန္တာကိုယ်က ထုပ်လုပ်မိတာကြောင့် သိုင်းရွိုက်က အလုပ်တွေ တစ်အားလုပ်ပြီး
သိုင်းရွိုက်ဟိုမုန်းကို လွန်လွန်ကဲကဲ ထုပ်လုပ်တဲ့ ရောဂါလို့ ပြောရမယ်နဲ့ တူပါတယ်”
“သိုင်းရွိုက်က လိုအပ်တာထက် အလုပ်လုပ်လို့ ဖြစ်ရတယ်လို့ ဆိုပါတော့”
“ဟုတ်ပါတယ်ဖေဖေ။
စောစောက ပြောတဲ့ ဇီဝပစ္စည်းကြောင့် သိုင်းရွိုက်က မရပ်မနားအလုပ်လုပ်ပြီး
ဟိုမုန်းတွေ ထုပ်တဲ့အခါကြတော့ သိုင်းရွိုက်ကဆဲလ်တွေတိုးလာလို့
သွေးကြောတွေ ကျယ်လာလို့၊
သွေးစီးဆင်းမှုတွေ များလာလို့ သိုင်းရွိုက်ကကြီးက ရောင်လာတယ်။
အပြင်ကကြည့်ရင်တော့ လည်ပင်ကြီးကြီနေသလို ဖြစ်နေတာပေါ့ ဖေဖေ”
 “လည်ပင်းတင်ပဲလား။ သားပြောတော့ မျက်လုံးတွေ ပြူးလာတယ်ဆို”
“ဟုတ်တယ် ဖေဖေ။
မျက်လုံးတွေလည်း ပြူးလာတာက သူ့ရဲ့ ထူးခြားတဲ့ လက္ခဏာပဲ။
ဒါပေမဲ့ ဂျပန်တွေဖြစ်တာက ပေါ့ပေါ့ပါးပါး ဝေဒနာမို့ ဒီလောက် အထိ မျက်လုံး မပြူးဘူးလို့
ပြောပါတယ်ဖေဖေ။
ဖေဖေလည်း ဓါတ်ပုံထဲမှာ မျက်လုံးပြူးနေတာ မတွေ့ရလို့ ဂျပန်နဲ့ တူတယ်နော်…”
“မလုပ်ပါနဲ့ သားရယ်။
မင်းအမေက ကြားသွားရင်၊ ဖေဖေ့ကို အသားမဲ ဂျပန်လို့ ပြောနေပါဦးမယ်။
အခုတောင် သူနဲ့ငါက သောကြာနေ့မွေးတာခြင်း အတူတူ၊
သူကတော့ သောကြာဖြူတဲ့ ဒါ့ကြောင့် စိတ်ကောင်းရှိတာတဲ့။
ငါ့ကြတော့ သောကြာမဲတဲ့။ ဒါကြောင့် စိတ်ကြီးတာတဲ့ဟေ့။
ကဲ ဆက်ပါဦး၊ ဒါထက် ဘာလက္ခဏာတွေပြသေးလဲကွ”
“ချွေးများများထွက်တာတို့ အမောလွယ်တာတို့ အသက်ရှူခက်တာတို့
နလုံးခုန် မမှန်တာတို့ဖြစ်တတ်ပြီး စားကောင်း၊ ခံတွင်း မပျက်ပေမဲ့
ပိန်လာတတ်တယ်လို့ ဆိုတယ်။
တစ်ခါတစ်ခါကျတော့လည်း အစားလွန်လို့ ၀တာတွေလည်း ရှိတတ်ပါတယ်”
 “အော်ဟုတ်လား။
ဖေဖေတုံးကတော့ ခဏခဏ မောတတ်တဲ့ကွဲ့။
မင်းအဖေကတော့ ငါ ဆေးလိပ်သောက်လို့ ဖြစ်တာဆိုပြီး
ဒေါက်တာရမ်းကု လုပ်တာနဲ့ ဆေးလိပ်တော့ ပြတ်သွားတယ်”
“အလဲ့ ဖေဖေက မေမေ့စကားနားထောင်သားပဲ။
ဆက်ပြောရရင်တော့ ဘာမှ မကုပဲပစ်ထားခဲ့ရင် ၀မ်းလျှောသလို၊
ဝမ်းပျော့ပျော့တွေသွားမယ်၊ ကြွက်သားနဲ့ အာရုံကြောတွေ ထိခိုက်မှုကြောင့်
