Latest News

Saturday, September 2, 2017

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုကြောင့် ယနေ့အထိ သေဆုံးသူ (၃၆)ဦးရှိခဲ့

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုကြောင့် ယနေ့အထိ သေဆုံးသူ (၃၆)ဦးရှိခဲ့

နေပြည်တော် စက်တင်ဘာ ၂

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 စောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် (၂၁) ရက်မှစ၍ လတ်တ လော ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူများကို  စောင့်ကြပ်ကြည့်ရှုခဲ့ပြီး သြဂုတ် (၇) ရက် နောက်ပိုင်းမှစ၍ ဖြစ်ပွားမှုများစတင်ကျဆင်း လာကြောင်း၊ ဆေးရုံတက်ရောက်ကုသသူလူနာ (၁၀၂၉)ဦးတွင် ပိုးတွေ့လူနာ (၃၆၉)ဦး ရှိပြီး စုစုပေါင်း (၃၆)ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် (၂၃) ရက် မွန်းလွဲ ၂ နာရီမှ ယနေ့မွန်းလွဲ ၂ နာရီအထိ လွန်ခဲ့သော (၁၀) ရက်အတွင်း သံသယလူနာ (၁၈၁) ဦးအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွင် H1N1 ပိုးတွေ့လူနာ (၅၂) ဦးတွေ့ရှိခဲ့ရပြီး ထပ်မံသေဆုံးသူ (၃) ဦး ရှိခဲ့ကြောင်း၊ ဇူလိုင် (၂၁) ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၁၀၂၉) ဦးအနက် Seasonal Influenza A(H1N1)pdm09 ပိုးတွေ့လူနာ စုစုပေါင်း (၃၆၉) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ ယနေ့အထိ သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်းဒေသကြီးတွင် (၁၂) ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၈) ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် (၆) ဦးနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင် (၁၀) ဦး၊ စုစုပေါင်း (၃၆) ဦးရှိကြောင်း။

လက်ရှိအချိန်တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးများ၌ အတွင်းလူနာ စုစုပေါင်း (၂၅) ဦး ဆက်လက်ကုသမှုခံယူလျက်ရှိပြီး ဆေးရုံတက်ရောက်ကုသသူဦးရေမှာ လည်း တနေ့တခြားသိသိသာသာ ကျဆင်းလျက်ရှိကြောင်း၊ စာသင်ကျောင်း၊ လုပ်ငန်းခွင်၊ ဟိုတယ်၊ လူမှုရေးရိပ်သာနှင့်ဂေဟာများ၊ အခြားလူစုလူဝေး ရှိသောနေရာများတွင် တုပ်ကွေးဆန်သောရောဂါလက္ခဏာများ ထပ်ပေါင်းဖြစ်ပွားမှု (Cumulative incidence of Influenza Like Illness symptoms) အခြေအနေမှာ လျော့နည်းသွားသဖြင့် ကူးစက်မှု နှုန်းမှာ ကျဆင်းလာကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါကာကွယ် ဆေးကို မဖြစ်မနေထိုးရမည်ဟု သတ်မှတ်ထားခြင်းမရှိသော်လည်း လူနာနှင့်ထိတွေ့ရ သည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံ အများစုတွင်လည်း ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် ထိုးနှံပေးခြင်းမရှိပါကြောင်း အချိန်ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ (သတင်းစဉ်)

No comments:

Post a Comment