မြန်မာတို့ အထွတ်အမြတ်ထားသည့် ၀ါလကင်းလွတ် သီတင်းကျွတ်ခဲ့ပြန်ပါသည်။ မြတ်စွာဘုရား၏ သာသနာတော် ၂၅၆၁ နှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၏ သီတင်းကျွတ်အခါသမယ ဖြစ်ပါသည်။
ဤအခါသမယကို အဘယ်ကြောင့် မြန်မာတို့ အထွတ်အမြတ် ပြုကြပါသနည်း။
တူသီတင်းကျွတ်၊ ကြာဝတ်ကယ်လှိုင်ညီ
အသ၀ဏီ၊ နာရီချိန်ဆွဲ
ဆီမီးမြင်းမိုရ်၊ မဂ်ဖိုလ်ရှုကြပွဲ။
ကင်းဝန်မင်းကြီးဖွဲ့ဆိုသော အိုင်ချင်းမှ ဖြစ်သည်။ ဤအခါကို ချိန်ခွင်ကိုင်ယောက်ျားရုပ်ကို သတ်မှတ်လျက် တူရာသီဟုခေါ်ကြသည်။ ရာသီပန်းက ကြာပန်းဖြစ်ပြီး ကုံကုမံပန်းတို့လည်း ပွင့်သည်။ ရာသီပွဲတော်ကား ဆီမီးမြင်းမိုရ်ပွဲတော်ဖြစ်လေသည်။ ရဟန်း၊ သာမဏေတို့သည် မိမိတို့ သီတင်းသုံးရာ ကျောင်းတွင် ၀ါတွင်းသုံးလကာလပတ်လုံး ၀ါကပ်ပါ၏ဟု ဆောက်တည်ကာ ၀ါဆိုတော်မူကြသည်။ သုံးလပြည့်မြောက်၍ သီတင်းကျွတ်လပြည့်သည့်အခါ ပ၀ါရဏာပြုကြပြီး ၀ါမှကျွတ်လွတ်ခြင်းကို သီတင်းကျွတ်လဟု ခေါ်ကြခြင်းဖြစ်သည်။ ပ၀ါရဏာပြုခြင်းမှာ မြတ်စွာဘုရားသခင်က ၀ါမှထသော ရဟန်းတို့သည် အချင်းချင်းမြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှားသံသယရှိ၍ဖြစ်စေ ထိုအကြောင်း သုံးပါးကြောင့် ဖိတ်ကြားခွင့်ပြုခဲ့သည်။ သီတင်းကျွတ်လပြည့်အခါတွင် သံဃာတို့ အညီအညွတ် စည်းဝေးကြကာ ထေရ်စဉ်အလိုက် အချင်းချင်း ဖိတ်ကြားရသည်။ ဤသည်ကို ပ၀ါရဏာပြုသည်ဟုဆိုသည်။ ဤသို့လိုက် လျောခြင်းဖြင့် အာပတ်မှ ထမြောက်ပါသည်။ ၀ိနည်းကို ရှေးရှုခြင်းဖြစ်ကြသည်။ ကုစားခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် ဤအခါသည် ရဟန်းသံဃာတို့အဖို့ မွန်မြတ်လှသည်။ မြင့်မြတ်လှသည့်အခါပင် ဖြစ်သည်။
မြတ်စွာဘုရားသခင်ကိုယ်တော်တိုင်သည် သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါဆိုတော်မူသည်။ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့အား ‘အဘိဓမ္မာတရား’ ဟောကြားတော်မူသည်။ ၀ါတွင်းသုံးလပတ်လုံးပင်ဖြစ်၏။ တရားတော်လည်း ဟောကြားအပြီး သီတင်းလည်းကျွတ်သောအခါ ဘုရားရှင်သည် လူ့ပြည်သင်္ကဿမြို့သို့ သိကြားမင်းဖန်ဆင်းသော စောင်းတန်းသုံးသွယ်၊ အလယ်စောင်းတန်းဖြစ်သော ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူသည်။ ကျန်စောင်းတန်းနှစ်သွယ်မှာ ခြံရံသောရွှေစောင်းတန်း၊ ငွေစောင်းတန်းဟူပါ၏။ ထိုစောင်းတန်းတို့မှ နတ်များဗြဟ္မာများ ခြံရံကာ ကြွချီဆင်းသက်တော်မူသည်။ မင်းနှင့်တကွ ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင်ထွန်းကာ ကြိုဆို ပူဇော်ကြလေသည်။
ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ပြောင်ထိန်၊
ရွှေနန်းတောင်တော်ဦးမှာလ
ကွန့်မြူးမြင်းမိုရ်မီး
ညီးတဲ့ခါချိန်၊
ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊
သက္ကစ္စဂါရ၀ါနှင့်
စဉ်အလာပူဇော်ပွဲကို
ခဲကြပေတောင်း။ ။
စာဆို ဖိုးသူတော်ဦးမင်း ဖွဲ့ဆိုခဲ့သည့် သီတင်းကျွတ်လဘွဲ့ ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အမိတော်စပ်ဖူး သူ့ကျေးဇူးကို တုံ့ပြန်ဆပ်ခဲ့ပြီ။ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ်က ကောသလတိုင်း ဇနပုဒ်၌ ၀ါဆိုကြသော ရဟန်းတို့ကို အကြောင်းပြုလျက် ၀ါကျွတ်သည့်အခါ ပ၀ါရဏာပြုစေခဲ့ပြီ။ သို့ဖြစ်၍ သီတင်းကျွတ်အခါသမယသည် သန့်စင်မွန်မြတ်လှသဖြင့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အရိုအသေ အလေးအမြတ် ပူဇော်ကြသည့် အခါသမယဖြစ်ရပေသည်။ ဘုရားအဆုံးအမ၊ တရားအဆုံးအမတို့ကို ရဟန်းသံဃာတို့နှင့်တကွ၊ မင်းနှင့်ပြည်သူအပေါင်းတို့ရရှိ၍ ခံယူပူဇော်ကြရာ အချိန်အခါမို့ မြန်မာဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားကာ သက္ကစ္စဂါရ၀ ပြုကြခြင်းဖြစ်လေသည်။
ရဟန်းသံဃာတို့သည် သီတင်းသုံးဖော် အချင်းချင်း ဖိတ်ကြားပ၀ါရဏာပြုကာ အပြစ်တစ်စုံတစ်ရာ သုံးသပ်ဝေဖန် ၀န်ခံမှုပြုကြ သကဲ့သို့ပင် လူတို့ကလည်း ဤကဲ့သို့ ပြုနိုင်ကြပါလျှင် အဘယ်မျှ ကြည်နူးဖွယ်ကောင်းပါမည်နည်းဟူ၍ ဆရာကြီး ဦးသော်ဇင်က သူ၏ ‘ရာသီသဘင်’ တွင် တောင့်တခဲ့ပါသည်။ လူချင်းလူချင်း အပြစ်မြင်လည်း ဝေဖန်ဆင်ခြင် ပြုပြင်ပါက-
ညီညွတ်ခြင်း၊
စည်းလုံးခြင်း၊
ပြေလွင်ငြိမ်းချမ်းခြင်းသို့ ရောက်ကြမည်ဖြစ်၍ ဆရာကြီးဦးသော်ဇင်က တောင့်တခြင်းဖြစ်ပေသည်။
ယနေ့တိုင် မျက်မှောက်မြန်မာမှုတွင်တော့ ဤသို့သော အခါကာလဆိုလျှင် ဆီမီးထွန်းညှိ ပူဇော်ကြသည်။ အဘိဓမ္မာအခါတော်နေ့ ကျင်းပကြသည်။ သီလဆောက်တည်ကြသည်။ လှူဒါန်းမှုပြုကြသည်။ ဘိုးဘွားမိဘ၊ ဆရာသမားတို့ကို ပူဇော်ကန်တော့ကြသည်။ ကောင်းကင်ယံတွင် လပြည့်ဝန်းကြီး ၀င်းဝင်းပပ ရွှန်းရွှန်းမြမြ သာနေကာ မိုးလေကင်းစင်လျက် ဆောင်းလေကလည်း စတော့မည်မို့ သာချင်းကြီး သာတော့သည်။
