Latest News

Monday, October 2, 2017

ပြန်လည်သုံးသပ်သင့်တဲ့ သတင်းမီဒီယာဥပဒေ

ပြန်လည်သုံးသပ်သင့်တဲ့ သတင်းမီဒီယာဥပဒေ

“သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန် ဆိုတဲ့အချက်ကို သတင်းမီဒီယာ ဥပဒေပုဒ်မ ၃ ရည်ရွယ်ချက်များ အခန်းမှာ ဖော်ပြထားတာပါ။

“မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို ပြည့်မျက်လုံးဖြစ်တယ်” လို့ နှုတ်တိုက်ရွရွ တဖွဖွ ပြောနေကြပေမယ့် ဒီနေ့အထိတော့ သတင်းမီဒီယာသမား အများစုအတွက် အခက်အခဲတွေ ရှိနေကြဆဲပါပဲ။

သတင်းမီဒီယာဥပဒေကိုတော့ ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုဥပဒေအမှတ် ၁၂ နဲ့ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ သတင်းမီဒီယာဥပဒေရဲ့ ရည်ရွယ်ချက်ကိုကြည့်တော့ အလွန်ကောင်းမွန်နေတာကို တွေ့ရတယ်။ သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်ဖို့၊ သတင်းသမားများ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်များ အပြည့်အဝ ရရှိဖို့ဆိုတာတွေလည်း ပါတယ်။ ဒါပေမယ့် ဒီရည်ရွယ်ချက်အတိုင်း အမှန်တကယ် ရရှိကြပါရဲ့လား ဆိုတာဟာ သတင်းမီဒီယာလောကတခုလုံးက မေးခွန်းထုတ်လာနေကြပါပြီ။

သတင်းမီဒီယာဥပဒေပါ သတင်းရယူပိုင်ခွင့်နဲ့ ဖြန့်ဝေပိုင်ခွင့်ဟာ နိုင်ငံတကာ စံနှုန်းနဲ့အညီ ထည့်သွင်းရေးဆွဲထားပေမယ့် တကယ့်မြေပြင် အနေအထားကျတော့ လွှတ်တော်မှာတောင် လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် မရှိတာကိုလည်း သတင်းမီဒီယာသမားများ ကြုံတွေ့နေရဆဲပါ။

ဒါ့ပြင် ဝန်ကြီးဌာနအသီးသီးရဲ့ သတင်းရယူပိုင်ခွင့်မှာလည်း ပြောရေးဆိုခွင့် ပေးထားသူတွေ ကိုယ်တိုင်က ရှောင်ရှားနေတာတွေကိုလည်း မကြာခဏ ကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။

ဥပဒေပြဋ္ဌာန်းချက်တွေဟာ ဘယ်လို ကောင်းမွန်အောင် ပြဋ္ဌာန်းထားပေမယ့် တကယ့်လက်တွေ့မှာ သတင်းသမားတွေ ရင်ဆိုင်တွေ့ကြုံနေကြရတာနဲ့ တခြားစီ ဖြစ်နေတာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။

အဆိုးရွားဆုံးအချက်ကတော့ သတင်းမီဒီယာသမားတွေဟာ သတင်းလွတ်လပ်စွာ ရယူထုတ်လွှင့်ခွင့် မပြောနဲ့၊ သတင်းမီဒီယာဥပဒေအရ ကျူးလွန်ခြင်း မရှိပေမယ့် အခြားသော မသက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခြင်း ခံနေကြရတာပါပဲ။

ဥပဒေကြောင်းအရ မကျူးလွန်ပေမယ့် လောလောဆယ်မှာတော့ ထိန်းသိမ်း အကျဉ်းချထားခြင်း ခံကြရပါတယ်။ ဒါဟာ သတင်းသမားရဲ့ ရပိုင်ခွင့်ကို ဆုံးရှုံးရုံသာမက နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကိုပါ နစ်နာဆုံးရှုံးစေတာပဲ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ဒါတွေကို အကာကွယ်ပေးဖို့ဆိုရင် သတင်းသမားတွေက ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုအသင်းတွေကို အားကိုးအားထားပြုရမလဲ ဆိုတာတွေကလည်း မေးစရာတခု ဖြစ်ခဲ့ပါတယ်။

သတင်းမီဒီယာဥပဒေမှာတော့ မီဒီယာကောင်စီ ဖွဲ့စည်းခွင့်ကိုတော့ ထည့်သွင်း ရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့် သတင်းမီဒီယာကောင်စီဟာ သတင်းသမားတွေအတွက် ဘယ်အတိုင်းအတာအထိ အကာအကွယ်ပေးနိုင်သလဲ။ မီဒီယာကောင်စီကို ဖွဲ့စည်းရာမှာ အစိုးရပိုင်း အမှုဆောင်နဲ့ ပြင်ပအဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုမှု အချိုးအစား မျှခြေရှိ၊ မရှိ ဆိုတာကလည်း စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။