လက်တွေ ဘာတွေ တုန်တတ်တယ်။
အထူးအဖြင့် အမျိုးသားတွေက ခြေလက်တွေ ထုံကျဉ်နေတတ်တယ်လို့လည်း ဆိုပါတယ်။
ဆံပင်တွေလည်း ကျွတ်တတ်သတဲ့။
ပြီးတော့ အဲ့သည့်အာရုံကြောကြောင့် စွမ်းအားတွေကျဆင်းပြီး၊
စိတ်လှုပ်လျှား၊ စိတ်တို တတ်သတဲ့”
“အေး၊ အခုမှသိတယ်။ သားမေမေကို ပြောရမယ်။
သောကြာသား အသားမဲလို စိတ်တိုတာ မဟုတ်ဘူးလို့။
ရောဂါကြောင့်၊ ရောဂါကြောင့်လို့ …ဟီးဟီး”
“ဟဲဟဲ ဟုတ်မယ်၊ ဟုတ်မယ်။
ဒီတစ်ခါတော့ ဖေဖေ့ဘက်ကလိုက်ပြီး ပြောပေးပါမယ်။
ပြီးတော့အရေပြားတွေလည်း ယားတတ်တယ်တဲ့။
ဒါကြောင့် ဖေဖေ့ကျောကုံးကို သားတိုက ခဏခဏ ကုတ်ရတာပါလို့ ဟီးဟီး”
“ငါ့သားပဲ ရှေ့နေခန့်ထားရတော့မယ်နဲ့ တူတယ်ဟေ့”
“ဟိဟိ။
နောက်ဆုံး ပြောချင်တာကတော့ ဒီလိုဖြစ်တဲ့အခါ လည်ပင်းကြီးနေယုံလောက်ပါ။
ဒီလောက်အထိ အရေးမကြီးပါဘူးလို့ ပစ်မထားစေချင်ဘူး။
ကြာလာရင် စောစောကပြောသလို ဟိုဟိုဒီဒီတွေ ဖြစ်လာတော့
မိသားစုကြား၊ မိတ်ဆွေအပေါင်းအသင်းနဲ့ အလုပ်ထဲမှာ မသင့်တော်တာလေးတွေ၊
အခန့်မသင့်တာလေးတွေ ရှိတတ်တာမို့ တတ်နိုင်သလောက်
မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ကုသစေလိုပါတယ်”
“အေးပေါ့သားရယ်။
ဘယ်ရောဂါမဆို မြန်မြန်မကုသရင်
မြွေပွေး ခါးပိုက်ပိုက်ထားသလို ဖြစ်တော့ ပေမပေါ့”
“ဟုတ်ပါတယ်ဖေဖေ။
ဒီရောဂါက အသက်၆၀ကျော်တဲကသူတွေကတော့ သိပ်မဖြစ်တော့ပဲ၊
စောစောကပြောခဲ့သလို အမျိုးသမီးတွေက အမျိုးသားတွေထက် ၅ဆလောက်ပိုဖြစ်တတ်ပြီး၊
လူတစ်ထောင်မှာ ၂ယောက်ကနေ ၆ယောက်လောက်အထိ ဒီလိုရောဂါဖြစ်တတ်တယ် လို့လဲဆိုပါတယ်။
အမေရီကားက ကျမ်းမာရေးစာဆောင် တစ်ခုမှ နှလုံးရောဂါထက်တောင်
အဖြစ်များတယ်လို့ တင်ပြထားတယ် ဖေဖေ”
“အလို မနည်းပါပဲလား။
တို့ကတော့ ဒီလောက်သတိမထားမိဘူးနော်”
“ဟုတ်တယ်ဖေဖေ။
ရောဂါဝေဒနာ လက္ခဏာများ မပြလို့ သားတို့တစ်တွေ သတိမထားမိတာများလား။
ဒါမှမဟုတ် မကြည့်တတ်လို့လားမသိဘူးနော်။”
...
ရေး-သုခ(သား)

No comments:

Post a Comment