မိမိတို့သည် ဘုရားကို ကိုးကွယ်ဆည်း ကပ်ကြသည်။ တရားတော်ကို ယုံကြည်ကိုးစား လိုက်နာကြသည်။ သံဃာတော်မြတ်တို့ကိုလည်း ကိုးကွယ်ဆည်းကပ်ကြသည်။
ဤရတနာသုံးပါး အဆုံးအမကို သတိချပ် ကြပ်ကြပ်ရှုဆင်ခြင်ခြင်းသည် မဂ်ဖိုလ်ရှုခြင်း ဖြစ်ပေလိမ့်မည်။
မိဘနှင့် ဆရာ ဟူသည်လည်း ဘုရား၊ တရား၊ သံဃာနှင့် တစ်ဂိုဏ်းတည်း။
ခေတ်အခါ ခေတ်ကမ္ဘာကြီးက သတ်မှတ်ပေးထားသော ‘ကမ္ဘာ့ဆရာများနေ့’ ဆိုသည်ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် မြန်မာတို့ သီတင်းကျွတ်သမယဖြစ်သည့် အောက်တိုဘာ ၅ ရက်၊ ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day) သည် သီတင်းကျွတ်လပြည့်နေ့တွင် လာပြီးကျရောက် တိုက်ဆိုင်နေပါသည်။
မိမိတို့၏ မြန်မာမှုတွင် မိဘသည်လည်း ဆရာ ဖြစ်ပါသည်။ မိဘတို့အား နေ့စဉ်ညစဉ် ရှိခိုးကန်တော့နေခြင်းသည် ဆရာတို့အားလည်း နေ့စဉ်ညစဉ်ကန်တော့နေခြင်းပါဟု ဆရာကြီးတစ်ဦးက မိန့်ခဲ့ဖူးပါသည်။
ကျောင်းဆရာ ကဗျာဆရာ ကန့်ဘလူ ခင်မောင်ဆွေက ကဗျာတစ်ပုဒ် ဖွဲ့ခဲ့ဖူးပါသည်။ သူ့ကဗျာက ချစ်စရာ ခံစားမိစရာမို့ ကူးထားမိပါသည်။
ကျွန်ုပ်တပည့် နမာမိ
က၀ိမဟာ၊ မြတ်ဆရာအား
ကဗျာတစ်ပုဒ်၊ စာကနုတ်ဖြင့်
ကျွန်ုပ်တပည့် နမာမိ။
ဆရာ့အရိပ်၊ စိုးမထိတ်ဘဲ
မှေးမှိတ်ခဲ့ဖူး အကြိမ်ကြိမ်။
ဆရာ့စကား၊ မဆန်းပြားလည်း
ခမ်းနားမှတ်သား အခါခါ။
ဆရာ့ပညာ၊ ရတနာကို
ရသာခံဖူး အဖန်ဖန်။
ဆရာ့စရိုက်၊ မြတ်မကိုဋ်ကို
နှစ်ခြိုက်ခဲ့ဖူး အထူးထူး။
ဆရာ့မေတ္တာ၊ အကြင်နာကို
တွယ်တာခဲ့ဖူး အဖုံဖုံ။
က၀ိမဟာ၊ မြတ်ဆရာအား
ကဗျာတစ်ပုဒ်၊ စာကနုတ်ဖြင့်
ကျွန်ုပ်တပည့် နမာမိ။ ။
စာရေးဆရာ ကဗျာဆရာတို့ဟူသည် မိဘနှင့် ဆရာတို့ကို သူတို့၏ နှလုံးသားမှ စာလင်္ကာတို့ဖြင့်သာ ကန်တော့နိုင်ကြပါလေသည်။ အခုလည်း ကိုခင်မောင်ဆွေ၏ ကဗျာတွင် မိဘနှင့် ဆရာ၊ ဆရာနှင့် မိဘတို့၏ ဂုဏ်ကျေးဇူးကို အာရုံမှန်း၍ သီတင်းကျွတ်အခါ သမယမှာ ကုသိုလ်ယူကြပါစို့ဟူ၍..။ မိဘ ဆရာ စသူတို့သည်လည်း ကန်တော့ခံထိုက်ရန် နှလုံးမူကျင့်ကြံသင့်ကြပါ၏။
Eleven Media Group
No comments:
Post a Comment