ဒါ့ပြင် သတင်းမီဒီယာ ရယူပိုင်ခွင့် ထုတ်ဖော်ဖြန့်ချိခွင့်ကို ပေးထားပေမယ့် သတင်းသမားတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်အပိုင်းမှာတော့ “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ထုတ်ပြန်တဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းများကို လိုက်နာခြင်း” ဆိုတဲ့ အချက်ဟာ လိုသလို လုပ်ဆောင်ဖွင့်ဆိုနိုင်တဲ့အချက် ဖြစ်သလို ထိန်းချုပ်နိုင်တဲ့ အချက်တခု ဖြစ်လို့နေပြန်ပါတယ်။ ဒါဆိုရင် မီဒီယာကောင်စီဟာ သတင်းသမားတို့အားထားရာ အဖွဲ့အစည်းတခု ဖြစ်လာနိုင်ပါ့မလားဆိုတာ မေးစရာ ဖြစ်လာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာ ဥပဒေရေးရာ) အစီအစဉ်မှာ “သတင်းမီဒီယာဥပဒေ ပြင်ဆင်ဖို့ လိုနေပြီလား” ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒေါ်သင်းသင်းသာ၊ ဦးဇော်ထိုက် (သင်တန်းဆရာ၊ မြန်မာသတင်းပညာသိပံ္ပ) နဲ့ ဦးကြည်သာဖုန်းမြင့် (Pen Myanmar) တို့ကို ဖိတ်ကြားဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲအစမှာ တင်ဆက်သူ ဦးခင်သန်းက “မီဒီယာကောင်စီကို အားကိုးလို့ မရဘူး။ အားမလိုအားမရ ဖြစ်နေကြတာဟာ မီဒီယာကောင်စီကပဲ အားနည်းချက် ရှိနေလို့လား။ ဒါမှမဟုတ် ဥပဒေကပဲ အားနည်းချက် ရှိနေသလား” ဆိုတဲ့ အမေးကိုတော့ ဒေါ်သင်းသင်းသာက “နှစ်မျိုးစလုံး ပြောလို့ရပါတယ်။ သတင်းမီဒီယာဥပဒေမှာလည်း ပြင်ဆင်စရာတွေ ရှိနေပါတယ်။ မီဒီယာကောင်စီကလည်း သက်တမ်းက နုသေးတော့ အားနည်းချက်လည်း ရှိမှာပါ” လို့ ဆိုပါတယ်။

ဦးဇော်ထိုက်ကတော့ မီယာကောင်စီဟာ သတင်းသမားတွေ ကိုယ်စားပြုမှု အားနည်းတယ်။ ကောင်စီကို ပိုမိုအားကောင်းစေချင်ရင် ဥပဒေပညာရှင်တွေနဲ့ အခြား ဆက်နွယ်ရာ ပညာရှင်တွေ ပိုမိုပါဝင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ဦးကြည်သာဖုန်းမြင့်ကတော့.. သတင်းမီယာဥပဒေမှာ ရှေ့နောက် မတူ ကွဲလွဲနေတာတွေ ပါတယ်။

သတ်မှတ်တဲ့ စည်းကမ်းတွေက ရှုပ်ထွေးလွန်းတယ်။ အထူးသဖြင့် အများပြည်သူ သိပိုင်ခွင့် ရှိ၊ မရှိ ဆိုတာ တိတိကျကျ ဖွင့်ဆိုချက်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။ ဆွေးနွေးသူအားလုံးကတော့ မီဒီယာဥပဒေပြင်ဖို့ လိုတယ်လို့ပဲ ဆွေးနွေး အကြံပြုသွားကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာဥပဒေနဲ့ မီဒီယာကောင်စီဟာ သတင်းသမားတွေရဲ့ သတင်းရယူပိုင်ခွင့်နဲ့ ဖြန့်ဖြူးခွင့်ကို ချုပ်ကိုင်လာမယ်ဆိုရင် ဒီမိုကရေစီစံ လွဲချော်နေပြီမို့ လက်ခံနိုင်ဖို့ ခက်ခဲမှာပါ။

ဒီလိုပဲ မီဒီယာကောင်စီဟာ သတင်းသမားတို့အတွက် အားကိုးအားထားပြုစရာ ဖြစ်မလာခဲ့ရင်တော့ သူ့နေရာမှာ အစားထိုးဖို့နဲ့ သတင်းသမားအချင်းချင်း စုပေါင်းကာကွယ်နိုင်ဖို့အတွက် အသင်းအဖွဲ့အသစ်တွေဟာ မကြာမီမှာ ပေါ်ထွက်လာနိုင်ဖွယ်ရာ အလားအလာများ မြင်နေရကြောင်း ထပ်လောင်းတင်ပြလိုက်ရပါတယ်။

ထွန်းဇော်ဌေး


DVB

No comments:

Post a Comment